၁ ရှမွေလ ၂၀:၁-၄၂

  • ဒါဝိဒ်​ကို ယောန​သန် သစ္စာ​ရှိ (၁-၄၂)

၂၀  ဒါဝိဒ်​ဟာ ရာ​မမြို့၊ နာ​ယုတ်​ရွာ​က​နေ ထွက်​ပြေး​သွား​တယ်။ ယောန​သန်​ဆီ ရောက်​လာ​ပြီး “ကျွန်​တော် ဘာ​လုပ်​မိ​လို့​လဲ။+ ဘာ​ပြစ်​မှု ကျူး​လွန်​မိ​လို့​လဲ။ ကျွန်​တော် ဘာ​များ​ပြစ်​မှား​မိ​လို့ အစ်​ကို့​ခမည်း​တော်​က ကျွန်​တော့်​ကို သတ်​ချင်​ရ​တာ​လဲ” လို့​မေး​တယ်။ ၂  ယောန​သန်​က “ငါ့​ညီ​ရာ၊ မဖြစ်​နိုင်​တာ။+ မင်း ဘာ​လို့​သေရ​မှာ​လဲ။ ခမည်း​တော်​က ကိစ္စ​ကြီး​ငယ်​မှန်​သမျှ ငါ့​ကို အသိ​မပေး​ဘဲ မလုပ်​ဘူး။ ဒီ​ကိစ္စ​ကျ​မှ ဘာ​ဖြစ်​လို့ ဖုံး​ကွယ်​ထား​မှာ​လဲ။ ဒီ​လို​ဖြစ်​စ​ရာ​အကြောင်း မရှိ​ပါ​ဘူး” လို့​ဖြေတယ်။ ၃  ဒါ​ပေမဲ့ ဒါဝိဒ်​က “အစ်​ကို့​ရှေ့​မှာ ကျွန်​တော် မျက်​နှာ​သာ​ရ​မှန်း အစ်​ကို့​ခမည်း​တော် သိ​ထား​တော့+ ‘ဒီ​ကိစ္စ​ကို ယောန​သန်​မသိ​စေ​နဲ့၊ သိ​သွား​ရင် စိတ်​ဆိုး​လိမ့်​မယ်’ ဆို​ပြီး မှာ​ထား​တာ​နေ​မှာ​ပေါ့။ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး၊ အသက်​ရှင်​နေ​တဲ့ အစ်​ကို့​ကို တိုင်​တည်​ပြီး ပြော​ဝံ့​ပါ​တယ်။ ကျွန်​တော်​နဲ့ သေဘေး ခြေ​တစ်​လှမ်း​ပဲ ခြား​ပါ​တော့​တယ်”+ လို့​ထပ်​ပြော​တယ်။ ၄  ယောန​သန်​က​လည်း “ကောင်း​ပြီလေ။ မင်း​ပြော​တဲ့​အတိုင်း ငါ​လုပ်​ပေး​ပါ့မယ်” လို့​ပြော​တယ်။ ၅  ဒါဝိဒ်​က “မနက်​ဖြန် လ​ဆန်း​နေ့​ဆို​တော့+ ကျွန်​တော် မင်း​ကြီး​နဲ့​အတူ ထိုင်​ပြီး စား​သောက်​ရ​မှာ။ ဒါ​ပေမဲ့ သန်​ဘက်​ခါ​ည​နေ​အထိ တော​ထဲ​မှာ ပုန်း​နေ​ပါ​ရ​စေ။ အစ်​ကို ခွင့်​ပြု​ပေး​ပါ။ ၆  ကျွန်​တော့်​ကို မတွေ့​လို့ မင်း​ကြီး​မေး​ခဲ့​ရင် ‘ဒါဝိဒ်​က သူ့​ဇာတိ ဘက်​သလီ​ဟင်​မြို့​မှာ+ နှစ်​စဉ်​ပူ​ဇော်​ပွဲ​ရှိ​တဲ့​အတွက် မိသား​စု​နဲ့​အတူ စု​ဆုံ​ချင်​လို့+ ခ​ဏ​ပြန်​ပါ​ရ​စေ​ဆို​ပြီး ခွင့်​တောင်း​တာ​နဲ့ ကျွန်​တော် ခွင့်​ပေး​လိုက်​တယ်’ ဆို​ပြီး​ပြော​ပေး​ပါ။ ၇  မင်း​ကြီး​က ‘ကောင်း​ပါ​တယ်’ လို့​ပြော​ခဲ့​ရင် ကျွန်​တော် စိတ်​အေး​လက်​အေး နေ​လို့​ရ​ပြီဆို​တဲ့ သဘော​ပဲ။ မင်း​ကြီး စိတ်​ဆိုး​ခဲ့​ရင်​တော့ ကျွန်​တော့်​ကို ရန်​ရှာ​ဖို့ ဆုံး​ဖြတ်​ထား​တာ သေချာ​ပြီ။ ၈  အစ်​ကို​နဲ့ ကျွန်​တော်​က ယေဟောဝါ​ဘုရား​ရှေ့​မှာ ကတိ​သစ္စာ​ပြု​ထား​တဲ့​အတွက်+ ကျွန်​တော့်​ကို ခိုင်​မြဲတဲ့​မေတ္တာ​ပြပါ။+ ကျွန်​တော့်​မှာ အပြစ်​ရှိ​တယ်​ ဆို​ရင်​လည်း+ အစ်​ကို့​ခမည်း​တော်​လက်​ထဲ အပ်​မနေ​ပါ​နဲ့။ အစ်​ကို့​လက်​နဲ့​သာ သတ်​လိုက်​ပါ​တော့” လို့​ပြော​တယ်။ ၉  အဲဒီ​အခါ ယောန​သန်​က “ငါ့​ညီ​ရာ။ ငါ​အဲဒီ​လို လုပ်​ပါ့​မလား။ ခမည်း​တော်​က မင်း​ကို​ရန်​ရှာ​ဖို့ ဆုံး​ဖြတ်​ထား​မှန်း ငါ​သိ​ရင် မင်း​ကို​ပြော​မှာ​ပေါ့။ စိတ်​ချ​စမ်း​ပါ”+ လို့​ဖြေတယ်။ ၁၀  ဒါဝိဒ်​က​လည်း “မင်း​ကြီး​က အစ်​ကို့​ကို စိတ်​ဆိုး​ဆိုး​နဲ့ ပြန်​ဖြေ၊ မဖြေဆို​တာ ကျွန်​တော့်​ကို ဘယ်​သူ​လာ​အသိ​ပေး​မှာ​လဲ” လို့​မေး​တယ်။ ၁၁  ယောန​သန်​က “လာ၊ ငါ​တို့ တော​ထဲ​သွား​ရ​အောင်” လို့​ပြော​ပြီး နှစ်​ယောက်​သား တော​ထဲ ထွက်​သွား​ကြ​တယ်။ ၁၂  အဲဒီ​နောက် ယောန​သန်​က “အစ္စရေး​တို့​ရဲ့ ဘုရား​သခင် ယေဟောဝါ​ကို သက်​သေထား​ပြီး ငါ​ပြော​မယ်။ မနက်​ဖြန် ဒါ​မှ​မဟုတ် သန်​ဘက်​ခါ ဒီ​လို​အချိန်​မှာ ခမည်း​တော်​ကို ငါ​တီး​ခေါက်​ကြည့်​မယ်။ ခမည်း​တော်​က မင်း​ကို အကောင်း​မြင်​တယ်​ဆို​ရင် မင်း​ဆီ လူ​လွှတ်​ပြီး အသိ​ပေး​မှာ​ပါ။ ၁၃  ခမည်း​တော်​က မင်း​ကို ရန်​ရှာ​ဖို့ ကြံ​စည်​ထား​မှန်း ငါ​သိ​လျက်​နဲ့ အသိ​မပေး​လို့ မင်း ဘေး​ကင်း​ကင်း​နဲ့ မထွက်​သွား​နိုင်​ဘူး​ဆို​ရင် ယေဟောဝါ​ဘုရား​က ယောန​သန်​ကို ပြစ်​ဒဏ်​တစ်​ခု​ပြီး​တစ်​ခု ပေး​ပါ​စေ။ ယေဟောဝါ​ဘုရား​က ခမည်း​တော်​နဲ့​အတူ ရှိ​ခဲ့​သလို+ မင်း​နဲ့​လည်း အတူ​ရှိ​ပါ​စေ။+ ၁၄  မင်း​က ငါ​အသက်​ရှင်​နေ​တုန်း​မှာ​ရော၊ သေသွား​တဲ့​အခါ​မှာ​ရော ယေဟောဝါ​ဘုရား​မှာ​ရှိ​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​မျိုး ငါ့​ကို​ပြပါ။+ ၁၅  ယေဟောဝါ​ဘုရား​က မင်း​ရဲ့ ရန်​သူ​အား​လုံး​ကို မြေပြင်​ပေါ်​က​နေ ဖယ်​ရှား​ချိန်​ရောက်​ရင်​တောင် ငါ့​အိမ်​သား​တွေ​အပေါ် ခိုင်မြဲ​တဲ့​မေတ္တာ ဆက်​ပြပါ”+ လို့​ပြော​တယ်။ ၁၆  အဲဒီ​နောက် ယောန​သန်​က “ဒါဝိဒ်​ရဲ့​ရန်​သူ​တွေ​ကို ယေဟောဝါ​ဘုရား ပြစ်​ဒဏ်​ပေး​ပါ​စေ” ဆို​ပြီး ဒါဝိဒ်​ရဲ့​အမျိုး​နဲ့​ပါ ကတိ​သစ္စာ​ပြု​လိုက်​တယ်။ ၁၇  ယောန​သန်​က ဒါဝိဒ်​ကို ကိုယ်​နဲ့​ထပ်​တူ ချစ်​တဲ့​အတွက်+ ဒါဝိဒ်​ကို ချစ်​တဲ့​စိတ်​နဲ့ ထပ်​ပြီး​ကျိန်​ဆို​တယ်။ ၁၈  အဲဒီ​နောက် ယောန​သန်​က “မနက်​ဖြန် လ​ဆန်း​နေ့​ပဲ။+ မင်း​ရဲ့​ထိုင်​ခုံ လွတ်​နေ​မှာ​ဆို​တော့ မင်း​မရှိ​မှန်း သိ​သာ​လိမ့်​မယ်။ ၁၉  သန်​ဘက်​ခါ​ကျ​ရင် မင်း​မရှိ​မှန်း ပို​ပြီး​သိ​သာ​မှာ​ပဲ။ ဒါ​ကြောင့် ဟို​တစ်​နေ့​က မင်း​ပုန်း​ခဲ့​တဲ့​နေ​ရာ ဒီ​ကျောက်​တုံး​နား​မှာ ပုန်း​နေ​လိုက်။ ၂၀  ကျောက်​တုံး​ရဲ့ ဘေး​နား​ကို ပစ်​မှတ်​ထား​ပြီး မြား​သုံး​စင်း ငါ​ပစ်​လိုက်​မယ်။ ၂၁  ပြီး​ရင် နောက်​လိုက်​ကို လွှတ်​ပြီး ‘မြား​တွေ သွား​ရှာ​ခဲ့’ လို့​ပြော​မယ်။ ငါ​က ‘မြား​တွေ မင်း​အနား​မှာ​ပဲ။ ကောက်​လာခဲ့’ လို့ နောက်​လိုက်​ကို ပြော​ရင် မင်း​ပြန်​လာ​နိုင်​တယ်။ အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ မင်း​အတွက် ဘေး​အန္တရာယ်​ကင်း​တယ်​ဆို​တဲ့ သဘော​ပဲ။ ၂၂  တ​ကယ်​လို့ ငါ​က ‘မြား​တွေ မင်း​ကို ကျော်​သွား​ပြီ’ လို့ နောက်​လိုက်​ကို ပြော​ရင် မင်း​ထွက်​သွား​လိုက်​တော့။ မင်း​ကို ယေဟောဝါ​ဘုရား ထွက်​သွား​ခိုင်း​ပြီဆို​တဲ့ သဘော​ပဲ။ ၂၃  ဒို့​နှစ်​ယောက်​ကျိန်​ဆို​တဲ့ ကတိ​သစ္စာ​မှာ+ ယေဟောဝါ​ဘုရား​ဟာ ထာ​ဝ​ရ​သက်​သေ ဖြစ်​ပါ​စေ”+ လို့​ပြော​တယ်။ ၂၄  ဒါဝိဒ်​လည်း တော​ထဲ​မှာ ပုန်း​နေ​တယ်။ လ​ဆန်း​နေ့​ရောက်​တော့ မင်း​ကြီး​က စား​သောက်​ဖို့ စား​ပွဲ​မှာ ထိုင်​တယ်။+ ၂၅  မင်း​ကြီး​က နံ​ရံ​နား ထိုင်​နေ​ကျ​ခုံ​မှာ ထိုင်​တယ်။ ယောန​သန်​က မျက်​နှာ​ချင်း​ဆိုင်​မှာ၊ အာဗနာ​က+ မင်း​ကြီး​ဘေး​မှာ ထိုင်​တယ်။ ဒါဝိဒ်​နေ​ရာ​က​တော့ လွတ်​နေ​တယ်။ ၂၆  အဲဒီ​နေ့​မှာ ရှောလု​က “အကြောင်း​တစ်​ခု​ခု​ကြောင့် သူ မသန့်​မရှင်း ဖြစ်​နေ​တာ​နေ​မှာ။ ဟုတ်​တယ်၊ သူ မသန့်​ရှင်း​တာ ဖြစ်​ရ​မယ်”+ လို့​တွေး​မိ​ပြီး ဘာ​မှ​မပြော​ဘူး။ ၂၇  နောက်​တစ်​ရက်၊ လ​ဆန်း​နှစ်​ရက်​နေ့​မှာ​လည်း ဒါဝိဒ်​ရဲ့​နေ​ရာ​ဟာ လွတ်​နေ​တုန်း​ပဲ။ ဒါ​ကြောင့် ရှောလု​က “ယေ​ရှဲ​ရဲ့​သား​က+ စား​သောက်​ပွဲ​ကို မနေ့​က​ရော၊ ဒီ​နေ့​ရော ဘာ​လို့​မလာ​တာလဲ” ဆို​ပြီး​မေး​တယ်။ ၂၈  ယောန​သန်​က​လည်း “ဒါဝိဒ်​က ဘက်​သလီ​ဟင်​မြို့​ကို ပြန်​ချင်​လို့ ကျွန်​တော့်​ဆီ ခွင့်​တောင်း​ပါ​တယ်။+ ၂၉  သူ​က ‘ကျွန်​တော့်​မြို့​မှာ မိသား​စု​လိုက် ပူ​ဇော်​ပွဲ​ရှိ​တယ်။ အစ်​ကို​တွေ​က​လည်း ကျွန်​တော့်​ကို လာ​ခိုင်း​တယ်။ ဒါ​ကြောင့် သွား​ခွင့်​ပေး​ပါ။ ကျွန်​တော့်​ကို မျက်​နှာ​သာ​ပေး​တဲ့​အနေ​နဲ့ အစ်​ကို​တွေ​နဲ့​တွေ့​ဖို့ ခ​ဏ​ပြန်​ခွင့်​ပေး​ပါ’ လို့​ခွင့်​တောင်း​သွား​ပါ​တယ်။ ဒါ​ကြောင့် မင်း​ကြီး​ရဲ့​စား​ပွဲ​ကို သူ​မလာ​နိုင်​တာ​ပါ” လို့​ဖြေတယ်။ ၃၀  အဲဒီ​အခါ ရှောလု​က ယောန​သန်​ကို ဒေါသ​ထွက်​ပြီး “ပုန်​ကန်​တတ်​တဲ့​မိန်း​မရဲ့​သား၊ မင်း​ဟာ ကိုယ်​တိုင်​သာ​မက ကိုယ့်​အမေကို​ပါ အရှက်​ကွဲ​ခံ​ပြီး ယေ​ရှဲ​ရဲ့​သား​ဘက်​မှာ နေ​တယ်​ဆို​တာ ငါ​မသိ​ဘူး​များ မှတ်​နေ​လား။ ၃၁  ကမ္ဘာ​ပေါ်​မှာ ယေ​ရှဲ​ရဲ့​သား အသက်​ရှင်​နေ​သရွေ့ မင်း​နဲ့ မင်း​ရဲ့​ဘု​ရင့်​အရိုက်​အရာ တည်​မြဲမှာ​မဟုတ်​ဘူး​ကွ။+ အခု​ချက်​ချင်း လူ​လွှတ်​ပြီး ဖမ်း​လာခဲ့​စမ်း။ သူ့​ကို သတ်​ပစ်​ရ​မယ်”+ လို့​အမိန့်​ပေး​တယ်။ ၃၂  ယောန​သန်​က “သူ့​ကို ဘာ​လို့​သတ်​ရ​မှာ​လဲ။+ သူ ဘာ​လုပ်​မိ​လို့​လဲ” ဆို​ပြီး ခမည်း​တော်​ရှောလု​ကို ပြော​တော့၊ ၃၃  ရှောလု​က သူ့​ကို လှံ​နဲ့​ပစ်​ပေါက်​တယ်။+ ဒါ​နဲ့ ဒါဝိဒ်​ကို​သတ်​ဖို့ ခမည်း​တော် ဆုံး​ဖြတ်​ထား​မှန်း ယောန​သန် သိ​သွား​တယ်။+ ၃၄  ဒါ​ကြောင့် စိတ်​ဆိုး​ဆိုး​နဲ့ စား​ပွဲ​က​နေ ချက်​ချင်း ထ​သွား​တယ်။ ဒါဝိဒ်​အတွက် စိတ်​ထိ​ခိုက်​တာ​ရယ်၊+ ခမည်း​တော်​ကိုယ်​တိုင် အရှက်​ခွဲ​တာ​ရယ်​ကြောင့် လ​ဆန်း​နှစ်​ရက်​နေ့​မှာ သူ ဘာ​မှ​မစား​နိုင်​ဘူး။ ၃၅  မနက်​ရောက်​တော့ ယောန​သန်​က ဒါဝိဒ်​နဲ့​ချိန်း​ထား​တဲ့​အတိုင်း တော​ထဲ​ကို နောက်​လိုက်​ကောင်​လေး​နဲ့​အတူ ထွက်​သွား​တယ်။+ ၃၆  ပြီး​တော့ သူ​က “ကဲ၊ ပြေး။ ငါ​ပစ်​လိုက်​တဲ့ မြား​တွေ​ကို​ ရှာ​လာခဲ့” လို့ ပြော​တယ်။ နောက်​လိုက် ပြေး​သွား​တဲ့​အခါ သူ့​ကို​ကျော်​သွား​အောင်  မြား​ပစ်​ လိုက်​တယ်။ ၃၇  ယောန​သန်​ပစ်​လိုက်​တဲ့ မြား​အ​နား​ကို နောက်​လိုက် ရောက်​တဲ့​အခါ ယောန​သန်​က “မြား​က မင်း​ကို ကျော်​သွား​ပြီလေ” လို့ အော်​ပြော​တယ်။ ၃၈  ပြီး​တော့ “အမြန်​လုပ်။ မြန်​မြန်​သွား။ နှေး​နှေး​ကွေး​ကွေး လုပ်​မနေ​နဲ့” ဆိုပြီး အော်​ပြော​ပြန်​တယ်။ နောက်​လိုက်​လည်း မြား​တွေ​ကို ကောက်​ပြီး သူ့​သခင် ယောန​သန်​ဆီ ပြန်​လာ​တယ်။ ၃၉  နောက်​လိုက်​က​တော့ အဲဒီ​ကိစ္စ​ကို နား​မလည်​ရှာ​ဘူး။ ယောန​သန်​နဲ့ ဒါဝိဒ်​ပဲ နား​လည်​တယ်။ ၄၀  ယောန​သန်​က လေး​နဲ့​မြား​ကို နောက်​လိုက်​ဆီ အပ်​ပြီး “မြို့​ထဲ ပြန်​ယူ​သွား” လို့​ပြော​တယ်။ ၄၁  နောက်​လိုက် ထွက်​သွား​တဲ့​အခါ ဒါဝိဒ်​က တောင်​ဘက်​မှာ​ရှိ​တဲ့ နေ​ရာ​နား​က​နေ ထွက်​လာ​တယ်။ မြေပေါ်​ပျပ်​ဝပ်​ပြီး သုံး​ခါ ဦး​ညွှတ်​တယ်။ အဲဒီ​နောက် နှစ်​ယောက်​သား နမ်း​ပြီး ငို​ကြွေး​ကြ​တယ်။ ဒါဝိဒ်​က ပို​ပြီး​ငို​တာ​ပေါ့။ ၄၂  ယောန​သန်​က “‘မင်း​နဲ့​ငါ့​ကြား၊ မင်း​ရဲ့​မျိုး​နွယ်​နဲ့ ငါ့​ရဲ့​မျိုး​နွယ်​ကြား​မှာ ယေဟောဝါ​ဘုရား​ဟာ ထာ​ဝ​ရ​သက်​သေ ဖြစ်​ပါ​စေ’+ လို့ ယေဟောဝါ​ဘုရား​ရဲ့ နာ​မည်​ကို တိုင်​တည်​ပြီး ဒို့​နှစ်​ယောက် ကျိန်​ဆို​ထား​တာ​ပဲ။ စိတ်​အေး​အေး​ထား​ပြီး သွား​ပါ”+ လို့​ပြော​တယ်။ အဲဒီ​နောက် ဒါဝိဒ်​ထွက်​သွား​တယ်။ ယောန​သန်​လည်း မြို့​ထဲ ပြန်​သွား​တယ်။

အောက်ခြေမှတ်ချက်များ