မဿဲ ၂၁:၁-၄၆

  • ယေရှု အောင်​ပွဲ​ခံ​လျက် မြို့​ထဲ​ဝင်​ရောက် (၁-၁၁)

  • ဗိမာန်​တော်​ကို ယေရှု သန့်​စင် (၁၂-၁၇)

  • သဖန်း​ပင် ကျိန်​စာ​သင့် (၁၈-၂၂)

  • ယေရှု​ရဲ့ အခွင့်​အာ​ဏာ​ကို စော​ဒ​က​တက်​ကြ (၂၃-၂၇)

  • သား​နှစ်​ယောက် ပုံ​ဥပမာ  (၂၈-၃၂)

  • လူ​သတ်​တဲ့​ခြံ​လုပ်​သား​များ ပုံ​ဥပမာ (၃၃-၄၆)

    • ထိပ်​ဆုံး​က ထောင့်​ချုပ်​ကျောက်​ကို ပစ်​ပယ်​ကြ (၄၂)

၂၁  ယေရှု​က ဂျေရု​ဆ​လင်​မြို့​အနီး၊ သံ​လွင်​တောင်​စောင်း​မှာ ရှိ​တဲ့ ဗက်​ဖာ​ဂေရွာ​ကို ရောက်​လာ​တဲ့​အခါ တပည့်​နှစ်​ယောက်​ကို လွှတ်​ပြီး၊+ ၂  “ရှေ့​မှာ မြင်​နေ​ရ​တဲ့ ရွာ​ကို သွား​ကြ။ ရွာ​ထဲ ဝင်​တာ​နဲ့ ချည်​ထား​တဲ့ မြည်း​မနဲ့ မြည်း​က​လေး​ကို တွေ့​လိမ့်​မယ်။ ကြိုး​ဖြေပြီး ဒီ​ကို ဆွဲ​လာခဲ့။ ၃  တစ်​ယောက်​ယောက် မေး​လာရင် ‘သခင် အသုံး​လို​လို့​ပါ’ ဆို​ပြီး ပြော​လိုက်။ ဒါ​ဆို ရှော​ရှော​ရှူရှူ လွှတ်​ပေး​လိမ့်​မယ်” လို့ မှာ​တယ်။ ၄  ဒါ​ကြောင့် ပရော​ဖက်​က​တစ်ဆင့် ပြော​ခဲ့​တဲ့ ဒီ​စကား​တွေ ပြည့်​စုံ​လာ​တယ်– ၅  “‘မင်း​ရဲ့ ဘု​ရင်​က ဝန်​တင်​တိ​ရစ္ဆာန် မြည်း​က​လေး​ကို စီး​ပြီး+ နူး​ညံ့​သိမ်​မွေ့​တဲ့​စိတ်​နဲ့+ မင်း​ဆီ လာ​နေ​တယ်’+ ဆို​ပြီး ဇိ​အုန်​သမီး​ပျို​ကို ပြော​ကြ​ပါ။” ၆  တပည့်တွေ​လည်း ယေရှု မှာ​တဲ့​အတိုင်း လုပ်​ကြ​တယ်။+ ၇  မြည်း​မနဲ့ မြည်း​က​လေး​ကို ဆွဲ​လာ​ပြီး သူတို့​ရဲ့ ဝတ်​ရုံ​ကို မြည်း​ကျော​ပေါ် ခင်း​ပေး​တယ်။ ယေရှု​က မြည်း​က​လေး​ကို စီး​လာ​တယ်။+ ၈  လူ​အများ​စု​က သူ​တို့​ရဲ့ ဝတ်​ရုံ​တွေ​ကို လမ်း​ပေါ် ဖြန့်​ခင်း​ပေး​တယ်။+ တချို့​က သစ်​ခက်​တွေ ခုတ်​ပြီး ခင်း​ပေး​တယ်။ ၉  ရှေ့​နောက်​လိုက်​ပါ​လာ​တဲ့ လူ​အုပ်​က “ဘုရား​သခင်၊ ဒါဝိဒ်ရဲ့ သား​ကို ကယ်​တင်​ပေး​ပါ။+ ယေဟောဝါ​ရဲ့* နာမည်​နဲ့ ရောက်​လာ​သူ ကောင်း​ချီး ခံစား​ရ​ပါ​စေ။+ ကောင်း​ကင်​မှာ စံ​မြန်း​တဲ့​အရှင်၊ ဒါဝိဒ်ရဲ့ သား​ကို ကယ်​တင်​ပေး​ပါ”+ လို့ ကြွေး​ကြော်​ကြ​တယ်။ ၁၀  ဂျေရု​ဆ​လင်​မြို့​ထဲ ယေရှု ဝင်​လာ​တဲ့​အခါ တစ်​မြို့​လုံး ရုတ်​ရုတ်​သဲ​သဲ ဖြစ်​ပြီး “သူ ဘယ်​သူ​လဲ” လို့ မေး​ကြ​တော့၊ ၁၁  လူ​အုပ်​က “ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​သား ပရော​ဖက်​ယေရှု​ပဲ”+ ဆို​ပြီး ဖြေကြ​တယ်။ ၁၂  ယေရှု​က ဗိမာန်​တော်​ထဲ ဝင်​ပြီး အဲဒီ​မှာ ရောင်း​ဝယ်​နေ​သူ​တွေ​ကို မောင်း​ထုတ်​လိုက်​တယ်။ ငွေ​လဲ​လှယ်​သူ​တွေရဲ့ စား​ပွဲ​တွေ၊ ချိုး​ငှက်​ရောင်း​သူ​တွေရဲ့ ခုံ​တွေ​ကို မှောက်​လှန်​ပစ်​တယ်။+ ၁၃  ပြီး​တော့ “‘ငါ့​အိမ်​ကို ဆုတောင်း​ရာ​အိမ်​လို့ ခေါ်​ကြ​မယ်’+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​ပေမဲ့ ခင်​ဗျား​တို့​က​တော့ ဓား​ပြခို​အောင်း​တဲ့​နေ​ရာ ဖြစ်​စေ​ကြ​ပြီ”+ လို့ ပြော​တယ်။ ၁၄  မျက်​မမြင်​တွေ၊ ခြေ​မသန်​သူ​တွေ​လည်း ဗိမာန်​တော်​ကို ရောက်​လာ​တဲ့​အတွက် သူတို့​ကို ယေရှု ကု​သပေး​တယ်။ ၁၅  ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ ကျမ်း​တတ်​တွေ​က ယေရှု လုပ်​တဲ့ အံ့​ဖွယ်​အမှု​တွေ၊ “ဘု​ရား​သခင်၊ ဒါဝိဒ်ရဲ့ သား​ကို ကယ်​တင်​ပေး​ပါ”+ လို့ ဗိမာန်​တော်​မှာ ကြွေး​ကြော်​နေ​တဲ့ ကလေး​ငယ်​တွေ​ကို မြင်​တဲ့​အခါ ဒေါသ​ထွက်​ပြီး၊+ ၁၆  “ဒီ​က​လေး​တွေ ပြော​နေ​တာ​ကို ကြား​ရဲ့​လား” လို့ မေး​တယ်။ ယေရှု​က “ကြား​တာ​ပေါ့။ ‘ကလေး​ငယ်​တွေ​နဲ့ နို့​စို့​ကလေး​တွေရဲ့ နှုတ်​က​နေ ချီး​မွမ်း​စကား ထွက်​စေ​တယ်’ ဆို​တဲ့​စကား​ကို ခင်​ဗျား​တို့ မဖတ်​ဖူး​ဘူး​လား”+ လို့ ပြော​တယ်။ ၁၇  ပြီး​တော့ အဲဒီ​မြို့​က​နေ ထွက်​ပြီး ဗေသနိ​ရွာ​မှာ ည​အိပ်​တယ်။+ ၁၈  မနက်​စော​စော မြို့​ကို ပြန်​လာ​ကြ​တဲ့​အခါ ယေရှု ဗိုက်​ဆာ​လာ​တယ်။+ ၁၉  လမ်း​ဘေး​မှာ သဖန်း​ပင်​တစ်​ပင်​ကို တွေ့​လို့ သွား​ကြည့်​လိုက်​တော့ အရွက်​တွေ​ပဲ ရှိ​ပြီး အသီး​တစ်​လုံး​မှ မရှိ​ဘူး။+ ဒါကြောင့် “နောင်​ဘယ်​တော့​မှ အသီး​မသီး​စေ​နဲ့”+ လို့ ပြော​လိုက်​တဲ့​အခါ သဖန်း​ပင် ချက်​ချင်း ခြောက်​သွား​တယ်။ ၂၀  ဒါ​ကို မြင်​တဲ့​အခါ တ​ပည့်တွေ​က “ဒီ​သဖန်း​ပင်​က ဘယ်​လို​လုပ် ချက်​ချင်း ခြောက်​သွား​တာ​လဲ” ဆို​ပြီး တအံ့​တ​သြ ဖြစ်​နေ​ကြ​တယ်။+ ၂၁  အဲဒီ​အခါ ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ခင်​ဗျား​တို့​သာ ယုံ​ကြည်​ခြင်း ရှိ​မယ်၊ သံ​သယ​စိတ် ကင်း​မယ်​ဆို​ရင် သဖန်း​ပင်​ကို ကျွန်​တော် လုပ်​သလို လုပ်​နိုင်​မယ်။ ဒါ့​အပြင် ဒီ​တောင်​ကို ‘နေ​ရာ​က​နေ ရွေ့​ပြီး ပင်လယ်​ထဲ ကျ​စေ’ လို့ ပြော​ရင်​တောင် အဲဒီ​အတိုင်း ဖြစ်​လိမ့်​မယ်။+ ၂၂  ယုံ​ကြည်​ခြင်း​အပြည့်​နဲ့ ဆုတောင်း​ရင် တောင်း​သမျှ ရ​လိမ့်​မယ်”+ လို့ ပြန်​ပြော​တယ်။ ၂၃  ယေရှု​က ဗိမာန်​တော်​ထဲ ဝင်​ပြီး သွန်သင်​တဲ့​အခါ ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ အကြီး​အကဲ​တွေ​က “ဘာ​အခွင့်​အာဏာ​နဲ့ ဒါ​တွေ​ကို လုပ်​တာ​လဲ။ ခင်ဗျား​ကို ဘယ်​သူ အခွင့်​အာ​ဏာ ပေးထား​လို့​လဲ”+ ဆို​ပြီး လာ​မေး​ကြ​တယ်။ ၂၄  အဲ​ဒီ​အ​ခါ​ ယေရှု​က “ကျွန်​တော်​လည်း တစ်​ခု​လောက် မေး​ချင်​တယ်။ ခင်​ဗျား​တို့ ဖြေနိုင်​ရင် ဘာ​အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို လုပ်​တယ်​ဆို​တာ ပြော​ပြမယ်။ ၂၅  ယောဟန်​က ဘယ်​သူ့​အခွင့်​အာ​ဏာ​နဲ့ နှစ်ခြင်း​ပေး​တာ​လဲ။ ဘု​ရား​ဆီ​က​လား၊* လူ​တွေ​ဆီ​က​လား” ဆို​ပြီး မေး​တယ်။ သူတို့​က “‘ဘု​ရား​ဆီ​က’ လို့ ငါ​တို့ ဖြေရင် ‘ယောဟန်​ကို ဘာ​လို့ မယုံ​တာ​လဲ’+ ဆို​ပြီး သူ​မေး​ဦး​မယ်။ ၂၆  ‘လူ​တွေ​ဆီ​က’ လို့ ဖြေပြန်​ရင်​လည်း ယောဟန်​ကို ပရော​ဖက်​လို့ ယူ​မှတ်​နေ​တဲ့ လူ​တွေ​ကို ကြောက်​ရ​တယ်” ဆို​ပြီး အချင်း​ချင်း တိုင်​ပင်​တယ်။ ၂၇  ဒါ​နဲ့ “မသိ​ဘူး” လို့ ဖြေကြ​တော့ ယေရှု​က “ကျွန်​တော်​လည်း ဘာ​အခွင့်​အာ​ဏာ​နဲ့ ဒါ​တွေ​ကို လုပ်​တယ်​ဆို​တာ ခင်​ဗျား​တို့​ကို မပြော​ပြဘူး” လို့ ပြော​လိုက်​တယ်။ ၂၈  “ခင်​ဗျား​တို့ ဘယ်​လို ထင်​ကြ​သ​လဲ။ လူ​တစ်​ယောက်​မှာ သား​နှစ်​ယောက် ရှိ​တယ်။ သူ​က သား​ကြီး​ကို ‘သား၊ ဒီ​နေ့ စ​ပျစ်​ခြံ​မှာ အလုပ် သွား​လုပ်​ပါ’ လို့ ခိုင်း​တော့၊ ၂၉  သား​ကြီး​က ‘မသွား​ဘူး’ လို့ ပြော​တယ်။ နောက်​မှ နောင်​တ​ရ​ပြီး စ​ပျစ်​ခြံ​ဆီ ထွက်​သွား​တယ်။ ၃၀  သား​ငယ်​ဆီ သွား​ပြီး အဲဒီ​အတိုင်း ခိုင်း​တဲ့​အခါ ‘ဟုတ်​ကဲ့’ လို့ ပြော​ပေမဲ့ မသွား​ဘူး။ ၃၁  အဲ​ဒီ​သား​နှစ်​ယောက်​ထဲ​မှာ ဘယ်​သူ​က အဖေ့​စကား နား​ထောင်​သလဲ” လို့ ယေရှု မေး​တော့ သူတို့​က “သား​ကြီး​ပါ” လို့ ဖြေကြ​တယ်။ ဒါ​နဲ့ ယေရှု​က “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ အခွန်​ခံ​တွေ၊ ပြည့်​တန်​ဆာ​တွေ​က ခင်​ဗျား​တို့​ထက်​အရင် ဘုရား​သခင့်​နိုင်​ငံ​ကို ဝင်​ကြ​လိမ့်​မယ်။ ၃၂  ယောဟန် ရောက်​လာ​ပြီး ဖြောင့်​မတ်​ခြင်း​တရား​လမ်း​ကို ပြညွှန်​ပေမဲ့ သူ့​ကို ခင်​ဗျား​တို့ မယုံ​ကြည်​ဘူး။ အခွန်​ခံ​တွေ၊ ပြည့်​တန်​ဆာ​တွေ​က​တော့ ယုံ​ကြည်​တယ်။+ ဒါ​ကို ခင်​ဗျား​တို့ မြင်​ပြီး​နောက်​မှာ​တောင် မယုံ​ကြည်​ကြ​ဘူး။ နောင်​တ​မရ​ကြ​ဘူး။ ၃၃  “နောက်​ပုံ​ဥပမာ​ကို နား​ထောင်​ကြ​ပါ– မြေရှင်​တစ်​ယောက်​က စ​ပျစ်​ခြံ​ကို စိုက်​ပျိုး​ပြီး+ ခြံ​စည်း​ရိုး​ခတ်​တယ်။ စပျစ်​သီး​နယ်​ရာ ကျင်း​ကို တူး​ပြီး လင့်စင်​ဆောက်​တယ်။+ ပြီး​တော့ ခြံ​လုပ်​သား​တွေ​ကို သီး​စား​ချ​ပြီး​တဲ့​နောက် ခ​ရီး​ထွက်​သွား​တယ်။+ ၃၄  အသီး​ခူး​ချိန် ရောက်​တဲ့​အခါ ခြံ​လုပ်​သား​တွေ​ဆီ ကျွန်​တွေ လွှတ်​ပြီး သီး​စား​ခ တောင်း​ခိုင်း​တယ်။ ၃၅  ဒါ​ပေမဲ့ ခြံ​လုပ်​သား​တွေ​က ကျွန်​တွေ​ကို​ဖမ်း​ပြီး တစ်​ယောက်​ကို ရိုက်​တယ်။ နောက်​တစ်​ယောက်​ကို သတ်​ပစ်​တယ်။ နောက်​တစ်​ယောက်​ကို​ကျ​တော့ ခဲ​နဲ့​ပေါက်​သတ်​တယ်။+ ၃၆  ခြံ​ပိုင်​ရှင်​လည်း အရင်​ထက် ပို​များ​တဲ့ ကျွန်​တွေ​ကို ထပ်​လွှတ်​တဲ့​အခါ ခြံ​လုပ်​သား​တွေ​က အရင်​အတိုင်း​ပဲ လုပ်​ကြ​တယ်။+ ၃၇  နောက်​ဆုံး၊ ခြံ​ပိုင်​ရှင်​က ‘ငါ့​သား​ကို​တော့ လေး​စား​ကြ​မှာ​ပါ’ လို့ တွေး​ပြီး သား​ကို လွှတ်​လိုက်​တယ်။ ၃၈  ခြံ​လုပ်​သား​တွေ​က သား​ကို မြင်​တော့ ‘ဒီ​ခြံ​ကို အမွေ​ဆက်​ခံ​မယ့်​သူ​ပဲ။+ သူ့​ကို သတ်​ပစ်​ရ​အောင်။ ဒါ​ဆို သူ့​အမွေ​ကို ငါ​တို့ ရ​ပြီ’ လို့ တိုင်​ပင်​ကြ​တယ်။ ၃၉  ဒါ​နဲ့ သူ့​ကို ဖမ်း၊ ခြံ​ပြင် ဆွဲ​ထုတ်​ပြီး သတ်​လိုက်​တယ်။+ ၄၀  ခြံ​ပိုင်​ရှင် ရောက်​လာ​တဲ့​အခါ ခြံ​လုပ်​သား​တွေ​ကို ဘာ​လုပ်​မလဲ” လို့ မေး​တယ်။ ၄၁  ပုရော​ဟိတ်​ကြီး​တွေ​နဲ့ အကြီး​အကဲ​တွေ​က “ဒီ​လူ​ယုတ်​မာ​တွေ​ကို သတ်​ပစ်​မှာ​ပေါ့။ စ​ပျစ်​ခြံ​ကို​တော့ အသီး​ခူး​ချိန်မှာ သီး​စား​ခ ပေး​မယ့် တ​ခြား​ခြံ​လုပ်သား​တွေ​ဆီ ငှား​ပါ​လိမ့်​မယ်” လို့ ဖြေကြ​တယ်။ ၄၂  ယေရှု​က “‘တိုက်​ကို တည်​ဆောက်​သူ​တွေ ပယ်​ထား​တဲ့ ကျောက်​ဟာ ထိပ်​ဆုံး​က ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ပြီ။+ ဒီ​ကျောက်​ဟာ ယေဟောဝါ* ဆီ​က လာ​တယ်။ ငါ​တို့​အမြင်​မှာ အံ့​သြစရာ​ပဲ’+ ဆို​တဲ့ ကျမ်း​စကား​ကို မဖတ်​ဖူး​ဘူး​လား။ ၄၃  ကျွန်​တော် ပြော​မယ်။ ဘု​ရား​သခင့် နိုင်​ငံ​တော်​ကို ခင်​ဗျား​တို့​ဆီ​က​နေ ရုပ်​သိမ်း​ပြီး သီး​ပွင့်​ဖြစ်​ထွန်း​မယ့် လူမျိုး​ကို အပ်​လိမ့်​မယ်။ ၄၄  လူ​တစ်​ယောက်​က ဒီ​ကျောက်​ပေါ်​ကျ​ရင် သူ အပိုင်း​ပိုင်း ကျိုး​လိမ့်​မယ်။+ ဒီ​ကျောက်​က သူ့​အပေါ်​ကျ​ရင် သူ ညက်​ညက်​ကြေ​လိမ့်​မယ်”+ လို့ ပြော​တယ်။ ၄၅  ပု​ရော​ဟိတ်​ကြီး​တွေ၊ ဖာ​ရိ​ရှဲ​တွေ​က ယေရှု ပြော​တဲ့ ပုံ​ဥပမာ​တွေ​ကို ကြား​တဲ့​အခါ သူတို့​ကို ပြော​နေ​မှန်း ရိပ်​မိ​တယ်။+ ၄၆  ယေရှု​ကို ဖမ်း​ချင်​ပေမဲ့ သူ့​ကို ပရော​ဖက်​လို့ ယူ​မှတ်​နေ​တဲ့ လူ​အုပ်​ကို ကြောက်​နေ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ကောင်း​ကင်​က​လား။”