မဿဲ ၂၆:၁-၇၅

  • ယေရှုကိုသတ်ဖို့ ပုရောဟိတ်တွေ ကြံစည် (၁-၅)

  • ယေရှုခေါင်းပေါ် ဆီမွှေးလောင်း (၆-၁၃)

  • နောက်ဆုံးပသခါညစာနဲ့ သစ္စာဖောက်ခြင်း (၁၄-၂၅)

  • သခင့်ညစာစားပွဲ ကျင်းပ (၂၆-၃၀)

  • ပေတရု ငြင်းမယ့်အကြောင်း ကြိုပြော (၃၁-၃၅)

  • ဂေသရှေမန်မှာ ယေရှုဆုတောင်း (၃၆-၄၆)

  • ယေရှု အဖမ်းခံရ (၄၇-၅၆)

  • ဂျူးတရားရုံးချုပ်မှာ စစ်ဆေးခံရ (၅၇-၆၈)

  • ယေရှုကို မသိကြောင်း ပေတရုငြင်း  (၆၉-၇၅)

၂၆  ယေရှုက အဲဒါတွေအားလုံး ပြောပြီးတဲ့နောက် တပည့်တွေကို၊ ၂  “ခင်ဗျားတို့ သိတဲ့အတိုင်း နောက်နှစ်ရက်ဆိုရင် ပသခါပွဲတော်* ရောက်တော့မယ်။+ အဲဒီအခါ လူသားကို သစ်တိုင်ပေါ် တင်ပြီး သတ်ဖို့ အပ်လိမ့်မယ်”+ လို့ ပြောတယ်။ ၃  ပုရောဟိတ်ကြီးနဲ့ အကြီးအကဲတွေက ကယာဖလို့ ခေါ်တဲ့ ပုရောဟိတ်မင်းရဲ့ အိမ်ဝင်းထဲ စုဝေးနေကြတယ်။+ ၄  ယေရှုကို အကွက်ဆင် ဖမ်းပြီး သတ်ဖို့ တိုင်ပင်ကြတယ်။+ ၅  ဒါပေမဲ့ “ပွဲတော်အတွင်းမှာတော့ ဖမ်းလို့ မဖြစ်ဘူး။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်မှာ စိုးရိမ်တယ်” လို့ ပြောကြတယ်။ ၆  ဗေသနိရွာက အနာကြီးရောဂါသည် ရှိမုန်ရဲ့ အိမ်မှာ ယေရှု ရှိနေတုန်း၊+ ၇  အမျိုးသမီးတစ်ယောက်က တန်ဖိုးကြီး ဆီမွှေးပါတဲ့ ကျောက်ဖြူဘူးကို ယူလာပြီး စားသောက်နေတဲ့ ယေရှုရဲ့ ခေါင်းပေါ် လောင်းလိုက်တယ်။ ၈  အဲဒါကို မြင်တဲ့အခါ တပည့်တွေက စိတ်ဆိုးဆိုးနဲ့ “ဒါဖြုန်းတီးနေတာ။ ၉  အဲဒီဆီကို စျေးကြီးကြီးနဲ့ ရောင်းပြီး ဆင်းရဲသားတွေကို ပေးလို့ ရတယ်” လို့ ပြောကြတယ်။ ၁၀  ဒါကို ယေရှု ကြားတဲ့အခါ “ဒီအမျိုးသမီးကို ဘာလို့ နှောင့်ယှက်နေတာလဲ။ သူက ကျွန်တော့်ကို ကောင်းမှုပြုနေတာ။ ၁၁  ဆင်းရဲသားတွေဟာ ခင်ဗျားတို့နဲ့အတူ အမြဲ ရှိနေမှာပဲ။+ ကျွန်တော်ကတော့ အမြဲ ရှိနေမှာ မဟုတ်ဘူး။+ ၁၂  ဒီအမျိုးသမီး ကျွန်တော့်အပေါ် ဆီမွှေးလောင်းတာဟာ ကျွန်တော့်ကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတာ။+ ၁၃  ကျွန်တော် မှန်တာကို ပြောမယ်။ သတင်းကောင်း ဟောလေရာ မြေတစ်ပြင်လုံးမှာ ဒီအမျိုးသမီးကို အမှတ်ရတဲ့အနေနဲ့ သူလုပ်ခဲ့တာတွေကို ပြောကြလိမ့်မယ်”+ လို့ ပြောတယ်။ ၁၄  အဲဒီနောက် တမန်တော် ၁၂ ယောက်ထဲက ယုဒရှကာရုတ်က+ ပုရောဟိတ်ကြီးတွေဆီ သွားပြီး၊+ ၁၅  “ယေရှုကို ခင်ဗျားတို့လက်ထဲ အပ်မယ်ဆိုရင် ဘယ်လောက် ပေးမလဲ”+ လို့ မေးတော့ သူတို့က ငွေစ ၃၀ ပေးမယ်လို့ ကတိပေးတယ်။+ ၁၆  အဲဒီနေ့ကစပြီး ယေရှုကို သစ္စာဖောက်အပ်နှံဖို့ သူ အခွင့်ကောင်း ရှာနေတော့တယ်။ ၁၇  တဆေးမဲ့မုန့်ပွဲတော် ပထမနေ့မှာ+ တပည့်တွေက ယေရှုဆီ လာပြီး “ပသခါညစာကို ဘယ်မှာ ပြင်ဆင်ရမလဲ” လို့ မေးတော့၊+ ၁၈  ယေရှုက “မြို့ထဲ သွားရင် လူတစ်ယောက်ကို တွေ့လိမ့်မယ်။ “‘ကျွန်တော် သေရမယ့်အချိန် နီးနေပြီ။ ခင်ဗျားရဲ့ အိမ်မှာ တပည့်တွေနဲ့အတူ ပသခါပွဲ လုပ်ချင်တယ်’ လို့ ဆရာ မှာလိုက်တယ်” ဆိုပြီး သူ့ကို ပြောလိုက်” လို့ ပြောတယ်။ ၁၉  တပည့်တွေလည်း ယေရှု မှာတဲ့အတိုင်း လုပ်ပြီး ပသခါပွဲအတွက် ပြင်ဆင်ကြတယ်။ ၂၀  ညဦးပိုင်း ရောက်တော့+ ယေရှုက တပည့် ၁၂ ယောက်နဲ့အတူ စားပွဲမှာ ထိုင်ပြီး၊+ ၂၁  စားသောက်နေချိန်မှာ “ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားတို့ထဲက တစ်ယောက်က ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်”+ လို့ ပြောတဲ့အခါ၊ ၂၂  တပည့်တွေ သိပ်ဝမ်းနည်းသွားပြီး “သခင်၊ ကျွန်တော် မဟုတ်ပါဘူးနော်” လို့ တစ်ယောက်ပြီးတစ်ယောက် မေးကြတယ်။ ၂၃  ယေရှုက “ကျွန်တော်နဲ့အတူ တစ်ပန်းကန်တည်း နှိုက်စားတဲ့သူက ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်။+ ၂၄  ကျမ်းစောင်မှာ ရေးထားတဲ့အတိုင်း လူသားက သွားရမှာပဲ။ ဒါပေမဲ့ လူသားကို သစ္စာဖောက်တဲ့သူကတော့+ အဖြစ်ဆိုး ကြုံရလိမ့်မယ်။+ အဲဒီလူ မမွေးလာခဲ့ရင် ပိုကောင်းဦးမယ်” လို့ ပြောတယ်။+ ၂၅  သစ္စာဖောက်မယ့် ယုဒက “ဆရာ၊ ကျွန်တော် မဟုတ်ပါဘူးနော်” လို့ မေးတော့ “ဟုတ်တယ်၊ ခင်ဗျားပဲ” လို့ ယေရှု ဖြေတယ်။ ၂၆  သူတို့ စားသောက်နေချိန်မှာ ယေရှုက မုန့်ကို ယူပြီး ဆုတောင်းတယ်။ မုန့်ကို ဖဲ့ပြီးနောက်+ “ယူစားကြပါ။ ဒါဟာ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်” လို့ ပြောပြီး တပည့်တွေကို ပေးတယ်။+ ၂၇  အဲဒီနောက် ဝိုင်ခွက်ကို ယူ၊ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး တပည့်တွေကို ပေးတယ်။ ပြီးတော့ “သောက်ကြပါ။+ ၂၈  ဒါဟာ ကျွန်တော့်ရဲ့ သွေးကို+ ကိုယ်စားပြုတယ်။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့+ လူအများအတွက် သွန်းလောင်းမယ့်+ ‘ပဋိညာဉ်နဲ့ဆိုင်တဲ့ သွေး’ ပဲ။+ ၂၉  ကျွန်တော် ပြောမယ်။ အဖဘုရားရဲ့ နိုင်ငံမှာ ခင်ဗျားတို့နဲ့အတူ စပျစ်ဝိုင်အသစ် သောက်ရမယ့်နေ့ မရောက်မချင်း အခုကစပြီး စပျစ်ဝိုင်ကို ကျွန်တော် လုံးဝ မသောက်တော့ဘူး”+ လို့ ပြောတယ်။ ၃၀  နောက်ဆုံးမှာ သူတို့ ချီးမွမ်းသီချင်း ဆိုပြီးနောက် သံလွင်တောင်ပေါ် တက်သွားကြတယ်။+ ၃၁  ယေရှုက သူတို့ကို “ဒီည ကျွန်တော် ကြုံတွေ့မယ့်အရာကြောင့် ကျွန်တော့်ကို ခင်ဗျားတို့ စွန့်ပြီး ပြေးကြလိမ့်မယ်။ ‘သိုးထိန်းကို ငါရိုက်သတ်မှာ ဖြစ်လို့ သိုးတွေ ကွဲလွင့်သွားလိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ဖြစ်လာမယ်။+ ၃၂  ဒါပေမဲ့ ကျွန်တော် သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ဂါလိလဲနယ်ကို ခင်ဗျားတို့ထက်အရင် သွားနှင့်မယ်”+ လို့ ပြောတယ်။ ၃၃  ပေတရုက “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး” လို့ ပြောလိုက်တယ်။+ ၃၄  ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ဒီည၊ ကြက်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ် ငြင်းလိမ့်မယ်” လို့ ပြောတော့၊+ ၃၅  ပေတရုက “အတူသေရင် သေပါစေ။ သခင့်ကို မသိဘူးလို့ ဘယ်တော့မှ မငြင်းဘူး” လို့ ပြန်ပြောတယ်။+ ကျန်တဲ့တပည့်တွေလည်း အဲဒီအတိုင်း လိုက်ပြောကြတယ်။ ၃၆  ယေရှုက သူတို့နဲ့အတူ ဂေသရှေမန်ဆိုတဲ့+ နေရာကို ရောက်လာတဲ့အခါ “ကျွန်တော် ဟိုနားမှာ သွားပြီး ဆုတောင်းလိုက်ဦးမယ်။ ဒီမှာ ထိုင်နေကြပါ” လို့ တပည့်တွေကို မှာပြီးတဲ့နောက်၊+ ၃၇  ပေတရုနဲ့ ဇေဗေဒဲရဲ့ သားနှစ်ယောက်ကို ခေါ်သွားတယ်။ ယေရှုဟာ ဝမ်းနည်းပြီး အကြီးအကျယ် သောကဖိစီးနေတယ်။+ ၃၈  “ကျွန်တော် ဝမ်းနည်းလွန်းလို့ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ ကျွန်တော်နဲ့အတူ သတိနဲ့စောင့်နေကြပါ” လို့ သူတို့ကို ပြောပြီးနောက်၊+ ၃၉  ရှေ့နားလေး သွားပြီး ပျပ်ဝပ်ရင်း “ကျွန်တော့်အဖ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီခွက်ကို*+ လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ”+ လို့ ဆုတောင်းတယ်။+ ၄၀  ယေရှုက တပည့်တွေဆီ ပြန်လာတဲ့အခါ သူတို့ အိပ်ပျော်နေတာကို တွေ့တော့ ပေတရုကို “ကျွန်တော်နဲ့အတူ တစ်နာရီလေးတောင် သတိနဲ့ မစောင့်နိုင်ကြဘူးလား။+ ၄၁  သွေးဆောင်မှုနောက် ပါမသွားအောင်+ သတိနဲ့ စောင့်ပြီး+ အမြဲ ဆုတောင်းနေကြပါ။+ စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” လို့ ပြောတယ်။+ ၄၂  ဒုတိယအကြိမ် ပြန်သွားပြီး “ကျွန်တော့်အဖ၊ ဒီခွက်ကိုမသောက်ရအောင် လွှဲဖယ်ပေးပါ။ အဲဒီလို မဖြစ်နိုင်ဘူးဆိုရင်တော့ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ”+ လို့ ဆုတောင်းတယ်။ ၄၃  ပြန်လာတဲ့အခါ သူတို့တွေ မျက်စိလေးပြီး အိပ်ပျော်နေတာကို တွေ့တော့၊ ၄၄  တတိယအကြိမ် ပြန်သွားပြီး အရင်အတိုင်းပဲ ဆုတောင်းတယ်။ ၄၅  အဲဒီနောက် တပည့်တွေဆီ ပြန်လာပြီး “ဒီလိုအချိန်မျိုးမှာတောင် အေးအေးဆေးဆေး အိပ်နေကြပါလား။ လူသားကို သစ္စာဖောက်ပြီး အပြစ်သားတွေလက်ထဲ အပ်မယ့်အချိန် နီးနေပြီ။ ၄၆  ထကြ၊ သွားကြစို့။ ကျွန်တော့်ကို သစ္စာဖောက်တဲ့သူ ရောက်လာတော့မယ်” လို့ ပြောတယ်။ ၄၇  အဲဒီအချိန်မှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒ ရောက်လာတယ်။ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ လွှတ်လိုက်တဲ့ လူအုပ်လည်း ဓားတွေ၊ တုတ်တွေ ကိုင်ပြီး အတူလိုက်ပါလာတယ်။+ ၄၈  သစ္စာဖောက် ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကို ဖမ်းလိုက်” လို့ အချက်ပေးထားပြီးပြီ။ ၄၉  ရောက်တာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ၅၀  ယေရှုက “ဘာအတွက် လာတာလဲ” လို့ ယုဒကို မေးတဲ့အခါ+ သူတို့ ရှေ့တိုးလာပြီး ယေရှုကို ဖမ်းဆီးကြတယ်။ ၅၁  ယေရှုနဲ့ ပါလာတဲ့ တစ်ယောက်က ဓားဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ ကျွန်ကို ခုတ်လိုက်တော့ နားရွက်ပြတ်သွားတယ်။+ ၅၂  အဲဒီအခါ ယေရှုက “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။+ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်။+ ၅၃  အခုပဲ ကျွန်တော့်ဆီ ကောင်းကင်တမန် ၁၂ တပ်မက လွှတ်ပေးဖို့ ကျွန်တော့်အဖကို မတောင်းနိုင်ဘူးလို့ ထင်နေတာလား။+ ၅၄  အဲဒီလို တောင်းခဲ့ရင် ဒါတွေ ဖြစ်လာရမယ်ဆိုတဲ့ ကျမ်းစကားတွေ ဘယ်လို ပြည့်စုံနိုင်တော့မလဲ” ဆိုပြီး ပြောတယ်။ ၅၅  ယေရှုက “ဓားပြကို ဖမ်းသလို ကျွန်တော့်ကို ဖမ်းဖို့ ဓားတွေ၊ တုတ်တွေ ကိုင်ပြီး လာရသလား။ ကျွန်တော် နေ့တိုင်း ဗိမာန်တော်မှာ ထိုင်ပြီး သွန်သင်နေတုန်းကတော့+ ခင်ဗျားတို့ မဖမ်းကြဘူး။+ ၅၆  တကယ်တော့ အခုလို ဖြစ်နေတာတွေဟာ ပရောဖက်ကျမ်း ပြည့်စုံလာဖို့ပဲ”+ လို့ လူအုပ်ကို ပြောတယ်။ အဲဒီအခါ တပည့်အားလုံး ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကုန်တယ်။+ ၅၇  ဖမ်းဆီးတဲ့သူတွေက ယေရှုကို ပုရောဟိတ်မင်း ကယာဖဆီ+ ခေါ်သွားတယ်။ အဲဒီမှာ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ ရှိနေတယ်။+ ၅၈  ပေတရုက ယေရှုနောက် ခပ်လှမ်းလှမ်းကနေ ပုရောဟိတ်မင်းရဲ့ ခြံဝင်းအထိ လိုက်လာတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိနိုင်ဖို့ ခြံဝင်းထဲမှာ အိမ်စေတွေနဲ့အတူ ထိုင်ပြီးစောင့်ကြည့်နေတယ်။+ ၅၉  ပုရောဟိတ်ကြီးတွေ၊ ဂျူးတရားရုံးချုပ်* အဖွဲ့ဝင်အားလုံးက ယေရှုကို သေဒဏ်စီရင်နိုင်ဖို့ မဟုတ်မမှန် သက်သေထွက်ဆိုမယ့်သူတွေကို ရှာကြတယ်။+ ၆၀  မဟုတ်မမှန် သက်သေထွက်ဆိုသူတွေ အများကြီး လာပေမဲ့ ခိုင်လုံတဲ့ ထွက်ဆိုချက်တော့ မရှိဘူး။+ နောက်ဆုံးမှာ လူနှစ်ယောက် လာပြီး၊ ၆၁  “‘ဘုရားသခင့် ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်နိုင်တယ်’ လို့ ဒီလူ ပြောပါတယ်” ဆိုပြီးထွက်ဆိုတယ်။+ ၆၂  ပုရောဟိတ်မင်းက ထရပ်ပြီး “မင်း ဘာမှ ပြန်မပြောတော့ဘူးလား။ သူတို့ရဲ့ ထွက်ဆိုချက်ကို မင်း ဘာပြောမလဲ”+ လို့ မေးတယ်။ ၆၃  ယေရှုက တစ်ခွန်းမှ ပြန်မဖြေဘူး။+ ဒါနဲ့ ပုရောဟိတ်မင်းက “အသက်ရှင်တဲ့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုပါ။ မင်းဟာ ဘုရားသခင်ရဲ့ သား ခရစ်တော်ဆိုတာ အမှန်ပဲလား”+ လို့ မေးတော့၊ ၆၄  ယေရှုက “ခင်ဗျား ပြောတဲ့အတိုင်း မှန်တယ်။ ကျွန်တော် ပြောဦးမယ်။ လူသားဟာ+ တန်ခိုးကြီးတဲ့ အရှင်ရဲ့ ညာဘက်မှာ ထိုင်နေတာ၊+ မိုးတိမ်နဲ့ လာတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်”+ လို့ ပြောတယ်။ ၆၅  အဲဒီအခါ ပုရောဟိတ်မင်းက ကိုယ့်အဝတ်ကို ဆွဲဆုတ်ရင်း “ဒီလူဟာ ဘုရားကို စော်ကားပြောဆိုနေတာပဲ။ ဘာသက်သေ လိုသေးသလဲ။ ဘုရားကို သူစော်ကားပြောဆိုနေတာ ခင်ဗျားတို့ ကြားတယ်နော်။ ၆၆  ဘယ်လို ထင်ကြသလဲ” လို့ မေးတဲ့အခါ သူတို့က “ဒီလူ သေဒဏ်ခံထိုက်တာပေါ့”+ လို့ ဖြေကြတယ်။ ၆၇  ပြီးတော့ ယေရှုရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးတယ်၊+ လက်သီးနဲ့ ထိုးတယ်။+ တချို့ကလည်း ပါးကို ရိုက်ပြီး၊+ ၆၈  “ဟေ့ ခရစ်တော်၊ မင်းကို ဘယ်သူ ရိုက်တာလဲ ဟောစမ်းပါဦး” လို့ မေးတယ်။ ၆၉  ပေတရုက ခြံဝင်းထဲ ထိုင်နေတုန်း အစေခံမလေး တစ်ယောက် ရောက်လာပြီး “ရှင်ဟာ ဂါလိလဲပြည်သား ယေရှုနဲ့ တစ်ဖွဲ့တည်းပဲ” လို့ ပြောတယ်။+ ၇၀  လူအားလုံးရှေ့မှာ ပေတရုက “ခင်ဗျား ပြောနေတာတွေကို ကျွန်တော် မသိဘူး” လို့ ငြင်းတယ်။ ၇၁  ခြံဝင်းတံခါးဆီ သူသွားတဲ့အခါ အစေခံမလေး နောက်တစ်ယောက်က မြင်သွားပြီး အဲဒီမှာရှိတဲ့လူတွေကို “ဒီလူဟာ နာဇရက်မြို့သား ယေရှုနဲ့ တစ်ဖွဲ့တည်းပဲ”+ လို့ ပြောတယ်။ ၇၂  ပေတရုက “သူ့ကို ကျွန်တော် မသိဘူး” လို့ ကျိန်ပြောတယ်။ ၇၃  ခဏကြာတော့ အဲဒီမှာ ရပ်နေသူတွေ အနားလာပြီး ပေတရုကို “တကယ်တော့ ခင်ဗျားလည်း သူတို့နဲ့ တစ်ဖွဲ့တည်းပဲဆိုတာ ခင်ဗျားရဲ့ လေသံကို နားထောင်တာနဲ့ သိနိုင်တယ်” လို့ ပြောကြတယ်။ ၇၄  ပေတရုက ကျိန်တွယ်သစ္စာဆိုပြီး “သူ့ကို ကျွန်တော် မသိဘူး” လို့ ငြင်းတယ်။ အဲဒီအချိန်မှာပဲ ကြက်တွန်သံ ကြားလိုက်ရတယ်။ ၇၅  “ကြက်မတွန်ခင် ကျွန်တော့်ကို မသိဘူးဆိုပြီး ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ ဆိုတဲ့ ယေရှုရဲ့ စကားကို သူသတိရသွားတဲ့အတွက် အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဘုရားကို စော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ ယေရှုသေဆုံးဖို့ ဘုရားအလိုရှိတာကို ဆိုလို။
ခက်ဆစ်ကိုကြည့်။