မဿဲ ၁၁:၁-၃၀

  • နှစ်ခြင်း​ပေး​သူ ယောဟန်​ကို ချီး​မွမ်း (၁-၁၅)

  • ခေါင်း​မာ​တဲ့ လူမျိုး​ဆက်​ကို ပြစ်​တင်​ပြော​ဆို (၁၆-၂၄)

  • နှိမ့်​ချ​သူ​တွေ​ကို မျက်​နှာ​သာ​ပေး​တဲ့ အဖဘု​ရား​ကို ယေရှု​ချီး​မွမ်း (၂၅-၂၇)

  • ယေရှု​ရဲ့​ထမ်း​ပိုး​က လန်း​ဆန်း​စေ (၂၈-၃၀)

၁၁  ယေရှု​က တ​ပည့် ၁၂ ယောက်​ကို မှာ​ကြား​ပြီး​တဲ့​နောက် တ​ခြား​မြို့​တွေ​မှာ ဟော​ပြော​သွန်သင်​ဖို့ အဲဒီ​ကနေ ထွက်​သွား​တယ်။+ ၂  ယောဟန်​က ခ​ရစ်​တော်ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း ထောင်​ထဲ​က​နေ+ ကြား​တဲ့​အခါ တ​ပည့်တွေ​ကို လွှတ်​ပြီး၊+ ၃  “ခင်​ဗျား​ဟာ ကျွန်​တော်​တို့ စောင့်​မျှော်​နေ​တဲ့​သူ​လား၊ နောက်​တစ်​ယောက်​ကို စောင့်​မျှော်ရ​မှာ​လား” လို့ မေး​ခိုင်း​တယ်။+ ၄  အဲဒီ​အခါ ယေရှု​က “ခင်​ဗျား​တို့ မြင်​ခဲ့၊ ကြား​ခဲ့​တဲ့ ဒီ​သတင်း​အားလုံး ယောဟန်​ကို ပြန်​ပြော​ပြလိုက်​ပါ။+ ၅  မျက်​မမြင်​တွေ ပြန်​မြင်​လာ​ပြီ။+ ခြေ​မသန်​သူ​တွေ လမ်း​လျှောက်​နိုင်​ပြီ။ အနာ​ကြီး​ရော​ဂါသည်​တွေ+ ပြန်​ကောင်း​လာ​ပြီ။ နား​မကြား​သူ​တွေ ကြား​ရ​ပြီ။ သေလွန်​သူ​တွေ အသက်​ပြန်​ရှင်​လာ​ပြီ။ ဆင်း​ရဲ​သား​တွေ သတင်း​ကောင်း ကြား​ရ​ပြီ။+ ၆  ကျွန်​တော့်​ကို သံ​သယ ဝင်​စ​ရာ​အကြောင်း မရှိ​တဲ့​သူ​ဟာ* ပျော်​ရွှင်​ချမ်း​မြေ့​လိမ့်​မယ်”+ ဆို​ပြီး ဖြေတယ်။ ၇  ယောဟန်​ရဲ့ တ​ပည့်တွေ ပြန်​သွား​တဲ့​အခါ ယေရှု​က ယောဟန်​နဲ့​ပတ်​သက်​ပြီး လူ​အုပ်​ကို ပြော​တယ်– “ခင်​ဗျား​တို့ တော​ထဲ​မှာ ဘယ်​သူ့​ကို သွား​ကြည့်​တာ​လဲ။+ လေ​တိုက်​ရာ ယိမ်း​တတ်​တဲ့ ကျူ​ပင်​လို လူ​စား​မျိုး​ကို​လား။ မဟုတ်​ဘူး။+ ၈  ဒါ​ဆို​ရင် ဘယ်​သူ့​ကို သွား​ကြည့်​တာ​လဲ။ နူး​ညံ့​တဲ့ ဝတ်​ရုံ ဝတ်​ဆင်​ထား​သူ​ကို​လား။ မဟုတ်​ဘူး။ အဲဒီ​လို ဝတ်​ဆင်​တဲ့​သူ​တွေ​ဟာ နန်း​တော်​ထဲ​မှာ​ပဲ နေ​ကြ​တာ။ ၉  ဒါ​ဆို​ရင် ဘယ်​သူ့​ကို သွား​ကြည့်​တာ​လဲ။ ပရော​ဖက်​ကို​လား။ ဟုတ်​တာ​ပေါ့။ ကျွန်​တော် ပြော​မယ်။ သူ​ဟာ ပရော​ဖက်​ပဲ။ ပရော​ဖက်​တွေ​ထက်​တောင် ကြီးမြတ်​တယ်။+ ၁၀  ‘ငါ့​စေ​တ​မန်​ကို မင်း​ရှေ့​မှာ စေ​လွှတ်​မယ်။ သူ​က မင်း​သွား​မယ့် လမ်း​ကို ရှေ့​က​နေ အသင့်​ပြင်​ပေး​မယ်’ ဆို​ပြီး ရေး​ထား​တာ သူ့​အကြောင်း​ပဲ။+ ၁၁  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ အသက်​ရှင်​ခဲ့​သမျှ လူ​တွေ​ထဲ​မှာ နှစ်ခြင်း​ပေး​သူ ယောဟန်​ထက် ကြီးမြတ်​တဲ့​သူ မပေါ်​သေး​ဘူး။ ဒါ​ပေမဲ့ ကောင်း​ကင်​နိုင်​ငံ​မှာ အဆင့်​နိမ့်​တဲ့​သူ​ဟာ ယောဟန်​ထက် ကြီးမြတ်​တယ်။+ ၁၂  နှစ်ခြင်း​ပေး​သူ ယောဟန်​လက်​ထက်​က​နေ အခု​အချိန်​ထိ လူ​တွေ​က ကောင်း​ကင်​နိုင်​ငံ​ကို ပန်း​တိုင်​ထား​ပြီး မဆုတ်​မနစ် ကြိုး​စား​နေ​ကြ​တယ်။ အဲဒီ​လို ကြိုး​စား​သူ​တွေ ကောင်း​ကင်​နိုင်​ငံ​ကို အရ​ယူ​နိုင်​ကြ​ပြီ။+ ၁၃  ပရော​ဖက်​ကျမ်း​နဲ့ ပညတ်​ကျမ်း* ရှိ​သမျှ​ဟာ ယောဟန်​လက်​ထက်​အထိ+ ပရော​ဖက်​ပြု​ကြ​တယ်။ ၁၄  ခင်​ဗျား​တို့ လက်ခံ​သည်​ဖြစ်​စေ၊ လက်မခံ​သည်​ဖြစ်​စေ ယောဟန်​ဟာ ‘ပေါ်​ထွန်း​လာ​မယ့် ဧလိယ’ ပဲ။+ ၁၅  နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။ ၁၆  “ဒီ​လူမျိုး​ဆက်​ကို ဘယ်​သူ​နဲ့ နှိုင်း​ရ​မလဲ။+ သူတို့​ဟာ စျေး​ထဲ​မှာ ထိုင်​ပြီး ကစား​ဖော်တွေ​ကို အော်​ပြော​နေ​တဲ့ ကလေး​တွေ​နဲ့ တူ​တယ်။ ၁၇  အဲဒီ​ကလေး​တွေ​က ‘ငါ​တို့ ပလွေ​မှုတ်​တော့​လည်း နင်​တို့ မက​ကြ​ဘူး။ ငါ​တို့ ငို​ချင်း​ချ​တော့​လည်း နင်​တို့ ရင်​ဘတ်​ထု​ပြီး မငို​ကြ​ဘူး’ လို့ ပြော​တယ်။ ၁၈  အဲဒီ​လို​ပဲ သူတို့​လည်း အများ​တ​ကာ​လို မသောက်​မစား​တတ်​တဲ့ ယောဟန် ရောက်​လာ​တော့ ‘ဒီ​လူ​ဟာ နတ်​ဆိုး​ပူး​နေ​တာ​ပဲ’ လို့ ပြော​ကြ​တယ်။ ၁၉  အများ​တ​ကာ​လို စား​သောက်​တဲ့ လူ​သား ရောက်​လာ​တော့+ ‘အခွန်​ခံ​တွေ၊ အပြစ်​သား​တွေ​နဲ့ မိတ်​ဖွဲ့​သူ၊ စား​ကြူး​သောက်​ကြူး​သူ’+ လို့ ပြော​ကြ​ပြန်​တယ်။ ဘာ​ပဲ​ပြော​ပြော၊ ဉာဏ်​ပညာ​ဟာ ဖြောင့်​မတ်​တယ်​ဆို​တာ​ကို လုပ်​ရပ်တွေ​နဲ့ သက်​သေပြလိမ့်​မယ်။”+ ၂၀  အဲဒီ​နောက် ယေရှု​က တန်ခိုး အများ​ဆုံး ပြခဲ့​တဲ့ မြို့​တွေ​မှာ လူ​တွေ နောင်​တ​မရ​တဲ့​အတွက် ပြစ်​တင်​ရှုတ်​ချ​တယ်– ၂၁  “ခေါ​ရာ​ဇိန်​မြို့​သား​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ဗက်ဇဲဒ​မြို့​သား​တို့၊ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ ခင်​ဗျား​တို့​မြို့​မှာ ဖြစ်​ခဲ့​တဲ့ တန်ခိုး​ကြီး လုပ်​ရပ်တွေ​သာ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​မြို့​မှာ ဖြစ်​ခဲ့ရင် ဟိုး​အရင်​က​တည်း​က အဲဒီ​မြို့​သား​တွေ အထည်​ကြမ်း​ကို ဝတ်၊ ပြာ​ပေါ် ထိုင်​ပြီး နောင်​တ​ရ​နေ​လောက်​ပြီ။+ ၂၂  ကျွန်​တော် ပြော​မယ်။ တ​ရား​စီ​ရင်​ရာ​နေ့​မှာ ခင်​ဗျား​တို့​ဟာ တိုင်​ရာ​နဲ့ ဆိုင်​ဒုန်​မြို့​ထက် ပို​ခံ​ရ​လိမ့်​မယ်။+ ၂၃  ကပေ​ရ​နောင်​မြို့​သား​တို့၊+ ခင်​ဗျား​တို့ မိုး​ထိ​အောင် ချီး​မြှောက်​ခံ​ရ​မယ်​လို့​များ ထင်​နေ​သလား။ မဟုတ်​ဘူး။ သင်္ချိုင်း​အထိ ဆင်း​သွား​ရ​မှာ။+ ခင်​ဗျား​တို့​ကို ပြခဲ့​တဲ့ တန်ခိုး​ကြီး လုပ်​ရပ်တွေ​ကို သော​ဒုံ​မြို့​မှာ​သာ ပြခဲ့ရင် သော​ဒုံ​မြို့​ဟာ အခု​အချိန်​ထိ ရှိ​နေ​ဦး​မှာ။ ၂၄  ကျွန်​တော် ပြော​မယ်။ တ​ရား​စီ​ရင်ရာ​နေ့​မှာ ခင်​ဗျား​တို့​ဟာ သော​ဒုံ​နယ်​ထက် ပို​ခံ​ရ​လိမ့်​မယ်။”+ ၂၅  အဲဒီ​အချိန်​မှာ ယေရှု​က “မိုး​မြေကို ပိုင်​စိုး​တဲ့​အဖ၊ ဒီ​အကြောင်း​အရာတွေ​ကို ဉာဏ်​ကြီး​ရှင်​တွေ၊ ပညာ​တတ်​တွေ​ကို မဖော်​ပြဘဲ က​လေး​လို နှိမ့်​ချ​သူ​တွေ​ကို ဖော်​ပြပေး​တဲ့​အတွက် အဖကို လူ​အများ​ရှေ့​မှာ ချီး​မွမ်း​ပါ​တယ်။+ ၂၆  တ​ကယ်​လည်း ဒါ​ဟာ အဖ အလို​ရှိ​တဲ့​အတိုင်း​ပါ​ပဲ” လို့ ပြော​တယ်။ ၂၇  ပြီး​တော့ ယေရှု​က “အဖ​ဘု​ရား​က ကျွန်​တော့်​ကို အရာ​ခပ်​သိမ်း အပ်​နှင်း​လိုက်​ပြီ။+ သား​ဖြစ်​သူ ကျွန်​တော့်​အကြောင်း ဂဃ​န​ဏ သိ​တာ​ဆို​လို့ အဖဘု​ရား​ပဲ ရှိ​တယ်။+ အဖဘု​ရား​အကြောင်း ဂဃ​န​ဏ သိ​တာ​ဆို​လို့ သား​ဖြစ်​သူ ကျွန်​တော်​နဲ့ ကျွန်​တော် ဖော်​ပြချင်​သူ​တွေ​ပဲ ရှိ​တယ်။+ ၂၈  ဝန်​ပိ​လို့ ပင်​ပန်း​နေ​သူတို့၊ ကျွန်​တော့်​ဆီ လာ​ကြ​ပါ။ ခင်​ဗျား​တို့​ကို လန်း​ဆန်း​စေ​မယ်။ ၂၉  ကျွန်​တော့်​ထမ်း​ပိုး​ကို ထမ်း​ပြီး ကျွန်​တော့်​ဆီ​က​နေ သင်​ယူ​ကြ​ပါ။ ကျွန်​တော်​ဟာ နူး​ညံ့​သိမ်​မွေ့​ပြီး စိတ်​နှိမ့်​ချ​တယ်။+ ခင်​ဗျား​တို့ လန်း​ဆန်း​ရ​လိမ့်​မယ်။ ၃၀  ကျွန်​တော့်​ထမ်း​ပိုး​ဟာ ထမ်း​လွယ်​တယ်။ ဝန်​လည်း ပေါ့​ပါ​တယ်” လို့ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ကျွန်​တော်​ကြောင့် တိုက်​လဲ​စ​ရာ​အကြောင်း မရှိ​တဲ့​သူ။”
‘ပရော​ဖက်​ကျမ်း​နဲ့ ပညတ်​ကျမ်း’ ဆို​တာ ဟီ​ဘ​ရူး​ကျမ်း​စောင်​အားလုံး​ကို ရည်​ညွှန်း။