မဿဲ ၂:၁-၂၃

  • နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာ (၁-၁၂)

  • အီဂျစ်ပြည်ကို ထွက်ပြေး (၁၃-၁၅)

  • ဟေရုဒ်မင်းက သားယောက်ျားတွေကို သတ် (၁၆-၁၈)

  • နာဇရက်မြို့ဆီ ပြန်လာ (၁၉-၂၃)

 ဟေရုဒ်မင်း* လက်ထက်၊+ ယုဒပြည်၊ ဘက်သလီဟင်မြို့မှာ+ ယေရှုကို မွေးဖွားပြီးနောက် နက္ခတ်ဗေဒင်ဆရာတွေက အရှေ့အရပ်ကနေ ဂျေရုဆလင်မြို့ကို ရောက်လာပြီး၊ ၂  “အခု မွေးဖွားတဲ့ ဂျူးတို့ရဲ့ ဘုရင်+ ဘယ်မှာလဲ။ အရှေ့အရပ်မှာ ကျုပ်တို့ ရှိနေတုန်း သူ့ကြယ်ကို မြင်ခဲ့ရတယ်။ သူ့ကို ဦးညွှတ်ဖို့ ရောက်လာတာ” လို့ ပြောတယ်။ ၃  ဒါကို ကြားတဲ့အခါ ဟေရုဒ်မင်းနဲ့ ဂျေရုဆလင်မြို့သားအားလုံး စိတ်အနှောင့်အယှက် ဖြစ်ကြတယ်။ ၄  ဟေရုဒ်မင်းကြီးက ပုရောဟိတ်မင်းတွေ၊ ကျမ်းတတ်ဆရာတွေကို စုရုံးပြီး ဘယ်အရပ်ဒေသမှာ ခရစ်တော် မွေးဖွားမလဲလို့ မေးမြန်းတဲ့အခါ၊ ၅  “ယုဒပြည်၊ ဘက်သလီဟင်မြို့မှာ+ မွေးပါလိမ့်မယ်။ ပရောဖက်တစ်ယောက်က၊ ၆  ‘ယုဒပြည်မှာရှိတဲ့ ဘက်သလီဟင်မြို့၊ ငါ့လူမျိုး အစ္စရေးကို ထိန်းကျောင်းမယ့် အုပ်စိုးရှင်တစ်ပါး မင်းဆီကနေ ပေါ်ထွက်လာမယ်။+ ဒါကြောင့် ယုဒပြည်ကို အုပ်စိုးသူတွေဟာ မင်းကို အရေးမပါတဲ့မြို့လို့ လုံးဝ မယူဆစေရဘူး’ လို့ ရေးခဲ့ပါတယ်” ဆိုပြီး ပြန်ဖြေကြတယ်။ ၇  ဒါနဲ့ ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေကို တိတ်တဆိတ် ခေါ်တွေ့ပြီး ကြယ်ကို ပထမဆုံး မြင်ခဲ့ချိန် အတိအကျကို မေးတယ်။ ၈  သူတို့ကို ဘက်သလီဟင်မြို့ဆီ စေလွှတ်ပြီး “အဲဒီကလေးကို မတွေ့တွေ့အောင် သွားရှာကြ။ တွေ့ရင် ငါ့ဆီ ပြန်သတင်းပို့ကြဦး။ ငါလည်း သူ့ဆီ သွားပြီး ဦးညွှတ်မယ်” လို့ မှာလိုက်တယ်။ ၉  သူတို့လည်း ဟေရုဒ်မင်း မှာကြားတာကို နားထောင်ပြီးနောက် ထွက်သွားကြတယ်။ အဲဒီအခါ အရှေ့အရပ်မှာ သူတို့ မြင်ခဲ့တဲ့ ကြယ်က+ ရှေ့ကနေ လမ်းပြတယ်။ နောက်ဆုံး၊ ကလေး ရှိတဲ့နေရာကို ရောက်တော့ ရပ်တန့်သွားတယ်။ ၁၀  ကြယ်ရပ်တန့်နေတာကို သူတို့ မြင်တဲ့အခါ သိပ်ဝမ်းသာကြတယ်။ ၁၁  အိမ်ထဲ ဝင်သွားတဲ့အခါ မိခင်မာရိနဲ့အတူ ရှိနေတဲ့ ကလေးကို တွေ့တော့ ဦးညွှတ်ပျပ်ဝပ်ကြတယ်။ အတူပါလာတဲ့ ရွှေ၊ လောဗန်၊* မုရန်တွေကို* လက်ဆောင်အဖြစ် ထုတ်ပေးကြတယ်။ ၁၂  ဒါပေမဲ့ ဟေရုဒ်မင်းဆီ ပြန်မသွားဖို့ အိပ်မက်ကနေ ဘုရား သတိပေးတဲ့အတွက်+ သူတို့တိုင်းပြည်ကို တခြားလမ်းနဲ့ ပြန်သွားကြတယ်။ ၁၃  သူတို့ ပြန်သွားပြီးနောက် ယေဟောဝါရဲ့* ကောင်းကင်တမန်က ယောသပ်ရဲ့ အိပ်မက်ထဲ ပေါ်လာပြီး+ “ထတော့။ ကလေးနဲ့ ဇနီးကို ခေါ်ပြီး အီဂျစ်ပြည်ကို ထွက်ပြေးပါ။ ဟေရုဒ်က ကလေးကို သတ်ဖို့ ရှာတော့မယ်။ ငါ အကြောင်းမပြန်မချင်း အဲဒီမှာပဲ နေပါ” လို့ ပြောတယ်။ ၁၄  ယောသပ်လည်း ထပြီး ကလေးနဲ့ ဇနီးကို ခေါ်ပြီး အီဂျစ်ပြည်ကို ညတွင်းချင်း ထွက်သွားတယ်။ ၁၅  ဟေရုဒ်မင်း ကွယ်လွန်ချိန်အထိ အဲဒီမှာပဲ နေကြတယ်။ ဒီလိုနဲ့ “ငါ့သားကို အီဂျစ်ပြည်ကနေ ငါခေါ်ခဲ့တယ်”+ ဆိုပြီး ပရောဖက်ကတစ်ဆင့် ယေဟောဝါ* ပြောတဲ့စကား ပြည့်စုံလာတယ်။ ၁၆  ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေ လိမ်ညာမှန်းလည်း သိရော အကြီးအကျယ် ဒေါသထွက်သွားတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်ဆရာတွေဆီ အတိအကျ မေးထားတဲ့ အချိန်ကို တွက်ချက်ပြီးနောက်+ သူ့လူတွေကို လွှတ်ပြီး ဘက်သလီဟင်မြို့နဲ့ ပတ်ဝန်းကျင် အရပ်ရပ်မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျား မှန်သမျှကို သတ်ခိုင်းတယ်။ ၁၇  ပရောဖက် ယေရမိကတစ်ဆင့် ဘုရား ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်– ၁၈  “ရာမအရပ်မှာ အကြီးအကျယ် ငိုကြွေးမြည်တမ်းသံကို ကြားနေရတယ်။ ရာခေလက+ သားသမီးတွေအတွက် ငိုကြွေးနေတယ်။ သူတို့ မရှိတော့တဲ့အတွက် နှစ်သိမ့်ပေးလို့ မရနိုင်အောင် ဖြစ်နေတယ်”+ ဆိုတဲ့ စကားပဲ။ ၁၉  ဟေရုဒ်မင်း ကွယ်လွန်ပြီးနောက် ယေဟောဝါရဲ့* ကောင်းကင်တမန်က အီဂျစ်ပြည်မှာရှိတဲ့ ယောသပ်ဆီ အိပ်မက်မှာ ပေါ်လာပြီး၊+ ၂၀  “ထတော့။ ကလေးနဲ့ ဇနီးကို ခေါ်ပြီး အစ္စရေးပြည်ကို ပြန်ပါ။ ကလေးကို သတ်ချင်တဲ့သူတွေ သေကုန်ပြီ” လို့ ပြောတယ်။ ၂၁  ဒါကြောင့် ယောသပ်က ကလေးနဲ့ ဇနီးကို ခေါ်ပြီး အစ္စရေးပြည်ကို ပြန်လာတယ်။ ၂၂  ဒါပေမဲ့ အာခေလက ခမည်းတော် ဟေရုဒ်မင်းရဲ့ အရိုက်အရာကို ဆက်ခံပြီး ယုဒပြည်မှာ စိုးစံနေတဲ့အကြောင်း ယောသပ် ကြားတော့ အဲဒီကို မသွားဝံ့ဘူး။ ဘုရားကလည်း အိပ်မက်ကနေ သတိပေးတဲ့အတွက်+ ဂါလိလဲနယ်ကို+ သူထွက်သွားပြီး၊ ၂၃  နာဇရက်လို့ ခေါ်တဲ့ မြို့မှာ+ အခြေချလိုက်တယ်။ ဒါကြောင့် “သူ့ကို နာဇရက်မြို့သားလို့ ခေါ်ကြလိမ့်မယ်” ဆိုပြီး ပရောဖက်တွေ ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင်သစ်စေးတစ်မျိုး။
နံ့သာမှုန့်တစ်မျိုး။