၁ ရှမွေလ ၃:၁-၂၁

  • ရှ​မွေ​လ ပရော​ဖက်​ဖြစ်​လာ (၁-၂၁)

 အဲဒီ​အတော​အတွင်း လူငယ်​လေး ရှ​မွေ​လ​ဟာ ဧ​လိ​လက်​အောက်​မှာ ယေဟောဝါ​အတွက် အမှု​ဆောင်​နေ​တယ်။+ အဲဒီ​အချိန်​တုန်း​က ယေဟော​ဝါ​ဆီ​က စကား​တော်​ကို မကြား​ရ​သ​လောက်​ပဲ။ စိတ်​အာ​ရုံ မြင်​ရ​တာ​တွေ​လည်း+ သိပ်​မရှိ​ဘူး။ ၂  ဧ​လိ​ဟာ မျက်​စိ​မှုန်​ပြီး ကောင်း​ကောင်း မမြင်​ရ​တော့​ဘူး။+ တစ်​နေ့၊ အခန်း​ထဲ​မှာ​  သူ​အိပ်​နေ​တယ်။ ၃  ဘုရား​သခင်​ရဲ့ မီး​ခွက်​တွေ+ မငြိမ်း​သေး​ဘူး။ ရှ​မွေ​လ​က​တော့ သေတ္တာ​တော်​ရှိ​ရာ ယေဟောဝါ​ရဲ့ ဗိမာန်​တော်​မှာ*+ အိပ်​နေ​တယ်။ ၄  အဲဒီ​အခါ ယေဟောဝါ​က ရှ​မွေ​လ​ကို ခေါ်​တော့ “ကျွန်​တော် ရှိ​ပါ​တယ်” လို့ ပြန်​ထူး​တယ်။ ၅  ပြီး​တော့ ဧ​လိ​ဆီ ပြေး​သွား​ပြီး “ကျွန်​တော့်​နာ​မည် ခေါ်​သံ​ကြား​လို့ လာ​တာ​ပါ” ဆို​ပြီး ပြော​တယ်။ ဒါ​ပေမဲ့ ဧ​လိ​က “ငါ​မခေါ်​ပါ​ဘူး။ ပြန်​သွား​အိပ်​ချေ” လို့​ပြော​တာ​နဲ့ သူ​လည်း ပြန်​သွား​အိပ်​တယ်။ ၆  ယေဟောဝါ​က “ရှ​မွေ​လ” လို့ ထပ်​ခေါ်​တယ်။ ရှ​မွေ​လ​လည်း ထ​သွား​ပြီး “ကျွန်​တော့်​နာ​မည် ခေါ်​သံ​ကြား​လို့ လာ​တာ​ပါ” ဆို​တော့ ဧ​လိ​က “ငါ​မခေါ်​ပါ​ဘူး၊ သား​ရယ်။ ပြန်​သွား​အိပ်​ပါ” ဆို​ပြီး​ပြော​တယ်။ ၇  (ရှ​မွေ​လ​က ယေဟောဝါ​ကို ကောင်း​ကောင်း မသိ​ကျွမ်း​သေး​ဘူး။ ယေဟောဝါ​ဆီ​က​ သတင်း​စကား​တွေ​လည်း မရ​သေး​ဘူး။)+ ၈  ယေဟောဝါ​က “ရှ​မွေ​လ” လို့ တ​တိ​ယ​အကြိမ် ခေါ်​ပြန်​တယ်။ သူ​က ဧ​လိ​ဆီ ထ​သွား​ပြီး “ကျွန်​တော့်​နာ​မည် ခေါ်​သံ ကြား​လို့ လာ​တာ​ပါ” ဆို​ပြီး​ပြော​တယ်။ ဒါ​နဲ့ ဒီ​လူငယ်​လေး​ကို ခေါ်​နေ​တာ ယေဟောဝါ​ပဲ​ဆို​တာ ဧ​လိ ရိပ်​မိ​သွား​တဲ့​အတွက်၊ ၉  “ပြန်​သွား​အိပ်​ပါ။ နောက်​တစ်​ခါ ထပ်​ခေါ်​ရင် ‘ယေဟောဝါ​ဘုရား၊ ကျွန်​တော် နား​ထောင်​နေ​ပါ​တယ်’ လို့​ပြော​နော်” ဆို​ပြီး မှာ​တယ်။ ရှ​မွေ​လ​လည်း ပြန်​သွား​အိပ်​တယ်။ ၁၀  ယေဟောဝါ​က အရင်​လို​ပဲ “ရှမွေ​လ၊ ရှ​မွေ​လ” လို့​ခေါ်​ပြန်​တယ်။​ ရှမွေလ​က “ကျွန်​တော် နား​ထောင်​နေ​ပါ​တယ်” လို့​ဖြေတယ်။ ၁၁  ဒါ​နဲ့ ယေဟောဝါ​က “ကြား​သူ​တိုင်း​ကို တုန်​လှုပ်​ချောက်​ချား​စေ​မယ့်* အရာ​ကို အစ္စရေး​လူမျိုး​မှာ ငါ​လုပ်​တော့​မယ်။+ ၁၂  အဲဒီ​နေ့​ကျ​ရင် ဧ​လိ​ရဲ့​အိမ်​သား​တွေ​နဲ့ ပတ်​သက်​ပြီး ငါ​ပြော​ခဲ့​သမျှ အစ​အဆုံး ငါ​လုပ်​မယ်။+ ၁၃  ဧ​လိ​က သူ့​သား​တွေ ဘုရား​သခင်​ကို ပြစ်​မှား​ပြော​ဆို​နေ​မှန်း+ သိ​ပေမဲ့+ ပြင်း​ပြင်း​ထန်​ထန် မဆုံးမ​ဘူး။+ အဲဒီ​အပြစ်​အတွက် သူ့​အိမ်​သား​တွေ​ကို ငါ​ထာ​ဝ​စဉ် ပြစ်​ဒဏ်​စီ​ရင်မယ်ဆို​ပြီး သူ့​ကို ပြော​ပြလိုက်​ပါ။ ၁၄  ဒါ​ကြောင့် ပူ​ဇော်​သက္ကာတွေ၊ အလှူ​တွေ ဘယ်​လောက်​ပဲ​ပေး​ပေး ဧလိ​အိမ်​သား​တွေ​ရဲ့​အပြစ် ပြေမှာ မဟုတ်​ဘူး​ဆို​ပြီး ငါ​ကျိန်​ဆို​ခဲ့​တာ”+ လို့ ရှ​မွေ​လ​ကို​ပြော​တယ်။ ၁၅  ရှ​မွေ​လ​လည်း မနက်​အထိ​ ဆက်​အိပ်​ပြီး​နောက် ယေဟောဝါ​ရဲ့ အိမ်​တော် တံခါး​တွေ​ကို ဖွင့်​တယ်။ သူ​မြင်​ရ​တဲ့ စိတ်​အာ​ရုံ​အကြောင်း ဧ​လိ​ကို မပြော​ပြရဲ​ဘူး။ ၁၆  ဧ​လိ​က “ငါ့​သား၊ ရှ​မွေ​လ” လို့​ခေါ်​တော့ ရှ​မွေ​လ​က “ကျွန်​တော် ရှိ​ပါ​တယ်” လို့​ ပြန်​ထူး​တယ်။ ၁၇  ဒါ​နဲ့ ဧ​လိ​က “သား​ကို ဘုရား​သ​ခင် ဘာ​တွေ​ပြော​ခဲ့​သလဲ။ တစ်​ခွန်း​မကျန် ပြန်​ပြော​ပြပါ။ တစ်​ခွန်း​လောက် ထိမ်​ချန်​ထား​မယ်​ဆို​ရင် သား​ကို ဘုရား​သခင် ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ” ဆို​ပြီး​ပြော​တယ်။ ၁၈  ရှ​မွေ​လ​လည်း မထိမ်​ချန်​ဘဲ တစ်​ခွန်း​မကျန် ပြော​ပြလိုက်​တော့ ဧ​လိ​က “ဒါ​ဟာ ယေဟောဝါ​ဘုရား ပြော​တာ​ပဲ။ ဘုရား ကောင်း​မယ်​ထင်​သလို​သာ လုပ်​ပါ​စေ” လို့​ပြန်​ပြော​တယ်။ ၁၉  ဒီ​လို​နဲ့ ရှ​မွေ​လ​လည်း ကြီး​ပြင်း​လာ​တယ်။ ယေဟောဝါ​က သူ​နဲ့​အတူ ရှိပြီး+ သူ​ပြော​သမျှ တစ်​ခွန်း​မကျန် ပြည့်​စုံ​စေ​တယ်။ ၂၀  သူ​ဟာ ယေဟောဝါ​ရဲ့ ပရော​ဖက်​အဖြစ် ခန့်​အပ်​ခံ​ရ​မှန်း ဒန်​မြို့​က​နေ ဗေ​ရ​ရှေ​ဘ​မြို့​အထိ အစ္စရေးအားလုံး  သိ​လာ​ကြ​တယ်။ ၂၁  ရှိ​လော​မြို့​ဟာ ရှ​မွေ​လ​ဆီ ယေဟောဝါ အမြဲထင်​ရှား​ပြတဲ့​ နေ​ရာ​ပဲ။ ရှိလော​မြို့​မှာ ရှ​မွေ​လ​ဆီ ယေဟောဝါ ရောက်​လာ​တတ်​တယ်။ ယေဟောဝါ​က စကား​တော်​က​တစ်ဆင့် မိမိ​အကြောင်း​ကို အသိ​ပေး​တတ်​တယ်။+

အောက်ခြေမှတ်ချက်များ

တဲ​တော်​မှာ။
မူ​ရင်း၊ “နား​တုန်​ခါ​သွား​စေ​မယ့်။”