မဿဲ ၁၇:၁-၂၇

  • ယေရှု ကိုယ်​ယောင်​ပြောင်း​လဲ​ခြင်း (၁-၁၃)

  • မုန်​ညင်း​စေ့​လောက်​ရှိ​တဲ့ ယုံ​ကြည်​ခြင်း (၁၄-၂၁)

  • ယေရှု သေဆုံးမ​ယ့်​အကြောင်း ထပ်​မံ​ကြို​ပြော (၂၂၊ ၂၃)

  • ငါး​ပါး​စပ်​ထဲ​က ငွေ​တစ်​ပြား​နဲ့ အခွန်​ပေး (၂၄-၂၇)

၁၇  ခြောက်​ရက်​ကြာ​တဲ့​အခါ ယေရှု​က ပေတရု၊ ယာကုပ်​နဲ့ သူ့​ညီ ယောဟန်​တို့​ကို​ပဲ ခေါ်​ပြီး အလွန်​မြင့်​တဲ့ တောင်​ပေါ် တက်​သွား​တယ်။+ ၂  အဲ​ဒီ​နောက် သူတို့​ရှေ့​မှာ ယေရှု ကိုယ်​ယောင်​ပြောင်း​သွား​တယ်။ မျက်​နှာ​က နေ​လို​ထွန်း​လင်း​ပြီး ဝတ်​လုံ​ဟာ အလင်း​ရောင်​လို တောက်​ပနေ​တယ်။+ ၃  ရုတ်​တ​ရက် မော​ရှေ​နဲ့​ဧလိယ ပေါ်​လာ​ပြီး ယေရှု​နဲ့ စကား​ပြော​တယ်။ ၄  အဲဒီ​အခါ ပေတရု​က “သခင်၊ ကျွန်​တော်​တို့ ဒီ​မှာ ရှိ​နေ​ရ​တာ အခွင့်​ထူး​ပါ။ သခင် ဆန္ဒ​ရှိ​မယ်​ဆို​ရင် ဒီ​မှာ တဲ​သုံး​လုံး ကျွန်​တော် ဆောက်​ပေး​မယ်။ သခင့်​အတွက် တစ်​လုံး၊ မော​ရှေ​အတွက် တစ်​လုံး၊ ဧလိယ​အတွက် တစ်​လုံး​ပေါ့” လို့ ပြော​လိုက်​တယ်။ ၅  အဲဒီ​လို ပြော​နေ​တုန်း သူတို့​ကို တောက်​ပတဲ့ တိမ်​တိုက် ဖုံး​လွှမ်း​သွား​ပြီး “သူ​ဟာ ငါမြတ်​နိုး​တဲ့ ငါ့​ရဲ့ ချစ်​သား​ပဲ။+ သူ့​စကား​ကို နား​ထောင်​ကြ”+ ဆို​တဲ့​အသံ တိမ်​တိုက်​ထဲ​က​နေ ထွက်​လာ​တယ်။ ၆  ဒါ​ကို ကြား​တော့ တ​ပည့်တွေ အလန့်​တ​ကြား ဖြစ်​ပြီး ပျပ်​ဝပ်​လိုက်​ကြ​တယ်။ ၇  အဲဒီ​အခါ ယေရှု​က အနား​ကို​လာ၊ သူတို့​ကို လက်​နဲ့ ပုတ်​ပြီး “ထ​ပါ။ မကြောက်​ပါ​နဲ့” လို့ ပြော​တယ်။ ၈  သူတို့ မော့​ကြည့်​လိုက်​တော့ ယေရှု​က​လွဲ​လို့ ဘယ်​သူ့​ကို​မှ မတွေ့​ဘူး။ ၉  တောင်​ပေါ်​က​နေ ပြန်​ဆင်း​လာ​တဲ့​အခါ ယေရှု​က “လူ​သား သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ချိန် မတိုင်​ခင် ဒီ​စိတ်​အာ​ရုံ​အကြောင်း ဘယ်​သူ့​ကို​မှ မပြော​နဲ့” လို့ သူတို့​ကို မှာ​တယ်။+ ၁၀  အဲဒီ​နောက် သူတို့​က “ဧလိယ အရင် ပေါ်​ထွန်း​မယ် ဆို​ပြီး ကျမ်း​တတ်​တွေ ဘာ​လို့ ပြော​တာ​လဲ” လို့ မေး​တဲ့​အခါ၊+ ၁၁  ယေရှု​က “ဧလိယ တကယ် ပေါ်​ထွန်း​လာ​မယ်။ အရာ​အား​လုံး​ကို န​ဂို​အတိုင်း ဖြစ်​အောင် သူ​လုပ်​ပေး​မယ်။+ ၁၂  ဒါ​ပေမဲ့ ကျွန်​တော် ပြော​မယ်။ ဧလိယ ပေါ်​ထွန်း​ပြီး​သွား​ပြီ။ လူ​တွေ​က သူ့​ကို မသိ​တဲ့​အတွက် သူ့​ကို လုပ်​ချင်​သလို လုပ်​ခဲ့​ကြ​တယ်။+ အဲဒီ​လို​ပဲ လူ​သား​လည်း သူတို့​လက်​ချက်​နဲ့ ဒုက္ခ​ခံ​ရ​လိမ့်​မယ်”+ လို့ ပြန်​ဖြေတယ်။ ၁၃  အဲ​ဒီ​အခါ နှစ်ခြင်း​ပေး​သူ ယောဟန်​အကြောင်း ပြော​နေ​မှန်း သူတို့ သဘော​ပေါက်​သွား​တယ်။ ၁၄  လူ​အုပ်​ရှိ​ရာ​ကို သူတို့ ရောက်​လာ​တဲ့​အခါ+ လူ​တစ်​ယောက်​က ယေရှု​ဆီ လာ​ပြီး ဒူး​ထောက်​တယ်။ ၁၅  ပြီး​တော့ “သခင်၊ ကျွန်​တော့်​သား​ကို သနား​ပါ​ဦး။ သူ့​ခ​မျာ ဝက်​ရူး​ပြန်​ရော​ဂါ စွဲ​နေ​လို့ အခြေ​အနေ တော်​တော်​ဆိုး​နေ​ပါ​တယ်။ မီး​ထဲ လဲ​ကျ​လိုက်၊ ရေ​ထဲ လဲ​ကျ​လိုက် ဖြစ်​တတ်​ပါ​တယ်။+ ၁၆  သခင့်​တ​ပည့်တွေ​ဆီ ခေါ်​သွား​ပေမဲ့ သူတို့ မကု​ပေး​နိုင်​လို့​ပါ” ဆို​ပြီး အသနား​ခံ​တယ်။ ၁၇  အဲဒီ​အခါ ယေရှု​က “ယုံ​ကြည်​ခြင်း​မရှိ၊ ဖောက်​ပြန်​တဲ့ လူမျိုး​ဆက်၊+ ခင်​ဗျား​တို့​နဲ့​အတူ ကျွန်​တော် ဘယ်​လောက်​ကြာ​ကြာ ရှိ​နေ​ရ​မှာ​လဲ။ ခင်​ဗျား​တို့​ကို ဘယ်​လောက်​ကြာ​ကြာ သည်း​ခံ​နေ​ရ​မှာလဲ။ အဲဒီ​လူငယ်​လေး​ကို ခေါ်​လာခဲ့” လို့ ပြော​တယ်။ ၁၈  အဲဒီ​နောက် ယေရှု​က နတ်​ဆိုး​ကို ဆုံးမ​လိုက်​တော့ နတ်​ဆိုး ထွက်​သွား​ပြီး အဲဒီ​အ​ချိန်​မှာ​ပဲ လူငယ်​လေး ရော​ဂါ​ပျောက်​သွား​တယ်။+ ၁၉  အဲဒီ​အခါ တ​ပည့်တွေ​က ယေရှု​ကို သီး​သန့် လာ​တွေ့​ပြီး “ကျွန်​တော်​တို့​ကျ​တော့ ဘာ​လို့ နတ်​ဆိုး​ကို မနှင်​ထုတ်​နိုင်​တာ​လဲ” ဆို​ပြီး​မေး​တယ်။ ၂၀  ယေရှု​က “ခင်​ဗျား​တို့ ယုံကြည်​ခြင်း နည်း​နေ​တာ​ကိုး။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​သာ မုန်​ညင်း​စေ့​လောက်​ရှိ​ခဲ့ရင် ဒီ​တောင်​ကို ‘ဟို​ဘက်​ကို ရွှေ့’ လို့ ပြော​ရင် ရွှေ့​မှာ​ပဲ။ ခင်​ဗျား​တို့ မတတ်​နိုင်​တာ ဘာ​မှ ရှိ​မှာ မဟုတ်​ဘူး” လို့ ပြော​တယ်။+ ၂၁  * ၂၂  ဂါ​လိ​လဲ​နယ်​မှာ တ​ပည့်တွေ​နဲ့​အတူ ရှိ​နေ​တုန်း ယေရှု​က “လူ​သား​ကို သစ္စာ​ဖောက်​ပြီး လူ​တွေ​လက်​ထဲ အပ်​ကြ​လိမ့်​မယ်။+ ၂၃  အသေသတ်​ကြ​လိမ့်​မယ်။ သုံး​ရက်​မြောက်​နေ့​မှာ အသက်​ပြန်​ရှင်​လာ​မယ်”+ လို့ ပြော​တဲ့​အခါ တ​ပည့်တွေ သိပ်​ဝမ်း​နည်း​သွား​ကြ​တယ်။ ၂၄  က​ပေရ​နောင်​မြို့​ကို ရောက်​လာ​တော့ ဗိမာန်​တော်အခွန်* ကောက်​ခံ​သူ​တွေ​က ပေတရု​ကို “ခင်​ဗျား​တို့​ဆ​ရာ​က ဗိမာန်​တော်​အခွန် မပေး​ဘူး​လား”+ လို့ မေး​တယ်။ ၂၅  ပေတရု​က “ပေး​ပါ​တယ်” လို့ ပြန်​ဖြေပြီး အိမ်​ထဲ ဝင်​လာ​တဲ့​အခါ ယေရှု​က “ရှိ​မုန်၊ ခင်​ဗျား ဘယ်​လို ထင်​သလဲ။ ဘု​ရင်တွေ​က အခွန်​အကောက် အမျိုး​မျိုး​ကို ဘယ်​သူ့​ဆီ​က​နေ ကောက်​ခံ​သလဲ။ ကိုယ့်​သား​တွေ​ဆီ​က​နေ​လား၊ တ​ခြား​သူ​တွေ​ဆီ​က​နေ​လား” လို့ ဆီး​ပြီး မေး​လိုက်​တယ်။ ၂၆  “တ​ခြား​သူ​တွေ​ဆီ​က​နေ ကောက်​ပါ​တယ်” လို့ ပေတရု ဖြေတော့ ယေရှု​က “မှန်​တယ်၊ ဘု​ရင့်​သား​တွေ​က အခွန်​ပေး​စ​ရာ မလို​ဘူး။ ၂၇  ဒါ​ပေမဲ့ ကျွန်​တော်​တို့​ကို သူတို့ စိတ်​မခု​ရ​လေ​အောင်+ အိုင်​ကို သွား​ပြီး ငါး​မျှား​ခဲ့။ ဦး​ဆုံး​မိ​တဲ့ ငါး​ရဲ့​ပါး​စပ်​ထဲ​မှာ ငွေ​တစ်​ပြား* တွေ့​လိမ့်​မယ်။ အဲဒီ​ငွေ​ကို ယူ​ပြီး ကျွန်​တော်​နဲ့ ခင်ဗျား​အတွက် အခွန်​ပေး​လိုက်​ပါ” လို့ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဒ​ရက်​မာ​နှစ်​ပြား။” နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “သတာ​တဲ တစ်​ပြား။” ဒ​ရက်​မာ လေး​ပြား​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။