၁ ရှမွေလ ၁၀:၁-၂၇

  • ရှောလု​ကို ဘု​ရင်​အဖြစ် ဘိ​သိက်​ပေး (၁-၁၆)

  • ရှောလု​ကို လူ​တွေ​ရှေ့ ထုတ် (၁၇-၂၇)

၁၀  အဲဒီ​နောက် ရှ​မွေ​လ​က ဆီ​ဘူး​ကို​ယူ​ပြီး ရှောလု​ခေါင်း​ပေါ် လောင်း​လိုက်​တယ်။+ သူ့​ကို​နမ်း​ပြီး “ယေ​ဟောဝါ​ဘုရား​က မင်း​ကို အစ္စရေး​လူမျိုး​ရဲ့+ ခေါင်း​ဆောင်​အဖြစ် ဘိသိက်​ပေး​လိုက်​ပြီ။+ ၂  ဒီ​နေ့ ငါ့​ဆီ​က​နေ ပြန်​သွား​တဲ့​အခါ ဗင်​ယာ​မိန်​နယ်​မြေ၊ ဇေလ​ဇ​အရပ်​က ရာခေ​လ​သင်္ချိုင်း​နားမှာ+ လူ​နှစ်​ယောက်​ကို တွေ့​လိမ့်​မယ်။ သူတို့​က ‘ခင်​ဗျား​လိုက်​ရှာ​နေ​တဲ့ မြည်း​တွေ​ကို တွေ့​ပြီ။ အခု ခင်ဗျား​ရဲ့​အ​ဖေက မြည်း​တွေ​အတွက် စိတ်​မပူ​တော့​ဘဲ+ “ငါ့​သား​လည်း ပြန်​မလာ​သေး​ဘူး။ ဘာ​လုပ်​ရ​ပါ့​မလဲ” ဆို​ပြီး​ခင်ဗျား​တို့အတွက် စိတ်​ပူ​နေ​တယ်’ လို့ပြော​လိမ့်​မယ်။ ၃  အဲဒီ​က​နေ တာဗော်​အ​ပင်​ကြီး​နား ရောက်​တဲ့​အထိ​ ဆက်​သွား​ပါ။ စစ်​မှန်​တဲ့​ဘုရား​သခင်​ကို ဝတ်​ပြု​ဖို့ ဗေသလ​မြို့​ကို+ သွား​နေ​တဲ့ လူ​သုံး​ယောက်​ကို တွေ့​လိမ့်​မယ်။ တစ်​ယောက်​က ဆိတ်​က​လေး​သုံး​ကောင်​ကို ဆွဲ​လာ​လိမ့်​မယ်။ တစ်​ယောက်​က မုန့်​သုံး​လုံး​ကို ကိုင်​ပြီး နောက်​တစ်​ယောက်​က ဝိုင်​အိုး​ကြီး​တစ်​လုံး​ကို သယ်​လာ​လိမ့်​မယ်။ ၄  သူတို့​က မင်း​ကို နှုတ်​ဆက်​စကား ပြော​ပြီး မုန့်​နှစ်​လုံး ပေး​တဲ့​အခါ လက်ခံ​လိုက်​ပါ။ ၅  ပြီး​ရင် ဖိ​လိ​တိ​မြို့​စောင့်​တပ်​ရှိ​ရာ ဘုရား​သခင်​ရဲ့​တောင်​ကို ဆက်​သွား​ပါ။ မြို့​ထဲ​ရောက်​တဲ့​အခါ အထွတ်​အမြတ်​နေ​ရာ​က​နေ ဆင်း​လာ​တဲ့ ပရော​ဖက်​တစ်​စု​နဲ့ ဆုံ​လိမ့်​မယ်။ သူတို့​ပရော​ဖက်​ပြု​နေ​တုန်း လူ​တွေ​က သူတို့​ရှေ့​မှာ ကြိုး​တပ်​တူ​ရိ​ယာ၊ ချူ​တပ်​ဗုံ၊ ပလွေ​နဲ့ စောင်း​တွေ တီး​မှုတ်​နေ​လိမ့်​မယ်။ ၆  အဲဒီ​အချိန်​မှာ​ပဲ မင်း​အပေါ် ယေဟောဝါ​ဘုရား​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​ပြီး+ သူတို့​နဲ့​အတူ ပရော​ဖက်​ပြု​နိုင်​မယ်။ မင်း​က ခြား​နား​တဲ့ လူ​တစ်​ယောက်​အဖြစ် ပြောင်း​လဲ​သွား​မယ်။+ ၇  ဒီ​နိ​မိတ်​တွေ​အတိုင်း ဖြစ်​လာ​ရင် မင်း​နဲ့​အတူ ဘုရား​သခင်​ရှိ​တယ်​ဆို​တဲ့ သဘော​ပဲ။ ဒီ​တော့ မင်း​လုပ်​နိုင်​တာ​မှန်​သမျှ အတတ်​နိုင်​ဆုံး​လုပ်​ပါ။ ၈  ပြီး​ရင် ဂိ​လ​ဂါ​လ​မြို့​ကို+ အရင် ဆင်း​သွား​နှင့်​ပါ။ ငါ​လည်း မီး​ရှို့​ရာ ပူ​ဇော်​သက္ကာတွေ၊ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ ဆက်​သဖို့ လိုက်​လာ​မယ်။ ငါ​မလာ​မချင်း ခု​နစ်​ရက် စောင့်​နေ​ပါ။ အဲဒီ​အခါ​ကျ​မှ မင်း​ဘာ​လုပ်​ရ​မယ်​ဆို​တာ ငါ​ပြော​ပြမယ်” လို့​မှာ​တယ်။ ၉  ရှ​မွေ​လ​ဆီ​က​နေ ရှောလု​ထွက်​သွား​တာ​နဲ့ ဘုရား​သခင်​က သူ့​စိတ်​သဘော​ထား​ကို တ​ခြား​တစ်​ယောက်​ရဲ့ စိတ်​သဘော​ထား​လို ဖြစ်​အောင် ပြောင်း​လဲ​ပေး​တယ်။ နိ​မိတ်​အားလုံး အဲဒီ​နေ့​မှာ တ​ကယ်​ဖြစ်​ပျက်​လာ​တယ်။ ၁၀  အဲဒီ​နေ​ရာ​က​နေ တောင်​ပေါ်​ကို သူတို့​သွား​တဲ့​အခါ ပရော​ဖက်​တစ်​စု​နဲ့ တွေ့​တယ်။ အဲဒီ​အချိန်​မှာ​ပဲ ဘုရား​သခင့်​စွမ်းအား​တော် သက်​ရောက်​လာ​တဲ့​အတွက်+ ရှောလု​က သူတို့​နဲ့​အတူ ပရော​ဖက်​ပြု​တော့​တယ်။+ ၁၁  သူ့​ကို​သိ​ထား​တဲ့ လူ​တွေ​က သူ​ပရော​ဖက်​ပြု​နေ​တာ​ကို မြင်​တဲ့​အခါ “ကိ​ရှ​ရဲ့​သား ဘယ်​လို​ဖြစ်​သွား​ပါ​လိမ့်။ ရှောလု​လည်း ပရော​ဖက်​ပဲ​လား” ဆို​ပြီး အချင်း​ချင်း ပြော​ကြ​တယ်။ ၁၂  တစ်​ယောက်​က “တ​ခြား​ပရော​ဖက်​တွေ​ရဲ့ အဖေတွေ​ကော ဘယ်​သူ​မို့လို့​လဲ” လို့​ပြော​တယ်။ ဒီ​လို​နဲ့ “ရှောလု​လည်း ပရော​ဖက်​ပဲ​လား”+ ဆို​တဲ့ ဆို​ရိုး​စကား ပေါ်​လာ​တယ်။ ၁၃  ရှောလု​က ပရော​ဖက်​ပြု​ပြီး​သွား​တဲ့​အခါ အထွတ်​အမြတ်​နေ​ရာ​ကို ရောက်​လာ​တယ်။ ၁၄  ရှောလု​ရဲ့​ ဘ​ထွေး​က “မင်း​တို့ ဘယ်​သွား​တာ​လဲ”​ လို့ သူ​နဲ့​ သူ့​နောက်​လိုက်​ကို မေး​တယ်။​ “မြည်း​တွေ​ကို သွား​ရှာ​တာ​ပါ။+ ရှာ​မတွေ့​တာ​နဲ့​ ရှ​မွေ​လ​ဆီ ရောက်​သွား​တာ” ဆို​ပြီး ရှောလု​ဖြေ​တယ်။ ၁၅  ဘ​ထွေး​က “မင်း​တို့​ကို ရှမွေ​လ ဘာ​ပြော​လဲ၊ ပြော​စမ်း​ပါ​ဦး” လို့​မေး​တယ်။ ၁၆  ရှောလု​က “မြည်း​တွေ​ကို ရှာ​တွေ့​ပြီတဲ့” ဆို​ပြီး​ဖြေတယ်။ သူ ဘုရင်​ဖြစ်​မယ်​လို့ ရှ​မွေ​လ​ပြော​ခဲ့​တဲ့​အကြောင်း​ကို​တော့ မပြော​ပြဘူး။ ၁၇  ရှ​မွေ​လ​က မိ​ဇ​ပါ​မြို့​မှာ ယေဟောဝါ​ရှေ့ စု​ရုံး​ဖို့ အစ္စရေး​တွေ​ကို ခေါ်​လိုက်​တယ်။+ ၁၈  ပြီး​တော့ သူတို့​ကို “အစ္စရေး​တို့​ရဲ့ ဘုရား​သခင် ယေဟောဝါ ပြော​တာ​က ‘ငါ​ဟာ မင်း​တို့​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​တဲ့​အရှင်၊ မင်း​တို့​ကို​ဖိ​နှိပ်​တဲ့ အီဂျစ်​လူ​တွေ​နဲ့ တ​ခြား​နိုင်​ငံ​တွေ လက်​ထဲ​က​နေ ကယ်​တင်​တဲ့​အရှင် ဖြစ်​တယ်။+ ၁၉  ဒါ​ပေမဲ့ အခု​တော့ မင်း​တို့​က အခက်​အခဲ​တွေ၊ ဆင်း​ရဲ​ဒုက္ခတွေ​က​နေ ကယ်​ခဲ့​တဲ့ ကယ်​တင်​ရှင် ဘုရား​သခင်​ကို ပစ်​ပယ်​ပြီး+ “ကျွန်​တော်​တို့​အတွက် ဘုရင်​တစ်ပါး ခန့်​အပ်​ပေး​ပါ” လို့​တောင်း​ဆို​ကြ​တယ်။ အခု မင်း​တို့​အားလုံး အနွယ်​အလိုက်၊ ဆွေ​မျိုး​စု​အလိုက် ယေဟောဝါ​ရှေ့​မှာ ရပ်​နေ​ကြ’” လို့​ပြော​တယ်။ ၂၀  ပြီး​တော့ ရှ​မွေ​လ​က အစ္စရေး​အနွယ်​အားလုံး​ကို ရှေ့​တော် လာ​ခိုင်း​တဲ့​အခါ+ ဗင်​ယာ​မိန်​အနွယ် ရွေးထုတ်​ခံ​ရ​တယ်။+ ၂၁  ဗင်​ယာ​မိန်​အနွယ်​ရဲ့ ဆွေ​မျိုး​စု​တွေ​ကို ရှေ့​ထွက်​လာ​ခိုင်း​တဲ့​အခါ မာ​တ​ရိ​ရဲ့​ဆွေ​မျိုး​စု ရွေး​ထုတ်​ခံရတယ်။ နောက်​ဆုံး ကိ​ရှ​ရဲ့​သား​ရှောလု ရွေး​ထုတ်​ခံ​ရ​တယ်။+ ဒါ​နဲ့ ရှောလု​ကို လိုက်​ရှာ​ကြ​တော့ ရှာ​မ​တွေ့​ဘူး။ ၂၂  ဒါ​ကြောင့် “သူ​ဒီ​ကို​ရောက်​နေ​ပြီလား” ဆို​ပြီး ယေဟောဝါ​ကို မေး​တဲ့​အခါ+ ယေဟောဝါ​က “ရောက်​နေ​ပြီ။ အထုပ်​အပိုး​တွေ​ကြား​မှာ သူပုန်း​နေ​တယ်” လို့​ပြော​တယ်။ ၂၃  ဒါ​နဲ့ သူ့​ကို ပြေး​ခေါ်​ကြ​တယ်။ လူ​တွေ​ကြား​မှာ ရပ်​လိုက်​တဲ့​အခါ သူ့​အရပ်​က တ​ခြား​လူ​တွေ​ထက် ခေါင်း​တစ်​လုံး​စာ ပို​မြင့်​နေ​တယ်။+ ၂၄  ရှ​မွေ​လ​က “ဒီ​မှာ​ကြည့်​ကြ။ ယေဟောဝါ​ဘုရား ရွေး​ချယ်​တာ သူ​ပဲ။+ လူ​တွေ​ထဲ​မှာ သူ့​လို​လူ မရှိ​ဘူး” လို့​ပြော​တော့ လူ​တွေ​က​လည်း “အရှင်​မင်း​ကြီး အသက်​တော်​ရှည်​ပါ​စေ” လို့​ကြွေး​ကြော်​ကြ​တယ်။ ၂၅  အဲဒီ​နောက် ရှ​မွေ​လ​က ဘုရင်​တွေ​ရဲ့ ရ​ပိုင်​ခွင့်​အကြောင်း လူ​တွေ​ကို ပြော​ပြတယ်။+ စာ​နဲ့​လည်း ရေး​မှတ်​ပြီး အဲဒီ​စာ​လိပ်​ကို ယေဟောဝါ​ရှေ့​မှာ ထား​တယ်။ ပြီး​တော့ လူ​တွေ​ကို အိမ်​ပြန်​လွှတ်​လိုက်​တယ်။ ၂၆  ရှောလု​လည်း ဂိ​ဗာ​မြို့​မှာ​ရှိ​တဲ့ နေ​အိမ်​ကို ပြန်​သွား​တယ်။ စစ်​သည်​တွေ​ရဲ့ စိတ်​ကို ယေဟောဝါ လှုံ့​ဆော်​ပေး​တဲ့​အတွက် သူတို့ လိုက်​သွား​ကြ​တယ်။ ၂၇  လူ​ဖျင်း​တ​ချို့​က “ဒီ​လူ​က ငါ​တို့​ကို ဘယ်​လို​လုပ် ကယ်​နိုင်​မှာ​လဲ” လို့​ကဲ့​ရဲ့​တယ်။+ သူ့​ကို အထင်​သေး​ပြီး ဘာ​လက်​ဆောင်​မှ မပေး​ကြ​ဘူး။+ ရှောလု​က​တော့ ဘာ​မှ​ပြန်​မပြော​ဘဲ နေ​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ