မဿဲ ၁၂:၁-၅၀
-
ယေရှုဟာ “ဥပုသ်နေ့ရဲ့သခင်” (၁-၈)
-
လက်တစ်ဖက်သေနေသူကို ကုသပေး (၉-၁၄)
-
ဘုရားသခင် ချစ်မြတ်နိုးတဲ့ကျွန် (၁၅-၂၁)
-
နတ်ဆိုးတွေကို သန့်ရှင်းသော စွမ်းအားတော်နဲ့ နှင်ထုတ် (၂၂-၃၀)
-
ခွင့်လွှတ်မခံရတဲ့ အပြစ် (၃၁၊ ၃၂)
-
အသီးကိုကြည့်ပြီး အပင်ကို သိနိုင် (၃၃-၃၇)
-
ယောနရဲ့ အံ့ဖွယ်အမှု (၃၈-၄၂)
-
နတ်ဆိုး ပြန်ရောက်လာ (၄၃-၄၅)
-
ယေရှုရဲ့မိခင်နဲ့ ညီတွေ (၄၆-၅၀)
၁၂ ဥပုသ်နေ့ တစ်နေ့မှာ ယေရှုနဲ့ တပည့်တွေ လယ်ကွက်ထဲ ဖြတ်လျှောက်သွားတုန်း တပည့်တွေက ဗိုက်ဆာဆာနဲ့ ကောက်နှံကို ဆွတ်ခူးပြီး စားကြတယ်။+
၂ ဒါကို ဖာရိရှဲတွေ မြင်တဲ့အခါ “ခင်ဗျားတပည့်တွေက ဥပုသ်နေ့မှာ လုပ်ခွင့် မရှိတာတွေ လုပ်နေပါလား”+ လို့ ပြောတော့၊
၃ ယေရှုက “ဒါဝိဒ်နဲ့ သူ့လူတွေ ဗိုက်ဆာတဲ့အခါ ဒါဝိဒ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+
၄ ဘုရားသခင့်အိမ်တော်ထဲ ဝင်ပြီး သူနဲ့ သူ့လူတွေ စားခွင့် မရှိတဲ့၊ ပုရောဟိတ်တွေပဲ စားခွင့် ရှိတဲ့+ ရှေ့တော်မုန့်ကို+ စားခဲ့တယ် မဟုတ်လား။
၅ ပြီးတော့၊ ဗိမာန်တော်မှာ ရှိတဲ့ ပုရောဟိတ်တွေဟာ ဥပုသ်နေ့တွေမှာ အလုပ်လုပ်ပေမဲ့ အပြစ်မသင့်တဲ့အကြောင်း ပညတ်ကျမ်းမှာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+
၆ ကျွန်တော် ပြောမယ်။ အခု ဒီနေရာမှာ ဗိမာန်တော်ထက် ကြီးမြတ်တဲ့သူ ရှိနေတယ်။+
၇ ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။+ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’+ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကိုသာ နားလည်ခဲ့ရင် အပြစ်မရှိသူတွေကို ခင်ဗျားတို့ အပြစ်တင်မှာ မဟုတ်ဘူး။
၈ လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ”+ လို့ ပြန်ပြောတယ်။
၉ အဲဒီကနေ သူတို့ ထွက်လာပြီးနောက် တရားဇရပ်ထဲ ဝင်သွားတဲ့အခါ၊
၁၀ လက်တစ်ဖက်သေနေသူကို တွေ့တယ်။+ ဖာရိရှဲတွေက ယေရှုကို အပြစ်ရှာချင်တာနဲ့ “ဥပုသ်နေ့မှာ ရောဂါ ကုပေးသင့်သလား” ဆိုပြီး မေးတယ်။+
၁၁ ယေရှုက “ခင်ဗျားတို့မှာ သိုးတစ်ကောင် ရှိတယ် ဆိုပါစို့။ အဲဒီသိုးက ဥပုသ်နေ့မှာ တွင်းထဲ ကျသွားရင် မဆွဲတင်ဘဲနေတဲ့သူ ရှိသလား။+
၁၂ လူဟာ သိုးထက် အများကြီး တန်ဖိုးရှိတယ်။ ဒါကြောင့် ဥပုသ်နေ့မှာ ကောင်းမှုပြုသင့်တယ်” လို့ ပြန်ပြောတယ်။
၁၃ အဲဒီနောက် လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ ပြောတော့ အဲဒီလူ လက်ဆန့်လိုက်တဲ့အခါ ကျန်လက်တစ်ဖက်လိုပဲ ပြန်ကောင်းသွားတယ်။
၁၄ အဲဒီအခါ ဖာရိရှဲတွေ ထွက်သွားပြီး ယေရှုကို သတ်ဖို့ ပူးပေါင်းကြံစည်ကြတယ်။
၁၅ ဒါကို ယေရှု သိတော့ အဲဒီကနေ ထွက်သွားတယ်။ လူအများကြီး လိုက်လာတဲ့အခါ+ လူနာရှိသမျှကို ကုသပေးတယ်။
၁၆ ဒါပေမဲ့ သူ့အကြောင်းကို မပေါက်ကြားစေနဲ့ ဆိုပြီး အသေအချာ မှာတယ်။+
၁၇ ဒါကြောင့် ပရောဖက် ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ ပြည့်စုံလာတယ်–
၁၈ “ငါ့ကျွန်၊+ ငါရွေးချယ်တဲ့သူ၊ ငါချစ်မြတ်နိုးတဲ့သူကို+ ကြည့်ပါ။ သူ့အပေါ် ငါ့ရဲ့စွမ်းအားတော် သက်ရောက်စေမယ်။+ လူမျိုးတွေကို တရားမျှတခြင်းအကြောင်း သူကြားသိစေမယ်။
၁၉ သူဟာ ငြင်းခုံတာ၊ အော်ဟစ်တာတွေ လုပ်မှာ မဟုတ်ဘူး။+ လမ်းမတွေမှာ သူ့အသံကို ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။
၂၀ နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး။+ တရားမျှတခြင်းကို သူအောင်ပွဲခံစေမယ့်အချိန် မရောက်မချင်းပေါ့။
၂၁ သူ့နာမည်ဟာ လူမျိုးတွေကို မျှော်လင့်ချက် ပေးလိမ့်မယ်။”+
၂၂ အဲဒီနောက် နတ်ဆိုးစွဲနေလို့ မျက်စိမမြင်၊ စကားအနေသူတစ်ယောက်ကို ခေါ်လာတဲ့အခါ ယေရှု ကုသပေးလိုက်လို့ စကားပြောနိုင်ပြီး မျက်စိပြန်မြင်လာတယ်။
၂၃ လူအုပ်က တအံ့တသြ ဖြစ်ပြီး “ဒီလူဟာ ဒါဝိဒ်ရဲ့ သား ဖြစ်နိုင်တယ်နော်” လို့ ပြောကြတယ်။
၂၄ ဒါကို ဖာရိရှဲတွေ ကြားတော့ “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ* အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ ပြောကြတယ်။+
၂၅ သူတို့ ဘာတွေးနေမှန်း သိလို့ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ ဘယ်မြို့မဆို၊ ဘယ်မိသားစုမဆို စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။
၂၆ အဲဒီလိုပဲ စာတန်က စာတန်ကို နှင်ထုတ်တယ်ဆိုရင် ဒါဟာ စိတ်ဝမ်းကွဲနေလို့ပေါ့။ အဲဒီလို ဖြစ်နေရင် သူ့နိုင်ငံ ဘယ်လိုလုပ် တည်မြဲမှာလဲ။
၂၇ ကျွန်တော်က ဗေလဇေဗုလအကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ။ ဒီတော့ ခင်ဗျားတို့ မှားနေမှန်း ခင်ဗျားတို့ရဲ့ တပည့်တွေ ထောက်ပြနေတာပဲ။
၂၈ ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့်နိုင်ငံတော်နဲ့ လွဲသွားပြီ။+
၂၉ ခွန်အားကြီးသူကို အရင် မချည်နှောင်ဘဲ သူ့အိမ်ထဲ ဝင်ပြီး ပစ္စည်းဥစ္စာတွေ လုယူလို့ ရမလား။ သူ့ကို အရင် ချည်နှောင်ပြီးမှပဲ လုယူလို့ ရမှာပေါ့။
၃၀ ကျွန်တော့်ဘက်မှာ မရပ်တည်သူဟာ ကျွန်တော့်ရန်သူပဲ။ ကျွန်တော်နဲ့အတူ မစုသိမ်းသူဟာလည်း ကွဲလွင့်စေသူပဲ။+
၃၁ “ဒါကြောင့် ကျွန်တော် ပြောမယ်။ အပြစ်မှန်သမျှ၊ ဘုရားကို စော်ကားပြောဆိုတာ မှန်သမျှ ခွင့်လွှတ်ခံရလိမ့်မယ်။ စွမ်းအားတော်ကို စော်ကားပြောဆိုရင်တော့ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။+
၃၂ လူသားကို ဆန့်ကျင်ပြောဆိုရင် ခွင့်လွှတ်ခံရမယ်။+ သန့်ရှင်းသော စွမ်းအားတော်ကို ဆန့်ကျင်ပြောဆိုရင်တော့ ဒီလောကစနစ်* မှာရော အနာဂတ်မှာပါ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။+
၃၃ “ခင်ဗျားတို့သာ ကောင်းတဲ့ အပင်ဆိုရင် ကောင်းတဲ့ အသီး သီးမှာပဲ။ မကောင်းတဲ့ အပင်ဆိုရင်တော့ မကောင်းတဲ့ အသီး သီးမှာပဲ။ အသီးကို ကြည့်တာနဲ့ အပင်ကောင်းမကောင်း သိနိုင်တယ်။+
၃၄ မြွေဆိုးအမျိုးတို့၊+ ခင်ဗျားတို့ဟာ ဆိုးညစ်သူတွေ ဖြစ်နေတော့ ဘယ်လိုလုပ်ပြီး ကောင်းတဲ့ စကား ပြောနိုင်မှာလဲ။ စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်။+
၃၅ လူကောင်းတစ်ယောက်ဟာ စိတ်ထဲမှာ ကောင်းတာတွေ ပြည့်နေလို့ ကောင်းတာတွေပဲ ပြောတတ်တယ်။ ဆိုးညစ်သူကတော့ စိတ်ထဲမှာ ဆိုးညစ်တာတွေ ပြည့်နေလို့ ဆိုးညစ်တာတွေပဲ ပြောတတ်တယ်။+
၃၆ ကျွန်တော် ပြောမယ်။ လူတိုင်းဟာ ကိုယ်ပြောခဲ့သမျှ အကျိုးမရှိတဲ့ စကားတွေအတွက် တရားစီရင်ရာနေ့မှာ ဖြေရှင်းချက် ပေးရလိမ့်မယ်။+
၃၇ ကိုယ်ပြောတဲ့ စကားကြောင့် ဖြောင့်မတ်သူလို့ သတ်မှတ်ခံရမှာ ဖြစ်သလို ကိုယ်ပြောတဲ့ စကားကြောင့်ပဲ အပြစ်ရှိသူလို့ သတ်မှတ်ခံရလိမ့်မယ်” လို့ ပြောလိုက်တယ်။
၃၈ အဲဒီအခါ ကျမ်းတတ်နဲ့ ဖာရိရှဲတချို့က ယေရှုကို “ဆရာ၊ ဆရာ ပြတဲ့ အံ့ဖွယ်အမှု တစ်ခုလောက် မြင်ချင်ပါတယ်”+ လို့ ပြောတော့၊
၃၉ ယေရှုက “ဆိုးညစ်ဖောက်ပြန်တဲ့ လူမျိုးဆက်က* အံ့ဖွယ်အမှုကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ပရောဖက်ယောနရဲ့ အံ့ဖွယ်အမှုကလွဲလို့ ဘယ်အံ့ဖွယ်အမှုကိုမှ သူတို့ မြင်ရမှာ မဟုတ်ဘူး။+
၄၀ ယောနက ငါးကြီးဝမ်းထဲမှာ သုံးရက် နေခဲ့ရသလို+ လူသားကလည်း မြေကြီးထဲမှာ သုံးရက် နေရလိမ့်မယ်။+
၄၁ တရားစီရင်ချိန်မှာ နိနဝေမြို့သားတွေက ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေ ဖြစ်မှန်း ထောက်ပြလိမ့်မယ်။ သူတို့က ယောန ဟောတဲ့ စကားကြောင့် နောင်တရခဲ့ကြလို့ပဲ။+ အခု ဒီနေရာမှာ ယောနထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။+
၄၂ တရားစီရင်ချိန်မှာ တောင်ပြည်ရဲ့ ဘုရင်မက ဒီလူမျိုးဆက်နဲ့အတူ အသက်ပြန်ရှင်လာပြီး ဒီလူမျိုးဆက်ဟာ အပြစ်ရှိသူတွေ ဖြစ်မှန်း ထောက်ပြလိမ့်မယ်။ သူက ရှောလမုန်မင်းကြီးရဲ့ ပညာရှိစကားကို ကြားနာဖို့ အဝေးကြီးကနေ လာခဲ့လို့ပဲ။+ အခု ဒီနေရာမှာ ရှောလမုန်ထက် ပိုကြီးမြတ်တဲ့သူ ရှိနေတယ်။+
၄၃ “နတ်ဆိုးတစ်ကောင်ဟာ* လူထဲက ထွက်ပြီး ခြောက်သွေ့တဲ့ အရပ်တွေမှာ နားစရာနေရာ ရှာတယ်။ ရှာမတွေ့တဲ့အခါ၊+
၄၄ ‘ငါထွက်ခဲ့တဲ့ အိမ်ကိုပဲ သွားမယ်’ ဆိုပြီး ပြန်ရောက်လာတယ်။ အဲဒီအခါ အိမ်က လစ်လပ်နေတာ၊ လှည်းကျင်းပြီး ပြင်ဆင်ထားတာကို သူတွေ့တော့၊
၄၅ သူ့ထက်ဆိုးတဲ့ နတ်ဆိုးခုနစ်ကောင်ကို သွားခေါ်လာပြီး အဲဒီမှာ ဝင်နေကြတယ်။ နောက်ဆုံးတော့ အဲဒီလူရဲ့ အခြေအနေဟာ အရင်ကထက် ပိုဆိုးသွားတယ်။+ ဆိုးညစ်တဲ့ ဒီလူမျိုးဆက်လည်း အဲဒီအတိုင်းပဲ ဖြစ်လိမ့်မယ်” လို့ ပြောတယ်။
၄၆ လူအုပ်ကို ဟောပြောနေတုန်းမှာပဲ မိခင်နဲ့ ညီတွေ ရောက်လာပြီး+ ယေရှုနဲ့ စကားပြောချင်လို့ အပြင်မှာ ရပ်နေကြတယ်။+
၄၇ အဲဒီအခါ လူတစ်ယောက်က “ဆရာ့အမေနဲ့ ညီတွေ စကားပြောချင်လို့ အပြင်မှာ ရပ်စောင့်နေတယ်” လို့ ပြောတော့၊
၄၈ ယေရှုက “ကျွန်တော့်အမေ၊ ကျွန်တော့်ညီတွေဆိုတာ ဘယ်သူတွေလဲ” လို့ သူ့ကို ပြောတယ်။
၄၉ အဲဒီနောက် တပည့်တွေဘက်ကို ညွှန်ပြပြီး “သူတို့ဟာ ကျွန်တော့်အမေ၊ ကျွန်တော့်ညီအစ်ကိုတွေပဲ။+
၅၀ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ အလိုတော်ကို ဆောင်တဲ့သူတိုင်းဟာ ကျွန်တော့်အမေ၊ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေပဲ”+ လို့ ဖြေတယ်။
အောက်ခြေမှတ်ချက်များ
^ စာတန်ကို ရည်ညွှန်းတဲ့ နာမည်။