၁ ရှမွေလ ၃၀:၁-၃၁

  • အာ​မလက်​လူ​တွေ ဇိ​က​လတ်​မြို့​ကို ဝင်​စီး၊ မီးရှို့ (၁-၆)

    • ဒါဝိဒ် ဘု​ရား​ဆီ​က ခွန်​အား​ရ ()

  • အာ​မလက်​လူ​တွေ​ကို ဒါဝိဒ်​အနိုင်​ရ (၇-၃၁)

    • သိမ်း​သွား​ခံ​ရ​သူ​တွေ​ကို ဒါဝိဒ်​ပြန်​ခေါ်​လာ (၁၈၊ ၁၉)

    • တိုက်​ရာ​ပါ​ဥစ္စာ​နဲ့​ပတ်​သက်​တဲ့ ဒါဝိဒ်ရဲ့ စည်းမျဉ်း (၂၃၊ ၂၄)

၃၀  သုံး​ရက်​ကြာ​တော့ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ ဇိ​က​လတ်​မြို့​ကို+ ပြန်​ရောက်​လာ​တယ်။ အာ​မလက်​လူ​တွေ​က+ တောင်​ဘက်​နယ်​မြေနဲ့ ဇိ​က​လတ်​မြို့ကို ဝင်​တိုက်​ပြီး မြို့​ကို မီး​ရှို့​ခဲ့​တယ်။ ၂  မြို့​ထဲ​မှာ​ရှိ​တဲ့ မိန်း​မတွေ၊+ က​လေး​လူ​ကြီး​တွေ​ပါ​မကျန် အားလုံး​ကို မသတ်​ဘဲ ဖမ်း​ခေါ်​သွား​တယ်။ ၃  ဒါဝိဒ်​နဲ့ သူ့​လူ​တွေ ရောက်​လာ​တော့ မြို့​ဟာ မီး​လောင်​ကျွမ်း​နေ​ပြီး သား​မယား​တွေ​ကို​လည်း ဖမ်း​ခေါ်​သွား​တယ်​ဆို​တာ သိ​လိုက်​ရ​တယ်။ ၄  ဒါ​ကြောင့် ဒါဝိဒ်​နဲ့ သူ့​လူ​တွေ အား​ကုန်​တဲ့​အထိ အကြီး​အကျယ် ငို​ကြွေး​ကြ​တယ်။ ၅  ဒါဝိဒ်​ရဲ့ ဇနီး​နှစ်​ယောက်​ဖြစ်​တဲ့ ယေဇရေလ​မြို့​သူ အဟိ​နောင်​နဲ့ က​ရ​မေလ​မြို့​သား နာဗလ​ရဲ့​ဇနီး​ဖြစ်​ဖူး​တဲ့ အဘိ​ဂဲလ​ကို​လည်း ဖမ်း​သွား​တယ်။+ ၆  လူ​တွေ​က သား​သမီး​တွေ ဆုံး​ရှုံး​ရ​တဲ့​အတွက် စိတ်​ဆိုး​မာန်​ဆိုး​ဖြစ်​ပြီး ဒါဝိဒ်​ကို ကျောက်​ခဲ​နဲ့​ပေါက်​ဖို့ လုပ်​နေ​လို့ ဒါဝိဒ်​ခ​မျာ အကြီး​အကျယ် စိတ်​ဒုက္ခ​ ရောက်​နေ​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ဘုရား​ရဲ့ အကူ​အညီ​နဲ့ အား​တင်း​ထား​တယ်။+ ၇  ဒါဝိဒ်​က  အဟိ​မလက်​ရဲ့​သား ပုရော​ဟိတ်​အဗျာ​သာ​ကို+ “သင်​တိုင်း ယူ​လာခဲ့​ပါ​ဦး”+ လို့​ပြော​တော့ အဗျာ​သာလည်း သင်​တိုင်း​ကို ယူ​လာ​တယ်။ ၈  ဒါဝိဒ်​က “ဒီ​ဓား​ပြတွေ​နောက်​ကို လိုက်​ရ​မလား၊ လိုက်​ရင် မီ​ပါ့​မလား” ဆို​ပြီး ယေဟောဝါ​ကို မေး​တဲ့​အခါ+ “လိုက်​ပါ။ ကျိန်း​သေ မီ​လိမ့်​မယ်။ လူ​တွေ​ကို​ရော ပစ္စည်းတွေ​ကို​ပါ ပြန်​ရ​လိမ့်​မယ်” လို့​ဖြေတယ်။+ ၉  ဒါဝိဒ်​လည်း သူ့​လူ ၆၀၀ ကို​ခေါ်​ပြီး ချက်​ချင်း လိုက်​သွား​တယ်။+ ဗေ​သော်​သဲ​ချောင်း​ကို ရောက်​တဲ့​အခါ အဲဒီ​မှာ တ​ချို့ နေ​ရစ်​ခဲ့​တဲ့​အတွက်၊ ၁၀  လူ ၄၀၀ နဲ့​အတူ ဆက်​လိုက်​သွား​တယ်။ လူ ၂၀၀ က​တော့ ပင်​ပန်း​လွန်း​လို့ ဗေ​သော်​သဲ​ချောင်း​ကို မဖြတ်​ကူး​နိုင်​တော့​ဘဲ နေ​ရစ်​ခဲ့​ကြ​တယ်။+ ၁၁  တော​ထဲ​မှာ အီဂျစ်​လူ​တစ်​ယောက်​ကို သူတို့​တွေ့​တဲ့​အခါ ဒါဝိဒ်​ဆီ ခေါ်​လာ​တယ်။ သူ့​ကို စား​စ​ရာ၊ သောက်​စ​ရာတွေ ပေး​တယ်။ ၁၂  သဖန်း​သီး​ပျဉ် တစ်​ချပ်၊ စ​ပျစ်​သီး​ပျဉ် နှစ်​ချပ်​ကို​လည်း ပေး​တယ်။ သုံး​ရက်၊ သုံး​ည​လုံးလုံး မစား​ မသောက်​ခဲ့​ရ​တဲ့ အဲဒီ​လူဟာ အဲ​ဒါ​တွေ​ကို စား​ပြီး​နောက် အားအင်​ပြည့်​လာ​တယ်။ ၁၃  ဒါဝိဒ်​က သူ့​ကို “မင်း​က ဘယ်​သူ့​လူ​လဲ။ ဘယ်​က လာ​သလဲ” လို့​မေး​တော့ “ကျွန်​တော်​ဟာ အီဂျစ်​လူ​ပါ။  အာ​မလက်​လူ​တစ်​ယောက်​ရဲ့ ကျွန်​ပါ။ လွန်​ခဲ့​တဲ့​သုံး​ရက်​က ဖျား​နာ​နေ​လို့ သခင်​က ကျွန်​တော့်​ကို ပစ်​ထား​ခဲ့​ပါ​တယ်။ ၁၄  ခေ​ရ​သိ​လူမျိုး​ရဲ့+ နယ်​မြေတောင်​ပိုင်း၊ ယုဒ​နယ်​မြေနဲ့ ကာလက်​ရဲ့ နယ်​မြေတောင်​ပိုင်း​ကို+ ကျွန်​တော်​တို့ ဝင်​တိုက်​ပြီး ဇိ​က​လတ်​မြို့​ကို မီး​ရှို့​ခဲ့​တယ်” လို့​ဖြေတယ်။ ၁၅  ဒါ​နဲ့ ဒါဝိဒ်​က “အဲဒီ​ဓား​ပြတွေ​ဆီ လမ်း​ပြပေး​နိုင်​မလား” လို့​မေး​တဲ့​အခါ သူ​က “ကျွန်​တော့်​ကို မသတ်​ဘူး၊ သခင့်​လက်​ထဲ ပြန်​မအပ်​ပါ​ဘူး​လို့ ဘုရား​သခင်​ကို တိုင်​တည်​ပြီး သစ္စာ​ဆို​ရင်​တော့ လမ်း​ပြပေး​ပါ့​မယ်” လို့​ဖြေတယ်။ ၁၆  အဲဒီ​လူ လမ်း​ပြပေး​လို့ ဒါဝိဒ်​တို့ ရောက်​သွား​ချိန်​မှာ ဓား​ပြတွေ​က ဖိ​လိ​တိ​ပြည်​နဲ့ ယုဒ​နယ်​မြေက​နေ တိုက်​ရာ​ပါ​ဥစ္စာ အများ​ကြီး သိမ်း​ယူ​လာ​တဲ့​အ​တွက် နေ​ရာ​အနှံ့​မှာ စား​သောက်​ပြီး ပွဲ​ခံ​နေ​ကြ​တယ်။ ၁၇  ဒါဝိဒ်​လည်း မိုး​သောက်​ယံ​အချိန်​က​နေ ည​နေ​ပိုင်း​အထိ တိုက်​ခိုက်​ပြီး သတ်​ပစ်​လိုက်​တာ ကု​လား​အုတ်​နဲ့​ထွက်​ပြေး​တဲ့ လူ ၄၀၀ က​လွဲ​လို့ တစ်​ယောက်​မှ မကျန်​ဘူး။+ ၁၈  အာ​မလက်​လူ​တွေ သိမ်း​သွား​သမျှ​ကို ပြန်​ရ​တယ်။+ သူ့​ဇနီး​နှစ်​ယောက်​ကို​လည်း ကယ်​နိုင်​ခဲ့​တယ်။ ၁၉  ဘာ​မှ အ​ပျောက်​အရှ မရှိ​ဘူး။ သား​သမီး၊ သိမ်း​ယူ​သွား​တဲ့​ပစ္စည်း အကြီး​အငယ်​တစ်​ခု​မ​ကျန် ပြန်​ရ​တယ်။+ ၂၀  အာ​မလက်​လူ​တွေ​ရဲ့ သိုး​နွား​တွေ​ကို​တောင် သိမ်း​ယူ​ခဲ့​တယ်။ သူ့​လူ​တွေ​က အဲဒီ​သိုး​နွား​တွေ​ကို ကိုယ့်​တိရစ္ဆာန်​အုပ်​ရှေ့​က​နေ မောင်း​သွား​ပြီး “ဒါ​တွေ​ဟာ ဒါဝိဒ်​ရဲ့ တိုက်​ရာ​ပါ​ဥစ္စာတွေ​ပဲ” လို့​ပြော​ကြ​တယ်။ ၂၁  အဲဒီ​နောက် ပင်​ပန်း​လွန်း​လို့ ဆက်​မလိုက်​နိုင်​ဘဲ ဗေ​သော်​သဲ​ချောင်း​နား​မှာ နေ​ရစ်​ခဲ့​တဲ့ လူ ၂၀၀ ဆီ ဒါဝိဒ်​ပြန်​ရောက်​လာ​တယ်။+ သူတို့​လည်း ဒါဝိဒ်​တို့​ကို ကြို​ဆို​ဖို့ ထွက်​လာ​တယ်။ သူတို့​အနား ရောက်​လာ​တော့ ဒါဝိဒ်​က အ​ခြေ​အနေ ဘယ်​လို​လဲ​ဆို​ပြီး မေး​မြန်း​တယ်။ ၂၂  ဒါဝိဒ်​နဲ့​အတူ လိုက်​သွား​တဲ့​သူ​တွေ​ထဲ​က စိတ်​ထား​သေး​သိမ်​သူ​တွေ၊ ယုတ်​ညံ့​သူ​တွေ​က​တော့ “သူတို့​က ငါ​တို့​နဲ့​မှ မလိုက်​တာ။ တိုက်​ရာ​ပါ​ဥစ္စာတစ်​ခုမှ မပေး​နိုင်​ဘူး။ ကိုယ့်​သား​မယား​တွေ​ကို​ပဲ ခေါ်​ပြီး​ထွက်​သွား​ပါ​စေ” လို့​ပြော​ကြ​တယ်။ ၂၃  အဲဒီ​အခါ ဒါဝိဒ်​က “ညီ​အစ်​ကို​တို့၊ ယေဟောဝါ​ဘုရား​ပေး​တဲ့ ပစ္စည်း​ဥစ္စာတွေ​ကို ဒီ​လို​မလုပ်​ပါ​နဲ့။ ဘုရား​သခင်​က ကျွန်​တော်​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​ပြီး ဓား​ပြအုပ်​စု​ကို ကျွန်​တော်​တို့​လက်​ထဲ အပ်​ပြီပဲ။+ ၂၄  ခင်​ဗျား​တို့ ဒီ​လို​ပြော​နေ​တာ​ကို ဘယ်​သူ​မှ​လက်ခံ​မှာ မဟုတ်​ဘူး။ ပစ္စည်း​စောင့်​ဖို့ နေ​ရစ်​သူ​တွေ​ရော+ စစ်​တိုက်​သွား​သူ​တွေ​ပါ ညီ​တူ​ညီ​မျှ ဝေ​စု​ခွဲ​ယူ​ရ​မယ်”+ လို့​သတ်​မှတ်​ပေး​လိုက်​တယ်။ ၂၅  သူ သတ်​မှတ်​လိုက်​တဲ့ အဲဒီ​စည်း​မျဉ်း​ကို အစ္စရေး​ပြည်​မှာ အခု​ချိန်​ထိ လိုက်​နာ​နေ​တုန်း​ပဲ။ ၂၆  ဒါဝိဒ်​က ဇိ​က​လတ်​မြို့​ကို ပြန်​ရောက်​တဲ့​အခါ “ယေဟောဝါ​ဘုရား​ရဲ့ ရန်​သူ​တွေ​ဆီ​က​ရ​ခဲ့​တဲ့ တိုက်​ရာ​ပါ​ဥစ္စာ​တ​ချို့​ကို လက်​ဆောင်​ပို့​လိုက်​တယ်” ဆို​ပြီး ယုဒ​နယ်​မြေမှာ​ရှိ​တဲ့ သူ့​မိတ်ဆွေ အကြီး​အကဲ​တွေ​ဆီ တိုက်​ရာပါ ဥစ္စာ​တချို့ ပို့​ပေး​လိုက်​တယ်။ ၂၇  ဗေသလ​မြို့၊+ နေ​ဂပ်​အရပ်​က ရာမုတ်​မြို့၊ ယ​တိ​ရ​မြို့၊+ ၂၈  အာ​ရော်​မြို့၊ ရှိ​ဖမုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊+ ၂၉  ရာ​ခ​လ​မြို့၊ ယေ​ရ​မေလ​အမျိုး​သား​တွေ​ပိုင်​တဲ့ မြို့​တွေ၊+ ကေ​နိတ်​အမျိုး​သား​တွေ​ပိုင်​တဲ့ မြို့​တွေ၊+ ၃၀  ဟော​မာ​မြို့၊+ ဗော​ရာ​ရှန်​အရပ်၊ အာ​သက်​မြို့​နဲ့ ၃၁  ဟေ​ဗြုန်​မြို့​တွေ​မှာ​ရှိ​တဲ့+ လူ​တွေ၊ သူ့​လူ​တွေ​နဲ့​အတူ ဝင်​ထွက်​သွား​လာ​လေ့​ရှိ​တဲ့ မြို့​ရွာ​တွေ​ဆီ လက်​ဆောင် ပို့​ပေး​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ