မဿဲ ၁၄:၁-၃၆

  • နှစ်ခြင်း​ပေး​သူ ယောဟန် ခေါင်း​ဖြတ်​ခံ​ရ (၁-၁၂)

  • လူ ၅,၀၀၀ ကို ကျွေး​မွေး (၁၃-၂၁)

  • ရေ​ပေါ်​လမ်း​လျှောက် (၂၂-၃၃)

  • ဂင်​နေ​သရက်​အရပ်​မှာ ကု​သပေး (၃၄-၃၆)

၁၄  ​အဲဒီ​အချိန်​မှာ နယ်​စား​မင်း ဟေရုဒ်​က ယေရှု​ရဲ့ သတင်း​ကို ကြား​တဲ့​အခါ၊+ ၂  “ဒီ​လူ​ဟာ နှစ်ခြင်း​ပေး​သူ ယောဟန်​ပဲ ဖြစ်​ရ​မယ်။ သူ သေရာ​က​နေ အသက်​ပြန်​ရှင်​လာလို့​သာ ဒီ​လို​တန်ခိုး​တွေ ပြနိုင်​တာ”+ ဆို​ပြီး မင်း​မှု​ထမ်း​တွေ​ကို ပြော​တယ်။ ၃  ဟေ​ရုဒ်​က* အစ်​ကို​ဖိ​လိပ္ပုရဲ့ ဇနီး ဟေ​ရော​ဒိ​ကြောင့် ယောဟန်​ကို ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး ထောင်​ချ​ခဲ့​တာ။+ ၄  ယောဟန်​က “ဒီ​အမျိုး​သမီး​ကို မင်း​ကြီး မသိမ်း​ယူ​သင့်ဘူး”+ ဆို​ပြီး ပြော​ခဲ့ဖူး​လို့​ပဲ။ ၅  ဟေ​ရုဒ်​က ယောဟန်​ကို သတ်​ချင်​နေ​တယ်။ ဒါ​ပေမဲ့ ယောဟန်​ကို ပရော​ဖက်​လို့ ယူ​မှတ်​ကြ​တဲ့+ လူ​အုပ်​ကို​ကြောက်​ပြီး မသတ်​ရဲ​ဘူး။ ၆  ဟေ​ရုဒ်ရဲ့ မွေး​နေ့+ ရောက်​လာ​ပြီး ပွဲ​ခံ​နေ​ချိန်​မှာ ဟေ​ရော​ဒိ​ရဲ့ သမီး​က ဧည့်​သည်​တွေ​ကို က​ပြဖျော်​ဖြေတယ်။ ဟေ​ရုဒ်​လည်း သိပ်​သဘော​ကျ​သွား​ပြီး၊+ ၇  တောင်း​သမျှ ပေး​မယ်​လို့ အလေး​အနက် ကတိ​ပေး​လိုက်​တယ်။ ၈  အဲဒီ​အခါ မိန်း​က​လေး​က​ “နှစ်ခြင်း​ပေး​သူ ယောဟန်​ရဲ့ ဦး​ခေါင်း​ကို ဒီ​လင်​ပန်း​ထဲ ထည့်​ပေး​ပါ”+ ဆို​ပြီး မိ​ခင် တောင်း​ခိုင်း​တဲ့​အတိုင်း တောင်း​ဆို​တယ်။ ၉  ဟေ​ရုဒ်​မင်း​လည်း စိတ်​မကောင်း​ဖြစ်​သွား​တယ်။ ဒါ​ပေမဲ့ ဧည့်​သည်​တွေ​ရှေ့​မှာ ကတိ​ပေး​ပြီး​သား ဖြစ်​နေ​လို့ တောင်း​တဲ့​အတိုင်း ပေး​စေ ဆို​ပြီး အမိန့်​ချ​လိုက်​တယ်။ ၁၀  ထောင်​ထဲ​ကို လူ​လွှတ်​ပြီး ယောဟန်​ရဲ့ ခေါင်း​ကို ဖြတ်​ခိုင်း​တယ်။ ၁၁  ယောဟန်​ရဲ့ ခေါင်း​ကို လင်​ပန်း​ထဲ ထည့်​လာ​ပြီး မိန်း​က​လေး​ကို ပေး​လိုက်​တော့ သူ​လည်း မိ​ခင်​ဆီ ယူ​သွား​တယ်။ ၁၂  နောက်​တော့ ယောဟန်​ရဲ့ တ​ပည့်တွေ​က အလောင်း​ကို လာ​သယ်​သွား​ပြီး သင်္ဂြိုဟ်​လိုက်​တယ်။ အဲဒီ​နောက် ယေရှု​ဆီ လာ​ပြီး​ သတင်း​ပို့​တယ်။ ၁၃  ဒီ​သတင်း​ကို​ကြား​တဲ့​အခါ ယေရှု​က တစ်​ယောက်​တည်း နေ​ချင်​လို့ လူ​သူ​မရှိ​တဲ့ နေ​ရာ​ဆီ လှေ​နဲ့ ထွက်​သွား​တယ်။ ဒါ​ကို လူ​တွေ သိ​သွား​တော့ ကိုယ့်​မြို့​ကိုယ့်​ရွာ​က​နေ ကုန်း​ကြောင်း​လျှောက်​ပြီး လိုက်​သွား​ကြ​တယ်။+ ၁၄  ယေရှု​က ကမ်း​စပ်​ကို ရောက်​တဲ့​အခါ လူ​အုပ်​ကြီး​ကို မြင်​တော့ သနား​တဲ့​အတွက်+ ဖျား​နာ​သူ​တွေ​ကို ကုသ​ပေး​တယ်။+ ၁၅  ည​နေ​စောင်း​တဲ့​အခါ တပည့်တွေ​က “ဒီ​နေ​ရာ​ဟာ လူ​သိပ်​ခေါင်​တယ်။ အချိန်​လည်း နှောင်း​လှ​ပြီ။ လူ​တွေ​ကို ပြန်​လွှတ်​လိုက်​ပါ။ အနီး​အနား​ရွာ​တွေ​မှာ စား​စ​ရာ သွား​ဝယ်​ကြ​ပါ​စေ” လို့ ပြော​တယ်။+ ၁၆  ဒါ​ပေမဲ့ ယေရှု​က “သူတို့ သွား​စ​ရာ မလို​ပါ​ဘူး။ ခင်​ဗျား​တို့ ကျွေး​လိုက်​ပါ” လို့ ပြော​တော့၊ ၁၇  တပည့်​တွေ​က “ကျွန်​တော်​တို့​မှာ မုန့်​ငါး​လုံး​နဲ့ ငါး​နှစ်​ကောင်​ပဲ ရှိ​တာ” လို့ ဖြေတယ်။ ၁၈  ဒါ​နဲ့ ယေရှု​က “အဲဒီ​မုန့်​နဲ့ ငါး​တွေ​ကို ယူ​ခဲ့” လို့ ပြော​ပြီး၊ ၁၉  လူ​အုပ်​ကို မြက်​ခင်း​ပေါ် ထိုင်​ခိုင်း​တယ်။ ပြီး​တော့ မုန့်​ငါး​လုံး​နဲ့ ငါး​နှစ်​ကောင်​ကို ယူ၊ ကောင်း​ကင်​ကို မော့​ကြည့်​ပြီး ဆုတောင်း​တယ်။*+ မုန့်​ကို ဖဲ့​ပြီး​နောက် တ​ပည့်တွေ​ကို ဝေပေး​တယ်။ တ​ပည့်တွေ​က လူ​အုပ်​ကို ပြန်​ဝေ​ပေး​တယ်။ ၂၀  လူတွေ​ အဝ​စား​ပြီး​တဲ့​နောက် စား​ကြွင်း​စား​ကျန်​တွေ​ကို လိုက်​ကောက်​တဲ့​အခါ ၁၂ တောင်း​အပြည့် ရ​တယ်။+ ၂၁  စား​တဲ့​သူ​တွေ​က ယောက်ျား ၅,၀၀၀ လောက် ရှိ​တယ်။ အမျိုး​သမီး​တွေ၊ က​လေး​တွေ​လည်း ရှိ​သေး​တယ်။+ ၂၂  အဲဒီ​နောက် ယေရှု​က ချက်​ချင်း​ပဲ တ​ပည့်တွေ​ကို တစ်​ဖက်​ကမ်း​ဆီ လှေ​နဲ့ ကူး​နှင့်​ခိုင်း​တယ်။ လူ​အုပ်​ကို​လည်း ပြန်​လွှတ်​လိုက်​တယ်။+ ၂၃  လူ​အုပ်​ကို ပြန်​လွှတ်​လိုက်​ပြီး​နောက် ယေရှု​က ဆုတောင်း​ဖို့ တောင်​ပေါ်​ကို တစ်​ယောက်​တည်း တက်​သွား​တယ်။+ ည​နက်​လာ​ချိန်​အထိ တစ်​ယောက်​တည်း ရှိ​နေ​တယ်။ ၂၄  အဲဒီ​အချိန်​မှာ လှေ​က ကမ်း​နဲ့ အတော်​ဝေး​ဝေး​ကို* ရောက်​နေ​ပြီ။ လှိုင်း​လေ​ထန်​တဲ့​အတွက် တ​ပည့်တွေ​က လှေ​ကို မနည်း​ထိန်း​နေ​ရ​တယ်။ ၂၅  မိုး​သောက်​ယံ* ရောက်​တော့ ယေရှု​က ရေ​ပေါ် လမ်း​လျှောက်​ပြီး သူတို့​ဆီ လာ​တယ်။ ၂၆  ရေ​ပေါ် လမ်း​လျှောက်​လာ​တာ​ကို မြင်​တဲ့​အခါ တ​ပည့်တွေ​က ကြောက်​ကြောက်​နဲ့ “ဟို​မှာ၊ ဟို​မှာ ဘာ​ကြီး​ပါ​လိမ့်” ဆို​ပြီး အလန့်​တ​ကြား အော်​ကြ​တယ်။ ၂၇  ချက်​ချင်း​ပဲ ယေရှု​က “မကြောက်​ပါ​နဲ့။ ကျွန်​တော်​ပါ” လို့ ပြော​တဲ့​အခါ၊+ ၂၈  ပေတရု​က “သခင်၊ တ​ကယ်​ပဲ သခင် ဟုတ်​တယ်​ဆို​ရင် ကျွန်​တော်​လည်း ရေ​ပေါ် လမ်း​လျှောက်​ပြီး သခင့်​ဆီ လာ​ဖို့ အမိန့်​ရှိ​ပါ” လို့ ပြန်​ပြော​တယ်။ ၂၉  ယေရှု​က “လာခဲ့​လေ” ဆို​တော့ ပေတရု​က လှေ​ပေါ်​က​နေ ဆင်း​ပြီး ရေ​ပေါ် လမ်း​လျှောက်​လာ​တယ်။ ၃၀  ဒါ​ပေမဲ့ မုန်​တိုင်း​ထန်​နေ​တာ​ကို မြင်​တော့ ကြောက်​စိတ်​ဝင်​ပြီး နစ်​တော့​မလို ဖြစ်​သွား​တယ်။ “သခင်၊ ကယ်​ပါ​ဦး” လို့ အော်​တဲ့​အခါ၊ ၃၁  ယေရှု​က ချက်​ချင်း လက်​ကို ဆန့်၊ သူ့​ကို လှမ်း​ဆွဲ​လိုက်​ပြီး “ယုံ​ကြည်​ခြင်း​နည်း​တဲ့​သူ၊ ဘာ​လို့ သံသယ​ဝင်​တာ​လဲ”+ လို့ ပြော​တယ်။ ၃၂  သူတို့ လှေ​ပေါ်​ရောက်​တဲ့​အခါ မုန်​တိုင်း​ငြိမ်​သွား​တယ်။ ၃၃  လှေ​ထဲ​မှာ ရှိ​တဲ့ တ​ပည့်တွေ​က ဦး​ညွှတ်​ပြီး “သခင်​ဟာ တ​ကယ်​ပဲ ဘု​ရား​သခင်​ရဲ့ သား​ပါ” လို့ ပြော​ကြ​တယ်။ ၃၄  အဲဒီ​နောက် ကမ်း​တစ်​ဖက်​ကို ကူး​ပြီး ဂင်​နေ​သရက်​အရပ်​ကို ရောက်​လာ​တယ်။+ ၃၅  အဲဒီ​အရပ်​သား​တွေ​က ယေရှု​ကို မှတ်​မိ​တဲ့​အတွက် ယေရှု ရောက်​လာ​တဲ့​အကြောင်း ပတ်​ဝန်း​ကျင် အရပ်ရပ်​ဆီ သတင်း​ပို့​လိုက်​တယ်။ ဒါ​နဲ့ လူ​တွေ​က ဖျား​နာ​တဲ့​သူ​တွေ​ကို ခေါ်​လာ​ပြီး၊ ၃၆  ယေရှု​ရဲ့ ဝတ်​လုံ​အမြိတ်​ကို တို့​ထိ​ခွင့် ပေး​ပါ​လို့+ တောင်း​ပန်​ကြ​တယ်။ တို့​ထိ​သူ​တိုင်း​လည်း ကျန်း​မာ​လာ​တယ်။

အောက်ခြေမှတ်ချက်များ

ဟေ​ရုဒ်​အန္တိ​ပ။ ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ကောင်း​ချီး​တောင်း​ခံ​တယ်။”
မူ​ရင်း၊ “စ​တာ​ဒီ​ယမ် များ​စွာ​ကို။” ၁ စ​တာ​ဒီ​ယမ်​က ၁၈၅ မီ​တာ (၆၀၇ ပေ) နဲ့​ညီ။
မနက် ၃-၆ နာ​ရီ​ကြား။