မဿဲ ၂၇:၁-၆၆

  • ယေရှု​ကို ပိလတ်​လက်​ထဲ အပ်​လိုက်​ကြ (၁၊ ၂)

  • ယုဒ ကြိုး​ဆွဲ​ချ​သေ (၃-၁၀)

  • ပိလတ်​ရှေ့​မှောက် ယေရှု​ရောက် (၁၁-၂၆)

  • လူ​အများ လှောင်​ပြောင်​ကြ (၂၇-၃၁)

  • ဂေါ​လ​ဂေါသ​အရပ်​မှာ သစ်​တိုင်​ပေါ် သံ​နဲ့​အရိုက်ခံရ (၃၂-၄၄)

  • ယေရှု​သေဆုံး (၄၅-၅၆)

  • ယေရှု​ကို သင်္ဂြိုဟ် (၅၇-၆၁)

  • သင်္ချိုင်း​ဂူ​ကို လုံ​လုံ​ခြုံ​ခြုံ စောင့်​ကြပ်​ကြ (၆၂-၆၆)

၂၇  ​မနက်​ရောက်​တော့ ပုရော​ဟိတ်​ကြီး​တွေ၊ အကြီး​အကဲ​တွေ​က ယေရှု​ကို သတ်​ဖို့ တိုင်​ပင်​ပြီး၊+ ၂  သူ့​ကို ချည်​နှောင်​ပြီး​နောက် ဘုရင်​ခံ ပိလတ်​ဆီ အပ်​လိုက်​တယ်။+ ၃  သစ္စာ​ဖောက် ယုဒ​က ယေရှု ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​တဲ့​အကြောင်း သိ​သွား​တော့ နောင်တ​ရ​ပြီး ငွေ​စ ၃၀ ကို ပုရော​ဟိတ်​ကြီး​တွေ​နဲ့ အကြီး​အကဲ​တွေ​ဆီ ပြန်​ယူ​လာ​တယ်။+ ၄  “အပြစ်​မဲ့​သူ​ကို သွေး​မြေ​ကျ​အောင် အပ်​လိုက်​တဲ့​အတွက် ကျွန်တော် ပြစ်​မှား​မိ​ပါ​ပြီ” လို့ ပြော​တော့ သူတို့​က “ကျုပ်​တို့​နဲ့ ဘာ​ဆိုင်​လို့​လဲ။ ကိုယ့်​ကိစ္စ ကိုယ်​ရှင်း” ဆို​ပြီး ပြန်​ပြော​တယ်။ ၅  ယုဒ​လည်း အဲဒီ​ငွေ​တွေ​ကို ဗိမာန်​တော်​မှာ ပစ်​ချ​ပြီး ထွက်​သွား​တယ်။ အဲဒီ​နောက် ကိုယ့်​ကိုယ်​ကိုယ် ကြိုး​ဆွဲ​ချ သေလိုက်​တယ်။+ ၆  ပု​ရော​ဟိတ်​ကြီး​တွေ​က အဲဒီ​ငွေ​ကို ယူ​ပြီး “သွေး​စွန်း​တဲ့ ငွေ​တွေ​ပဲ။ ဘဏ္ဍာ​တိုက်​ထဲ မသွင်း​သင့်​ဘူး” လို့ ပြော​တယ်။ ၇  ဆွေး​နွေး​တိုင်​ပင်​ပြီး​တဲ့​နောက် သူစိမ်း​ဧည့်​သည်​တွေရဲ့ သင်္ချိုင်း​မြေအဖြစ် အိုးထိန်း​သမား​မြေကွက်​ကို အဲဒီ​ငွေ​နဲ့ ဝယ်​ကြ​တယ်။ ၈  ဒါ​ကြောင့် အဲဒီ​မြေကွက်​ကို သွေး​မြေလို့+ ဒီ​နေ့​အထိ ခေါ်​တယ်။ ၉  ပရောဖက် ယေ​ရ​မိ​က​တစ်ဆင့် ပြော​ခဲ့​တဲ့ ဒီ​စကား​တွေ ပြည့်​စုံ​လာ​တယ်– “အဲဒီ​လူ​ကို အစ္စရေးတွေ တန်​ဖိုး​ဖြတ်​တဲ့​ ငွေ​စ ၃၀ ကို သူတို့ ယူ​ပြီး၊ ၁၀  ကျွန်​တော့်​ကို ယေဟောဝါ* ပြော​တဲ့​အတိုင်း အိုး​ထိန်း​သမား​မြေကွက်​ကို ဝယ်​ကြ​တယ်။”+ ၁၁  ပိလတ်​မင်း​က ရှေ့​မှာ ရပ်​နေ​တဲ့ ယေရှု​ကို “မင်း​ဟာ ဂျူး​တွေရဲ့ ဘုရင်​ ဟုတ်​သလား” လို့ မေး​တော့ ယေရှု​က “မင်း​ကြီး ပြော​တာ​အမှန်​ပဲ” လို့ ဖြေ​တယ်။+ ၁၂  ဒါ​ပေမဲ့ ပုရော​ဟိတ်​ကြီး​တွေ၊ အကြီး​အကဲ​တွေ ပြစ်​တင်​စွပ်စွဲတဲ့အခါ ဘာ​မှ ပြန်​မပြော​ဘူး။+ ၁၃  ပိလတ်​မင်း​က “မင်း​ကို ဒီ​လောက် စွပ်​စွဲ​နေ​တာ မကြား​ဘူး​လား” ဆို​ပြီး မေး​တော့​လည်း၊ ၁၄  ယေရှု တစ်ခွန်း​မှ ပြန်​မပြော​တဲ့​အတွက် ပိလတ်​မင်း သိပ်​အံ့​သြသွား​တယ်။ ၁၅  ပွဲ​တော်​နေ့​ရောက်​တိုင်း ဘုရင်​ခံ​က လူ​တွေ တောင်း​ဆို​တဲ့ အကျဉ်း​သား​တစ်ယောက်​ကို လွှတ်​ပေး​ရ​တဲ့ ထုံး​စံ ရှိတယ်။+ ၁၆  ဗာ​ရဗ္ဗလို့ ခေါ်​တဲ့ နာမည်​ဆိုး ရာဇဝတ်​သား​တစ်​ယောက်​ကို ဖမ်း​ထား​ချိန် ဖြစ်​နေ​တော့၊ ၁၇  လူ​တွေ စု​ဝေး​လာ​တဲ့​အခါ ပိလတ်​မင်း​က “ခင်​ဗျား​တို့ ဘယ်​သူ့​ကို လွှတ်​စေ​ချင်​သလဲ။ ဗာ​ရဗ္ဗ​ကို​လား၊ ခ​ရစ်​တော်လို့ ခေါ်​တဲ့ ယေရှု​ကို​လား” ဆို​ပြီး မေး​တယ်။ ၁၈  ယေရှု​ကို မနာ​လို​စိတ်​နဲ့ သူတို့ အခု​လို အပ်​လိုက်​မှန်း ပိလတ်​မင်း ရိပ်​မိ​တယ်။ ၁၉  ဒါ့​အပြင် တရား​ပလ္လင်​မှာ ထိုင်​နေ​တုန်း သူ့​ဇနီး​က “ဖြောင့်​မတ်​တဲ့ ဒီ​လူ​ရဲ့ အမှု​မှာ ဝင်​မပါ​နဲ့။ ည​က သူ့​ကို အိပ်​မက် မက်​တယ်။ အဲဒီ​အိပ်​မက်​ကြောင့် ကျွန်မ သိပ်​ကြောက်​နေ​တယ်” လို့ မှာ​ထား​တယ်။ ၂၀  တကယ်​တော့ ပုရော​ဟိတ်​ကြီး​တွေ၊ အကြီး​အကဲ​တွေ​က ဗာရဗ္ဗ​ကို လွှတ်​ပေး​ပါ၊+ ယေရှု​ကို ကွပ်​မျက်​ပါ ဆို​ပြီး တောင်း​ဆို​ဖို့ လူ​အုပ်​ကို စည်း​ရုံး​ထား​တာ။+ ၂၁  ပိလတ်​မင်း​က “ဒီ​လူ​နှစ်​ယောက်​ထဲ​မှာ ဘယ်​သူ့​ကို လွှတ်​စေ​ချင်​သလဲ” လို့ မေး​တဲ့​အခါ “ဗာရဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​တယ်” လို့ ဖြေကြ​တယ်။ ၂၂  “ဒါ​ဆို​ရင် ခရစ်​တော်လို့ ခေါ်​တဲ့ ယေရှု​ကို ဘယ်လို လုပ်​ရ​မလဲ” ဆို​ပြီး မေး​တော့ အားလုံး​က “သစ်​တိုင်​ပေါ် တင်​လိုက်​ပါ” လို့ ဖြေတယ်။+ ၂၃  “ဘာ​ဖြစ်​လို့​လဲ။ သူ ဘာ​မကောင်း​တာ လုပ်​ခဲ့လို့​လဲ” ဆို​ပြီး ထပ်​မေး​တဲ့​အခါ သူတို့​က “သူ့​ကို သစ်​တိုင်​ပေါ် တင်​လိုက်​ပါ” လို့​ပဲ အသံ​ကုန်​အော်​ကြ​တယ်။+ ၂၄  ဘာ​မှ မထူး​တဲ့​အပြင် ပို​လို့​တောင် ရုတ်​ရုတ်​သဲ​သဲ ဖြစ်​လာ​တာ​ကို မြင်​တဲ့​အခါ ပိလတ်​မင်း​က ရေ​ကို ယူ၊ လူ​အုပ်​ရှေ့​မှာ လက်​ဆေး​ပြီး “ဒီ​လူ သွေး​မြေကျ​ရ​တာ ငါ့​တာဝန် မဟုတ်​ဘူး​နော်။ မင်း​တို့​တာဝန်​ပဲ” လို့ ပြော​လိုက်​တယ်။ ၂၅  လူ​အားလုံး​က “မှန်​ပါ​တယ်။ ဒီ​လူ သွေး​မြေကျ​ရ​တာ ကျွန်တော်​တို့​နဲ့ ကျွန်တော်​တို့ သား​သမီး​တွေရဲ့ တာဝန်​ပါ” လို့ ပြန်​ပြော​တယ်။+ ၂၆  အဲဒီ​အခါ ပိလတ်​မင်း​က ဗာ​ရဗ္ဗ​ကို လွှတ်​ပေး​လိုက်​တယ်။ ယေရှု​ကို​တော့ ကျာ​ပွတ်​နဲ့ ရိုက်​စေ​ပြီး+ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ဖို့ အပ်​လိုက်တယ်။+ ၂၇  အဲဒီ​နောက် စစ်​သည်​တွေ​က ယေရှု​ကို ဘုရင်​ခံ​နန်း​ဆောင်​ဆီ ခေါ်​လာ​ပြီး စစ်​တပ်​တစ်​တပ်​လုံး​နဲ့ ဝိုင်း​ထား​တယ်။+ ၂၈  သူတို့​က ယေရှု​ရဲ့ အဝတ်​ကို ချွတ်​ပြီး ကြက်​သွေး​ရောင်​ဝတ်​ရုံ ခြုံ​ပေး​တယ်။+ ၂၉  ဆူး​ခက်​သရဖူ လုပ်​ပြီး ဆောင်း​ပေး​တယ်။ ကျူ​ရိုး​ကို​လည်း ညာ​လက်​နဲ့ ကိုင်​ခိုင်း​တယ်။ ပြီး​တော့ ရှေ့​မှာ ဒူး​ထောက်​ရင်း “ဂျူး​တို့​ရဲ့ ဘုရင်၊ မင်္ဂလာ​ပါ” လို့ လှောင်​ကြ​တယ်။ ၃၀  ယေရှု​ကို တံတွေး​နဲ့ ထွေး​ပြီး+ ခေါင်း​ကို ကျူ​ရိုး​နဲ့ ရိုက်​ကြ​တယ်။ ၃၁  အဲဒီ​လို လှောင်​ပြောင်​ပြီး​နောက် ဝတ်​ရုံ​ကို ပြန်​ချွတ်​ယူ​ပြီး သူ့​အဝတ်​ကို ပြန်​ဝတ်​ခိုင်း​တယ်။ ပြီး​တော့ သစ်​တိုင်​ပေါ် တင်​ပြီး သံ​နဲ့ ရိုက်​ထား​ဖို့ ခေါ်​ထုတ်​သွား​တယ်။+ ၃၂  သူတို့​က ယေရှု​ကို ခေါ်​ထုတ်​သွား​ချိန်​မှာ ရှိ​မုန်​လို့ ခေါ်​တဲ့ ကုရေနေ​မြို့​သား​တစ်​ယောက်​ကို တွေ့​တော့ ယေရှု​ကို တင်​ပြီး သတ်​မယ့် သစ်​တိုင်​ကို အတင်း ထမ်း​ခိုင်း​ကြ​တယ်။+ ၃၃  ‘ဂေါလ​ဂေါသ’ ဆို​တဲ့ ဦး​ခေါင်း​ခွံ​အရပ်​ကို+ ရောက်​လာ​တဲ့​အခါ၊ ၃၄  ယေရှု​ကို ဆေး​ခါး ရော​စပ်​ထား​တဲ့ ဝိုင် တိုက်​ပေမဲ့+ မြည်း​စမ်း​ပြီး​နောက် မသောက်​ဘဲ နေ​တယ်။ ၃၅  အဲဒီ​နောက် သူတို့​က ယေရှု​ကို သစ်​တိုင်​ပေါ် တင်​ပြီး သံ​နဲ့ ရိုက်​ထား​ကြ​တယ်။ ဝတ်​လုံ​တွေ​ကို​တော့ မဲချ​ပြီး ခွဲ​ယူ​လိုက်​ကြ​တယ်။+ ၃၆  အဲဒီ​မှာ ထိုင်​ပြီး ယေရှု​ကို စောင့်​ကြပ်​နေ​ကြ​တယ်။ ၃၇  ခေါင်း​အပေါ်​နား​မှာ “ဂျူး​တို့​ရဲ့ ဘုရင် ယေရှု” လို့ ရေး​ပြီး တပ်​ထား​တယ်။+ ဒါ​ဟာ ယေရှု​ကို တင်​တဲ့ စွဲ​ချက်​ပဲ။ ၃၈  အဲဒီ​နောက် ဓား​ပြနှစ်​ယောက်​ကို ယေရှု​ရဲ့ ညာ​ဘက်​မှာ တစ်​ယောက်၊ ဘယ်​ဘက်​မှာ တစ်​ယောက် သစ်​တိုင်​ပေါ် တင်​ကြ​တယ်။+ ၃၉  ဖြတ်​သန်း​သွား​လာ​သူ​တွေ​က ယေရှု​ကို ကဲ့ရဲ့​ကြ​တယ်။+ ခေါင်း​တ​ခါ​ခါ လုပ်​ပြီး၊+ ၄၀  “ဗိမာန်​တော်​ကို ဖြို​ဖျက်​ပြီး သုံး​ရက်​အတွင်း ပြန်​ဆောက်​မယ့်​သူ၊+ ကိုယ့်​ကိုယ်​ကိုယ် ကယ်​ပါ​တော့​လား။ ဘုရား​သခင်​ရဲ့ သား မှန်​ရင် သစ်​တိုင်​ပေါ်​ကနေ ဆင်း​လေ”+ လို့ ပြော​တယ်။ ၄၁  ပုရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ၊ အကြီး​အကဲ​တွေ​က​လည်း ယေရှု​ကို ဝိုင်း​လှောင်​ပြီး၊+ ၄၂  “ဒီ​လူ၊ တ​ခြား​သူ​ကို​တော့ ကယ်​နိုင်​ပါ​ရဲ့။ ကိုယ့်​ကိုယ်​ကိုယ်​တော့ မကယ်​နိုင်​ပါ​လား။ သူ​ဟာ အစ္စရေး​ဘုရင်​ပဲ။+ သစ်​တိုင်​ပေါ်​က အခု ဆင်း​လာ​ပါ​စေ။ ဒါ​ဆို သူ့​ကို ကျုပ်​တို့ ယုံ​ကြည်​မယ်။ ၄၃  ဘုရား​သခင်​ကို သူ အား​ကိုး​တာ​ပဲ။ ‘ငါ​ဟာ ဘုရား​သခင်​ရဲ့ သား​ပဲ’+ လို့ ပြော​တဲ့​အတွက် သူ့​ကို ဘုရား ကယ်​ချင်​ရင် ကယ်​ပါ​စေ”+ လို့ ခ​နဲ့​တယ်။ ၄၄  ဘေး​မှာ သစ်​တိုင်​တင်​ခံ​ရ​တဲ့ ဓား​ပြတွေ​တောင် ယေရှု​ကို အဲဒီ​လို​ပဲ ကဲ့​ရဲ့​ပြော​ဆို​ကြ​တယ်။+ ၄၅  မွန်း​တည့် ၁၂ နာ​ရီ* က​နေ မွန်း​လွဲ ၃ နာ​ရီ* အထိ တစ်​ပြည်​လုံး အမှောင်​ကျ​သွား​တယ်။+ ၄၆  မွန်း​လွဲ ၃ နာ​ရီ​လောက်​မှာ ယေရှု​က “ဧ​လိ၊ ဧ​လိ၊ လာ​မာ ရှာ​ဗတ်​ခ​သာ​နိ” လို့ အော်​ပြော​တယ်။ “ကျွန်​တော့်​ဘုရား၊ ကျွန်​တော့်​ဘုရား၊ ကျွန်​တော့်​ကို ဘာ​လို့ စွန့်​ပစ်​တာ​လဲ” ဆို​တဲ့ အဓိပ္ပာယ်​ပဲ။+ ၄၇  ဒါ​ကို ကြား​တော့ အဲဒီ​မှာ ရပ်​နေ​သူ​တ​ချို့​က “သူ ဧလိယ​ကို ခေါ်​နေ​တာ” လို့ ပြော​ကြ​တယ်။+ ၄၈  တစ်​ယောက်​က ခပ်​သုတ်​သုတ် ပြေး​သွား​ပြီး ရေ​မြှုပ်​ကို ယူ၊ အချဉ်​ပေါက်​နေ​တဲ့ ဝိုင်​ထဲ နှစ်​လိုက်​တယ်။ ပြီး​တော့ ရေ​မြှုပ်​ကို ကျူ​ရိုး​ထိပ်​မှာ တပ်​ပြီး ယေရှု​ကို သောက်​ခိုင်း​တယ်။+ ၄၉  ကျန်​တဲ့ လူ​တွေ​က “နေ​ပါ​စေ၊ သူ့​ကို ဧလိယ လာ​ကယ်​မကယ် စောင့်​ကြည့်​ရ​အောင်” လို့ ပြော​ကြ​တယ်။ ၅၀  ယေရှု​က နောက်​တစ်​ကြိမ် အကျယ်​ကြီး အော်​ပြီး​နောက် အသက်​ထွက်​သွား​တယ်။+ ၅၁  အဲဒီ​အချိန်​မှာ ဗိမာန်​တော် ကန့်​လန့်​ကာ​ဟာ+ အထက်​အောက် နှစ်​ခြမ်း ကွဲ​သွား​တယ်။+ ငလျင်​လှုပ်​လာ​ပြီး ကျောက်​ဆောင်​တွေ အက်​ကွဲ​သွား​တယ်။ ၅၂  သင်္ချိုင်း​ဂူ​တွေ ပွင့်​ထွက်​ပြီး သေဆုံး​သွား​တဲ့ သန့်​ရှင်း​သူ​တွေရဲ့ အလောင်း​တွေ ပေါ်​လာ​တာ​ကို၊ ၅၃  လူ​အများ​ကြီး မြင်​ရ​တယ်။ (ယေရှု အသက်​ပြန်​ရှင်​လာ​ပြီး​ချိန်​မှာ လူ​တချို့ သင်္ချိုင်း​ဂူ​တွေကြား​က​နေ ထွက်​ပြီး သန့်​ရှင်း​တဲ့ မြို့​ထဲ ဝင်​သွား​တယ်။) ၅၄  ယေရှု​ကို စောင့်​ကြပ်​နေ​တဲ့ တပ်​မှူး​နဲ့ အပေါင်း​ပါ​တွေ​က ငလျင်​လှုပ်​တာ၊ ဖြစ်​ပျက်​နေ​တာ​တွေ​ကို မြင်​တဲ့​အခါ ကြောက်​လန့်​သွား​ပြီး “သေချာ​တယ်၊ သူ​ဟာ ဘုရား​သခင်​ရဲ့ သား​ပဲ” လို့ ပြော​ကြ​တယ်။+ ၅၅  ယေရှု​ကို အလုပ်​အကျွေး​ပြု​ဖို့ ဂါလိ​လဲ​ပြည်​က​နေ အတူ​လိုက်​ပါ​ခဲ့​ဖူး​တဲ့ အမျိုး​သမီး အများ​ကြီး​လည်း အဝေး​က​နေ ကြည့်​နေ​တယ်။+ ၅၆  သူတို့​ထဲ​မှာ မာဂဒလမာ​ရိ၊ ယာကုပ်​နဲ့ ယောသေရဲ့ မိခင်​မာရိ၊ ဇေဗေဒဲရဲ့ ဇနီး​တို့​လည်း ပါတယ်။+ ၅၇  ယေရှု​တပည့်​ ဖြစ်​လာ​သူ ယောသပ်​လို့ ခေါ်​တဲ့ အရိ​မသဲ​မြို့​သား သူဌေး​တစ်​ယောက်​က ညနေ​စောင်း​တဲ့​အခါ၊+ ၅၈  ပိလတ်​မင်း​ဆီ ဝင်​ပြီး ယေရှု​အလောင်း​ကို တောင်း​တယ်။+ ပိလတ်​မင်း ခွင့်​ပြု​တဲ့​အတွက်၊+ ၅၉  ယော​သပ်​က အလောင်း​ကို သယ်​သွား​ပြီး သန့်​ရှင်း​တဲ့ ပိတ်​ချော​နဲ့ ပတ်​ရစ်​တယ်။+ ၆၀  အဲဒီ​နောက် ကျောက်​ဆောင်​မှာ ထွင်း​ထား​တဲ့ သူ့​ရဲ့ သင်္ချိုင်း​ဂူ​အသစ်​ထဲ ထည့်​ပြီး​တော့+ ကျောက်​တုံး​ကြီး​ကို လှိမ့်၊ ဂူ​ဝ​ကို ပိတ်​ပြီး ထွက်​သွား​တယ်။ ၆၁  မာဂဒလ​မာရိ​နဲ့ မာရိ​နောက်​တစ်​ယောက်​က​တော့ သင်္ချိုင်း​ဂူ​ရှေ့​မှာ ထိုင်​ပြီး နေ​ရစ်ခဲ့​တယ်။+ ၆၂  အဖိတ်​နေ့*+ အကုန် နောက်​တစ်​နေ့​မှာ ပုရော​ဟိတ်​ကြီး​တွေ၊ ဖာ​ရိ​ရှဲ​တွေ​က ပိလတ်​မင်း​ရှေ့ စု​ဝေး​ပြီး၊ ၆၃  “မင်း​ကြီး၊ အဲဒီ​လူ​လိမ် မသေခင်​တုန်း​က ‘သုံး​ရက်​ကြာ​ရင် ငါ အသက်​ပြန်​ရှင်​လာ​မယ်’+ လို့​ ပြော​ခဲ့​တာ​ကို ကျွန်​တော်​တို့ မှတ်​မိ​ပါ​တယ်။ ၆၄  ဒါ​ကြောင့် သင်္ချိုင်း​ဂူ​ကို သုံး​ရက်​အထိ အစောင့်​ချ​ထား​ဖို့ အမိန့်​ပေး​လိုက်​ပါ။ အဲလို​မှ မဟုတ်​ရင် သူ့​တပည့်တွေ အ​လောင်း​ကို လာ​ခိုး​ပြီး+ ‘သူ သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပြီ’ လို့ လျှောက်​ပြော​ကြ​လိမ့်​မယ်။ အဲလို​သာ​ဆို​ရင် အဲဒီ​လှည့်​စား​မှု​ဟာ အရင် လှည့်​စား​မှု​ထက် ပို​ဆိုး​မှာ​ပါ” လို့ ပြော​ကြ​တယ်။ ၆၅  အဲဒီ​အခါ ပိလတ်​မင်း​က “အစောင့်​စစ်​သည်​တွေ ရှိ​သား​ပဲ။ အတတ်​နိုင်​ဆုံး စောင့်​ကြပ်​ခိုင်း​လိုက်” လို့ အမိန့်​ပေး​တော့၊ ၆၆  သူတို့ သွား​ပြီး သင်္ချိုင်း​ဂူ​ကျောက်​တုံး​ကို တံဆိတ်ခတ် ချိတ်ပိတ်ကာ အစောင့်​ချ​ထား​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၉ ချက်​တီး။”
ခက်​ဆစ်​ကို​ကြည့်။