၁ ရှမွေလ ၂:၁-၃၆
၂ ဟန္နရဲ့ ဆုတောင်းချက်–
“ယေဟောဝါကြောင့် ကျွန်မ စိတ်ရွှင်လန်းတယ်။+
ယေဟောဝါက ငါ့ဦးချိုကို* ချီးမြှောက်တယ်။
ရန်သူတွေကို ကျွန်မ ရဲရဲကြီး ချေပနိုင်ပြီ။
ကယ်တင်ခြင်းကျေးဇူးကြောင့် ဝမ်းသာပီတိဖြစ်ရပြီ။
၂ ယေဟောဝါလို သန့်ရှင်းမြင့်မြတ်တဲ့ဘုရား မရှိပါဘူး။
ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိပါဘူး။+
ဒို့ရဲ့ဘုရားသခင်လို ခိုင်မြဲတဲ့ကျောက်ဆောင်မျိုး မရှိပါဘူး။+
၃ ယေဟောဝါဟာ အရာအားလုံးကို သိတဲ့ ဘုရားသခင်ဖြစ်လို့+လူတွေရဲ့လုပ်ရပ်တွေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်တယ်။
ဒါကြောင့် မောက်မောက်မာမာ မပြောကြပါနဲ့။
ထောင်လွှားတဲ့စကားတွေ နှုတ်ကနေ မထွက်ကြပါနဲ့။
၄ ခွန်အားကြီးသူတွေရဲ့ လေးတွေ ကျိုးပဲ့ကုန်ပြီ။
အားနည်းသူတွေကတော့ ခွန်အားပြည့်လာပြီ။+
၅ ဝဝလင်လင် စားခဲ့ရသူတွေက စားစရာရဖို့ စာရင်းငှား လုပ်နေရတယ်။
ဆာလောင်သူတွေကတော့ အဝစားနေရတယ်။+
မြုံတဲ့မိန်းမက ကလေး ခုနစ်ယောက် မွေးတယ်။+
သားတွေအများကြီးမွေးခဲ့တဲ့ မိန်းမကတော့ တစ်ယောက်မှ မရတော့ဘူး။
၆ ယေဟောဝါဟာ သေစေနိုင်တယ်၊ ရှင်စေနိုင်တယ်။
သင်္ချိုင်းရောက်အောင် ပို့နိုင်တယ်၊ သင်္ချိုင်းကနေ ခေါ်ထုတ်နိုင်တယ်။+
၇ ယေဟောဝါဟာ ဆင်းရဲနွမ်းပါးစေနိုင်တယ်၊ ချမ်းသာကြွယ်ဝစေနိုင်တယ်။+
နိမ့်ကျစေနိုင်တယ်၊ ချီးမြှောက်နိုင်တယ်။+
၈ နိမ့်ကျသူကို မြေမှုန့်ထဲကနေ ထူမတယ်။
နွမ်းပါးသူကို ပြာပုံထဲကနေ* ချီမတယ်။+
သူတို့ကို မင်းညီမင်းသားတွေနဲ့အတူ ထိုင်စေတယ်။
ဂုဏ်အသရေရှိတဲ့နေရာကို ပေးတယ်။
ယေဟောဝါရဲ့ လက်ထဲမှာ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေ ရှိတယ်။+
အုတ်မြစ်တွေပေါ်မှာ ကမ္ဘာမြေကို တင်ထားတယ်။
၉ ဘုရားသခင်က သစ္စာစောင့်သိသူတွေရဲ့ ခြေလှမ်းကို စောင့်ရှောက်တယ်။+
ဆိုးညစ်သူတွေကတော့ အမှောင်ထုထဲမှာ နှုတ်ဆိတ်နေရလိမ့်မယ်။+
လူဟာ ကိုယ့်အစွမ်းအစနဲ့ အောင်မြင်မှု မရနိုင်ဘူး။+
၁၀ ယေဟောဝါကို ဆန့်ကျင်တိုက်ခိုက်သူတွေ ချေမှုန်းခံရမယ်။*+
သူတို့အပေါ် ကောင်းကင်ကနေ မိုးခြိမ်းစေမယ်။+
ယေဟောဝါက မြေတစ်ပြင်လုံးကို တရားစီရင်မယ်။+
ခန့်အပ်ထားတဲ့ဘုရင်ကို တန်ခိုးပေးမယ်။+
ဘိသိက်ပေးထားသူရဲ့ ဦးချိုကို* ချီးမြှောက်မယ်။”+
၁၁ အဲဒီနောက် ဧလကာနက ရာမမြို့မှာရှိတဲ့အိမ်ကို ပြန်သွားတယ်။ သားငယ်ရှမွေလကတော့ ပုရောဟိတ်ဧလိ လက်အောက်မှာ ယေဟောဝါအတွက် အမှုဆောင်သူ ဖြစ်လာတယ်။+
၁၂ ဧလိရဲ့သားတွေကတော့ ဆိုးညစ်သူတွေ၊+ ယေဟောဝါကို မလေးစားသူတွေပဲ။
၁၃ သူတို့က လူတွေဆီကနေ ပုရောဟိတ်တွေ ရပိုင်ခွင့်ရှိတဲ့ဝေစုကို+ ဘယ်လိုလုပ်ကြသလဲဆိုတော့ တစ်ယောက်ယောက် ပေးလှူတဲ့ ယဇ်ကောင်ရဲ့အသားကို ပြုတ်နေတုန်းမှာပဲ သူတို့ရဲ့နောက်လိုက်က သုံးခွခက်ရင်းကိုင်ပြီး ရောက်လာတတ်တယ်။
၁၄ အိုးတွေထဲမှာ ထည့်ပြုတ်ထားတဲ့ အသားတုံးကို ခက်ရင်းနဲ့ထိုးပြီး ပါလာသမျှကို ပုရောဟိတ်အတွက် ယူသွားတတ်တယ်။ ရှိလောမြို့ကိုလာတဲ့ အစ္စရေးတွေကို အဲဒီလိုပဲ လုပ်လေ့ရှိတယ်။
၁၅ ဒါ့အပြင် ပူဇော်သူက အဆီတွေ မီးမရှို့ရသေးခင်မှာ+ ပုရောဟိတ်ရဲ့ နောက်လိုက် ရောက်လာပြီး “ပုရောဟိတ်အတွက် အသားကင်ပေးချင်လို့ အသားစိမ်းတွေ ပေးစမ်း။ ပြုတ်ပြီးသား မလိုချင်ဘူး” ဆိုပြီး ပြောတတ်တယ်။
၁၆ ပူဇော်သူက “အဆီတွေကို အရင်ဆုံး မီးရှို့လိုက်ဦးမယ်။+ ပြီးမှ ခင်ဗျားတို့ စားချင်တဲ့အပိုင်းကို ယူသွားပါ” လို့ပြောတဲ့အခါ “မရဘူး။ အခုချက်ချင်းပေး။ မပေးရင် လုမှာပဲ” ဆိုပြီး ပြောတတ်တယ်။
၁၇ ဒါကြောင့် အဲဒီနောက်လိုက်တွေက ယေဟောဝါရှေ့မှာ အပြစ်ကြီးလွန်းတယ်။+ ယေဟောဝါဆီ ပူဇော်မယ့် အလှူတွေကို သူတို့ မလေးမစား လုပ်ကြတယ်။
၁၈ လူငယ်လေးဖြစ်တဲ့ ရှမွေလကတော့ ချည်သင်တိုင်းကို* ဝတ်ပြီး+ ယေဟောဝါရှေ့မှာ အမှုဆောင်နေတယ်။+
၁၉ သူ့မိခင်က နှစ်စဉ် ပူဇော်နေကျ ပူဇော်သက္ကာကို+ ဆက်သဖို့ ခင်ပွန်းနဲ့အတူလာတဲ့အခါ သူ့အတွက် လက်ပြတ်ဝတ်ရုံတစ်ထည် ချုပ်ပြီး ယူလာလေ့ရှိတယ်။
၂၀ ဧလိက “ဒီသားကို ယေဟောဝါဆီ ပေးအပ်လိုက်တဲ့အတွက် နောက်ထပ် ကလေးတစ်ယောက်ကို ယေဟောဝါ ပေးသနားပါစေ”+ ဆိုပြီး ဧလကာနတို့ဇနီးမောင်နှံကို ဆုမွန်ကောင်း တောင်းပေးတယ်။ သူတို့လည်း အိမ်ပြန်သွားကြတယ်။
၂၁ အဲဒီနောက် ယေဟောဝါက ဟန္နကို သတိရတဲ့အတွက် သူ့မှာ ကိုယ်ဝန်ရှိလာပြီး+ သားသုံးယောက်၊ သမီးနှစ်ယောက် မွေးတယ်။ လူငယ်လေး ရှမွေလလည်း ယေဟောဝါရှေ့မှာ ကြီးပြင်းလာတယ်။+
၂၂ ဧလိဟာ သိပ်ကိုအသက်ကြီးနေပြီ။ အစ္စရေးတွေအပေါ် သူ့သားတွေ ဘယ်လို ပြုမူတဲ့အကြောင်း၊+ တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာ အမှုဆောင်တဲ့ အမျိုးသမီးတွေနဲ့ အတူအိပ်တဲ့အကြောင်း+ အားလုံးကို သူကြားတယ်။
၂၃ ဧလိက “မင်းတို့ ဘာလို့ ဒီလိုလုပ်တာလဲ။ မင်းတို့နဲ့ပတ်သက်ပြီး လူတွေဆီကနေ ငါကြားရတဲ့သတင်းက မကောင်းဘူးနော်။
၂၄ ငါ့သားတို့၊ အဲဒီလို မလုပ်ကြပါနဲ့တော့။ ယေဟောဝါရဲ့ လူမျိုးအလယ်မှာ ပြန့်နေတဲ့ မင်းတို့ရဲ့သတင်းက လူကြားလို့ မကောင်းဘူး။
၂၅ လူလူချင်း ပြစ်မှားမိရင် ပြစ်မှားသူအတွက် ယေဟောဝါဘုရားဆီ အသနားခံပေးမယ့်သူ ရှိတယ်။* ယေဟောဝါဘုရားကို ပြစ်မှားမိရင်တော့+ ပြစ်မှားသူအတွက် ဘယ်သူ အသနားခံပေးမလဲ” ဆိုပြီး ပြောလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ နားမထောင်ကြဘူး။ ယေဟောဝါက သူတို့ကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ထားတယ်။+
၂၆ အဲဒီအတောအတွင်း လူငယ်ရှမွေလဟာ ကြီးပြင်းလာပြီး ယေဟောဝါရှေ့မှာရော လူတွေရှေ့မှာပါ မျက်နှာသာရသူ ဖြစ်လာတယ်။+
၂၇ ဘုရားသခင် စေလွှတ်လိုက်သူတစ်ယောက်က ဧလိဆီ ရောက်လာပြီး ပြောတယ်– “ယေဟောဝါဘုရား မိန့်မှာတာက ‘အီဂျစ်ပြည်၊ ဖာရောမင်းဆီမှာ မင်းဘိုးဘေးရဲ့ သားမြေးတွေ ကျွန်ခံနေတုန်း သူတို့ကို ငါထင်ရှားပြခဲ့တယ်။+
၂၈ မင်းရဲ့ဘိုးဘေးကို ငါ့ရဲ့ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့၊ ပူဇော်ရာပလ္လင်ပေါ်မှာ ပူဇော်သက္ကာဆက်သဖို့၊+ နံ့သာပေါင်းပူဇော်ဖို့၊* သင်တိုင်းဝတ်ဆင်ဖို့ အစ္စရေးအနွယ်အားလုံးထဲကနေ ရွေးချယ်ခဲ့တယ်။+ အစ္စရေးတွေ မီးရှို့ဆက်သတဲ့ အလှူတွေကိုလည်း သူ့သားမြေးကို ငါပေးခဲ့တယ်။+
၂၉ ငါနေထိုင်ရာအရပ်မှာ+ ဆက်သခိုင်းထားတဲ့ ပူဇော်သက္ကာတွေ၊ အလှူတွေကို ဘာကြောင့် မထီလေးစား လုပ်ကြတာလဲ။ မင်းတို့က ငါ့လူမျိုးအစ္စရေးတွေ ပူဇော်သမျှထဲက အကောင်းဆုံးအပိုင်းတွေကို စားပြီး ဆူဖြိုးနေတယ်။+ ဒီနည်းနဲ့ ဘာလို့ မင်းရဲ့သားတွေကို ငါ့ထက် ချီးမြှောက်နေရတာလဲ။
၃၀ “‘ဒါကြောင့် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက “မင်းရဲ့သားမြေး၊ မင်းဘိုးဘေးရဲ့သားမြေးက ငါ့ရှေ့မှာ အမြဲအမှုဆောင်ရမယ်* လို့ ငါပြောခဲ့ဖူးတယ်။”+ အခုတော့ ယေဟောဝါက “အဲဒီလို လုံးဝ မဖြစ်နိုင်တော့ဘူး။ ငါ့ကို ချီးမြှောက်သူတွေကို ငါချီးမြှောက်မယ်။+ ငါ့ကို မထီလေးစား လုပ်သူတွေကတော့ မထီလေးစား ဆက်ဆံခံရလိမ့်မယ်” လို့ပြောတယ်။
၃၁ မင်းရဲ့အစွမ်းခွန်အား၊ မင်းဘိုးဘေးရဲ့ သားမြေးမှာရှိတဲ့ အစွမ်းခွန်အားကို ငါဖယ်ရှားမယ့်နေ့ ရောက်လာမယ်။ ဒါကြောင့် မင်းရဲ့သားမြေးတွေထဲမှာ ယောက်ျားတစ်ယောက်မှ သက်တမ်းစေ့နေရမှာ မဟုတ်ဘူး။+
၃၂ ကောင်းမွန်တဲ့အရာတွေကို အစ္စရေးတွေ ခံစားနေရချိန်မှာ မင်းကတော့ ငါနေထိုင်ရာအရပ်မှာ ရန်သူကိုပဲ တွေ့ရလိမ့်မယ်။+ မင်းရဲ့သားမြေးတွေထဲမှာ သက်တမ်းစေ့နေရတဲ့ ယောက်ျားတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။
၃၃ မင်းရဲ့ သားမြေးတစ်ယောက်ကိုတော့ ငါ့ပူဇော်ရာပလ္လင်မှာ အမှုဆောင်ဖို့ ငါချန်ထားမယ်။ သူ့ကြောင့် မင်း ဝမ်းနည်းပူဆွေးပြီး မျက်လုံး ကွယ်သွားမယ်။ မင်းရဲ့ သားမြေးအများစုကတော့ ဓားဘေးနဲ့ သေရမယ်။+
၃၄ မင်းရဲ့သားနှစ်ယောက် ဟောဖနိနဲ့ ဖိနဟတ်က တစ်ရက်တည်းမှာ သေရမယ်။ ဒါဟာ မင်းကိုပေးတဲ့ နိမိတ်ပဲ။+
၃၅ အဲဒီနောက် သစ္စာရှိတဲ့ ပုရောဟိတ်တစ်ယောက်ကို ငါ့အတွက် ပေါ်ထွန်းစေမယ်။+ ငါ့စိတ်ဆန္ဒအတိုင်း သူလုပ်ဆောင်မယ်။ သူ့မျိုးဆက်ကို ငါတည်မြဲစေမယ်။ ငါဘိသိက်ပေးထားသူအတွက် သူအမှုဆောင်လိမ့်မယ်။
၃၆ မင်းရဲ့အမျိုးထဲမှာ အသက်ရှင်ကျန်ရစ်သူဟာ လုပ်အားခနဲ့ မုန့်တစ်လုံးရဖို့ ငါ့ပုရောဟိတ်ဆီ လာဦးညွှတ်ပြီး “စားစရာလေး ရနိုင်ဖို့ ကျွန်တော့်ကို ပုရောဟိတ်တာဝန် ခန့်ပေးပါခင်ဗျာ”+ ဆိုပြီး တောင်းပန်ရလိမ့်မယ်။’”
အောက်ခြေမှတ်ချက်များ
^ “အမှိုက်ပုံထဲကနေ” လည်းဖြစ်နိုင်။
^ “ယေဟောဝါနဲ့ ဖက်ပြိုင်သူတွေ ထိတ်လန့်ကြလိမ့်မယ်” လည်းဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “အစွမ်းခွန်အားကို။”
^ “ဘုရားသခင် ကြားဝင်စေ့စပ်ပေးမယ်” လည်းဖြစ်နိုင်။
^ “နံ့သာငွေ့ တလူလူတက်စေဖို့” လည်းဖြစ်နိုင်။
^ မူရင်း၊ “လျှောက်လှမ်းရမယ်။”