မဿဲ ၁၆:၁-၂၈

  • အံ့​ဖွယ်​အမှု​ပြဖို့ တောင်း​ဆို​ကြ (၁-၄)

  • ဖာ​ရိ​ရှဲ​နဲ့ ဇဒ္ဒုကဲ​တို့​ရဲ့ တ​ဆေး (၅-၁၂)

  • နိုင်​ငံ​တော်​သော့​များ (၁၃-၂၀)

    • ကျောက်​ပေါ်​မှာ အသင်း​တော်​တည်​ဆောက် (၁၈)

  • ယေရှု သေဆုံးမ​ယ့်​အကြောင်း ကြို​ပြော (၂၁-၂၃)

  • စစ်​မှန်​တဲ့​တ​ပည့် (၂၄-၂၈)

၁၆  ဖာ​ရိ​ရှဲ​နဲ့ ဇဒ္ဒုကဲ​တွေ​က အကဲ​စမ်း​ချင်​တဲ့​အတွက် ယေရှု​ဆီ လာ​ပြီး ဘု​ရား​ဆီ​က အံ့​ဖွယ်​အမှု တစ်​ခု​လောက် ပြပါ​လို့ တောင်း​ဆို​တော့၊+ ၂  ယေရှု​က “ည​နေ​စောင်း​တဲ့​အခါ ‘ကောင်း​ကင်​ကြီး နီ​ရဲ​နေ​တာ​ပဲ။ ရာ​သီ​ဥ​တု သာ​ယာ​မယ်’ လို့ ခင်​ဗျား​တို့ ပြော​တတ်​တယ်။ ၃  မနက်​ရောက်​တော့​လည်း ‘ကောင်း​ကင်​ကြီး နီ​ရဲ​ပြီး အုံ့​မှိုင်း​နေ​တာ​ပဲ။ ဒီ​နေ့ မိုး​ရွာ​ပြီး အေး​စိမ့်​နေ​လိမ့်​မယ်’ လို့ ပြော​တတ်​ကြ​တယ်။ ခင်​ဗျား​တို့​ဟာ ကောင်း​ကင်​ကို ကြည့်​ပြီး ရာ​သီ​ဥ​တု​ကို ခန့်​မှန်း​တတ်​ပေမဲ့ အချိန်​ကာလ​ရဲ့ လက္ခ​ဏာ​ကို​တော့ မခန့်​မှန်း​တတ်​ပါ​လား။ ၄  ဆိုး​ညစ်​ဖောက်​ပြန်​တဲ့ လူမျိုး​ဆက်​ဟာ အံ့​ဖွယ်​အမှု​ကို မြင်​ချင်​ကြ​တယ်။ ဒါ​ပေမဲ့ ယောန​အံ့​ဖွယ်​အမှု​က​လွဲ​လို့+ ဘယ်​အံ့​ဖွယ်​အမှု​ကို​မှ မြင်​ရ​မှာ မဟုတ်​ဘူး”+ လို့ ပြော​ပြီး သူတို့​ဆီ​က​နေ ထွက်​သွား​တယ်။ ၅  တ​ပည့်တွေ​က ကမ်း​တစ်​ဖက်​ကို ကူး​တဲ့​အခါ စား​စ​ရာ ယူ​လာ​ဖို့ မေ့​သွား​တယ်။+ ၆  ယေရှု​က “မျက်​စိ​ရှင်​ရှင် ထား​ပြီး ဖာ​ရိ​ရှဲ​နဲ့ ဇဒ္ဒုကဲ​တို့​ရဲ့ တဆေး​ကို သတိ​ထား​ကြ”+ လို့ ပြော​တော့၊ ၇  “ငါ​တို့ စား​စ​ရာ မယူ​လာလို့ အဲဒီ​လို​ပြော​တာ​နေ​မှာ” ဆို​ပြီး သူတို့​အချင်း​ချင်း ပြော​ကြ​တယ်။ ၈  ဒါ​ကို ယေရှု သိ​တော့ “ယုံ​ကြည်​ခြင်း​နည်း​သူတို့၊ စား​စ​ရာ မပါ​လာ​တဲ့​အကြောင်း ဘာ​လို့ ပြော​နေ​ကြ​တာ​လဲ။ ၉  ကျွန်​တော် ဘာ​ကို ဆိုလို​နေ​မှန်း နား​မလည်​သေး​ဘူး​လား။ မုန့်​ငါး​လုံး​နဲ့ လူ ၅,၀၀၀ ကို ကျွန်​တော် ကျွေး​ပြီး​တဲ့​နောက် စား​ကြွင်း​စား​ကျန် လိုက်​ကောက်​တာ ဘယ်​နှစ်​တောင်း ရ​မှန်း မမှတ်​မိ​ကြ​ဘူး​လား။+ ၁၀  မုန့်​ခု​နစ်​လုံး​နဲ့ လူ ၄,၀၀၀ ကို ကျွေး​ပြီး​တဲ့​နောက် စား​ကြွင်း​စား​ကျန် လိုက်​ကောက်​တာ တောင်း​ကြီး ဘယ်​နှစ်​တောင်း ရ​တယ်​ဆို​တာ​ကို​ရော သတိ​မရ​ကြ​ဘူး​လား။+ ၁၁  ကျွန်​တော် စား​စရာ​အကြောင်း ပြော​နေ​တာ မဟုတ်​မှန်း ဘာ​လို့ နား​မလည်​တာ​လဲ။ ဖာ​ရိ​ရှဲ​နဲ့ ဇဒ္ဒုကဲ​တို့​ရဲ့ တ​ဆေး​ကို သတိ​ထား​ဖို့ ပြော​နေ​တာ”+ ဆို​ပြီး ပြော​တယ်။ ၁၂  အဲဒီ​တော့​မှ မုန့်​ထဲ ထည့်​တဲ့ တဆေး​ကို မဟုတ်​ဘဲ ဖာ​ရိ​ရှဲ​နဲ့ ဇဒ္ဒုကဲ​တို့​ရဲ့ သွန်သင်​ချက်​ကို သတိ​ထား​ဖို့ ယေရှု ပြော​နေ​မှန်း သူတို့ နား​လည်​သွား​တယ်။ ၁၃  ကဲ​သရိ ဖိ​လိပ္ပိ​ဒေ​သကို ရောက်​လာ​တဲ့​အခါ ယေရှု​က “လူ​တွေ​က လူ​သား​ကို ဘယ်​သူ​လို့ ပြော​ကြ​သလဲ” ဆို​ပြီး တ​ပည့်တွေ​ကို မေး​တော့၊+ ၁၄  “တချို့​က နှစ်ခြင်း​ပေး​သူ ယောဟန်​လို့+ ပြော​ကြ​တယ်။ တ​ချို့​က ဧလိယ​တဲ့။+ တ​ချို့​ကျ​ပြန်​တော့ ယေ​ရ​မိ ဒါ​မှ​မဟုတ် ပရော​ဖက်​တစ်​ယောက်​တဲ့” ဆို​ပြီး ဖြေကြ​တယ်။ ၁၅  ယေရှု​က “ခင်​ဗျား​တို့​ကော ကျွန်​တော့်​ကို ဘယ်​သူ​လို့ ပြော​မလဲ” ဆို​ပြီး မေး​တဲ့​အခါ၊ ၁၆  ရှိ​မုန်​ပေတရု​က “သခင်​ဟာ ခ​ရစ်​တော်​ပဲ။+ အသက်​ရှင်​နေ​တဲ့ ဘုရား​သခင်​ရဲ့ သား​ပါ”+ လို့ ပြန်​ဖြေတယ်။ ၁၇  ယေရှု​က “ယောန​ရဲ့ သား ရှိ​မုန်၊ ခင်​ဗျား ပျော်​လိုက်​ပါ။ ခင်​ဗျား​ကို ဒီ​အကြောင်း ဖော်​ပြသူ​ဟာ လူ​မဟုတ်​ဘဲ ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ အဖဘု​ရား ဖြစ်​နေ​လို့​ပဲ။+ ၁၈  ပြီး​တော့ ကျွန်​တော် ပြော​မယ်။ ခင်​ဗျား​ဟာ ပေတရု​ပဲ။+ ဒီ​ကျောက်​ဆောင်​ပေါ်​မှာ+ ကျွန်​တော့်ရဲ့ အသင်း​တော်​ကို တည်​ဆောက်​မယ်။ အဲဒီ​အသင်း​တော်​ကို သင်္ချိုင်း​က* အနိုင်​ယူ​လို့ ရ​မှာ မဟုတ်​ဘူး။ ၁၉  ခင်​ဗျား​ကို ကောင်း​ကင်​နိုင်​ငံ​ရဲ့ သော့​တွေ ပေး​မယ်။ ကမ္ဘာ​မြေမှာ ခင်​ဗျား ချည်​နှောင်​သမျှ ကောင်း​ကင်​မှာ ချည်​နှောင်​ပြီး​သား ဖြစ်​လိမ့်​မယ်။ ကမ္ဘာ​မြေမှာ ခင်​ဗျား​ဖြေလွှတ်​သမျှ ကောင်း​ကင်​မှာ ဖြေလွှတ်​ပြီး​သား ဖြစ်​မယ်” လို့ ပြော​တယ်။ ၂၀  အဲဒီ​နောက် မိမိ​ဟာ ခ​ရစ်​တော် ဖြစ်​တယ်​ဆို​တာ ဘယ်​သူ့​ကို​မှ မပြော​ကြ​ဖို့ တ​ပည့်တွေ​ကို အသေအချာ မှာ​တယ်။+ ၂၁  အဲဒီ​အချိန်​က​စ​ပြီး ယေရှု​ဟာ ဂျေရု​ဆ​လင်​မြို့​ကို သူ​သွား​ရ​မယ်၊ အကြီး​အကဲ​တွေ၊ ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ လက်​ချက်​နဲ့ ဒုက္ခ​အများ​ကြီး ခံ​ရ​မယ်၊ အဲဒီ​နောက် အသတ်​ခံ​ရ​ပြီး သုံး​ရက်​မြောက်​နေ့​မှာ အသက်​ပြန်​ရှင်​လာ​မယ် ဆို​တဲ့ အကြောင်း​တွေ​ကို တပည့်​တွေ​ကို ရှင်း​ပြတယ်။+ ၂၂  ပေတ​ရု​က ယေရှု​ကို ခေါ်​ထုတ်​ပြီး “သခင်၊ ကိုယ့်​ကိုယ်​ကိုယ် သက်​ညှာ​ပါ​ဦး။ ဒီ​လို​အဖြစ်​မျိုး​ကို သခင် ဘယ်​တော့​မှ ကြုံ​ရ​မှာ မဟုတ်​ဘူး” လို့ အပြစ်​တင်​တယ်။+ ၂၃  အဲဒီ​အခါ ယေရှု​က မျက်​နှာ​လွှဲ​လိုက်​ပြီး “စာ​တန်၊ ထွက်​သွား​ပါ။ ခင်​ဗျား​ဟာ ကျွန်​တော့်​အတွက် ဆူး​ငြောင့်​ခ​လုတ်​ပဲ။ ခင်​ဗျား​က ဘု​ရား​သခင် စဉ်း​စား​သလို မစဉ်း​စား​ဘဲ လူ​တွေ စဉ်း​စား​သလို စဉ်း​စား​နေ​တယ်”+ လို့ ပေတရု​ကို ပြော​တယ်။ ၂၄  အဲဒီ​နောက် ယေရှု​က “ကျွန်​တော့်​နောက်​လိုက် ဖြစ်​ချင်​သူ​တိုင်း ကိုယ့်​ကိုယ်​ကိုယ် ငြင်း​ပယ်​ရ​မယ်။ ဒုက္ခ​သစ်​တိုင်​ကို* ထမ်း​ပြီး ကျွန်​တော့်​နောက်​ကို အမြဲ လိုက်​ရ​မယ်။+ ၂၅  ကိုယ့်​အသက်​ကို ကယ်​ချင်​သူ​ဟာ အသက်​ဆုံး​ရ​လိမ့်​မယ်။ ကျွန်​တော့်​ကြောင့် အသက်​ဆုံး​တဲ့​သူ​က​တော့ အသက်​ပြန်​ရှင်​ရ​လိမ့်​မယ်။+ ၂၆  တစ်​လော​က​လုံး​ကို ပိုင်​ဆိုင်​ထား​ပေမဲ့ အသက်​ဆုံး​ရှုံး​သွား​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ ကိုယ့်​အသက်​ကို ဘာ​နဲ့ ပြန်​လဲ​ယူ​လို့ ရ​မှာ​လဲ။+ ၂၇  လူ​သား​ဟာ ကောင်း​ကင်​တ​မန်​တွေ ခြံ​ရံ​ပြီး အဖဘု​ရားရဲ့ ဘုန်း​တန်ခိုး​နဲ့ လာ​လိမ့်​မယ်။ အဲဒီ​အခါ လူ​တိုင်း​ကို သူတို့​လုပ်​ရပ်​နဲ့​အညီ ပြန်​ဆပ်​ပေး​လိမ့်​မယ်။+ ၂၈  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဒီ​မှာ ရပ်​နေ​သူ​တ​ချို့​ဟာ နိုင်​ငံ​တော်​နဲ့ ရောက်​လာ​တဲ့ လူ​သား​ကို မမြင်​ရ​ခင် သေဆုံး​မှာ မဟုတ်​ဘူး” လို့ ပြော​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။