၁ ရှမွေလ ၁၇:၁-၅၈

  • ဂေါ​လျတ်​ကို ဒါဝိဒ်​အနိုင်​ရ (၁-၅၈)

    • အစ္စရေးတွေ​ကို ဂေါ​လျတ် စိန်​ခေါ် (၈-၁၀)

    • စီး​ချင်း​ထိုး​ဖို့ ဒါဝိဒ်​သဘော​တူ (၃၂-၃၇)

    • ယေဟောဝါ​နာ​မည်​သုံး​ပြီး ဒါဝိဒ်​တိုက်​ခိုက် (၄၅-၄၇)

၁၇  ဖိလိ​တိ​လူ​တွေ+ စစ်​တိုက်​ထွက်​ဖို့ စု​ရုံး​လာ​တယ်။ ယုဒ​နယ်​မြေ၊ စော​ခေါ​မြို့​မှာ+ စု​ရုံး​ပြီး စော​ခေါ​မြို့​နဲ့ အဇေ​ကာ​မြို့​ကြား+ ဧဖက်​ဒ​မိမ်​အရပ်​မှာ+ တပ်​ချ​ကြ​တယ်။ ၂  ရှောလု​နဲ့ အစ္စရေး​တွေ​လည်း ဧ​လာ​ချိုင့်​ဝှမ်း​မှာ+​ စု​ရုံး​တပ်​ချ​ထား​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ခိုက်​ဖို့ စစ်​ခင်း​တယ်။ ၃  ဖိ​လိ​တိ​လူ​တွေ​က ဧ​လာ​ချိုင့်​ဝှမ်း​ရဲ့ ဒီ​ဘက်​တောင်​စောင်း​မှာ၊ အစ္စရေး​တွေ​က ဟို​ဘက်​တောင်​စောင်း​မှာ တပ်​စွဲ​ထား​တယ်။ ၄  ဖိ​လိ​တိ​တပ်​က​နေ ဂါသ​မြို့​သား+ ဂေါ​လျတ်လို့​ခေါ်​တဲ့+ လူ​စွမ်း​ကောင်း​တစ်​ယောက် ထွက်​လာ​တယ်။ သူ့​အ​ရပ်က ခြောက်​တောင်​တစ်​ထွာ* ရှိ​တယ်။ ၅  သူ​က ကြေး​နီ​ခ​မောက် ဆောင်း​ထား​ပြီး အကြေး​ခွံ​ကွက်​တွေ​ပါ​တဲ့ သံ​ချပ်​အင်္ကျီ ဝတ်​ထား​တယ်။ ကြေး​နီ​သံ​ချပ်​အင်္ကျီ​က+ ရှယ်​ကယ် ၅,၀၀၀* လေး​တယ်။ ၆  ညို့​သကျည်း​မှာ ကြေး​နီ​ပြား တပ်​ထား​ပြီး ကျော​မှာ ကြေး​နီ​လှံ​တို​တစ်​ချောင်း+ လွယ်​ထား​တယ်။ ၇  သူ​ကိုင်​ထား​တဲ့ သစ်​သား​လှံ​ရိုး​က ရက်​ကန်း​လိပ်​တုံး​လောက် ရှိတယ်။+ သံ​လှံ​သွား​က ရှယ်​ကယ် ၆၀၀* လေး​တယ်။ ဒိုင်း​လွှား​ကိုင်​ပေး​သူ​က သူ့​ရှေ့​က​နေ သွား​ရ​တယ်။ ၈  သူ​က ရပ်​ပြီး အစ္စရေး​စစ်​တပ်​ကို “ဘာ​လို့ စစ်​ခင်း​နေ​ကြ​တာ​လဲ။ ငါ​က ဖိ​လိ​တိ​လူ​စွမ်း​ကောင်း။ မင်း​တို့​က​တော့ ရှောလု​ရဲ့​ကျွန်​တွေ။ မင်း​တို့​ထဲ​က တစ်​ယောက်​ကို ရွေး​ပြီး ငါ​နဲ့​တိုက်​ဖို့ လွှတ်​လိုက်​စမ်း။ ၉  ငါ့​ကို​တိုက်​လို့ နိုင်​ခဲ့​ရင် မင်း​တို့​ဆီ​မှာ ငါ​တို့ ကျွန်​ခံ​မယ်။ ငါ​နိုင်​ရင်​တော့ ငါ​တို့​ဆီ​မှာ မင်း​တို့ ကျွန်​ခံ​ရ​မယ်” လို့ စိန်​ခေါ်​တယ်။+ ၁၀  ပြီး​တော့ ဂေါ​လျတ်​က “ဒီ​နေ့ အစ္စရေး​စစ်​တပ်​ကို ငါ​စိန်​ခေါ်​တယ်။+ ငါ​နဲ့​တိုက်​မယ့်​သူ ထွက်​ခဲ့​စမ်း” လို့​ပြော​တယ်။ ၁၁  ဂေါ​လျတ် စိန်​ခေါ်​တာ​ကို ရှော​လု​နဲ့ အစ္စရေး​တွေ​ကြား​တော့ ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​တယ်။ ၁၂  ဒါဝိဒ်​ဟာ ယုဒ​နယ်​မြေ၊ ဘက်​သလီ​ဟင်​မြို့​လို့​ခေါ်​တဲ့+ ဧ​ဖရတ်​မြို့​က+ ယေ​ရှဲ​ရဲ့​သား​ဖြစ်​တယ်။+ ရှောလု နန်း​ထိုင်​ချိန်​မှာ ယေ​ရှဲ အသက်​ကြီး​နေ​ပြီ။ ယေ​ရှဲ​မှာ သား​ရှစ်​ယောက် ရှိ​တယ်။+ ၁၃  သား​ကြီး​သုံး​ယောက်​ဖြစ်​တဲ့ သား​ဦး ဧ​လျာ​ဘ၊+ ဒုတိ​ယ​သား အဘိ​န​ဒပ်၊+ တ​တိ​ယ​သား ရှမ္မာ​တို့​က+ ရှောလု​နဲ့​အတူ စစ်​တိုက်​ဖို့ လိုက်​သွား​ကြ​တယ်။+ ၁၄  ဒါဝိဒ်​က သား​ထွေး​ဖြစ်​တယ်။+ သား​ကြီး​သုံး​ယောက်​က ရှောလု​နောက်​ကို လိုက်​ကြ​တယ်။ ၁၅  ရှောလု​ဆီ​မှာ အမှု​ထမ်း​နေ​တဲ့ ဒါဝိဒ်​ဟာ အဖေ့​သိုး​တွေ​ကို ထိန်း​ကျောင်း​ဖို့+ ဘက်​သလီ​ဟင်​မြို့​ဆီ မကြာ​မကြာ ပြန်​လာ​တတ်​တယ်။ ၁၆  ဂေါ​လျတ်​က ရက် ၄၀ လုံး​လုံး မနက်​တစ်​ခါ၊ ည​နေ​တစ်​ခါ ထွက်​လာ​ပြီး စိန်​ခေါ်​တတ်​တယ်။ ၁၇  ယေ​ရှဲ​က သား​ဒါဝိဒ်​ကို “ဒီ​ကောက်​နှံ​လှော် တစ်​ဧ​ဖာ​နဲ့* မုန့်​ဆယ်​လုံး​ကို စ​ခန်း​မှာ​ရှိ​တဲ့ အစ်​ကို​တွေ​ဆီ အမြန်​ယူ​သွား​ပေး​ပါ။ ၁၈  တပ်​မှူး​အတွက် ဒိန်​ခဲ​ဆယ်​တုံး​ကို​လည်း ယူ​သွား။ မင်း​အစ်​ကို​တွေ ကျန်း​မာ​ရဲ့​လား​ဆို​တာ ကြည့်​ခဲ့။ ပြီး​တော့ သူတို့​ကျန်း​မာ​တယ်​ဆို​တဲ့ အထောက်​အထား​တစ်​ခု​ခု ယူ​ခဲ့” လို့​မှာ​တယ်။ ၁၉  ဒါဝိဒ်​ရဲ့​အစ်​ကို​တွေ​က ရှောလု၊ အစ္စရေး​စစ်​သည်​တွေ​နဲ့​အတူ ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ဖို့ ဧလာ​ချိုင့်​ဝှမ်း​မှာ ရောက်​နေ​ကြ​တယ်။+ ၂၀  ဒါဝိဒ်​လည်း မနက်​စော​စော​ထ​ပြီး သိုး​တွေ​ကို သိုးထိန်း​တစ်​ယောက်​ဆီ​မှာ အပ်​ထား​လိုက်​တယ်။ ယေ​ရှဲ​မှာ​ထား​တဲ့​အတိုင်း ပစ္စည်းတွေ​ထုပ်​ပိုး​ပြီး ထွက်​သွား​တယ်။ သူ စ​ခန်း​ကို​ရောက်​တော့ စစ်​သည်​တွေ​က စစ်​ငြာ​သံ​ပေး​ပြီး ချီ​တက်​သွား​ကြ​တယ်။ ၂၁  အစ္စ​ရေးစစ်​တပ်​နဲ့ ဖိ​လိ​တိ​စစ်​တပ်​က မျက်​နှာချင်း​ဆိုင် စစ်​ခင်း​ထား​ကြ​တယ်။ ၂၂  ဒါဝိဒ်​က အထုပ်​အပိုး​ကို အစောင့်​ဆီ​မှာ​အပ်​ပြီး​တာ​နဲ့ စစ်​မြေပြင်​ဆီ ပြေး​သွား​တယ်။ အဲဒီ​ကို​ရောက်​တော့ အစ်​ကို​တွေ​ကို သာ​ကြောင်း​မာ​ကြောင်း မေး​မြန်း​တယ်။+ ၂၃  အဲဒီ​လို​မေး​မြန်း​နေ​တုန်း​မှာ​ပဲ​ ဂါသ​မြို့​သား ဖိ​လိ​တိ​လူ​စွမ်း​ကောင်း ဂေါလျတ်​က+ ဖိ​လိ​တိ​စစ်​တပ်​က​နေ ထွက်​လာ​ပြီး အရင်​လို​ပဲ စိန်​ခေါ်​ပြန်​တယ်။+ ဒါ​ကို ဒါဝိဒ်​ကြား​သွား​တယ်။ ၂၄  အစ္စရေး​စစ်​သည်​တွေ​က ဂေါ​လျတ်​ကို​လည်း မြင်​ရော ကြောက်​ကြောက်​နဲ့ ထွက်​ပြေး​ကြ​တယ်။+ ၂၅  ပြီး​တော့ “အခု​ထွက်​လာ​တဲ့​လူ​ကို တွေ့​လား။ အစ္စရေး​တွေ​ကို လာ​စိန်​ခေါ်​နေ​တာ။+ သူ့​ကို​သတ်​နိုင်​ရင် မင်း​ကြီး​က ဆု​လာဘ်​အများ​ကြီး ချီး​မြှင့်​ပြီး သမီး​တော်​နဲ့ ပေး​စား​မှာ။+ သူ့​အိမ်​သား​တွေ​ကို အစ္စရေး​ပြည်​မှာ တာဝန်​နဲ့ အခွန်​တွေ လွတ်​ငြိမ်း​ခွင့်​လည်း ပေး​ဦး​မှာ” ဆို​ပြီး ပြော​နေ​ကြ​တယ်။ ၂၆  ဒါဝိဒ်​က “အဲဒီ​ဖိ​လိ​တိ​လူ​ကို သတ်​ပြီး အစ္စရေး​တွေ ကဲ့​ရဲ့​ခံ​နေ​ရ​တာ​ကို ဖယ်​ရှား​ပေး​တဲ့​သူ​ကို ဘာ​တွေ ချီး​မြှင့်​မှာ​လဲ။ အသက်​ရှင်​တဲ့ ဘုရား​သခင်​ရဲ့ စစ်​တပ်​ကို စိန်​ခေါ်​ရ​အောင် အရေ​ဖျား​မဖြတ်​ထား​တဲ့ ဒီ​ဖိ​လိ​တိ​လူ​ဟာ ဘယ်​သူ​မို့လို့​လဲ”+ ဆို​ပြီး အနား​က စစ်​သည်​တွေ​ကို မေး​တယ်။ ၂၇  စစ်​သည်​တွေ​က “သူ့​ကို​သတ်​နိုင်​တဲ့​သူ​ကို ဒီ​လို​ဆု​လာဘ်​တွေ ချီး​မြှင့်​မှာ” ဆို​ပြီး ခု​န​တုန်း​က​လို ပြော​ကြ​တယ်။ ၂၈  သူတို့​နဲ့ ဒါဝိဒ်​ပြော​နေ​တာ​ကို  အစ်​ကို​အကြီး​ဆုံး ဧလျာဘ+ ကြား​တဲ့​အခါ ဒေါသ​ထွက်​ပြီး “မင်း ဘာ​လို့ ဒီ​ကို​ဆင်း​လာ​တာ​လဲ။ တော​ထဲ​က သိုး​တွေ​ကို ဘယ်​သူ့​ဆီ အပ်​ခဲ့​သလဲ။+ မင်း အတင့်​ရဲ​မှန်း၊ စိတ်​ဓာတ်​မကောင်း​မှန်း ငါ​သိ​တယ်။ တိုက်​ပွဲ​ကို ကြည့်​ချင်​လို့ ဆင်း​လာ​တာ​ပဲ” လို့​ပြော​တော့၊ ၂၉  ဒါဝိဒ်​က “ကျွန်​တော် ဘာ​များ​လုပ်​မိ​လို့​လဲ။ မေး​ရုံ​ပဲ မေး​ကြည့်​တာ​ပါ” လို့​ ပြော​တယ်။ ၃၀  ပြီး​တော့ တခြား​သူ​တွေ​ဆီ သွား​ပြီး ခု​န​တုန်း​က​လို မေး​ပြန်​တယ်။+ သူတို့​က​လည်း ခု​န​တုန်း​က​လို​ပဲ ဖြေကြ​တယ်။+ ၃၁  ဒါဝိဒ်​ပြော​တာ​ကို ကြား​တဲ့​သူ​တချို့​က ရှောလု​ကို ပြန်​ပြော​ပြတယ်။ ဒါ​ကြောင့် ရှောလု​က သူ့​ကို ခေါ်​ခိုင်း​လိုက်​တယ်။ ၃၂  ဒါဝိဒ်​က “အဲဒီ​ဖိလိ​တိ​လူကြောင့် ဘယ်​သူ​မှ မကြောက်​ကြ​ပါ​နဲ့။ သူ့​ကို ကျွန်​တော် ထွက်​တိုက်​မယ်”+ လို့​ပြော​တယ်။ ၃၃  ဒါ​ပေမဲ့ ရှောလု​က “မင်း​က ချာ​တိတ်​လေး​ပဲ ရှိ​သေး​တာ။+ အဲဒီ​ဖိ​လိ​တိ​လူ​ကို တိုက်​နိုင်​မှာ မဟုတ်​ဘူး။ လူငယ်​ဘဝ​က​တည်း​က သူ စစ်​တိုက်​လာခဲ့​တာ” ဆို​ပြီး​ပြော​တယ်။ ၃၄  ဒါဝိဒ်​က “ကျွန်​တော်​ဟာ အဖေ့​သိုး​အုပ်​ကို ထိန်း​ကျောင်း​ရ​သူ​ပါ။ ခြင်္သေ့​တစ်​ကောင်​က+ သိုး​ကို လာ​ဆွဲ​ဖူး​တယ်။ ဝက်​ဝံ​လည်း လာ​ဆွဲ​ဖူး​တယ်။ ၃၅  ကျွန်​တော် လိုက်​ပြီး​တိုက်​ခိုက်​တော့ သိုး​ကို သား​ရဲ​ပါး​စပ်​ထဲ​က​နေ ကယ်​နိုင်​ခဲ့​တယ်။ သား​ရဲ​က ပြန်​ကိုက်​မယ်​လုပ်​တော့ လည်​မျို​ကို ကိုင်​ပြီး ရိုက်​သတ်​ပစ်​တယ်။ ၃၆  ခြင်္သေ့​နဲ့ ဝက်​ဝံ နှစ်​ကောင်​စ​လုံး​ကို ကျွန်​တော် သတ်​ပစ်​ခဲ့​တာ။ အရေ​ဖျား​မဖြတ်​ထား​တဲ့ ဒီ​ဖိ​လိ​တိ​လူ​က အသက်​ရှင်​တဲ့ ဘုရား​သခင်​ရဲ့ စစ်​တပ်​ကို စိန်​ခေါ်​နေ​လို့ အဲဒီ​အကောင်​တစ်​ကောင်​လို ဖြစ်​သွား​မှာ​ပါ။+ ၃၇  ခြင်္သေ့​နဲ့ ဝက်​ဝံ​ရဲ့​လက်​က​နေ ကျွန်​တော့်​ကို ကယ်​ခဲ့​တဲ့ ယေဟောဝါ​ဘုရား​က ဒီ​ဖိ​လိ​တိ​လူ​ရဲ့​လက်​က​နေ​လည်း ကယ်​မှာ​ပါ”+ ဆို​ပြီး​ပြော​တယ်။ ဒါ​နဲ့ ရှောလု​က “ဒါ​ဆို​လည်း သွား​ပါ။ မင်း​နဲ့​အတူ ယေဟောဝါ​ဘုရား ရှိ​ပါ​စေ” ဆို​ပြီး ဒါဝိဒ်​ကို ပြော​တယ်။ ၃၈  ရှောလု​က သူ့​အဝတ်​တွေ​ကို ဒါဝိဒ်​ကို ဝတ်​ဆင်​ပေး​တယ်။ ကြေး​နီ​ခမောက် ဆောင်း​ပေး​တယ်။ သံ​ချပ်​အင်္ကျီ ဝတ်​ပေး​တယ်။ ၃၉  ဒါဝိဒ်​က​လည်း အဝတ်​ပေါ်​မှာ ဓား​ကို​စည်း​ပြီး သွား​ဖို့​ပြင်​တယ်။ ဒါ​ပေမဲ့ အဲ​ဒါ​တွေ​ကို သုံး​နေ​ကျ​မဟုတ်​တော့ လမ်း​လျှောက်​ရ​တာ အဆင်​မပြေဘူး။ ဒါ​ကြောင့် “ဒါ​တွေ​ကို သုံး​နေ​ကျ​မဟုတ်​တော့ သွား​ရ​လာ​ရ​တာ အဆင်​မပြေဘူး” လို့​ပြော​ပြီး ချွတ်​လိုက်​တယ်။ ၄၀  အဲဒီ​နောက် သူ​က တောင်​ဝှေး​ကို​ယူ၊ ချောင်း​ထဲ​က ကျောက်​စ​ရစ်​ငါး​လုံး​ကို ကောက်​ပြီး သိုးထိန်း​လွယ်​အိတ်​ထဲ ထည့်​လိုက်​တယ်။ ပြီး​တော့ လောက်​လွှဲ​ကို ကိုင်​ပြီး+ ဖိ​လိ​တိ​လူ​ဆီ သွား​တယ်။ ၄၁  ဖိ​လိ​တိ​လူ​လည်း ဒါဝိဒ်​ဆီ လျှောက်​လာ​တယ်။ သူ့​ရှေ့​မှာ ဒိုင်း​လွှား​ကိုင်​ပေး​သူ ရှိ​နေ​တယ်။ ၄၂  အသား​အရေ စို​ပြည်​နီ​မြန်း​တဲ့ လူ​ချော​လေး ဒါဝိဒ်​ကို တွေ့​တော့ ဖိ​လိ​တိ​လူ​က အထင်​သေး​တဲ့​အကြည့်​နဲ့ ကြည့်​ပြီး လှောင်​ရယ်​တယ်။+ ၄၃  ပြီး​တော့ “ငါ့​ဆီ​ကို တုတ်​တွေ​နဲ့ လာ​ရ​အောင် ငါ​ဟာ ခွေး​မို့လို့​လား”+ ဆို​ပြီး သူ့​ဘုရားတွေ​ကို တိုင်​တည်​ရင်း ဒါဝိဒ်​ကို ကျိန်​ဆဲ​တယ်။ ၄၄  အဲဒီ​နောက် “လာ​စမ်း။ မင်း​ရဲ့​အသား​ကို ငှက်​တွေ၊ သား​ရဲ​တွေ ကျွေး​ပစ်​မယ်” ဆို​ပြီး ကြိမ်း​မောင်း​တယ်။ ၄၅  ဒါဝိဒ်​က “ခင်​ဗျား​ဟာ ဓား​တွေ၊ လှံ​တွေ၊ လှံ​တို​တွေ​နဲ့ ကျွန်​တော့်​ကို လာ​တိုက်​တယ်။+ ကျွန်​တော်​က​တော့ ခင်​ဗျား စိန်​ခေါ်​နေ​တဲ့ အစ္စရေး​တပ်​ရဲ့ ဘုရား​သခင်၊+ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့​နာ​မည်​နဲ့ လာ​တယ်။+ ၄၆  ဒီ​နေ့​ပဲ ယေဟောဝါ​ဘုရား​က ခင်​ဗျား​ကို ကျွန်​တော့်​လက်​ထဲ အပ်​မယ်။+ ခင်​ဗျား​ကို သတ်​ပြီး ခေါင်း​ဖြတ်​ပစ်​မယ်။ ဒီ​နေ့ ဖိ​လိ​တိ​စစ်​သည်​တွေ​ရဲ့ အလောင်း​ကို ငှက်​တွေ၊ သား​ရဲ​တွေ ကျွေး​ပစ်​မယ်။ အစ္စရေး​လူမျိုး​နဲ့​အတူ စစ်​မှန်​တဲ့​ဘုရား​သခင် ရှိ​မှန်း မြေတစ်​ပြင်​လုံး​က​လူ​တွေ သိ​ရ​လိမ့်​မယ်။+ ၄၇  ယေဟောဝါ​ဘုရား​က မိမိ​လူ​တွေ​ကို ကယ်​ဖို့ ဓား​တွေ၊ လှံ​တွေ သုံး​စ​ရာ​မလို​ဘူး​ဆို​တာ ဒီ​မှာ​ရှိ​တဲ့​သူ​အားလုံး သိ​စေ​ရ​မယ်။+ ယေဟောဝါ​ဘုရား​က​ပဲ စစ်​ပွဲ​မှာ အောင်​မြင်​ခွင့် ပေး​နိုင်​တယ်။+ ဘုရား​က ခင်​ဗျား​တို့​အားလုံး​ကို ကျွန်​တော်​တို့​လက်​ထဲ အပ်​မယ်”+ လို့​ပြော​တယ်။ ၄၈  အဲဒီ​အခါ ဖိ​လိ​တိ​လူ​က ဒါဝိဒ်​ကို​တိုက်​ဖို့ ရှေ့​တိုး​လာ​တယ်။ ဒါဝိဒ်​က​လည်း ဖိ​လိ​တိ​လူ​နဲ့ ထိပ်​တိုက် ရင်ဆိုင်​မယ့်​နေ​ရာ​ဆီ အမြန်​ပြေး​သွား​တယ်။ ၄၉  ပြီး​တော့ အိတ်​ထဲ​က ကျောက်​တစ်​လုံး​ကို နှိုက်​ယူ​ပြီး လွှဲ​ပစ်​လိုက်​တယ်။ ဖိ​လိ​တိ​လူ​ရဲ့​န​ဖူး​ကို ထိ​မှန်​သွား​တော့ နဖူး​ပေါက်​ပြီး မြေပေါ် မှောက်​လျက်​လဲ​ကျ​သွား​တယ်။+ ၅၀  ဒီ​လို​နဲ့ ဒါဝိဒ်​ဟာ ဓား​လက်​နက်​မပါ​ဘဲ လောက်​လွှဲ​တစ်​ခု၊ ကျောက်​တစ်​လုံး​တည်း​နဲ့ တိုက်​ခိုက်​ပြီး ဖိ​လိ​တိ​လူ​ကို သတ်​လိုက်​တယ်။+ ၅၁  ဖိ​လိ​တိ​လူ​ဆီ ပြေး​သွား​ပြီး ခြေ​ထောက်​နဲ့ နင်း​ထား​တယ်။ ပြီး​တော့ အဲဒီ​လူ​ရဲ့​ဓား​ကို ဓား​အိမ်​ထဲ​က ဆွဲ​ထုတ်၊+ ခေါင်း​ကို​ဖြတ်​ပြီး သေအောင် သတ်​ပစ်​တယ်။ ဖိ​လိ​တိ​လူ​တွေ​က သူတို့​ရဲ့​လူ​စွမ်း​ကောင်း​ကြီး သေသွား​တာ​လည်း မြင်​ရော ထွက်​ပြေး​ကြ​တော့​တယ်။+ ၅၂  အဲဒီ​အခါ အစ္စရေး​နဲ့ ယုဒ​စစ်​သည်​တွေ​က ကြွေး​ကြော်​ပြီး ဖိ​လိ​တိ​လူ​တွေ​ကို ချိုင့်​ဝှမ်း​က​နေ+ ဧ​ကြုန်​မြို့​တံခါး​အထိ+ လိုက်​တိုက်​ကြ​တယ်။ ဒါ​ကြောင့် ရှာ​ရိမ်​မြို့​က​နေ+ ဂါသ​မြို့၊ ဧကြုန်​မြို့​အထိ လမ်း​တစ်​လျှောက်​မှာ ဖိ​လိ​တိ​လူ​တွေ အတုံး​အရုံး ကျ​ဆုံး​ကုန်​တယ်။ ၅၃  အစ္စရေး​တွေ​က ဖိ​လိ​တိ​လူ​တွေ​နောက်​ကို အပြင်း​အထန် လိုက်​ရာ​က​နေ ပြန်​လာ​ပြီး သူတို့​ရဲ့​စ​ခန်း​တွေ​ကို လု​ယက်​ကြ​တယ်။ ၅၄  ဒါဝိဒ်​က ဖိ​လိ​တိ​လူ​ရဲ့​ခေါင်း​ကို ဂျေရု​ဆ​လင်​မြို့​ကို ယူ​လာ​ပြီး ဖိ​လိ​တိ​လူ​ရဲ့ လက်​နက်​တွေ​ကို​တော့ သူ့​တဲ​မှာ ထား​လိုက်​တယ်။+ ၅၅  ဖိ​လိ​တိ​လူ​နဲ့​တိုက်​ဖို့ ဒါဝိဒ်​ထွက်​သွား​တာ​ကို ရှောလု​မြင်​တဲ့​အခါ “ဒီ​ကောင်​လေး​က ဘယ်​သူ့​သား​လဲ”+ လို့ ဗိုလ်​ချုပ်​အာဗနာ​ကို+ မေး​တယ်။ အာဗနာ​က “အသက်​ရှင်​နေ​တဲ့ မင်း​ကြီး​ကို တိုင်​တည်​ပြီး ပြော​ပါ့​မယ်။ ကျွန်​တော် မသိ​ပါ​ဘူး” လို့​ ဖြေတယ်။ ၅၆  ရှောလု​က​လည်း “ဒီ​ကောင်​လေး​က ဘယ်​သူ့​သား​လဲ၊ စုံ​စမ်း​ကြည့်” လို့​ပြော​တယ်။ ၅၇  ဖိ​လိ​တိ​လူ​ကို​သတ်၊ အဲဒီ​လူ​ရဲ့​ခေါင်း​ကို ကိုင်​ပြီး+ ပြန်​လာ​တဲ့ ဒါဝိဒ်​ကို အာဗနာ​က ရှောလု​ဆီ တန်း​ခေါ်​သွား​တယ်။ ၅၈  ရှောလု​က “မင်း ဘယ်​သူ့​သား​လဲ” လို့​မေး​တော့ ဒါဝိဒ်​က “မင်း​ကြီး​ရဲ့​ကျွန် ဘက်​သလီ​ဟင်​မြို့​သား+ ယေ​ရှဲ​ရဲ့​သား​ပါ”+ လို့​ဖြေတယ်။

အောက်ခြေမှတ်ချက်များ

၉ ပေခွဲ​နီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
၅၇ ကီ​လို (၁၂၅ ပေါင်) နီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
၆.၈၄ ကီ​လို (၁၅ ပေါင်) နီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဧ​ဖာ​က ၂၂ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။