မဿဲ ၂၅:၁-၄၆

  • ခ​ရစ်​တော် ရောက်​ရှိ​နေ​ခြင်း​ရဲ့ နိ​မိတ် (၁-၄၆)

    • အပျို​စင် ၁၀ ယောက် ပုံ​ဥပမာ (၁-၁၃)

    • တဲ​လင့်​ပုံ​ဥပမာ (၁၄-၃၀)

    • သိုး​နဲ့​ဆိတ် (၃၁-၄၆)

၂၅  “ကောင်းကင်​နိုင်ငံ​ကို မီး​ခွက်+ ကိုယ်​စီ ကိုင်​ပြီး သတို့​သား​ကို+ ထွက်​ကြို​တဲ့ အပျို​စင် ဆယ်​ယောက်​နဲ့ ခိုင်း​နှိုင်း​နိုင်​တယ်။ ၂  အပျို​စင် ငါး​ယောက်​က ဉာဏ်​မရှိ​ဘူး။ ကျန်​တဲ့ ငါး​ယောက်​က​တော့ သတိ​ပညာ​ရှိ​တယ်။+ ၃  ဉာဏ်​မရှိ​တဲ့ ငါး​ယောက်​က မီး​ခွက် ယူ​သွား​ပေမဲ့ ဆီ​အပို မယူ​သွား​ဘူး။ ၄  သတိ​ပညာ​ရှိ​တဲ့ ငါး​ယောက်​က​တော့ မီး​ခွက် ကိုယ်​စီ ပါ​တဲ့​အပြင် ဆီ​အပို​ကို​လည်း ဘူး​နဲ့ ထည့်​ပြီး ယူ​သွား​တယ်။ ၅  သတို့​သား​က တော်​တော်​နဲ့ ရောက်​မလာ​တော့ သူတို့​အားလုံး ငိုက်​ပြီး အိပ်​ပျော်​သွား​ကြ​တယ်။ ၆  သန်း​ခေါင်​ယံ​မှာ ‘သတို့​သား လာ​နေ​ပြီ၊ သွား​ကြို​ကြ’ ဆို​တဲ့ အော်​သံ ကြား​ရ​တယ်။ ၇  အဲဒီ​အခါ အပျို​စင်​အားလုံး နိုး​လာ​ပြီး မီး​ခွက်တွေ​ကို အသင့်​ပြင်​တယ်။+ ၈  ဉာဏ်​မရှိ​တဲ့ အပျို​စင်​တွေ​က ‘ငါ​တို့​မီး​ခွက် ငြိမ်း​တော့​မှာ​မို့လို့ ဆီ​နည်း​နည်း​လောက် ပေး​ပါ​လား’ ဆို​ပြီး တောင်း​တဲ့​အခါ၊ ၉  သတိ​ပညာ​ရှိ​သူ​တွေ​က ‘တို့​ရဲ့​ဆီ​က အားလုံး​အတွက် လောက်​မှာ မဟုတ်​ဘူး။ ဒီ​တော့ ဆီ​ရောင်း​တဲ့​သူ​ဆီ​မှာ သွား​ဝယ်​ကြ’ လို့ ပြန်​ပြော​တယ်။ ၁၀  သူတို့ ဆီ​သွား​ဝယ်​နေ​တုန်း​မှာ သတို့​သား ရောက်​လာ​တယ်။ အသင့်​ရှိ​နေ​တဲ့ အပျို​စင်​တွေ​က သတို့​သား​နဲ့​အတူ ဧည့်​ခံ​ကျွေး​မွေး​တဲ့​နေ​ရာ​ကို ဝင်​သွား​တယ်။+ အဲဒီ​နောက် တံခါး​ပိတ်​သွား​တယ်။ ၁၁  ကျန်​တဲ့ အပျို​စင်​တွေ ရောက်​လာ​ပြီး ‘သခင်၊ သခင်၊ ကျွန်မ​တို့ကို တံခါး​ဖွင့်​ပေး​ပါ​ဦး’+ လို့ တောင်း​ပန်​တော့၊ ၁၂  သတို့​သား​က ‘ခင်​ဗျား​တို့​ကို ကျွန်​တော် လုံး​ဝ မသိ​ဘူး’ လို့ ပြော​လိုက်​တယ်။ ၁၃  “ဒါ​ကြောင့် အဲဒီ​နေ့၊ အဲဒီ​အချိန်​ကို ခင်​ဗျား​တို့ မသိ​တဲ့​အတွက်+ သတိ​နဲ့​စောင့်​နေ​ကြ​ပါ။+ ၁၄  “ကောင်းကင်​နိုင်ငံ​ဟာ တိုင်း​တစ်ပါး သွား​ခါ​နီး ကျွန်​တွေ​ကို ခေါ်​ပြီး ပစ္စည်းတွေ အပ်​တဲ့​လူ​နဲ့ တူ​တယ်။+ ၁၅  သူ​က ကျွန်​တစ်​ယောက်​စီ​ရဲ့ အ​ရည်​အချင်း​ကို ကြည့်​ပြီး တစ်​ယောက်​ကို ငါး​တဲ​လင့်၊* နောက်​တစ်​ယောက်​ကို နှစ်​တဲ​လင့်၊ နောက်​တစ်​ယောက်​ကို​ကျ​တော့ တစ်​တဲ​လင့် ပေး​ပြီး ခ​ရီး​ဝေး ထွက်​သွား​တယ်။ ၁၆  ငါး​တဲ​လင့် ရ​တဲ့​သူ​က ချက်​ချင်း​ပဲ အဲဒီ​ငွေ​နဲ့ အရောင်း​အဝယ် လုပ်​တဲ့​အတွက် နောက်​ထပ် ငါး​တဲ​လင့် အမြတ်ရ​တယ်။ ၁၇  နှစ်​တဲ​လင့် ရ​တဲ့​သူ​က​လည်း နှစ်​တဲ​လင့် အမြတ်ရ​တယ်။ ၁၈  တစ်​တဲ​လင့် ရ​တဲ့ ကျွန်​က​တော့ ထွက်​သွား​ပြီး အဲဒီ​ငွေ​ကို မြေကြီး​ထဲ​မှာ မြှုပ်​ထား​လိုက်​တယ်။ ၁၉  “အချိန်​အတော်​ကြာ​ပြီး​တဲ့​နောက် သခင် ပြန်​လာ​ပြီး ကျွန်​တွေ​ကို ငွေ​စာရင်း ရှင်း​ခိုင်း​တယ်။+ ၂၀  ငါး​တဲ​လင့် ရ​တဲ့ ကျွန်​က အမြတ်​ငွေ ငါး​တဲ​လင့်​ကို​ပါ ယူ​လာ​ပြီး ‘သခင်၊ ကျွန်​တော့်​ကို ငါး​တဲ​လင့် အပ်​ခဲ့​တာ။ အခု နောက်​ထပ် ငါး​တဲ​လင့် အမြတ်ရ​ပါ​တယ်’+ လို့ ပြော​တယ်။ ၂၁  ဒါ​နဲ့ သခင်​က ‘တော်​လိုက်​တာ။ မင်း​ဟာ သစ္စာ​ရှိ​တဲ့ ကျွန်​ကောင်း​ပဲ။ အသေး​အမွှား ကိစ္စတွေ​မှာ​တောင် သစ္စာ​ရှိ​တဲ့​အတွက် မင်း​ကို အများ​ကြီး ထပ်​ပြီး​အပ်​ဦး​မယ်။+ သခင်​နဲ့​အတူ ဝမ်း​မြောက်​ပါ’+ လို့ ပြော​တယ်။ ၂၂  နှစ်​တဲ​လင့် ရ​တဲ့ ကျွန်​လည်း လာ​ပြီး ‘သခင်၊ ကျွန်​တော့်​ကို နှစ်​တဲ​လင့် အပ်​ခဲ့​တာ။ အခု နောက်​ထပ် နှစ်​တဲ​လင့် အမြတ်ရ​ပါ​တယ်’+ လို့ ပြော​တော့၊ ၂၃  သခင်​က ‘တော်​လိုက်​တာ။ မင်း​ဟာ သစ္စာ​ရှိ​တဲ့ ကျွန်​ကောင်း​ပဲ။ အသေး​အမွှား​ကိစ္စ​မှာ​တောင် သစ္စာ​ရှိ​တဲ့​အတွက် မင်း​ကို အများ​ကြီး ထပ်​အပ်​ဦး​မယ်။ သခင်​နဲ့​အတူ ဝမ်း​မြောက်​ပါ’ လို့ ပြော​တယ်။ ၂၄  “နောက်​ဆုံး​မှာ တစ်​တဲ​လင့် ရ​တဲ့ ကျွန်​က လာ​ပြီး ‘သခင်​ဟာ မညှာ​မတာ ခိုင်း​တတ်​မှန်း၊ ကိုယ်​မစိုက်​တဲ့ ကောက်​နှံ​ကို ရိတ်​သိမ်း​ပြီး ကိုယ်​မလှေ့​တဲ့ ကောက်​နှံ​ကို စု​သိမ်း​တတ်​မှန်း ကျွန်​တော် ရိပ်​မိ​တဲ့​အတွက်၊+ ၂၅  သခင့်​ကို ကြောက်​တာ​နဲ့ အဲဒီ​ငွေ​ကို မြှုပ်​ထား​ပါ​တယ်။ ဒီ​မှာ သခင့်​ငွေ​တွေ​ပါ’ လို့ ပြော​တယ်။ ၂၆  သခင်​က ‘ကျွန်​ဆိုး၊ ကျွန်​ပျင်း၊ ငါ​က ကိုယ်​မစိုက်​တဲ့ ကောက်​နှံ​ကို ရိတ်​သိမ်း​ပြီး ကိုယ်​မလှေ့​တဲ့ ကောက်​နှံ​ကို စု​သိမ်း​တတ်​မှန်း မင်း သိ​တယ်​ဆို​ရင်၊ ၂၇  ငါ့​ငွေ​ကို အတိုး​ချ​ထား​လိုက်​ပါ​လား။ ငါ​ပြန်​လာ​တဲ့​အခါ အရင်းရော အတိုး​ပါ ရ​မှာ​ပေါ့။ ၂၈  “‘သူ့​ဆီ​က ငွေ​တစ်​တဲ​လင့်​ကို ယူ​ပြီး ဆယ်​တဲ​လင့် ရှိ​တဲ့​သူ​ကို ပေး​လိုက်။+ ၂၉  ရှိ​တဲ့​သူ​တွေ​ဟာ ထပ်​ပြီး ရ​လိမ့်​မယ်။ အလျှံ​ပယ် ရ​လိမ့်​မယ်။ မရှိ​တဲ့​သူ​က​တော့ ရှိ​ထား​တာ​လေး​တောင် အသိမ်း​ခံ​ရ​လိမ့်​မယ်။+ ၃၀  အသုံး​မကျ​တဲ့ ကျွန်​ကို အပြင်​ဘက် မှောင်​မိုက်​အရပ်​ဆီ ဆွဲ​ထုတ်​သွား​ကြ။ အဲဒီ​မှာ ငို​ကြွေး​ပြီး အံ​ကြိတ်​ခံ​ပြင်း​နေ​လိမ့်​မယ်’ လို့ ပြော​တယ်။ ၃၁  “လူ​သား​က+ ကောင်းကင်​တမန်​အားလုံး ခြံ​ရံ​ပြီး ဘုန်း​တန်ခိုး​နဲ့​လာ​လိမ့်​မယ်။+ အဲဒီ​နောက် ဘုန်း​ကြီး​တဲ့ ရာဇ​ပလ္လင်​ပေါ် ထိုင်​ပြီး၊ ၃၂  လူမျိုး​အား​လုံး​ကို ရှေ့​မှာ စု​ဝေး​စေ​မယ်။ သိုးထိန်း​က သိုး​နဲ့ ဆိတ်​ကို ခွဲ​သလို လူ​သား​က အဲဒီ​လူ​တွေ​ကို အုပ်​စု​နှစ်​စု ခွဲ​လိမ့်​မယ်။ ၃၃  သိုး​တွေ​ကို+ ညာ​ဘက်​မှာ၊ ဆိတ်​တွေ​ကို​တော့ ဘယ်​ဘက်​မှာ ထား​လိမ့်​မယ်။+ ၃၄  “အဲဒီ​နောက် ညာ​ဘက်​မှာ​ရှိ​တဲ့ လူ​တွေ​ကို မင်း​ကြီး​က ‘အဖဘုရား​ဆီ​က ကောင်း​ချီး​ကို ခံစား​ရ​သူတို့၊ လူ့​လော​က အစ​ပြု​ချိန်* က​တည်း​က မင်း​တို့​အတွက် ပြင်​ဆင်​ထား​တဲ့ နိုင်​ငံ​ကို လာ​ပြီး အမွေ​ခံ​ကြ​ပါ။ ၃၅  ဘာ​ကြောင့်​လဲ​ဆို​တော့ မင်း​တို့​က ငါ​ဆာ​လောင်​တဲ့​အခါ စား​စရာ ပေး​တယ်။ ရေ​ငတ်​တဲ့​အခါ သောက်​စ​ရာ ပေး​တယ်။ ငါ​ဧည့်​သည် ဖြစ်​တဲ့​အခါ ဧည့်​ဝတ်​ပြု​တယ်။+ ၃၆  ငါ​ဝတ်​စ​ရာ မရှိ​တဲ့​အခါ အဝတ်​အစား ပေး​တယ်။+ ဖျား​နာ​တဲ့​အခါ ပြု​စု​ပေး​တယ်။ ထောင်​ကျ​တဲ့​အခါ လာ​တွေ့​ကြ​တယ်’+ လို့ ပြော​တယ်။ ၃၇  အဲဒီ​အခါ ဖြောင့်​မတ်​သူ​တွေ​က ‘သခင်၊ ကျွန်​တော်​တို့​က သခင် ဆာ​တာ​ကို ဘယ်​တုန်း​က တွေ့​ပြီး စား​စ​ရာ ပေး​ဖူး​လို့​လဲ။ သခင် ရေ​ငတ်​တာ​ကို ဘယ်​တုန်း​က တွေ့​ပြီး သောက်​စ​ရာ ပေး​ဖူး​လို့​လဲ။+ ၃၈  သခင် ဧည့်​သည် ဖြစ်​တာ​ကို ဘယ်​တုန်း​က တွေ့​ပြီး ဧည့်​ဝတ်​ပြု​ဖူး​လို့​လဲ။ သခင် ဝတ်​စ​ရာ မရှိ​တာ​ကို ဘယ်​တုန်း​က တွေ့​ပြီး အဝတ်​အစား​ ပေး​ဖူး​လို့​လဲ။ ၃၉  သခင် ဖျားနေ​တာ၊ ထောင်​ကျ​နေ​တာ​ကို ဘယ်​တုန်း​က တွေ့​ပြီး လာ​ကြည့်​ဖူး​လို့​လဲ’ ဆို​ပြီး မေး​ကြ​တယ်။ ၄၀  မင်း​ကြီး​က ‘ငါ​မှန်​တာ​ကို ပြော​မယ်။ ငါ့​ညီ​တွေ​ထဲ​က အငယ်​ဆုံး​တစ်​ယောက်​ကို မင်း​တို့ လုပ်​ပေး​သမျှ​ဟာ ငါ့​ကို လုပ်​ပေး​တာ​နဲ့ အတူ​တူ​ပဲ’+ လို့ ပြော​တယ်။ ၄၁  “အဲဒီ​နောက် ဘယ်​ဘက်​မှာ ရှိ​တဲ့​သူ​တွေ​ကို မင်း​ကြီး​က ‘ကျိန်​စာ​သင့်​နေ​သူတို့၊ ငါ့​ဆီ​က​နေ ထွက်​သွား။+ မာရ်​နတ်​နဲ့ နတ်​ဆိုး​တွေ​အတွက် ပြင်​ဆင်​ထားတဲ့+ ထာ​ဝ​ရ​မီး​ထဲ​ကို+ သွား​ကြ။ ၄၂  ဘာ​ကြောင့်​လဲ​ဆို​တော့ မင်း​တို့​က ငါ​ဆာ​လောင်​တဲ့​အခါ စား​စ​ရာ မပေး​ဘူး။ ရေ​ငတ်​တဲ့​အခါ သောက်​စ​ရာ မပေး​ဘူး။ ၄၃  ငါ​ဧည့်​သည် ဖြစ်​တဲ့​အခါ ဧည့်​ဝတ်​မပြု​ဘူး။ ဝတ်​စ​ရာ မရှိ​တဲ့​အခါ အဝတ်​အစား မပေး​ဘူး။ ငါ​ဖျား​နာ​တဲ့​အခါ၊ ထောင်​ကျ​တဲ့​အခါ လာ​မကြည့်​ဘူး’ လို့ ပြော​လိုက်​တယ်။ ၄၄  သူတို့​က ‘သခင်၊ သခင် ဆာ​တာ၊ ရေ​ငတ်​တာ၊ ဧည့်​သည် ဖြစ်​တာ၊ ဝတ်​စ​ရာ မရှိ​တာ၊ ဖျား​နာ​တာ၊ ထောင်​ကျ​တာ​တွေ​ကို ကျွန်​တော်​တို့ ဘယ်​တုန်း​က တွေ့​ပြီး မကူညီ​ခဲ့​တာ​လဲ’ လို့ မေး​ကြ​တယ်။ ၄၅  မင်း​ကြီး​က ‘ငါ​မှန်​တာ​ကို ပြော​မယ်။ ငါ့​ညီ​တွေ​ထဲ​က အငယ်​ဆုံး​တစ်​ယောက်​ကို မင်း​တို့ မလုပ်​ပေး​တာ​ဟာ ငါ့​ကို မလုပ်​ပေး​တာ​နဲ့ အတူ​တူ​ပဲ’ လို့ ပြန်​ပြော​လိမ့်​မယ်။+ ၄၆  သူတို့​ဟာ ထာ​ဝ​ရ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်၊+ ဖြောင့်​မတ်​သူ​တွေ​က​တော့ ထာ​ဝ​ရ​အသက် ရ​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

ဂရိ​တစ်​တဲ​လင့်​က ၂၀.၄ ကီ​လို​ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့ အချိန်။