၁ ရှမွေလ ၂၄:၁-၂၂

  • ရှောလု​ကို ဒါဝိဒ်​အသက်​ချမ်း​သာ​ပေး (၁-၂၂)

    • ယေဟောဝါ​ဘိ​သိက်​ပေး​ထား​သူ​ကို ဒါဝိဒ်​လေးစား ()

၂၄  ရှောလု​က ဖိ​လိ​တိ​လူ​တွေ​ကို လိုက်​တိုက်​ပြီး ပြန်​ရောက်​လာ​တဲ့​အခါ “အင်​ဂေဒိ​တော​မှာ ဒါဝိဒ်​ရောက်​နေ​တယ်”+ ဆို​တဲ့​သတင်း​ကို ရ​တယ်။ ၂  ဒါ​ကြောင့် အစ္စရေး​တွေ​ထဲ​က လက်​ရွေး​စင်​စစ်​သည် ၃,၀၀၀ ကို​ခေါ်​ပြီး တောင်​ဆိတ်​တွေ​ကျက်​စား​တဲ့ ကျောက်​တောင်​တွေ​မှာ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​ကို လိုက်​ရှာ​တယ်။ ၃  သွား​ရင်း​နဲ့ လမ်း​ဘေး​နား​က ကျောက်​နံ​ရံ​ကာ သိုး​ခြံ​တွေ​ဆီ ရှောလု ရောက်​လာ​တယ်။ အဲဒီ​နား​မှာ လိုဏ်​ဂူ​တစ်​ခု တွေ့​တော့ ဝင်​ပြီး အပေါ့​အပါး​သွား​တယ်။ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က လိုဏ်​ဂူ​အတွင်း​ပိုင်း ချောင်​ထဲ​မှာ ထိုင်​နေ​ကြ​တယ်။+ ၄  ဒါဝိဒ်​ရဲ့​လူ​တွေ​က​“ရန်​သူ​ကို ခင်​ဗျား​လက်​ထဲ ယေ​ဟောဝါ​ဘုရား အပ်​လိုက်​တာ​ပဲ။+ သူ့​ကို စိတ်​ကြိုက်​လုပ်​ဖို့ ဘုရား​သခင် ခွင့်​ပြု​လိုက်​ပြီ” လို့​ပြော​တော့ ဒါဝိဒ်​လည်း ထ​သွား​ပြီး ရှောလု​ရဲ့ လက်​ပြတ်​ဝတ်​ရုံ အနား​စွန်း​ကို အသာ​လေး ဖြတ်​ယူ​လိုက်​တယ်။ ၅  ဒါ​ပေမဲ့ ရှောလု​ရဲ့ လက်​ပြတ်​ဝတ်​ရုံ အနား​စွန်း​ကို ဖြတ်​ယူ​မိ​တဲ့​အတွက် နောက်​ပိုင်း​မှာ ဒါဝိဒ်​ရဲ့​စိတ်​က* ကိုယ့်​ကိုယ်​ကိုယ် အပြစ်​တင်​နေ​တော့​တယ်။+ ၆  ဒါ​ကြောင့် သူ့​လူ​တွေ​ကို “ယေဟောဝါ​ဘုရား​ရဲ့ ရှု​ထောင့်​က​ကြည့်​ရင် ယေဟောဝါ ဘိ​သိက်​ပေး​ထား​တဲ့ မင်း​ကြီး​ကို ဒီ​လို​လုပ်​ဖို့ ကျွန်​တော် စဉ်း​တောင် မစဉ်း​စား​သင့်​ဘူး။ မင်း​ကြီး​ဟာ ယေဟောဝါ ဘိ​သိက်​ပေး​ထား​သူ​ပဲ။ သူ့​ကို ထိ​ခိုက်​အောင် မလုပ်​သင့်​ဘူး”+ လို့​ပြော​ပြီး၊ ၇  သူ့​လူ​တွေ​ကို တား​လိုက်​တယ်။* ရှောလု​ကို တိုက်​ခိုက်​ဖို့ ခွင့်​မပြု​ဘူး။ ရှောလု​က​တော့ လိုဏ်​ဂူ​ထဲ​က​ထွက်​ပြီး ခ​ရီး​ဆက်​တယ်။ ၈  ဒါဝိဒ်​လည်း လိုဏ်​ဂူ​ထဲ​က ထွက်​လာ​ပြီး “အရှင်​မင်း​ကြီး”+ လို့အော်​ခေါ်​တယ်။ ရှောလု လှည့်​ကြည့်​တဲ့​အခါ ဒါဝိဒ် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​တယ်။ ၉  ပြီး​တော့ “‘မင်း​ကြီး​ကို အန္တရာယ်​ပြု​ဖို့ ဒါဝိဒ်​ကြံ​စည်​နေ​တယ်’ ဆို​ပြီး လူ​တွေ​ပြော​တာ​ကို ဘာ​လို့​နား​ယောင်​ရ​တာ​လဲ။+ ၁၀  ဒီ​နေ့ ယေဟောဝါ​ဘုရား​က လိုဏ်​ဂူ​ထဲ​မှာ မင်း​ကြီး​ကို ကျွန်​တော့်​လက်​ထဲ​အပ်​ခဲ့​တာ မင်း​ကြီး​သိ​ရဲ့​လား။ မင်း​ကြီး​ကို​သတ်​ဖို့ တစ်​ယောက်​က တိုက်​တွန်း​သေး​တယ်။+ ဒါ​ပေမဲ့ ကျွန်​တော်​က မင်း​ကြီး​ကို သနား​တဲ့​အတွက် ‘မင်း​ကြီး​ဟာ ယေဟောဝါ​ဘုရား ဘိ​သိက်​ပေး​ထား​သူ​ပဲ။ သူ့​ကို ထိ​ခိုက်​အောင် မလုပ်​သင့်​ဘူး’+ ဆို​ပြီး ပြန်​ပြော​ခဲ့​ပါ​တယ်။ ၁၁  ခမည်း​တော် အရှင်​မင်း​ကြီး၊ ကျွန်​တော့်​လက်​ထဲ​က လက်​ပြတ်​ဝတ်​ရုံ အနား​စွန်း​ကို ကြည့်​ပါ​ဦး။ ဒါ​ကို​ဖြတ်​ယူ​တုန်း​က မင်း​ကြီး​ကို သတ်​နိုင်​ပေမဲ့ မသတ်​ခဲ့​ပါ​ဘူး။ မင်း​ကြီး​က ကျွန်​တော့်​အသက်​ကို​သတ်​ဖို့ လိုက်​နေ​ပေမဲ့+ ကျွန်​တော်​က​တော့ မင်း​ကြီး​ကို အန္တရာယ်​ပြု​ဖို့၊ ပုန်​ကန်​ဖို့ မကြံ​စည်​ဘူး၊ မင်း​ကြီး​ကို မပြစ်​မှား​ဘူး​ဆို​တာ+ အခု သဘော​ပေါက်​သင့်​ပါ​ပြီ။ ၁၂  မင်း​ကြီး​နဲ့ ကျွန်​တော့်​ကို ယေဟောဝါ​ဘုရား​ပဲ တရား​စီရင်​ပေး​ပါ​စေ။+ ကျွန်​တော့်​အတွက် မင်း​ကြီး​ကို ယေဟောဝါ​ဘုရား လက်​စား​ချေ​ပေး​ပါ​စေ။+ ကျွန်​တော်​က​တော့ မင်း​ကြီး​ထိ​ခိုက်​အောင် မလုပ်​ပါ​ဘူး။+ ၁၃  ‘ဆိုး​ညစ်​မှု​ကို ဆိုး​ညစ်​သူ​တွေ​ပဲ လုပ်​တတ်​ကြ​တယ်’ ဆို​တဲ့ ရှေး​စကား​ပုံ​ရှိ​တယ်။ ဒါ​ကြောင့် မင်း​ကြီး​ထိခိုက်​အောင် ကျွန်​တော်​မလုပ်​ဘူး။ ၁၄  အစ္စရေး​ဘုရင်​က ဘယ်​သူ့​ကို လိုက်​ဖမ်း​နေ​တာ​လဲ။ ခွေး​သေကောင်​ကို​လား။ ဘာ​မဟုတ်​တဲ့ ခွေး​သန်း​တစ်​ကောင်​ကို​လား။+ ၁၅  တရား​သူကြီး​ဖြစ်​တဲ့ ယေဟောဝါ​ဘုရား​ပဲ မင်း​ကြီး​နဲ့​ကျွန်​တော့်​ကို တရား​စီရင်​ပေး​ပါ​စေ။ ဘုရား​သခင်​က ဒီ​ကိစ္စ​ကို စစ်​ဆေး​လိမ့်​မယ်။ ကျွန်​တော့်​ဘက်​က​နေ ခု​ခံ​ကာ​ကွယ်​ပြီး+ စီရင်​ပေး​ပါ​လိမ့်​မယ်။ မင်း​ကြီး​လက်​က​နေ​လည်း ကယ်​တင်​ပေး​ပါ​လိမ့်​မယ်” လို့​ပြော​လိုက်​တယ်။ ၁၆  ဒါဝိဒ် အဲဒီ​လို​ပြော​ပြီး​တဲ့​အခါ ရှောလု​က “ငါ့​သား ဒါဝိဒ်၊ ဒါ မင်း​ရဲ့​အသံ​လား”+ ဆို​ပြီး အော်​ငို​တော့​တယ်။ ၁၇  အဲဒီ​နောက် “မင်း​ဟာ ငါ့​ထက် ပို​ဖြောင့်​မတ်​ပါ​တယ်။ မင်း​က ငါ့​အပေါ်​ကောင်း​ပေမဲ့ ငါ​က​တော့ မင်း​ကို အကောင်း​နဲ့​မတုံ့​ပြန်​ဘူး။+ ၁၈  ဒီ​နေ့ ယေဟောဝါ​ဘုရား​က ငါ့​ကို မင်း​လက်​ထဲ​အပ်​တာ​တောင် မင်း မသတ်​ဘူး။ ငါ့​အပေါ် တ​ကယ်​ကောင်း​ခဲ့​ပါ​တယ်။+ ၁၉  ရန်​သူ​ကို​တွေ့​လျက်​နဲ့ ဘာ​မှ​မလုပ်​ဘဲ လွှတ်​လိုက်​တဲ့​သူ ရှိ​ပါ့​မလား။ ဒီ​နေ့ မင်း​လုပ်​တဲ့​ကောင်း​မှု​အတွက် ယေဟောဝါ​ဘုရား ဆု​ချ​မှာ​ပါ။+ ၂၀  မင်း​ဟာ ဘုရင်​ဖြစ်​လာ​မှာ သေချာ​တယ်။+ မင်း​လက်​ထဲ​မှာ အစ္စရေး​နိုင်​ငံ တည်​မြဲမယ်​ဆို​တာ ငါ​သိ​တယ်။ ၂၁  ဒီ​တော့ မင်း​က ငါ့​ရဲ့​သား​မြေး​တွေ​ကို မဖယ်​ရှား​ဘူး၊ ငါ့​နာ​မည်​ကို​လည်း ငါ့​အမျိုး​ထဲ​က​နေ မပယ်​ဖျက်​ဘူး​လို့+ ယေဟောဝါ​ဘုရား​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ပါ”+ လို့​ပြော​တယ်။ ၂၂  ဒါဝိဒ်​လည်း ရှောလု​ပြော​တဲ့​အတိုင်း သစ္စာ​ဆို​တယ်။ အဲဒီ​နောက် ရှောလု​က နန်း​တော်​ကို ပြန်​သွား​တယ်။+ ဒါဝိဒ်​နဲ့​သူ့​လူ​တွေ​က ခံ​တပ်​ရှိ​ရာ​ကို တက်​သွား​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အမှား​အမှန်​သိ​စိတ်။”
“လူ​စု​ခွဲ​လိုက်​တယ်” လည်း​ဖြစ်​နိုင်။