မဿဲ ၁၅:၁-၃၉

  • ထုံးတမ်း​စဉ်​လာ​လိုက်​တာ​ကို ပြစ်​တင်​ရှုတ်​ချ (၁-၉)

  • ညစ်​ညူး​တဲ့​အရာ​ဟာ စိတ်​နှလုံး​ထဲ​က ထွက်​လာ (၁၀-၂၀)

  • ဖို​နီး​ရှား​အမျိုး​သမီး​ရဲ့ ခိုင်​ခံ့​တဲ့​ယုံ​ကြည်​ခြင်း (၂၁-၂၈)

  • ရော​ဂါ​များ​စွာ ကု​သပေး (၂၉-၃၁)

  • လူ ၄,၀၀၀ ကို ကျွေး​မွေး (၃၂-၃၉)

၁၅  ဖာ​ရိ​ရှဲ​နဲ့ ကျမ်း​တတ်​တွေ​က ဂျေရု​ဆ​လင်​မြို့​က​နေ ယေရှု​ဆီ လာ​ပြီး၊+ ၂  “ရှေး​လူ​ကြီး​တွေရဲ့ ထုံး​တမ်း​စဉ်​လာ​ကို ခင်​ဗျားရဲ့ တ​ပည့်တွေ ဘာ​လို့ ချိုး​ဖောက်​တာ​လဲ။ သူတို့ လက်​မဆေး​ဘဲ* အစာ​စား​တယ်”+ လို့ ပြော​တယ်။ ၃  အဲဒီ​အခါ ယေရှု​က “ခင်​ဗျား​တို့​ကျ​တော့​ကော၊ ထုံးတမ်း​စဉ်​လာ​ကို လိုက်​ဖို့​အတွက် ဘုရား​သခင်​ရဲ့​ ပညတ်​ချက်​ကို ဘာ​လို့ ချိုး​ဖောက်​တာ​လဲ။+ ၄  ဘုရား​သခင်​က ‘မိ​ဘ​ကို ရို​သေပါ၊’+ ‘မိ​ဘ​ကို ရင့်ရင့်​သီး​သီး ပြော​ဆို​တဲ့​သူ သေဒဏ်​ခံ​ရ​မယ်’+ လို့ ပညတ်​ထား​တယ်။ ၅  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ကျ​တော့ ‘“အဖေနဲ့ အမေကို ထောက်ပံ့​မယ့် ပစ္စည်းတွေ ဘုရား​သခင်​ဆီ လှူ​လိုက်​ပြီ” ဆို​ပြီး မိ​ဘ​ကို ပြော​တဲ့​သူ​ဟာ၊+ ၆  မိဘ​ကို ရိုသေ​စ​ရာ မလို​တော့​ဘူး’ လို့​ပြော​ကြ​တယ်။ ခင်​ဗျား​တို့​ဟာ ထုံးတမ်း​စဉ်​လာ​ကို လိုက်​ဖို့​အတွက် ဘုရား​သခင်​ရဲ့ တ​ရား​စကား​ကို ဘေး​ချိတ်​လိုက်​တာ​ပဲ။+ ၇  သူ​တော်​ကောင်း ယောင်​ဆောင်​သူတို့၊ ခင်​ဗျား​တို့​အကြောင်း ဟေရှာ​ယ ပရော​ဖက်​ပြု​ခဲ့​တဲ့ စကား​တွေ​ဟာ သိပ်​မှန်​တာ​ပဲ။+ ၈  ‘ဒီ​လူမျိုး​က ငါ့​ကို နှုတ်​နဲ့​ပဲ ရိုသေ​တယ်။ သူတို့​ရဲ့ စိတ်​က​တော့ ငါ​နဲ့ ဝေး​လှ​တယ်။ ၉  သူတို့​က လူ့​ထုံး​တမ်း​စဉ်​လာ​ကို​ ငါ့​ရဲ့ အယူ​ဝါဒ​သဖွယ် သွန်သင်​တဲ့​အတွက် ငါ့​ကို ကိုးကွယ်​နေ​တာ အချည်း​နှီး​ပဲ’+ လို့ သူ​ပြော​ခဲ့​တယ်” ဆို​ပြီး ပြော​လိုက်​တယ်။ ၁၀  အဲဒီ​နောက် လူ​အုပ်​ကို အနား​ခေါ်​ပြီး “နား​ထောင်​ပါ။ ဒီ​စကား​တွေရဲ့ ဆိုလို​ရင်း​ကို သဘော​ပေါက်​ကြ​ပါ။+ ၁၁  ခံတွင်း​ထဲ ဝင်​တဲ့​အရာ​က လူ​ကို ညစ်​ညူး​စေ​တာ မဟုတ်​ဘူး။ ခံ​တွင်း​ထဲ​က ထွက်​တဲ့​အရာ​က​သာ လူ​ကို​ညစ်ညူး​စေ​တာ​ပါ”+ လို့ ပြော​တယ်။ ၁၂  အဲဒီ​အခါ တ​ပည့်တွေ အနား​လာ​ပြီး “သခင် ပြော​တဲ့ စကား​ကြောင့် ဖာ​ရိ​ရှဲ​တွေ စိတ်​ခု​သွား​တာ​ကို သိ​ပါ​သ​လား”+ လို့ ပြော​တော့၊ ၁၃  ယေရှု​က “ကောင်း​ကင်​အဖ မစိုက်​ပျိုး​တဲ့ အပင်​အားလုံး​ဟာ အနုတ်​ခံ​ရ​မှာ​ပဲ။ ၁၄  သူတို့​ကို ရှိ​ပါ​စေ။ သူတို့​ဟာ မျက်​ကန်း​လမ်း​ပြတွေ​ပဲ။ မျက်​ကန်း​ချင်း လမ်း​ပြရင် နှစ်​ယောက်​စ​လုံး တွင်း​ထဲ​ကျ​သွား​မယ်”+ လို့ ပြော​တယ်။ ၁၅  ပေတရု​က “ပြော​သွား​တဲ့ ပုံ​ဥပမာ​ကို ရှင်း​ပြပေး​ပါ” လို့ ပြော​တော့၊ ၁၆  ယေရှု​က “ခင်​ဗျား​တို့​လည်း နား​မလည်​သေး​ဘူး​ပဲ။+ ၁၇  ခံ​တွင်း​ထဲ ဝင်​သမျှ ဝမ်း​ထဲ ရောက်​ပြီး ရေ​အိမ်​မှာ စွန့်​ပစ်​လိုက်​ရ​တာ မသိ​ဘူး​လား။ ၁၈  ဒါ​ပေမဲ့ ခံ​တွင်း​ထဲ​က ထွက်​တဲ့​အရာတွေ​က​တော့ စိတ်​နှလုံး​ထဲ​က ထွက်​လာ​တာ ဖြစ်လို့ လူ​ကို ညစ်​ညူး​စေ​တယ်။+ ၁၉  ဥပမာ ပြော​ရရင်၊ မကောင်း​ကြံ​စည်​တာ၊ လူ့​အသက် သတ်​တာ၊ အိမ်​ထောင်​ရေး ဖောက်​ပြန်​တာ၊ လိင်​အကျင့်​ယို​ယွင်း​တာ၊* ခိုး​တာ၊ မဟုတ်​မမှန် သက်​သေထွက်​ဆို​တာ၊ ဘုရား​ကို စော်​ကား​ပြော​ဆို​တာ​တွေ​ဟာ စိတ်​နှလုံး​ထဲ​က ထွက်​လာ​တာ​တွေ​ပေါ့။+ ၂၀  ဒါ​တွေ​ဟာ လူ​ကို ညစ်​ညူး​စေ​တယ်။ လက်​မဆေး​ဘဲ* အစာ​စား​တာ​က လူ​ကို ညစ်​ညူး​စေ​တာ မဟုတ်​ဘူး” လို့ ရှင်း​ပြတယ်။ ၂၁  ယေရှု​က အဲဒီ​က​နေ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​နယ်​ဘက်​ကို ထွက်​သွား​တယ်။+ ၂၂  အဲဒီ​အရပ်​သူ ဖို​နီး​ရှား အမျိုး​သမီး​တစ်​ယောက် ထွက်​လာ​ပြီး “သခင်၊ ဒါဝိဒ်ရဲ့ သား၊ ကျွန်​မကို သနား​ပါ။ ကျွန်​မရဲ့ သမီး​ဟာ နတ်​ဆိုး​စွဲ​တဲ့ ဝေ​ဒ​နာ​ကို အလူး​အလိမ့် ခံစား​နေ​ရ​ပါ​တယ်”+ လို့ အော်​ပြော​တယ်။ ၂၃  ယေရှု​က သူ့​ကို စကား​တစ်​ခွန်း​မှ ပြန်​မပြော​ဘူး။ တ​ပည့်တွေ​က အနား​လာ​ပြီး “အဲဒီ​အမျိုး​သမီး​ကို ပြန်​ခိုင်း​လိုက်​ပါ။ နောက်​က​နေ တ​ကောက်​ကောက်​လိုက်​ပြီး အော်​နေ​တယ်” လို့ ပြော​ကြ​တယ်။ ၂၄  ဒါ​နဲ့ ယေရှု​က “အစ္စရေး​အမျိုး​ထဲ​က ပျောက်​နေ​တဲ့ သိုး​တွေ​ဆီ ကျွန်​တော့်​ကို စေ​လွှတ်​တာ။ တ​ခြား​လူမျိုး​တွေ​ဆီ စေ​လွှတ်​တာ မဟုတ်​ဘူး”+ လို့ ပြော​လိုက်​တယ်။ ၂၅  ဒါ​ပေမဲ့ အဲဒီ​အမျိုး​သမီး​က အနား​လာဦး​ညွှတ်​ပြီး “သခင်၊ ကျွန်​မကို ကူညီ​ပါ​ဦး” လို့ အသနား​ခံ​တယ်။ ၂၆  ယေရှု​က​လည်း “သား​သမီး​ရဲ့ အစာ​ကို ခွေး​က​လေး​တွေ​အ​တွက် ချ​မပေး​သင့်​ဘူး” လို့ ပြော​တယ်။ ၂၇  အမျိုး​သမီး​က “မှန်​ပါ​တယ် သခင်။ ဒါ​ပေမဲ့ ခွေး​က​လေး​တွေ​ဟာ သခင့်​စား​ပွဲ​က ကျ​တဲ့ စား​ကြွင်း​စား​ကျန်​တွေ​ကို​တော့ စား​ရ​ပါ​တယ်” လို့ ပြော​ပြန်​တယ်။+ ၂၈  အဲဒီ​အခါ ယေရှု​က “ခင်​ဗျားရဲ့ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​လိုက်​တာ။ ခင်ဗျား ဆန္ဒ​ရှိ​တဲ့​အတိုင်း ဖြစ်​ပါ​စေ” လို့ ပြော​တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူ့​သမီး ဝေ​ဒ​နာ သက်​သာ​သွား​တယ်။ ၂၉  ယေရှု​က အဲဒီ​ဒေ​သက​နေ ထွက်​ပြီး ဂါ​လိ​လဲ​အိုင်​နား​ကို+ ရောက်​လာ​တဲ့​အခါ တောင်​ပေါ် တက်​သွား​ပြီး ထိုင်​နေ​တယ်။ ၃၀  အဲဒီ​အခါ လူ​တွေ အုပ်​လိုက် ရောက်​လာ​ပြီး ခြေ​မသန်​သူ၊ ကိုယ်​လက်​အင်္ဂါ​ချို့​သူ၊ မျက်​မမြင်​သူ၊ စကား​အသူ​နဲ့ တ​ခြား​လူ​နာ​တွေ အများ​ကြီး ခေါ်​လာ​ကြ​တယ်။ သူတို့​ကို ခြေ​ရင်း​မှာ ချ​ထား​တော့ ယေရှု ကု​သပေး​တယ်။+ ၃၁  စကား​အသူ​တွေ စကား​ပြော​နိုင်​တာ၊ ကိုယ်​လက်​အင်္ဂါ ချို့​တဲ့​သူ​တွေ ပြန်​ကောင်း​လာ​တာ၊ ခြေ​မသန်​သူ​တွေ လမ်း​လျှောက်​တာ၊ မျက်​မမြင်​တွေ ပြန်​မြင်​လာ​တာ​ကို လူ​တွေ မြင်​တဲ့​အခါ အံ့​သြပြီး အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။+ ၃၂  ယေရှု​က တ​ပည့်တွေ​ကို ခေါ်​ပြီး “ဒီ​လူ​အုပ်​ကို ကျွန်​တော် သနား​တယ်။+ သုံး​ရက်​လုံး​လုံး ကျွန်​တော်​နဲ့​အတူ ရှိ​နေ​ကြ​တာ။ သူတို့​မှာ စား​စ​ရာ​လည်း မရှိ​ဘူး။ တစ်​ခု​ခု မကျွေး​ဘဲ​နဲ့ ပြန်​မ​လွှတ်​ချင်​ဘူး။ လွှတ်​လိုက်​ရင် လမ်း​မှာ အား​ပြတ်​ကုန်​မယ်”+ လို့ ပြော​တယ်။ ၃၃  တပည့်​တွေ​က “ဒီ​လောက်​များ​တဲ့ လူ​အုပ်​ကို အဝ​ကျွေး​နိုင်​လောက်​တဲ့ စား​စ​ရာ ဘယ်​က ရ​နိုင်​မှာ​လဲ။ ဒီ​နေ​ရာ​က သိပ်ခေါင်​တယ်”+ လို့ ပြော​တယ်။ ၃၄  ယေရှု​က “ခင်​ဗျား​တို့​မှာ မုန့်​ဘယ်​နှစ်​လုံး ရှိ​သလဲ” လို့ မေး​တော့ “မုန့်​ခု​နစ်​လုံး​နဲ့ ငါး​က​လေး နည်း​နည်း​ပဲ ရှိ​ပါ​တော့​တယ်” လို့ ဖြေတယ်။ ၃၅  ဒါ​နဲ့ လူ​အုပ်​ကို မြေပေါ် ထိုင်​ခိုင်း​ပြီး၊ ၃၆  မုန့်​ခု​နစ်​လုံး​နဲ့ ငါး​ကို ယူ၊ ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး​မှ မုန့်​နဲ့ ငါး​ကို ဖဲ့​ပြီး တ​ပည့်တွေ​ကို ပေး​လိုက်​တယ်။ တ​ပည့်တွေ​က လူ​အုပ်​ကို ပြန်​ဝေ​ပေး​တယ်။+ ၃၇  အားလုံး ဝ​ဝ​လင်​လင် စား​ပြီး​တဲ့​နောက် စား​ကြွင်း​စား​ကျန်​ကို ကောက်​သိမ်း​တဲ့​အခါ တောင်း​ကြီး​ခု​နစ်​တောင်း အပြည့်​ရ​တယ်။+ ၃၈  စား​တဲ့​သူ​တွေ​ဟာ ယောက်ျား ၄,၀၀၀ ရှိ​တယ်။ အမျိုး​သမီး​တွေ၊ က​လေး​တွေ​လည်း ရှိ​သေး​တယ်။ ၃၉  အဲဒီ​နောက် လူ​အုပ်​ကို အိမ်​ပြန်​ခိုင်း​လိုက်​တယ်။ ယေရှု​က လှေ​ပေါ် တက်​ပြီး မာ​ဂဒန်​နယ်​ဘက်​ကို ထွက်​သွား​တယ်။+

အောက်ခြေမှတ်ချက်များ

ထုံးတမ်း​စဉ်​လာ​အတိုင်း လက်​မဆေး​တာ​ကို ဆိုလို။
ခက်​ဆစ်​ကို​ကြည့်။
ထုံးတမ်း​စဉ်​လာ​အတိုင်း လက်​မဆေး​တာ​ကို ဆိုလို။