၁ ရှမွေလ ၁၈:၁-၃၀

  • ဒါဝိဒ်​နဲ့​ယောန​သန်​ရဲ့ ရင်း​နှီး​မှု (၁-၄)

  • ဒါဝိဒ်​အောင်​ပွဲ​ကြောင့် ရှောလု မနာ​လို​ဖြစ် (၅-၉)

  • ရှောလု ဒါဝိဒ်​ကို သတ်​ဖို့​ကြိုး​စား (၁၀-၁၉)

  • ရှောလု​ရဲ့​သမီး​တော် မိ​ခါ​လ​နဲ့ ဒါဝိဒ်​ထိမ်း​မြား (၂၀-၃၀)

၁၈  ဒါဝိဒ်​က ရှောလု​မင်း​ကို လျှောက်​တင်​ပြီး​တဲ့​နောက် ယောန​သန်​နဲ့+ ဒါဝိဒ်​ဟာ သိပ်​ရင်းနှီး​သွား​ကြ​တယ်။ ယောန​သန်​က ဒါဝိဒ်​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ခင်​တယ်။+ ၂  အဲဒီ​နေ့​က​စ​ပြီး ရှောလု​မင်း​က ဒါဝိဒ်​ကို အိမ်​ပြန်​ခွင့် မပေး​တော့​ဘဲ အနား​မှာ အမြဲခစား​စေ​တယ်။+ ၃  ယောန​သန်​က ဒါဝိဒ်​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​ခင်​တဲ့​အတွက်+ နှစ်​ယောက်​သား ကတိ​သစ္စာ​ပြု​ကြ​တယ်။+ ၄  ယောန​သန်​က လက်​ပြတ်​ဝတ်​ရုံ​ကို ချွတ်​ပြီး ဒါဝိဒ်​ကို ပေး​တယ်။ သူ့​ရဲ့​အသုံး​အဆောင်​ပစ္စည်း၊ ဓား၊ လေး​နဲ့ ခါး​စည်း​ကြိုး​ကို​လည်း ပေး​တယ်။ ၅  အဲဒီ​အချိန်​က​စ​ပြီး ဒါဝိဒ်​လည်း စစ်​တိုက်​ထွက်​ရ​တယ်။ ရှောလု​စေ​ခိုင်း​သမျှ အောင်​မြင်​အောင်​လုပ်​တယ်။*+ ဒါ​ကြောင့် ရှောလု​က စစ်​သည်​တွေ​ကို ကွပ်​ကဲ​ဖို့ ဒါဝိဒ်​ကို ခန့်​လိုက်​တော့+ ပြည်​သူ​ပြည်​သား​တွေ​ရော မင်း​မှု​ထမ်း​တွေ​ပါ သဘော​ကျ​ကြ​တယ်။ ၆  ဒါဝိဒ်​နဲ့​စစ်​သည်​တွေ​က ဖိ​လိ​တိ​လူ​တွေ​ကို တိုက်​ခိုက်​ပြီး ပြန်​လာ​တဲ့​အခါ အမျိုး​သမီး​တွေ​က ရှောလု​မင်း​ကို ကြို​ဆို​ဖို့ အစ္စရေး​မြို့​ရွာ​တွေ​က​နေ ဝမ်း​သာ​အား​ရ ထွက်​လာ​တယ်။ ချူ​တပ်​ဗုံ​တွေ၊ ဗျပ်​စောင်း​တွေ တီး​ပြီး သီ​ဆို​က​ခုန်​ကြ​တယ်။+ ၇  အဲဒီ​အမျိုး​သမီး​တွေ​က “ရှောလု​သတ်​တာ အထောင်​ထောင်၊ဒါဝိဒ်​သတ်​တာ အသောင်း​သောင်း”+ဆို​ပြီး သီ​ဆို​ကြ​တယ်။ ၈  အဲဒီ​သီချင်း​ကို ရှောလု​မကြိုက်​ဘူး။ ဒါ​ကြောင့် ဒေါသ​ထွက်​ပြီး+ “ဒါဝိဒ်​ကို အသောင်း​သောင်း၊ ငါ့​ကို​ကျ​တော့ အထောင်​ထောင်​တဲ့။ ဒီ​အတိုင်း​ဆို သူ့​ကို ထီး​နန်း​အပ်​ဖို့​ပဲ ကျန်​တော့​တာ​ပေါ့”+ လို့ ပြော​တယ်။ ၉  အဲဒီ​နေ့​က​စ​ပြီး ရှောလု​က ဒါဝိဒ်​ကို မသင်္ကာစိတ်​နဲ့ အမြဲ စောင့်​ကြည့်​နေ​တော့​တယ်။ ၁၀  နောက်​တစ်​နေ့​မှာ ရှောလု​ရဲ့ မကောင်း​တဲ့​စိတ်​ထား​က သူ့​ကို နှောင့်​ယှက်​တဲ့​အခါ ဘုရား​သခင် ခွင့်​ပြု​လိုက်​တယ်။+ ဒါ​ကြောင့် ရှောလု​က နန်း​တော်​ထဲ​မှာ ထူး​ထူး​ဆန်း​ဆန်း ပြု​မူ​တော့​တယ်။* ဒါဝိဒ်​က​တော့ ခါ​တိုင်း​လို​ပဲ စောင်း​တီး​ပေး​တယ်။+ ရှောလု​က လှံတစ်​ချောင်း  ကိုင်​ ထား​တယ်။+ ၁၁  “ဒါဝိဒ်​ကို နံ​ရံ​မှာ​ကပ်​သွား​အောင် ထိုး​ပစ်​မယ်” ဆို​ပြီး လှံ​နဲ့​ ပစ်​ပေါက်​တယ်။+ ဒါဝိဒ်​က နှစ်​ကြိမ်​စ​လုံး ရှောင်​နိုင်​ခဲ့​တယ်။ ၁၂  ယေဟောဝါ​က ဒါဝိဒ်​နဲ့​အတူ​ရှိ​ပြီး ရှောလု​ကို စွန့်​ခွာ​သွား​ပြီ။+ ဒါ​ကြောင့် ရှောလု​က ဒါဝိဒ်​ကို ကြောက်​လာ​ပြီး၊+ ၁၃  အနား​မှာ မခစား​ခိုင်း​တော့​ဘဲ ထောင်​တပ်​မှူး ခန့်​လိုက်​တယ်။ ဒါဝိဒ်​က တပ်​ကို​ဦး​စီး​ပြီး တိုက်​ပွဲ​ဝင်​ရ​တယ်။+ ၁၄  ဒါဝိဒ်​လုပ်​သမျှ အမြဲ အောင်​မြင်​တယ်။+ ယေ​ဟောဝါ​လည်း သူ​နဲ့​အတူ​ရှိ​တယ်။+ ၁၅  ဒါဝိဒ် အောင်​မြင်​လာ​တာ​ကို မြင်​တဲ့​အခါ ရှောလု ပို​ကြောက်​လာ​တယ်။ ၁၆  အစ္စရေး​နဲ့ ယုဒ​စစ်​သည်​တွေ​က​တော့ ရှေ့​က​နေ ဦး​ဆောင်​တိုက်​ပွဲ​ဝင်​နေ​တဲ့ ဒါဝိဒ်​ကို ချစ်​ခင်​ကြ​တယ်။ ၁၇  နောက်​ပိုင်း​မှာ ရှောလု​က “မင်း​ကို ငါ့​သမီး​ကြီး မေရပ်​နဲ့+ ပေး​စား​မယ်။+ မင်း​သာ ယေဟောဝါ​ဘုရား​ရဲ့ တိုက်​ပွဲ​တွေ​ကို ရွပ်​ရွပ်​ချွံ​ချွံ ဆက်​တိုက်​ခိုက်​ပါ”+ လို့ ဒါဝိဒ်​ကို ပြော​တယ်။ တကယ်​တော့ ‘ငါ့​လက်​ချက်​နဲ့ မသေဘဲ ဖိ​လိ​တိ​လူ​တွေ​လက်​ချက်​နဲ့ သေပါ​စေ’ ဆို​ပြီး ကြံ​စည်​နေ​တာ။+ ၁၈  ဒါဝိဒ်​က “ကျွန်​တော့်​ဆွေ​မျိုး​တွေ၊ အဖေ့​အိမ်​သား​တွေ​က အစ္စရေး​လူမျိုး​မှာ ဘယ်​သူ​တွေမို့လို့​လဲ။ ကျွန်​တော့်​လို​လူ​စား​မျိုး​ဟာ ဘု​ရင့်​သမက် မဖြစ်​ထိုက်​ပါ​ဘူး”+ ဆို​ပြီး​ဖြေတယ်။ ၁၉  ဒါ​ပေမဲ့ ရှောလု​ရဲ့​သမီး မေရပ်​ကို ဒါဝိဒ်​နဲ့ ပေး​စား​မယ့်​အချိန် ရောက်​လာ​တဲ့​အခါ မဟော​လ​မြို့​သား အဒြေ​လ​နဲ့ ပေး​စား​ထား​နှင့်​ပြီ။+ ၂၀  ရှောလု​ရဲ့​သမီး မိ​ခါ​လ​က+ ဒါဝိဒ်​ကို ချစ်​နေ​တယ်။ ဒီ​အကြောင်း​ကို ရှောလု​သိ​သွား​တော့ အကြိုက်​တွေ့​သွား​တယ်။ ၂၁  “ဒါဝိဒ်​ကို ထောင်​ချောက်​ဆင်​ဖို့ အခွင့်​ကောင်း​ပဲ။ ငါ့​သမီး​နဲ့​သာ ပေး​စား​လိုက်​ရင် ဖိ​လိ​တိ​လူ​တွေ​လက်​ချက်​နဲ့ သူ သေမှာ​ပဲ” လို့​ကြံ​စည်​တယ်။+ ဒါ​နဲ့ ဒါဝိဒ်​ကို “ငါ့​သမီး​ကို လက်​ထပ်​ပါ” ဆို​ပြီး နောက်​တစ်​ကြိမ် ပြော​တယ်။ ၂၂  ဒါ့​အပြင် “‘မင်း​ကို မင်း​ကြီး သဘော​ကျ​နေ​တယ်။ မင်း​မှု​ထမ်း​တွေ​က​လည်း မင်း​ကို ချစ်​ခင်​ကြ​တယ်။ ဒီ​တော့ သမီး​တော်​နဲ့ လက်​ထပ်​ပါ’ လို့ ဒါဝိဒ်​ကို တိုး​တိုး​တိတ်​တိတ် ပြော​ကြ” ဆို​ပြီး မင်း​မှု​ထမ်း​တွေ​ကို မှာ​တယ်။ ၂၃  မင်း​မှု​ထမ်း​တွေ​က အဲဒီ​အတိုင်း​ပြော​ကြ​ပေမဲ့ ဒါဝိဒ်​က “ဘု​ရင့်​သမီး​တော်​နဲ့ လက်​ထပ်​ဖို့​ဆို​တာ အသေး​အဖွဲ​ကိစ္စလို့ ထင်​နေ​ကြ​တာ​လား။ ကျွန်​တော်​ဟာ အထင်​ကြီး​စ​ရာ ဘာ​မှ​မရှိ​တဲ့ ဆင်း​ရဲ​သား​ပါ”+ ဆို​ပြီး​ပြော​တယ်။ ၂၄  မင်း​မှု​ထမ်း​တွေ​လည်း ဒါဝိဒ်​ပြော​သမျှ ရှောလု​ကို ပြန်​ပြော​ပြကြ​တယ်။ ၂၅  အဲဒီ​အခါ ရှောလု​က မင်း​မှု​ထမ်း​တွေ​ကို “‘မင်း​ကြီး​က တင်​တောင်း​ငွေ​ကို လို​ချင်​တာ မဟုတ်​ဘူး။+ မင်း​ကြီး​ရဲ့ ရန်​သူ​တွေ​ကို လက်​စား​ချေ​ပေး​တဲ့​အနေ​နဲ့ ဖိ​လိ​တိ​လူ​တွေ​ရဲ့ အရေ​ဖျား ၁၀၀ ကို​ပဲ လို​ချင်​တာ’+ လို့ ဒါဝိဒ်​ကို ပြော​လိုက်” ဆို​ပြီး​မှာ​တယ်။ တ​ကယ်​တော့ ဖိ​လိ​တိ​လူ​တွေ​လက်​ချက်​နဲ့ ဒါဝိဒ်​သေသွား​အောင် ကြံ​စည်​နေ​တာ။ ၂၆  မင်း​မှု​ထမ်း​တွေ အဲဒီ​အတိုင်း ပြန်​ပြော​ပြတော့ ဒါဝိဒ်​လည်း ဘု​ရင့်​သမက် ဖြစ်​ချင်​တဲ့​အ​တွက်+ သတ်​မှတ်​ထား​ချိန် မတိုင်​ခင်၊ ၂၇  သူ့​လူ​တွေ​နဲ့ ထွက်​သွား​ပြီး ဖိလိ​တိ​လူ ၂၀၀ ကို သတ်​ခဲ့​တယ်။ ပြီး​တော့ ဘု​ရင့်​သမက် ဖြစ်​နိုင်​ဖို့ ဖိ​လိ​တိ​လူ​တွေ​ရဲ့ အရေ​ဖျား ၂၀၀ ကို မင်း​ကြီး​ဆီ ဆက်​သတယ်။ ဒါ​ကြောင့် ရှောလု​က သမီး​မိ​ခါ​လ​ကို ဒါဝိဒ်​နဲ့ ပေး​စား​လိုက်​ရ​တယ်။+ ၂၈  ယေဟောဝါ​က ဒါဝိဒ်​နဲ့​အတူ​ရှိ​ပြီး+ သမီး​မိ​ခါ​လ​က​လည်း ဒါဝိဒ်​ကို ချစ်​မှန်း ရှောလု​သိ​လာ​တယ်။+ ၂၉  ဒါ​ကြောင့် ဒါဝိဒ်​ကို ပို​လို့​တောင် ကြောက်​လာ​ပြီး ရန်​သူ​အဖြစ် တစ်​သက်​လုံး သတ်​မှတ်​လိုက်​တယ်။+ ၃၀  ဖိ​လိ​တိ​တပ်​မှူး​တွေ​က အစ္စရေး​တွေ​ကို လာ​ရောက် တိုက်​ခိုက်​ကြ​တယ်။ တိုက်​ပွဲ​တိုင်း​မှာ ဒါဝိဒ်​က ရှောလု​ရဲ့ မင်း​မှု​ထမ်း​အားလုံး​ထက် ပို​အောင်​မြင်​တဲ့အတွက်+ နာ​မည်​ကျော်​ကြား​လာ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သတိ​ပညာ​ရှိ​ရှိ လုပ်​ဆောင်​ခဲ့​တယ်။”
ဒါ​မှ​မဟုတ်၊ “ပရော​ဖက်​လို ပြု​မူ​တော့​တယ်။”