မဿဲ ၉:၁-၃၈

  • လေ​ဖြတ်​နေ​သူ​ကို ကု​သပေး (၁-၈)

  • မဿဲ​ကို ဖိတ်​ခေါ် (၉-၁၃)

  • အစာ​ရှောင်​ခြင်း​နဲ့​ပတ်​သက်​ပြီး မေး​မြန်း​ကြ (၁၄-၁၇)

  • ယာ​အိ​ရုရဲ့​သမီး။ အမျိုး​သမီး​တစ်​ယောက် ယေရှု​ရဲ့​ဝတ်​လုံ​ကို တို့​ထိ (၁၈-၂၆)

  • မျက်​မမြင်​နဲ့ စကား​အနေ​သူ​ကို ယေရှု ကုသပေး (၂၇-၃၄)

  • စ​ပါး​ရိတ်​စ​ရာ အများ​ကြီး​ရှိ၊ လုပ်​သား​တွေ​ နည်းနေ (၃၅-၃၈)

 ယေရှု​လည်း တစ်​ဖက်​ကမ်း​ကို လှေ​နဲ့ ကူး​ပြီး နေ​ရင်း​မြို့​ကို+ ပြန်​လာ​တယ်။ ၂  အဲဒီ​အခါ လေ​ဖြတ်​နေ​သူ တစ်​ယောက်​ကို ထမ်း​စင်​နဲ့ ထမ်း​လာ​ကြ​တယ်။ သူတို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို မြင်​တဲ့​အခါ လေ​ဖြတ်​နေ​သူ​ကို “ငါ့​သား၊ ဘာ​မှ မစိုး​ရိမ်​ပါ​နဲ့။ မင်း​ရဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီ”+ လို့ ပြော​တယ်။ ၃  အဲ​ဒီ​တော့ ကျမ်း​တတ်​တချို့​က “ဒီ​လူ ဘုရား​ကို စော်​ကား​ပြီး ပြော​နေ​တာ​ပဲ” လို့ တွေး​နေ​တယ်။ ၄  သူတို့​ရဲ့ အတွေး​ကို သိ​တဲ့​အတွက် ယေရှု​က “ဘာ​လို့ ဆိုး​ညစ်​တဲ့ အတွေး​တွေ တွေး​နေ​တာ​လဲ။+ ၅  ‘မင်း​ရဲ့ အပြစ်​တွေ​ကို ခွင့်​လွှတ်​လိုက်​ပြီ’ လို့ ပြော​တာ​နဲ့ ‘ထ​ပြီး လမ်း​လျှောက်​ပါ’ လို့ ပြော​တာ ဘယ်​ဟာ​က ပို​ပြော​လွယ်​သလဲ။+ ၆  လူ​သား​ဟာ ကမ္ဘာ​ပေါ်​မှာ အပြစ်​လွှတ်​ပိုင်​ခွင့် ရှိမှန်း ခင်ဗျား​တို့ သိ​အောင် သက်​သေပြမယ်” ဆို​ပြီး လေ​ဖြတ်​နေ​သူ​ကို “ထ​ပါ။ ထမ်း​စင်​ကို သယ်​ပြီး အိမ်​ပြန်​တော့” လို့ ပြော​တယ်။+ ၇  အဲဒီ​လူ​လည်း ထ​ပြီး အိမ်​ပြန်​သွား​တယ်။ ၈  ဒါ​ကို မြင်​တဲ့​အခါ လူ​တွေ ကြောက်​လန့်​သွား​တယ်။​ ဒီလိုအပြစ်​လွှတ်​ပိုင်​ခွင့်​မျိုး လူ​ကို ပေး​အပ်တဲ့ ဘုရား​သခင်​ရဲ့ ဘုန်း​တော်​ကို ချီးမွမ်းကြ​တယ်။ ၉  ယေရှု​က အဲဒီ​က​နေ ထွက်​သွား​ချိန်​မှာ မဿဲလို့ ခေါ်​တဲ့ လူ​တစ်​ယောက် အခွန်​ရုံး​မှာ ထိုင်​နေ​တာ​ကို မြင်​တဲ့​အခါ “ကျွန်​တော့်​နောက်​လိုက် လုပ်​ပါ” လို့ ပြော​တော့ သူ​က ထ​ပြီး လိုက်​လာ​တယ်။+ ၁၀  အဲဒီ​နောက် ယေ​ရှု​နဲ့ တပည့်​တွေ​က မဿဲရဲ့ အိမ်​ထဲ ဝင်​ပြီး စား​သောက်​တယ်။ အခွန်​ခံ​တွေ၊ အပြစ်​သား​တွေ​လည်း အများ​ကြီး ရောက်​လာ​ပြီး အတူ​စားသောက်​ကြ​တယ်။+ ၁၁  ဒါကို မြင်​တဲ့​အခါ ဖာ​ရိ​ရှဲ​တွေ​က တပည့်တွေ​ကို “မင်း​တို့​ရဲ့  ဆရာ​က ဘာ​လို့ အခွန်​ခံ​တွေ၊ အပြစ်​သား​တွေ​နဲ့​အတူ စား​သောက်​တာ​လဲ” လို့ မေး​တယ်။+ ၁၂  ဒါ​ကို ကြား​တော့ ယေရှု​က “ကျန်း​မာ​သူ​တွေ​အတွက် သမား​တော် မလို​ဘူး။ ဖျား​နာ​သူ​တွေ​အတွက်​ပဲ လို​တာ။+ ၁၃  ‘ပူ​ဇော်​သက္ကာ​ကို ငါ​မလို​ချင်​ဘူး။ သနား​ကြင်နာ​တတ်​တာ​ကို​ပဲ လို​ချင်​တယ်’+ ဆို​တဲ့ ကျမ်း​စကား​ရဲ့ အဓိပ္ပာယ်​ကို ခင်​ဗျား​တို့ သွား​ပြီး လေ့​လာ​လိုက်​ပါ​ဦး။ ကျွန်​တော် လာ​တာ​က ဖြောင့်​မတ်​သူ​တွေ​ကို ခေါ်​ဖို့ မဟုတ်​ဘူး။ အပြစ်​သား​တွေ​ကို ခေါ်​ဖို့​ပဲ” ဆို​ပြီး ပြော​တယ်။ ၁၄  ယောဟန်​ရဲ့ တပည့်တွေ​က ယေရှု​ဆီ လာ​ပြီး “ကျွန်​တော်​တို့​ရော ဖာရိ​ရှဲ​တွေ​ပါ အစာ​ရှောင်​ကြ​တယ်။ ဆရာ့​တ​ပည့်တွေ​ကျ​တော့ ဘာ​လို့ အစာ​မရှောင်​တာ​လဲ” ဆို​ပြီး မေး​တယ်။+ ၁၅  ယေရှု​က “သတို့​သား​ရဲ့ သူငယ်ချင်း​တွေ​က သတို့​သား​နဲ့​အတူ+ ရှိ​နေ​ချိန်​မှာ ဝမ်း​နည်း​ပူ​ဆွေး​ကြ​လို့​လား။ ဒါ​ပေမဲ့ သတို့​သား​ကို သူတို့​ဆီ​က​နေ ခေါ်​သွား​မယ့်​နေ့ ရောက်​လာ​လိမ့်​မယ်။+ အဲဒီ​အခါ​ကျ​မှ သူတို့ အစာ​ရှောင်​လိမ့်​မယ်။ ၁၆  ဟောင်း​နွမ်း​နေ​တဲ့ အဝတ်​ကို ပိတ်​စ​အသစ်​နဲ့ ဖာ​လေ့​မရှိ​ဘူး။ ဖာ​ရင် ပိတ်​စ​အသစ်​က ရုန်း​တဲ့​အတွက် အဝတ် ပို​ပြဲသွား​မှာ​ပေါ့။+ ၁၇  သား​ရေ​ဘူး​ဟောင်း​ထဲ စပျစ်​ဝိုင်​အသစ် ထည့်​လေ့​မရှိ​ဘူး။ ထည့်​ရင် သား​ရေ​ဘူး ကွဲ​ထွက်​ပြီး စပျစ်​ဝိုင်​လည်း ယို၊ သားရေဘူး​လည်း ပျက်​စီး​သွား​မှာ​ပေါ့။ ဒီ​တော့ နှစ်​ခု​လုံး မဆုံး​ရှုံး​အောင် သား​ရေ​ဘူး​သစ်​ထဲ​မှာ​ပဲ ထည့်​လေ့​ရှိ​တယ်” လို့ ပြန်​ဖြေတယ်။ ၁၈  အဲဒီ​လို ပြော​နေ​တုန်း တရား​ဇရပ်​မှူး​တစ်​ယောက်​က ယေရှု​ကို လာဦး​ညွှတ်​ပြီး “ဆရာ၊ အခု​လောက်​ဆို​ရင် ကျွန်တော့်​သမီး​လေး သေလောက်​ပါ​ပြီ။ ဒါ​ပေမဲ့ ဆရာ လိုက်​ခဲ့​ပြီး လက်​တင်​လိုက်​ရင် သမီး​လေး အသက်​ပြန်​ရှင်​လာ​မှာ​ပါ” လို့ ပြော​တယ်။+ ၁၉  ဒါ​နဲ့ ယေရှု​လည်း တရား​ဇရပ်​မှူး​နောက်​ကို တပည့်တွေ​နဲ့​အတူ လိုက်​သွား​တယ်။ ၂၀  အဲဒီ​အခါ ၁၂ နှစ်​လုံး သွေး​သွန်​နာ စွဲ​နေ​တဲ့ အမျိုး​သမီး​တစ်​ယောက်+ နောက်​က​နေ ကပ်​လိုက်​လာ​ပြီး ယေရှု​ရဲ့ ဝတ်လုံ​အမြိတ်​ကို တို့​တယ်။+ ၂၁  “သူ့​ဝတ်လုံ​ကို တို့​လိုက်​ရုံ​နဲ့ ငါ့​ရောဂါ သက်​သာ​သွား​မှာ​ပဲ” လို့ စိတ်​ထဲ​မှာ သူ​ပြော​နေ​တယ်။ ၂၂  ယေရှု​က လှည့်​ကြည့်​ပြီး သူ့​ကို တွေ့​သွား​တဲ့​အခါ “သမီး၊ မကြောက်​ပါ​နဲ့။ သမီး​ရဲ့ ယုံကြည်​ခြင်း​က ပြန်​ကျန်း​မာ​စေ​ပြီ”+ လို့ ပြော​တယ်။ ချက်​ချင်း​ပဲ သူ့​ရော​ဂါ ပျောက်​သွား​တယ်။+ ၂၃  ယေရှု​က တရား​ဇရပ်​မှူး​ရဲ့ အိမ်​ထဲ ဝင်​လာ​တဲ့​အခါ ပလွေ​မှုတ်​သူ​တွေ၊ လူ​တွေ အုတ်​အုတ်​ကျက်​ကျက် ဖြစ်​နေ​တာ​ကို မြင်​တော့၊+ ၂၄  “ဒီ​က​နေ ထွက်​သွား​ကြ။ ဒီ​မိန်း​က​လေး သေတာ​မှ မဟုတ်​ပဲ။ အိပ်​ပျော်​နေ​တာ”+ လို့ ပြော​တော့ လူ​တွေ လှောင်​ရယ်​ကြ​တယ်။ ၂၅  ယေရှု​က လူ​တွေ​ကို အပြင်​ထွက်​ခိုင်း​ပြီး​နောက် အိမ်​ထဲ ဝင်​ပြီး မိန်း​က​လေး​ရဲ့ လက်​ကို ကိုင်​လိုက်​တဲ့​အခါ+ မိန်း​ကလေး ထ​လာ​တယ်။+ ၂၆  ဒီ​သတင်း​ဟာ အဲဒီ​ဒေသ​တစ်ခု​လုံး ပျံ့​သွား​တယ်။ ၂၇  အဲဒီ​က​နေ ယေရှု ထွက်​လာ​တဲ့​အခါ မျက်​မမြင်​နှစ်​ယောက်+ လိုက်​လာ​ပြီး “ဒါဝိဒ်ရဲ့ သား၊ ကျွန်​တော်​တို့​ကို သနား​ပါ​ဦး” လို့ အော်​ပြော​ကြ​တယ်။ ၂၈  အိမ်​တစ်​အိမ်​ထဲ ယေရှု ဝင်​လိုက်​တဲ့​အခါ မျက်​မမြင်​တွေ အနား​ကပ်​လာ​တယ်။ ယေရှု​က “ကျွန်​တော် ကု​ပေး​နိုင်​တယ်​ဆို​တာ ယုံ​သလား”+ လို့ မေး​တော့ “ယုံ​ပါ​တယ်၊ သခင်” လို့ ဖြေကြ​တယ်။ ၂၉  ဒါ​နဲ့ သူတို့​ရဲ့ မျက်​စိ​ကို လက်​နဲ့ တို့​ထိ​ပြီး+ “ခင်​ဗျား​တို့ ယုံ​ကြည်​တဲ့​အတိုင်း ဖြစ်​ပါ​စေ” လို့ ပြော​လိုက်​တဲ့​အခါ၊ ၃၀  သူတို့ မျက်​စိ​ပြန်​မြင်​လာ​တယ်။ ယေရှု​က “ဒီ​အကြောင်း ဘယ်​သူ​မှ မသိ​စေ​နဲ့” လို့ အသေအချာ မှာ​တယ်။+ ၃၁  ဒါ​ပေမဲ့ သူတို့​က အပြင်​ရောက်​တာ​နဲ့ လူ​တွေ​ကို ယေရှု​အကြောင်း ပြော​ပြလိုက်​တော့ ဒေသတစ်ခု​လုံး သတင်း​ပျံ့​သွား​တယ်။ ၃၂  သူတို့ ထွက်​သွား​တဲ့​အခါ နတ်​ဆိုး​စွဲ​လို့ စကား အနေ​သူ​တစ်​ယောက်​ကို ယေရှု​ဆီ ခေါ်​လာ​ကြ​တယ်။+ ၃၃  နတ်​ဆိုး​ကို နှင်​ထုတ်​ပေး​လိုက်​တဲ့​အခါ အဲဒီ​လူ စကား​ပြန်​ပြော​နိုင်​လာ​တယ်။+ လူ​တွေ​လည်း “အစ္စရေး​ပြည်​မှာ တစ်​ခါ​မှ ဒီ​လို မဖြစ်​ဖူး​ဘူး” ဆို​ပြီး တ​အံ့​တသြ ပြော​ကြ​တယ်။+ ၃၄  ဖာရိ​ရှဲ​တွေ​က​တော့ “ဒီ​လူ​က နတ်​ဆိုး​မင်း​ရဲ့ အကူ​အညီ​နဲ့ နတ်​ဆိုး​တွေ​ကို နှင်​ထုတ်​တာ” လို့ ပြော​ကြ​တယ်။+ ၃၅  ယေရှု​က မြို့​ရွာ​အနှံ့ လှည့်​လည်​သွား​လာ​ပြီး တရား​ဇရပ်တွေ​မှာ သွန်သင်​တယ်၊ နိုင်ငံ​တော်​သတင်း​ကောင်း ဟော​တယ်၊ ရောဂါ​ဝေဒနာ အမျိုး​မျိုး​ကို ကုသပေး​တယ်။+ ၃၆  လူ​တွေ​ဟာ အရေ​ခွံ​ဆုတ်​ပြီး ပစ်​ထား​ခံ​ရ​တဲ့ သိုး​တွေ၊ ထိန်း​သူ​မရှိ​တဲ့ သိုး​တွေ​လို ဖြစ်​နေ​လို့+ သူတို့​ကို မြင်​တဲ့​အခါ ယေရှု သနား​တယ်။+ ၃၇  အဲဒီ​အခါ တပည့်တွေ​ကို “စပါး​ရိတ်​စရာ အများ​ကြီး ရှိ​တယ်။ လုပ်​သား​တွေ​က​တော့ နည်း​နေ​တယ်။+ ၃၈  ဒါ​ကြောင့် လုပ်​သား​တွေ စေ​လွှတ်​ပေး​ဖို့ စပါး​ရှင်​ဆီ ဆုတောင်း​ကြ​ပါ”+ လို့ ပြော​တယ်။

အောက်ခြေမှတ်ချက်များ