၁ ရှမွေလ ၁၃:၁-၂၃

  • စစ်​သည်​တွေ​ကို ရှောလု ရွေး​ချယ် (၁-၄)

  • ရှောလု ရောင့်​တက်​စွာ​ပြု​မူ (၅-၉)

  • ရှောလု​ကို ရှ​မွေ​လ ဆုံးမ (၁၀-၁၄)

  • အစ္စရေးတွေ လက်​နက်​မရှိ (၁၅-၂၃)

၁၃  ရှောလု နန်း​တက်​ချိန်​မှာ အသက် . . .* နှစ်​ရှိ​ပြီ။+ အစ္စရေး​ပြည်​မှာ နှစ်​နှစ် စိုး​စံ​ပြီး​နောက်၊ ၂  ရှောလု​က အစ္စရေး​တွေ​ထဲ​က​နေ လူ ၃,၀၀၀ ကို ရွေး​ချယ်​တယ်။ လူ ၂,၀၀၀ ကို မိတ်​မတ်​မြို့​မှာ၊ ဗေသလ​မြို့​ဝန်း​ကျင် တောင်​တန်း​ဒေ​သမှာ သူ​နဲ့​အတူ ခေါ်​ထား​တယ်။ လူ ၁,၀၀၀ ကို ယောန​သန်​နဲ့​အတူ+ ဗင်ယာ​မိန်​နယ်​မြေ၊ ဂိဗာ​မြို့​မှာ+ ထား​တယ်။ ကျန်​တဲ့​လူ​တွေ​ကို​တော့ အိမ်​ပြန်​လွှတ်​လိုက်​တယ်။ ၃  ယောန​သန်​က ဂေဘ​မြို့​မှာ​ရှိ​တဲ့+ ဖိ​လိ​တိ​မြို့​စောင့်​တပ်​ကို+ ချေ​မှုန်း​တယ်။ ဒီ​သတင်း​ကို ဖိ​လိ​တိ​လူ​တွေ ကြား​တယ်။ ရှောလု​က “ဟီ​ဘ​ရူး​အားလုံး ကြား​သိ​စေ” လို့​ပြော​ပြီး တစ်​ပြည်​လုံး​မှာ တံ​ပိုး​မှုတ်​ခိုင်း​တယ်။+ ၄  အစ္စရေး​တွေ​က “ဖိ​လိ​တိ​မြို့​စောင့်​တပ်​ကို ရှောလု ချေ​မှုန်း​လိုက်​လို့ အခု ဖိလိ​တိ​လူ​တွေ​က အစ္စရေး​တွေ​ကို မုန်း​တီး​နေ​ပြီ” ဆို​တဲ့​သတင်း​ကို ကြား​တယ်။ ရှောလု​ရဲ့ ဆင့်​ခေါ်​ချက်​အတိုင်း ဂိ​လ​ဂါ​လ​မြို့​မှာ စု​ရုံး​လာ​ကြ​တယ်။+ ၅  ဖိ​လိ​တိ​လူ​တွေ​လည်း အစ္စရေး​တွေ​ကို တိုက်​ခိုက်​ဖို့ စု​ရုံး​ကြ​တယ်။ စစ်​မြင်း​ရထား ၃၀,၀၀၀၊ မြင်း​စီး​သူ​ရဲ ၆,၀၀၀၊ ပင်လယ်​သဲ​ပွင့်​တွေ​လို မရေ​တွက်​နိုင်​အောင် များ​လှ​တဲ့ စစ်​သည်​တွေ+ ချီ​တက်​လာ​ပြီး ဗေ​သဝင်​မြို့​အရှေ့​ဘက်+ မိတ်​မတ်​မြို့​မှာ စ​ခန်း​ချ​ကြ​တယ်။ ၆  အစ္စရေး​တွေ​က အပြင်း​အထန် တိုက်​ခိုက်​ခံ​နေ​ရ​လို့ အ​ကြီး​အကျယ် ဒုက္ခ​ရောက်​တော့​မယ်​ဆို​တာ သိ​သွား​တဲ့​အခါ လိုဏ်​ဂူ၊ ကျင်း၊ ကျောက်​ဆောင်၊ မြေအောက်​ခန်း​နဲ့ ရေ​လှောင်​ကန်​တွေ​မှာ ပုန်း​ခို​နေ​ရ​တယ်။+ ၇  ဟီ​ဘ​ရူး​တ​ချို့​ဆို​ရင် ဂျော်​ဒန်​မြစ်​ကို ဖြတ်​ကူး​ပြီး ဂဒ်​နယ်​မြေနဲ့ ဂိလဒ်​ပြည်+ အထိ​တောင် ထွက်​ပြေး​ကြ​တယ်။ ရှောလု​က​တော့ ဂိ​လ​ဂါ​လ​မြို့​မှာ ရှိ​နေ​သေး​တယ်။ သူ့​နောက်​ကို​လိုက်​တဲ့ စစ်​သည်​တွေ​လည်း ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​တယ်။ ၈  သူ​က ရှ​မွေ​လ​မှာ​ထား​တဲ့​အတိုင်း ခု​နစ်​ရက် စောင့်​နေ​ပေမဲ့ ရှမွေ​လ​က​တော့ ဂိ​လ​ဂါ​လ​မြို့​ကို ရောက်​မလာ​ဘူး။ စစ်​သည်​တွေ​လည်း သူ့​ဆီ​က​နေ တ​ကွဲ​တ​ပြား ထွက်​ပြေး​ကုန်​ပြီ။ ၉  နောက်​ဆုံး​တော့ ရှောလု​က “မီး​ရှို့​ရာ ပူ​ဇော်​သက္ကာ​နဲ့ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ကို ယူ​လာခဲ့” လို့​ပြော​ပြီး မီး​ရှို့​ရာ ပူ​ဇော်​သက္ကာ​ကို ဆက်​သလိုက်​တယ်။+ ၁၀  မီး​ရှို့​ရာ ပူ​ဇော်​သက္ကာ​ကို ဆက်​သပြီး​တာ​နဲ့ ရှ​မွေ​လ ရောက်​လာတယ်။​ ရှောလု​က သူ့​ကို​ထွက်​ကြို​ပြီး နှုတ်​ဆက်​စကား​ပြော​တယ်။ ၁၁  ရှ​မွေ​လ​က “မင်း ဘယ်​လို​လုပ်​လိုက်​တာ​လဲ” လို့​မေး​တော့ ရှောလု​က “စစ်​သည်​တွေ ကျွန်​တော့်​ကို ထား​ခဲ့​ပြီး ထွက်​ပြေး​ကုန်​ပြီ။+ သခင်​က ချိန်း​ထား​တဲ့​အချိန်​မှာ မရောက်​လာ​ဘူး။ ဖိ​လိ​တိ​လူ​တွေ​လည်း မိတ်​မတ်​မြို့​မှာ တပ်​ချ​ထား​ပြီ။+ ၁၂  ဒါ​နဲ့ ‘ဖိ​လိ​တိ​လူ​တွေ​က တိုက်​ခိုက်​ဖို့ ဂိ​လ​ဂါ​လ​မြို့​ကို ဆင်း​လာ​တော့​မယ်။ ယေဟောဝါ​ဘုရား​ရဲ့ မျက်​နှာ​သာ​ရ​ဖို့​လည်း မလုပ်​ရ​သေး​ဘူး’ လို့ ကျွန်​တော်​တွေး​မိ​တယ်။ ဒါ​ကြောင့် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာ​ကို ဆက်​သမှ​ဖြစ်​တော့​မယ်​ထင်​လို့ ဆက်​သလိုက်​တာ​ပါ” လို့​ပြန်​ဖြေတယ်။ ၁၃  အဲဒီ​အခါ ရှ​မွေ​လ​က ရှောလု​ကို “မင်း တော်​တော်​မိုက်​မဲ​တာ​ပဲ။ ယေဟောဝါ​ဘုရား​ပေး​တဲ့ ပညတ်​ချက်​ကို မနာ​ခံ​ဘူး။+ မင်း​သာ နာ​ခံ​ခဲ့​မယ်​ဆို​ရင် ယေဟောဝါ​ဘုရား​က အစ္စရေး​တွေ​ကို အုပ်​ချုပ်​မယ့် မင်း​ရဲ့​နန်း​ဆက်​ကို ထာ​ဝ​စဉ် တည်​မြဲစေ​မှာ​ပဲ။ ၁၄  အခု​တော့ ယေဟောဝါ​ဘုရား မိန့်မှာ​ထား​ရာ​ကို မနာ​ခံ​တဲ့​အတွက်+ မင်း​ရဲ့​နန်း​ဆက် တည်​မြဲမှာ​မဟုတ်​ဘူး။+ ယေဟောဝါ​ဘုရား​က မိမိ​နဲ့​စိတ်​သဘော​ထား​ချင်း ကိုက်​ညီ​သူ​တစ်​ယောက်​ကို ရှာ​လိမ့်​မယ်။+ သူ့​ကို အစ္စရေး​လူမျိုး​ရဲ့ ခေါင်း​ဆောင်​အဖြစ် ယေဟောဝါ​ဘုရား ခန့်​အပ်​လိမ့်​မယ်”+ ဆို​ပြီး​ပြော​တယ်။ ၁၅  အဲဒီ​နောက် ရှ​မွေ​လ​က ဂိ​လ​ဂါ​လ​မြို့​က​နေ ဗင်​ယာ​မိန်​နယ်​မြေ၊ ဂိ​ဗာ​မြို့​ကို ထွက်​သွား​တယ်။ ရှောလု​က စစ်​သည်​တွေ​ကို ရေ​တွက်​ကြည့်​တော့ သူ့​မှာ ၆၀၀ လောက်​ပဲ ကျန်​တော့​တယ်။+ ၁၆  ရှောလု၊ သား ယောန​သန်​နဲ့ ကျန်​နေ​သေး​တဲ့ စစ်​သည်​တွေ​က ဗင်​ယာ​မိန်​နယ်​မြေ၊ ဂေဘ​မြို့​မှာ ရှိ​နေ​တယ်။+ ဖိ​လိ​တိ​လူ​တွေ​က​တော့ မိတ်​မတ်​မြို့​မှာ စခန်း​ချ​ထား​တယ်။+ ၁၇  တိုက်​ခိုက်​လုယူ​တဲ့​တပ်​ဖွဲ့​က သုံး​ဖွဲ့​ခွဲ​ပြီး ဖိ​လိ​တိ​စခန်း​က​နေ ထွက်​လာ​တယ်။ တစ်​ဖွဲ့​က ရွှာ​လ​နယ်​မြေဘက် သြဖရ​မြို့​ကို သွားတဲ့​လမ်း၊ ၁၈  နောက်​တစ်​ဖွဲ့​က ဗေသော​ရုန်​မြို့​ကို သွား​တဲ့​လမ်း၊+ တ​တိ​ယ​အဖွဲ့​က တော​ကန္တာ​ရ​ဘက်၊ ဇေ​ဘိုင်​ချိုင့်​ဝှမ်း​ကို အပေါ်​စီး​က​နေ မြင်​ရ​တဲ့ နယ်​မြေဘက် သွား​တဲ့​လမ်း​အတိုင်း ထွက်​သွား​ကြ​တယ်။ ၁၉  “ဟီ​ဘ​ရူး​တွေ ဓား​တစ်​လက်၊​ လှံ​တစ်​စင်း​မှ မလုပ်​ရ” ဆို​ပြီး ဖိ​လိ​တိ​လူတွေ တား​မြစ်​ထား​လို့ အဲဒီ​တုန်း​က အစ္စရေး​တစ်​ပြည်​လုံး​မှာ ပန်း​ပဲ​ဆ​ရာ တစ်​ယောက်​မှ မရှိ​ဘူး။ ၂၀  အစ္စ​ရေး​တွေ​က ထယ်​သွား၊ ပေါက်​တူး၊ ပုဆိန်၊ တံ​စဉ်တွေ သွေး​ဖို့ ဖိ​လိ​တိ​လူ​တွေဆီ ဆင်း​သွား​ရ​တယ်။ ၂၁  ထယ်​သွား၊ ပေါက်​တူး၊ သုံး​ခွ​ခက်​ရင်း​နဲ့ ပု​ဆိန်တွေ​ကို သွေး​မယ်၊ နှင်​တံ​ကို တပ်​မယ်​ဆို​ရင် တစ်​ပမ်* ပေး​ရ​တယ်။ ၂၂  ဒါ​ကြောင့် စစ်​တိုက်​တဲ့​အချိန်​မှာ ရှောလု​နဲ့ သား ယောန​သန်​က​လွဲ​လို့ ကျန်​စစ်​သည်တစ်​ယောက်​မှ တိုက်​ခိုက်​ဖို့ ဓား​တစ်​လက်၊ လှံ​တစ်​စင်း​တောင် မရှိ​ကြ​ဘူး။+ ၂၃  အဲဒီ​အချိန်​မှာ ဖိ​လိ​တိ​မြို့​စောင့်​တပ် တစ်​တပ်​က မိတ်​မတ်​လျှို​မြောင်​လမ်း​ဆီ​ကို ထွက်​လာ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း​ဟီ​ဘ​ရူး​စာ​သား​မှာ မဖော်​ပြထား။
ရှေး​ခေတ်​အလေး၊ တစ်​ရှယ်​ကယ်​ရဲ့ သုံး​ပုံ​နှစ်​ပုံ​နီး​ပါး။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။