၁ ရှမွေလ ၁၂:၁-၂၅

  • ရှ​မွေ​လ​ရဲ့ အမှာ​စကား (၁-၂၅)

    • ‘အချည်း​နှီး​ဖြစ်​တဲ့​အရာတွေ​နောက် မလိုက်​ကြနဲ့’ (၂၁)

    • လူမျိုး​တော်​ကို ယေဟောဝါ စွန့်​မှာ​မဟုတ် (၂၂)

၁၂  အဲဒီ​နောက် ရှ​မွေ​လ​က အစ္စရေး​တွေ​ကို “ခင်​ဗျား​တို့ တောင်း​ဆို​တဲ့​အတိုင်း ကျွန်​တော် လိုက်​လျော​ပေး​ခဲ့​ပြီ။ ခင်​ဗျား​တို့​ကို အုပ်​ချုပ်​ဖို့ ဘုရင်​တစ်ပါး တင်​မြှောက်​လိုက်​ပြီ။+ ၂  အခု ခင်​ဗျား​တို့​ကို ဦး​ဆောင်​မယ့် ဘုရင်​ဟာ သူ​ပဲ။+ ကျွန်​တော်​က​တော့ အို​မင်း​ပြီး ဆံ​ဖြူ​နေ​ပြီ။ ကျွန်​တော့်​သား​တွေ​လည်း ခင်​ဗျား​တို့​နဲ့​အတူ ရှိ​နေ​တာ​ပဲ။+ ကျွန်​တော်​က ငယ်​ငယ်​က​တည်း​က​နေ အခု​အချိန်​အထိ ခင်​ဗျား​တို့​ကို ဦး​ဆောင်​ခဲ့​တယ်။+ ၃  အခု ကျွန်​တော် ဒီ​မှာ​ရှိ​နေ​တယ်။ အပြစ်​တင်​စ​ရာ​ရှိ​ရင် ယေဟောဝါ​ဘုရား​ရှေ့​မှာ၊ ဘုရား ဘိ​သိက်​ပေး​ထား​သူ​ရှေ့​မှာ ပြော​ကြ။+ ကျွန်​တော်​က ဘယ်​သူ့​ဆီ​က နွား​တွေ၊ မြည်း​တွေ ယူ​ဖူး​သလဲ။+ ဘယ်​သူ့​ကို လှည့်​စား​ဖူး​သလဲ။ ဘယ်​သူ့​ကို အနိုင်​ကျင့်​ဖူး​သလဲ။ ဘယ်​သူ့​ဆီ​က​နေ တံ​စိုး​လက်​ဆောင်​ယူ​ပြီး အပြစ်​ကို မသိ​ကျိုး​ကျွန်​ပြု​ဖူး​သလဲ။+ ပြော​ကြ။ ကျွန်​တော် ပြန်​လျော်​ပေး​မယ်”+ လို့​ပြော​တယ်။ ၄  လူ​တွေ​က​လည်း “သခင်​က ကျွန်​တော်​တို့​ကို မလှည့်​စား​ဖူး​ပါ​ဘူး။ အနိုင်​မကျင့်​ဖူး​ပါ​ဘူး။ ကျွန်​တော်​တို့​ဆီ​က ဘာတစ်ခု​ကို​မှ မယူ​ဖူး​ပါ​ဘူး” လို့ ပြန်​ပြော​တယ်။ ၅  ဒါ​နဲ့ ရှ​မွေ​လ​က “ကျွန်​တော့်​ကို အပြစ်​တင်​စ​ရာ မတွေ့​ဘူး​ဆို​တာ ဒီ​နေ့ ယေဟောဝါ​ဘုရား​ရော၊ ဘုရား ဘိ​သိက်​ပေး​ထား​သူ​ရော သက်​သေပဲ” လို့​ပြော​တော့ သူတို့​က “မှန်​ပါ​တယ်။ ဘုရား​သခင်​ဟာ* သက်​သေပါ” ဆို​ပြီး ပြန်​ပြော​ကြ​တယ်။ ၆  ရှ​မွေ​လ​က​လည်း “မော​ရှေ​နဲ့ အာ​ရုန်​ကို သုံး​ပြီး ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​တဲ့ ယေဟောဝါ​ဘုရား​ဟာ+ သက်​သေပဲ။ ၇  အခု ကိုယ့်​နေ​ရာ​ကိုယ် ရပ်​နေ​ကြ။ ခင်​ဗျား​တို့​နဲ့ ဘိုး​ဘေး​တွေ​အတွက် ယေဟောဝါ လုပ်​ဆောင်​ခဲ့​တဲ့ ဖြောင့်​မတ်​တဲ့ လုပ်​ရပ်​အားလုံး​ကို ထောက်​ပြီး ယေဟောဝါ​ဘက်​က​နေ ကျွန်​တော် ထု​ချေ​ပြော​ဆို​မယ်။ ၈  “အီဂျစ်​ပြည်​ကို ယာကုပ်​ရောက်​လာ​ပြီး​နောက်+ ဘိုး​ဘေး​တွေ​က ယေဟောဝါ​ဘုရား​ဆီ အော်​ဟစ်​အကူ​အညီ​တောင်း​ကြ​တယ်။+ ယေဟောဝါ​ဘုရား​က​လည်း မော​ရှေ​နဲ့+ အာ​ရုန်​ကို စေ​လွှတ်​ပြီး ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာ​ပြီး​နောက် ဒီ​နေ​ရာ​မှာ နေ​ထိုင်​စေ​ခဲ့​တယ်။+ ၉  ဒါ​ပေမဲ့ ဘိုး​ဘေး​တွေ​က ယေဟောဝါ​ဘုရား​ကို မေ့​သွား​တဲ့​အတွက် ဟာ​ဇော်​ဗိုလ်​ချုပ် သိ​သရ၊+ ဖိ​လိ​တိ​လူ​တွေ​နဲ့+ မောဘ​ဘုရင်​ရဲ့​လက်​ထဲ+ ဘုရား ရောင်း​လိုက်​တယ်။+ အဲဒီ​ရန်​သူ​တွေ​က သူတို့​ကို တိုက်​ခိုက်​ခဲ့​တယ်။ ၁၀  အဲဒီ​အခါ သူတို့​က ‘ကျွန်​တော်​တို့​ဟာ ယေဟောဝါ​ဘုရား​ကို စွန့်​ပြီး ဗာလ​ဘုရားတွေ​နဲ့+ အာ​ရှ​တ​ရက်​ရုပ်​တု​တွေ​ကို+ ကိုးကွယ်​တဲ့​အတွက် ပြစ်​မှား​မိ​ပါ​ပြီ။+ အခု ကျွန်​တော်​တို့​ကို ရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​ပါ။ ဘုရား​သခင်​ကို ဝတ်​ပြု​ပါ့​မယ်’ လို့ ယေဟောဝါ​ဆီ အော်​ဟစ်​အကူ​အညီ​တောင်း​ကြ​တယ်။+ ၁၁  ယေဟောဝါ​က​လည်း ယေ​ရု​ဗာလ၊+ ဗေ​ဒန်၊ ယေ​ဖသ၊+ ရှ​မွေ​လ​တို့​ကို+ စေ​လွှတ်​ပြီး ပတ်​ဝန်း​ကျင် ရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​တဲ့​အတွက် ခင်​ဗျား​တို့ ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ခဲ့​ရ​တယ်။+ ၁၂  ခင်​ဗျား​တို့​က အမ္မုန်​ဘုရင်​နေ​ဟက်+ စစ်​ချီ​လာ​တာ​ကို မြင်​တဲ့​အခါ ဘုရင်​အဖြစ် ယေဟောဝါ​ဘုရား ရှိ​နေ​လျက်​နဲ့+ ‘ဘာ​ပဲ​ဖြစ်​ဖြစ်၊ ကျွန်​တော်​တို့​ကို အုပ်​ချုပ်​မယ့် ဘုရင်​ရှိ​မှ ဖြစ်​မယ်’+ ဆို​ပြီး မပြတ်​တောင်း​ဆို​ခဲ့​တယ်။ ၁၃  အခု၊ ခင်​ဗျား​တို့ ရွေး​ချယ်​တဲ့၊ ခင်​ဗျား​တို့ တောင်း​ဆို​တဲ့ ဘုရင်​ဟာ သူ​ပဲ။ သူ့​ကို ယေဟောဝါ မင်း​မြှောက်​လိုက်​ပြီ။+ ၁၄  ခင်​ဗျား​တို့​သာ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေပြီး+ ဝတ်​ပြု​မယ်၊+ ဘုရား​ရဲ့​စကား​ကို နာ​ခံ​မယ်၊+ ယေဟောဝါ​ရဲ့ အမိန့်​ကို မဖီ​ဆန်​ဘူး၊ ခင်​ဗျား​တို့​ရော ခင်​ဗျား​တို့​ရဲ့​ဘုရင်​ပါ ယေဟောဝါ​ဘုရား​နောက်​ကို လိုက်​မယ်​ဆို​ရင် သိပ်​ကောင်း​ပါ​တယ်။ ၁၅  ယေဟောဝါ​ရဲ့​စကား​ကို မနာ​ခံ​ဘဲ ယေဟောဝါ​ရဲ့ အမိန့်​ကို ဖီ​ဆန်​မယ်​ဆို​ရင်​တော့ ယေဟောဝါ​က ခင်​ဗျား​တို့​ကို​ရော ခင်​ဗျား​တို့​ရဲ့​ဖခင်​ကို​ပါ ဒဏ်​ခတ်​လိမ့်​မယ်။+ ၁၆  အခု၊ ကိုယ့်​နေ​ရာ​ကိုယ် ရပ်​နေ​ပြီး ခင်​ဗျား​တို့​ရှေ့​မှာ ယေဟောဝါ လုပ်​ဆောင်​တော့​မယ့် ဒီ​အံ့​ဖွယ်​အမှု​ကြီး​ကို ကြည့်​ကြ။ ၁၇  အခု​အချိန်​ဟာ ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​ပဲ။ ဒါ​ပေမဲ့ မိုး​တွေ ထစ်​ချုန်း​ရွာ​စေ​ဖို့ ယေဟောဝါ​ဘုရား​ဆီ ကျွန်​တော် ဆုတောင်း​မယ်။ ဘုရင်​တစ်ပါး​ပေး​ဖို့ တောင်း​ဆို​တာ​ဟာ ယေဟောဝါ​ရှေ့​မှာ ဘယ်​လောက် အပြစ်​ကြီး​မှန်း ဒီ​နည်း​နဲ့ ခင်​ဗျား​တို့ သိ​မြင်​ရ​လိမ့်​မယ်”+ လို့ လူ​တွေ​ကို ပြော​တယ်။ ၁၈  အဲဒီ​နောက် ယေဟောဝါ​ဆီ ရှမွေ​လ ဆုတောင်း​လိုက်​တဲ့​အခါ အဲဒီ​နေ့​မှာ ယေဟောဝါ​က မိုး​တွေ ထစ်​ချုန်း​ရွာ​စေ​တယ်။ ဒါ​ကြောင့် လူ​တွေ​က ယေဟောဝါ​နဲ့ ရှ​မွေ​လ​ကို အကြီး​အကျယ် ကြောက်​ရွံ့​ပြီး၊ ၁၉  “ကျွန်​တော်​တို့ မသေချင်​ပါ​ဘူး။ ကျွန်​တော်​တို့​အတွက် ယေဟောဝါ​ဘုရား​ဆီ​မှာ ဆုတောင်း​ပေး​ပါ။+ ဘုရင်​တစ်ပါး​ပေး​ဖို့ တောင်း​ဆို​ခဲ့​တဲ့​အတွက် အပြစ်​များ​သည်​ထက် များ​အောင် လုပ်​မိ​ပါ​ပြီ” လို့ ရှ​မွေ​လ​ကို တောင်း​ပန်​ကြ​တယ်။ ၂၀  ရှ​မွေ​လ​က​လည်း “မကြောက်​ပါ​နဲ့။ ဒီ​အပြစ်​ကြီး​ကို ခင်​ဗျား​တို့ လုပ်​ခဲ့​တာ​မှန်​ပေမဲ့ ယေဟောဝါ​နောက်​မလိုက်ဘဲ လမ်း​လွဲ​သွား​တဲ့ အဖြစ်​မျိုး​ကို​တော့ မရောက်​စေ​ကြ​နဲ့။+ ယေဟောဝါ​ဘုရား​ကို စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​ကြ​ပါ။+ ၂၁  အချည်း​နှီး​ဖြစ်​တဲ့​ အရာတွေ၊+ အကျိုး​မပေး​တဲ့​အရာတွေ၊+ မကယ်​တင်​နိုင်​တဲ့​အရာတွေ နောက်​ကို လမ်း​လွဲ​ပြီး မလိုက်​သွား​ကြ​နဲ့။ အဲ​ဒါ​တွေ​ဟာ အချည်း​နှီး​ပဲ။ ၂၂  ယေဟောဝါ​ဘုရား​က ခင်​ဗျား​တို့​ကို မိမိ​လူမျိုး​ဖြစ်​စေ​ဖို့ ဆုံး​ဖြတ်​ထား​တယ်။+ ဒါ​ကြောင့် ယေဟောဝါ​ဘုရား​က ကြီးမြတ်​တဲ့ နာမ​တော်​ကို ထောက်​ပြီး+ မိမိ​လူမျိုး​ကို စွန့်​ပစ်​မှာ မဟုတ်​ဘူး။+ ၂၃  ခင်​ဗျား​တို့​အတွက် ကျွန်​တော် ဆု​မတောင်း​ပေး​တော့​ဘူး​ဆို​ရင် ယေဟောဝါ​ဘုရား​ကို ပြစ်​မှား​ရာ​ရောက်​မှာ​ပေါ့။ အဲဒီ​လို​ပြစ်​မှား​ဖို့​ဆို​တာ စဉ်း​တောင် မစဉ်း​စား​ဝံ့​ပါဘူး။ ကောင်း​မွန်​မှန်​ကန်​တဲ့​လမ်း​ကို ကျွန်​တော် ဆက်​ပြီး သွန်သင်​ပေး​ဦး​မှာ​ပါ။ ၂၄  ယေဟောဝါ​ဘုရား​ကို​သာ ကြောက်​ရွံ့​ရို​သေပါ။+ ဘုရား​သခင်​ကို စိတ်​စွမ်း​ရှိ​သမျှ​နဲ့ သစ္စာ​ရှိ​ရှိ ဝတ်​ပြု​ကြ။ ခင်​ဗျား​တို့​အတွက် လုပ်​ဆောင်​ပေး​ခဲ့​တဲ့ ကြီးမြတ်​တဲ့​အမှု​တွေ​ကို မမေ့​ကြ​နဲ့။+ ၂၅  ဒါ​ပေမဲ့ မကောင်း​တာ​တွေ​ကို ခေါင်း​မာ​မာ​နဲ့ ဆက်​လုပ်​နေ​မယ်​ဆို​ရင်​တော့ ခင်​ဗျား​တို့​ရော ခင်​ဗျား​တို့​ရဲ့​ဘုရင်​ပါ+ ဖယ်​ရှား​ခံ​ရ​မယ်”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ဘုရား​သခင် ဘိ​သိက်​ပေး​ထား​သူ​ဟာ” လည်း​ဖြစ်​နိုင်။