၁ ရှမွေလ ၂၂:၁-၂၃

  • အဒု​လံ​လိုဏ်​ဂူ​နဲ့ မိ​ဇ​ပါ​မြို့​ကို ဒါဝိဒ်ရောက် (၁-၅)

  • နော​ဗ​မြို့​က ပု​ရော​ဟိတ်​တွေ​ကို ရှောလု​ကွပ်​မျက် (၆-၁၉)

  • အဗျာ​သာ လွတ်​မြောက် (၂၀-၂၃)

၂၂  ဒါဝိဒ်​ဟာ ဂါသ​မင်း အာ​ခိတ်​ဆီ​က​နေ ထွက်​ပြေး​ပြီး+ အဒု​လံ​လိုဏ်​ဂူ​မှာ ရှောင်​တိမ်း​နေ​တယ်။+ ဒီ​သတင်း​ကို အစ်​ကို​တွေ၊ အဖေ့​ရဲ့​ဆွေ​မျိုး​တွေ ကြား​တဲ့​အခါ သူ့​ဆီ ဆင်း​လာ​ကြ​တယ်။ ၂  ဒုက္ခ​ရောက်​နေ​သူ၊ အကြွေး​တင်​နေ​သူ၊ ဘဝ​ကို နာ​ကြည်း​နေ​သူ​တွေ​လည်း လာ​ပူး​ပေါင်း​တဲ့​အတွက် ဒါဝိဒ်​ဟာ ခေါင်း​ဆောင် ဖြစ်​လာ​တယ်။ သူ​နဲ့​အတူ လူ ၄၀၀ လောက်​ရှိ​တယ်။ ၃  နောက်​တော့ ဒါဝိဒ်​က အဲဒီ​က​နေ မောဘ​ပြည်၊ မိ​ဇ​ပါ​မြို့​ကို သွား​တယ်။ မောဘ​ဘုရင်​ကို+ “ကျွန်​တော့်​အတွက် ဘုရား​သခင် ဘယ်​လို​လုပ်​ပေး​မယ်​ဆို​တာ မသိ​ရ​ခင်​အထိ ကျွန်​တော့်​မိ​ဘ​တွေ​ကို မင်း​ကြီး​ဆီ​မှာ နေ​ထိုင်​ခွင့်​ပေး​ပါ” လို့​တောင်း​ဆို​ပြီး၊ ၄  မိ​ဘ​တွေ​ကို မောဘ​ဘုရင်​ဆီ​မှာ ထား​ခဲ့​တယ်။ သူတို့​က ခံ​တပ်​မှာ ဒါဝိဒ်​ပုန်း​နေ​ချိန် တစ်​လျှောက်​လုံး မောဘ​ဘုရင်​ဆီ​မှာ နေ​ထိုင်​ကြ​တယ်။+ ၅  အချိန်​အတော်​ကြာ​တော့ ပရော​ဖက်​ဂဒ်​က+ “ခံ​တပ်​မှာ ဆက်​မနေ​နဲ့။ ယုဒ​နယ်​မြေကို ထွက်​သွား​ပါ”+ လို့​အကြံ​ပေး​တော့ ဒါဝိဒ်​လည်း ဟာ​ရက်​တော​ကို ထွက်​သွား​တယ်။ ၆  ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​ကို တွေ့​ပြီဆိုတဲ့သတင်း ရှောလု​ဆီ ရောက်​လာ​တယ်။ အဲဒီ​အချိန်​မှာ ရှောလု​က ဂိ​ဗာ​မြို့+ တောင်​ကုန်း​ပေါ်​က မန်​ကျည်း​ပင်* အောက်​မှာ လှံ​ကိုင်​ပြီး ထိုင်​နေ​တယ်။ မင်း​မှု​ထမ်း​တွေ​လည်း အနား​မှာ ခစား​နေ​တယ်။ ၇  ရှောလု​က ခစား​နေ​တဲ့ မင်း​မှု​ထမ်း​တွေ​ကို “ဗင်​ယာ​မိန်​အမျိုး​သား​တို့၊ နား​ထောင်​ကြ။ ယေ​ရှဲ​ရဲ့​သား​က+ ငါ့​လို​မျိုး လယ်​မြေတွေ၊ စ​ပျစ်​ခြံ​တွေ ပေး​နိုင်​လို့​လား။ သူ​က မင်း​တို့​ကို ထောင်​တပ်​မှူး၊ ရာ​တပ်​မှူး​ဆို​ပြီး ခန့်​မယ်​ထင်​လို့​လား။+ ၈  မင်း​တို့​အားလုံး​က ငါ့​ကို​ပုန်​ကန်​ဖို့ ပူး​ပေါင်း​ကြံ​စည်​ထား​ကြ​တာ​ကိုး။ ငါ့​သား​အရင်း​က ယေ​ရှဲ​ရဲ့​သားနဲ့ ကတိ​သစ္စာ​ပြု​ထား​တဲ့​အကြောင်း တစ်​ယောက်​မှ ငါ့​ကို အသိ​မပေး​ဘူး။+ အခု​လို​မျိုး လျှို့ဝှက်​ကြံ​စည်​ပြီး ပုန်​ကန်​ဖို့ ငါ့​ကျွန်​ကို ငါ့​သား​ကိုယ်​တိုင် သွေး​ထိုး​ပေး​တဲ့​အကြောင်း ဘယ်​သူ​မှ အသိ​မပေး​ဘူး။ ငါ့​ကို ကိုယ်​ချင်း​လည်း မစာ​ကြ​ဘူး” ဆို​ပြီး​ပြော​တယ်။ ၉  အဲဒီ​အခါ ရှောလု​ရဲ့​အမှု​ထမ်း​တွေကို အုပ်​ချုပ်​တဲ့ ဧ​ဒုံ​အမျိုး​သား​ဒေါ​ဂက+ “ယေ​ရှဲ​ရဲ့​သား​က အဟိ​တုပ်​ရဲ့​သား အဟိ​မလက်​ရှိ​နေ​တဲ့ နော​ဗ​မြို့​ကိုလာ​တာ ကျွန်​တော် တွေ့​တယ်။+ ၁၀  အဟိ​မလက်​က ဒါဝိဒ်​အတွက် ယေဟောဝါ​ဘုရား​ဆီ မေး​မြန်း​ပေး​ပြီး စား​စ​ရာတွေ​လည်း ပေး​လိုက်​တယ်။ ဖိ​လိ​တိ​လူ ဂေါ​လျတ်​ရဲ့​ဓား​ကို​တောင် ပေး​လိုက်​သေး​တယ်”+ လို့ လျှောက်​တင်​တယ်။+ ၁၁  ဒါ​နဲ့ ရှောလု​မင်း​က နော​ဗ​မြို့​မှာ ရှိ​နေ​တဲ့ အဟိ​မလက်​နဲ့ သူ့​အဖေအဟိ​တုပ်​ရဲ့​အမျိုး ပု​ရော​ဟိတ်​အားလုံး​ကို ချက်​ချင်း ခေါ်​ခိုင်း​လိုက်​တဲ့​အတွက် အားလုံး​ရောက်​လာ​ကြ​တယ်။ ၁၂  ရှောလု​က “အဟိ​တုပ်​ရဲ့​သား၊ ငါ​ပြော​တာ နား​ထောင်” လို့​ပြော​တော့ သူ​က “အရှင်​မင်း​ကြီး၊ အမိန့်​ရှိ​ပါ” လို့​ပြန်​လျှောက်​တယ်။ ၁၃  ရှောလု​က “မင်း​နဲ့ ယေ​ရှဲ​ရဲ့​သား​က ငါ့​ကို​ပုန်​ကန်​ဖို့ ဘာ​ကြောင့် ပူး​ပေါင်း​ကြံ​စည်​တာ​လဲ။ စား​စ​ရာတွေ​ရော ဓား​ကို​ပါ ပေး​လိုက်​တဲ့​အပြင် သူ့​အတွက် ဘုရား​သခင်​ဆီ​မှာ မေး​မြန်း​ပေး​လိုက်​သေး​တယ်​ဆို။ အခု သူ​က ငါ့​ကို​ပုန်​ကန်​ဖို့ လျှို့ဝှက်​ကြံ​စည်​နေ​တာ” ဆို​ပြီး ပြော​တယ်။ ၁၄  အဲဒီ​အခါ အဟိ​မလက်​က “မင်း​ကြီး​ရဲ့ အမှု​ထမ်း​တွေ​ထဲ​မှာ ဒါဝိဒ်​လောက် ဘယ်​သူ သစ္စာ​ရှိ​လို့​လဲ။+ သူ​ဟာ မင်း​ကြီး​ရဲ့​သမက်၊+ ကိုယ်​ရံ​တော်​တပ်​မှူး​ပါ။ နန်း​တော်​မှာ​လည်း ဂုဏ်​သရေ​ရှိ​သူ​ပါ။+ ၁၅  ကျွန်​တော်​က သူ့​အတွက် ဘုရား​သခင်​ဆီ​မှာ မေး​မြန်း​ပေး​တာ ဒါ ဦး​ဆုံး​အကြိမ်​မှ မဟုတ်​တာ။+ မင်း​ကြီး​ကို လျှို့ဝှက်​ကြံ​စည်​ဖို့​ဆို​တာ စဉ်း​တောင် မစဉ်း​စား​ရဲ​ပါ​ဘူး။ ကျွန်​တော်​နဲ့ အဖေ့​အမျိုး​တွေ​ကို အဲဒီ​လို မစွပ်​စွဲ​ပါ​နဲ့။ ဒီ​ကိစ္စ​နဲ့​ပတ်​သက်​ပြီး ကျွန်​တော် ဘာ​မှ​မသိ​ပါ​ဘူး”+ ဆို​ပြီး လျှောက်​တင်​တယ်။ ၁၆  ဒါ​ပေမဲ့ ရှောလု​မင်း​က “အဟိ​မလက်၊ မင်း​ရော မင်း​အဖေရဲ့ အမျိုး​တွေ​ရော+ အားလုံး သေကို​သေရ​မယ်”+ လို့​ပြော​တယ်။ ၁၇  ပြီး​တော့ အနား​မှာ​ရှိ​တဲ့ အစောင့်​တပ်​သား​တွေ​ကို “ယေဟောဝါ​ဘုရား​ရဲ့ ပု​ရော​ဟိတ်​တွေ​ကို သတ်​ကြ​စမ်း။ သူတို့​ဟာ ဒါဝိဒ်​နဲ့ ကြံ​ရာ​ပါ​တွေ​ပဲ။ ဒါဝိဒ်​ကို ဝ​ရမ်း​ပြေး​မှန်း သိ​လျက်​နဲ့ ငါ့​ဆီ သတင်း​မပို့​ကြ​ဘူး” ဆို​ပြီး​အမိန့်​ပေး​တယ်။ ဒါ​ပေမဲ့ မင်း​မှု​ထမ်း​တွေ​က ယေဟောဝါ​ရဲ့ ပု​ရော​ဟိတ်​တွေ​ကို သူတို့​လက်​နဲ့ မသတ်​ချင်​ကြ​ဘူး။ ၁၈  ဒါ​နဲ့ ရှောလု​မင်း​က ဧ​ဒုံ​အမျိုး​သား+ ဒေါဂ​ကို+ “ပု​ရော​ဟိတ်​တွေ​ကို သတ်​လိုက်​စမ်း” ဆို​ပြီး အမိန့်​ပေး​တယ်။ ဒေါဂ​လည်း ချက်​ချင်း​ပဲ နောက်​လှည့်​ပြီး ပုရော​ဟိတ်​တွေ​ကို ကွပ်​မျက်​လိုက်​တယ်။ ချည်​ထည်​သင်​တိုင်း​ဝတ်​သူ ၈၅ ယောက်​ကို အဲဒီ​နေ့​မှာ ကွပ်​မျက်​လိုက်​တယ်။+ ၁၉  ပု​ရော​ဟိတ်​မြို့​ဖြစ်​တဲ့ နော​ဗ​မြို့​ကို​လည်း+ တိုက်​ခိုက်​ပြီး ယောက်ျား၊ မိန်း​မ၊ နို့​စို့​နို့​ညှာ၊ သိုး၊ နွား၊ မြည်း​တွေ​ပါ​မကျန် သတ်​ပစ်​တယ်။ ၂၀  အဟိ​တုပ်​ရဲ့​မြေး၊ အဟိ​မလက်​ရဲ့​သား အဗျာ​သာ​က​တော့+ လွတ်​မြောက်​ပြီး ဒါဝိဒ်​ဆီ ထွက်​ပြေး​သွား​တယ်။ ၂၁  အဗျာ​သာ​က “ယေဟော​ဝါ​ဘုရား​ရဲ့ ပု​ရော​ဟိတ်​တွေ​ကို ရှောလု​မင်း ကွပ်​မျက်​လိုက်​ပြီ” လို့​ပြော​ပြတဲ့​အခါ၊ ၂၂  ဒါဝိဒ်​က “ဧ​ဒုံ​အမျိုး​သား​ဒေါ​ဂက အဲဒီ​မှာ​ရှိ​နေ​တော့ ရှောလု​မင်း​ကို ပြန်​ပြော​မှာ​ပဲ​ဆို​တာ အဲဒီ​နေ့​က​တည်း​က ငါ​ရိပ်​မိ​တယ်။+ မင်း​အဖေရဲ့​အမျိုး​တွေ သေရ​တာ ငါ့​မှာ​တာဝန်​ရှိ​တယ်။ ၂၃  ဒီ​တော့ ငါ့​ဆီ​မှာ​ပဲ နေ​ပါ။ မကြောက်​နဲ့။ မင်း​အသက်​ကို ရန်​ရှာ​သူ​ဟာ ငါ့​အသက်​ကို ရန်​ရှာ​တာ​ပဲ။ မင်း​ကို ငါ ကာ​ကွယ်​ပေး​မှာ​ပါ”+ လို့ ကတိ​ပေး​တယ်။

အောက်ခြေမှတ်ချက်များ

အရွက်​သေး​ပြီး အဖြူ​ရောင်၊ ပန်း​ရောင်​ပွင့်​တဲ့ အမြဲစိမ်း​ပင်​တစ်​မျိုး။