မဿဲ ၁၃:၁-၅၈

  • နိုင်​ငံ​တော်​ပုံ​ဥပမာ​များ (၁-၅၂)

    • မျိုး​ကြဲ​သူ (၁-၉)

    • ပုံ​ဥပမာ​သုံး​ရ​တဲ့ အကြောင်း​ရင်း (၁၀-၁၇)

    • မျိုး​ကြဲ​သူ ပုံ​ဥပမာ​ကို ရှင်း​ပြ (၁၈-၂၃)

    • ဂျုံ​ပင်​နဲ့ ပေါင်း​ပင် (၂၄-၃၀)

    • မုန်​ညင်း​စေ့​နဲ့ တ​ဆေး (၃၁-၃၃)

    • ပုံ​ဥပမာ​သုံး​တာ​က ပရော​ဖက်​ပြု​ချက်​ကို​ ပြည့်စုံစေ (၃၄၊ ၃၅)

    • ဂျုံ​ပင်​နဲ့​ပေါင်း​ပင် ပုံ​ဥပမာ​ကို ရှင်း​ပြ (၃၆-၄၃)

    • ဝှက်​ထား​တဲ့​ဘဏ္ဍာ​နဲ့ ပု​လဲ​ကောင်း (၄၄-၄၆)

    • ဆွဲ​ပိုက် (၄၇-၅၀)

    • ဘဏ္ဍာ​အသစ်​နဲ့ အဟောင်း (၅၁၊ ၅၂)

  • နေ​ရင်း​ဒေ​သမှာ ယေရှု လေး​စား​မခံ​ရ (၅၃-၅၈)

၁၃  ​အဲဒီ​နေ့​မှာ ယေရှု​က အိမ်ကနေ ထွက်​ပြီး အိုင်​ကမ်း​ဘေး​မှာ ထိုင်​နေ​တယ်။ ၂  လူ​တွေ အုပ်​လိုက်​ကြီး ရောက်​လာလို့ လှေ​ပေါ် တက်ထိုင်လိုက်​တယ်။ လူ​အုပ်​က​တော့ ကမ်းနားမှာ ရပ်​နေ​ကြ​တယ်။+ ၃  အဲဒီ​မှာ ယေရှု​က အကြောင်း​အရာ အတော်​များ​များ​ကို ပုံ​ဥပမာ​တွေ သုံး​ပြီး အခု​လို​သွန်သင်​တယ်–+ “တစ်​ခါ​က မျိုးကြဲသူတစ်​ယောက် မျိုး​စေ့​ကြဲ​ဖို့ ထွက်​သွား​တယ်။+ ၄  မျိုး​ကြဲ​တဲ့​အခါ မျိုးစေ့​တချို့ လမ်း​ပေါ် ကျ​ပြီး ငှက်​တွေ လာ​ကောက်​စား​သွား​တယ်။+ ၅  မျိုး​စေ့​တ​ချို့​က မြေဆီ​လွှာ​ပါး​တဲ့ ကျောက်​ခံ​မြေပေါ် ကျ​တယ်။ မြေသား​တိမ်​တော့ ချက်​ချင်း အပင်​ပေါက်​လာ​တယ်။+ ၆  ဒါ​ပေမဲ့ နေ​မြင့်​လာ​တဲ့​အခါ အပင်​ဟာ နေ​လောင်​ပြီး အမြစ်​လည်း မစွဲ​တဲ့​အတွက် ညှိုး​နွမ်း​သွား​တယ်။ ၇  မျိုး​စေ့​တ​ချို့​က ဆူး​ပင်​တွေ​ကြား​ထဲ ကျ​တဲ့​အတွက် ဆူး​ပင်​တွေ ကြီး​ထွား​လာ​ပြီး လွှမ်း​မိုး​ပိတ်​ဆို့​သွား​တယ်။+ ၈  မျိုး​စေ့​တ​ချို့​က​တော့ ကောင်း​တဲ့​မြေပေါ် ကျ​ပြီး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီး​ပွင့်​ကြ​တယ်။+ ၉  နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။”+ ၁၀  တ​ပည့်တွေ​က ယေရှု​ဆီ လာ​ပြီး “သခင်၊ ဘာ​လို့ ပုံ​ဥပမာ​တွေ သုံး​ပြီး ဟော​တာ​လဲ” လို့ မေး​တဲ့​အခါ၊+ ၁၁  ယေရှု အခု​လို​ဖြေတယ်– “ခင်​ဗျား​တို့​က ကောင်း​ကင်​နိုင်​ငံ​နဲ့​ပတ်​သက်​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​တွေ​အကြောင်း+ နား​လည်​နိုင်​ခွင့် ရ​ကြ​ပေမဲ့ သူတို့​က​တော့ မရ​ကြ​ဘူး။ ၁၂  ရှိ​တဲ့​သူ​တွေ​ဟာ ထပ်​ပြီး ရ​လိမ့်​မယ်။ အလျှံ​ပယ် ရ​လိမ့်​မယ်။ မရှိ​တဲ့​သူ​က​တော့ ရှိ​ထား​တာ​လေး​တောင် အ​သိမ်း​ခံ​ရ​လိမ့်​မယ်။+ ၁၃  သူတို့​က ကြည့်​လျက်​နဲ့ မမြင်​ဘူး။ ကြား​လျက်​နဲ့ နား​မလည်​ဘူး။ ဆိုလို​ရင်း​ကို​လည်း သဘော​မပေါက်​ဘူး။+ ဒါ​ကြောင့် ပုံ​ဥပ​မာ​တွေ သုံး​ပြီး ကျွန်​တော် ဟော​နေ​တာ။ ၁၄  ဟေရှာယ​ရဲ့ ပရော​ဖက်​ပြု​ချက်​က သူတို့​ဆီ​မှာ ပြည့်​စုံ​နေ​တာ​ပဲ။ ‘မင်း​တို့​ဟာ ကြား​လျက်​နဲ့ ဆိုလို​ရင်း​ကို လုံး​ဝ သဘော​ပေါက်​မှာ မဟုတ်​ဘူး။ ကြည့်​လျက်​နဲ့ လုံး​ဝ မြင်​မှာ မဟုတ်​ဘူး။+ ၁၅  ဒီ​လူ​တွေ​ဟာ စိတ်​တံခါး​ကို ပိတ်​ထား​ကြ​တယ်။ ကြား​ပေမဲ့ မလိုက်​နာ​ဘူး။ ဘာ​မှ မကြား​ရ၊ မမြင်​ရ​အောင် နား​မျက်​စိ​ကို ပိတ်​ထား​တယ်။ ဒါ​ကြောင့် ဆိုလို​ရင်း​ကို သဘော​မပေါက်​ကြ​ဘူး။ ငါ့​ဆီ ပြန်​မလှည့်​လာ​တော့ ငါ​လည်း သူတို့ ပြန်​ကောင်း​လာ​အောင် ကု​သပေး​လို့ မရ​ဘူး’+ လို့ ရေးထား​တယ်။ ၁၆  “ခင်​ဗျား​တို့​က​တော့ ဒါ​တွေ​ကို မြင်​ရ၊ ကြား​ရ​တဲ့​အတွက် ပျော်​ရွှင်​ချမ်း​မြေ့​တယ်။+ ၁၇  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ပရော​ဖက်​တွေ၊ ဖြောင့်​မတ်​သူ​တွေ​က ခင်​ဗျား​တို့ မြင်​ရ​တာ​တွေ​ကို မြင်​ချင်​ပေမဲ့ မြင်​ခွင့်​မရခဲ့​ဘူး။+ ခင်ဗျား​တို့ ကြား​ရ​တာ​တွေ​ကို ကြား​ချင်​ပေမဲ့ ကြား​ခွင့် မရခဲ့​ဘူး။ ၁၈  “အခု၊ မျိုး​ကြဲ​သူ ပုံ​ဥပမာ​ရဲ့ အဓိပ္ပာယ်​ကို နား​ထောင်​ကြ​ပါ။+ ၁၉  လမ်း​ပေါ် မျိုး​စေ့​ကျ​တယ် ဆို​တဲ့ အဓိပ္ပာယ်​က​တော့ လူ​တစ်​ယောက်​က နိုင်​ငံ​တော်​သတင်း ကြား​တဲ့​အခါ ဆိုလို​ရင်း​ကို သဘော​မပေါက်​ဘူး။ ဒါ​ကြောင့် သူ့​စိတ်​နှလုံး​ထဲ ကျ​သွား​တဲ့ မျိုး​စေ့​ကို ဆိုး​ညစ်​သူ+ လာ​နုတ်​ယူ​သွား​တယ်။+ ၂၀  ကျောက်​ခံ​မြေပေါ် မျိုး​စေ့​ကျ​တယ် ဆို​တဲ့ အဓိပ္ပာယ်​က​တော့ လူ​တစ်​ယောက်​က နိုင်​ငံ​တော်​သတင်း ကြား​တဲ့​အခါ ဝမ်း​သာ​အား​ရ​နဲ့ ချက်​ချင်း လက်​ခံ​တယ်။+ ၂၁  ဒါ​ပေမဲ့ သူ့​စိတ်​နှလုံး​ထဲ​မှာ အမြစ်​မစွဲ​တဲ့​အတွက် တစ်​ခ​ဏ​ပဲ ခံတယ်။ တ​ရား​စကား​ကြောင့် ဒုက္ခရောက်​တဲ့​အခါ၊ ညှဉ်း​ဆဲ​ခံ​ရ​တဲ့​အခါ ချက်​ချင်း​ပဲ သူ ကျ​ရှုံး​သွား​တယ်။ ၂၂  ဆူး​ပင်​တွေ​ကြား မျိုး​စေ့​ကျ​တယ် ဆို​တဲ့ အဓိပ္ပာယ်​က​တော့ လူ​တစ်​ယောက်​က တရား​စကား​ကို ကြား​ပေမဲ့ ဒီ​လော​က​စနစ်​ရဲ့* စိုး​ရိမ်​ပူ​ပန်​စရာတွေ၊+ စည်း​စိမ်​ရဲ့ လှည့်​စား​မှု​တွေ​ဟာ တ​ရား​စကား​ကို လွှမ်း​မိုး​ပိတ်​ဆို့​သွား​တဲ့​အတွက် မသီး​ပွင့်​ဘူး။+ ၂၃  ကောင်း​တဲ့ မြေပေါ် မျိုး​စေ့​ကျ​တယ် ဆို​တဲ့ အဓိပ္ပာယ်​က​တော့ လူ​တစ်​ယောက်​က တ​ရား​စကား​ကို ကြား​တဲ့​အခါ ဆိုလို​ရင်း​ကို သဘော​ပေါက်​တဲ့​အတွက် အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီး​ပွင့်​ဖြစ်​ထွန်း​တယ်။”+ ၂၄  ယေရှု​က နောက်​ထပ် ပုံ​ဥပမာ​တစ်​ခု ဆက်​ပြော​တယ်– “ကောင်း​ကင်​နိုင်​ငံ​ကို လူ​တစ်​ယောက် လယ်​မှာ ကောင်း​တဲ့ မျိုး​စေ့ ကြဲ​တာ​နဲ့ ခိုင်း​နှိုင်း​နိုင်​တယ်။ ၂၅  လူ​တွေ အိပ်​ပျော်​နေ​ချိန်​မှာ ရန်​သူ ရောက်​လာ​ပြီး ဂျုံ​မျိုး​စေ့​တွေ​ကြား​ထဲ ပေါင်း​မျိုး​စေ့ ကြဲ​ပြီး ထွက်​သွား​တယ်။ ၂၆  ဂျုံ​ပင် ပေါက်​ပြီး အနှံ ထွက်​လာ​တဲ့​အခါ ပေါင်း​ပင်​တွေ​လည်း ပေါ်​လာ​တယ်။ ၂၇  လယ်​ရှင်​ရဲ့ ကျွန်​တွေ​က ‘သခင်၊ လယ်​မှာ ကောင်း​တဲ့ မျိုး​စေ့ ကြဲ​ထား​တယ် မဟုတ်​လား။ ဘယ်​လို​လုပ်​ပြီး ပေါင်း​ပင်​တွေ ပေါက်​လာ​တာ​လဲ’ ဆို​ပြီး လာ​မေး​ကြ​တယ်။ ၂၈  လယ်​ရှင်​က ‘ဒါ​ဟာ ရန်​သူ့​လက်​ချက်​ပဲ’+ လို့ ပြော​တဲ့​အခါ ကျွန်​တွေ​က ‘ပေါင်း​ပင်​တွေ​ကို သွား​နုတ်​ပစ်​ရ​မလား’ ဆို​ပြီး ခွင့်​တောင်း​တယ်။ ၂၉  အဲဒီ​အခါ လယ်​ရှင်​က ‘မနုတ်​နဲ့​ဦး။ ပေါင်း​ပင်​တွေ​ကို နုတ်​လိုက်​ရင် ဂျုံ​ပင်​တွေ​ကို​ပါ ရော​နုတ်​မိ​မှာ စိုး​ရ​တယ်။ ၃၀  ရိတ်​သိမ်း​ချိန်​အထိ နှစ်​မျိုး​စ​လုံး ပေါက်​ပါ​စေ။ ရိတ်​သိမ်း​ချိန် ရောက်​တဲ့​အခါ ပေါင်း​ပင်​တွေ​ကို အရင် နုတ်​ပြီး မီး​ရှို့​ဖို့ စည်း​ထား​ကြ။ ပြီး​မှ ဂျုံ​ပင်​တွေ​ကို ရိတ်​ပြီး ကျီ​ထဲ​စု​သိမ်း​ကြ ဆို​ပြီး ရိတ်​သိမ်း​သူ​တွေ​ကို ငါ​မှာ​မယ်’+ လို့ ပြန်​ပြော​တယ်။” ၃၁  ယေရှု​က နောက်​ထပ် ပုံ​ဥပမာ​တစ်​ခု ဆက်​ပြော​တယ်– “ကောင်း​ကင်​နိုင်​ငံ​ဟာ လယ်​မှာ စိုက်​တဲ့ မုန်​ညင်း​စေ့​နဲ့* တူ​တယ်။+ ၃၂  မုန်​ညင်း​စေ့​ဟာ မျိုး​စေ့​တွေ​ထဲ​မှာ အသေး​ဆုံး​ပဲ။ ဒါ​ပေမဲ့ အပင်​ပေါက်​တဲ့​အခါ ဟင်း​သီး​ဟင်း​ရွက်​ပင်​တွေ​ထက် ကြီး​လာ​တယ်။ ငှက်​တွေ အကိုင်း​အခက်​မှာ နား​ခို​နိုင်​တဲ့​အထိ အပင်​ကြီး ဖြစ်​လာ​တယ်။” ၃၃  ယေရှု​က နောက်​ထပ် ပုံ​ဥပမာ​တစ်​ခု ဆက်​ပြော​တယ်– “ကောင်း​ကင်​နိုင်​ငံ​ဟာ တ​ဆေး​နဲ့​တူ​တယ်။ အမျိုး​သမီး​တစ်​ယောက်​က ဂျုံ​မှုန့် သုံး​တောင်း​ထဲ* တ​ဆေး ထည့်​ပြီး နယ်​လိုက်​တဲ့​အခါ မုန့်​ညက်​တစ်​ပုံ​လုံး ဖောင်း​ကြွ​လာ​တယ်။”+ ၃၄  ယေရှု​က အဲဒီ​အကြောင်း​အရာ​အားလုံး​ကို ပုံ​ဥပမာ​တွေ သုံး​ပြီး လူ​အုပ်​ကို ဟော​ပြော​တယ်။ ပုံ​ဥပမာ မပါ​ဘဲ သူ မဟော​ဘူး။+ ၃၅  ဒါ​ကြောင့် “ငါ​က နှုတ်​ကို ဖွင့်​ပြီး ပုံ​ဥပမာ​တွေ ပြော​မယ်။ လူ့​လော​က အစ​ပြု​ချိန်* က​တည်း​က ထိမ်​ဝှက်​ထား​တဲ့ အရာတွေ​ကို ထုတ်​ဖော်​မယ်”+ ဆို​ပြီး ပရော​ဖက်​က​တစ်ဆင့် ပြော​ခဲ့​တဲ့ စကား ပြည့်​စုံ​လာ​တယ်။ ၃၆  ယေရှု​က လူ​အုပ်​ကို ပြန်​ခိုင်း​ပြီး​တဲ့​နောက် အိမ်​ထဲ​ဝင်​လာ​တယ်။ တ​ပည့်တွေ ရောက်​လာ​ပြီး “လယ်​မှာ ပေါက်​တဲ့ ပေါင်း​ပင်​ပုံ​ဥပမာ​ကို ရှင်း​ပြပါ​လား” လို့ တောင်း​ဆို​တဲ့​အခါ၊ ၃၇  ယေရှု အခု​လို​ရှင်း​ပြတယ်– “ကောင်း​တဲ့ မျိုး​စေ့​ကို ကြဲ​တဲ့​သူ​ဟာ လူ​သား​ပဲ။ ၃၈  လယ်​က ဒီ​လော​က၊+ ကောင်း​တဲ့ မျိုး​စေ့​က နိုင်​ငံ​တော်​သား​တွေ၊ ပေါင်း​မျိုး​စေ့​တွေ​က​တော့ ဆိုး​ညစ်​သူ​ရဲ့​သား​တွေ ဖြစ်​တယ်။+ ၃၉  ပေါင်း​မျိုး​စေ့​ကို ကြဲ​တဲ့​ ရန်​သူ​ဟာ မာရ်​နတ် ဖြစ်​တယ်။ ရိတ်​သိမ်း​ချိန်​ဟာ လော​က​စ​နစ်​နိ​ဂုံး​ပိုင်း၊* ရိတ်​သိမ်း​သူ​တွေ​က​တော့ ကောင်း​ကင်​တ​မန်​တွေ​ပေါ့။ ၄၀  ပေါင်း​ပင်​တွေ​ကို နုတ်​ပြီး မီး​ရှို့​လိုက်​သလို လော​က​စ​နစ်​နိ​ဂုံး​ပိုင်း​မှာ* ဖြစ်​လိမ့်​မယ်။+ ၄၁  လူ​သား​က ကောင်း​ကင်​တ​မန်​တွေ စေ​လွှတ်​မယ်။ ကောင်း​ကင်​တမန်​တွေ​က အပြစ်​ကျူး​လွန်​စေ​သူ​တွေ​နဲ့* မတ​ရား​မှု​ပြု​သူ​တွေ​ကို ကောင်း​ကင်​နိုင်​ငံ​ထဲ​က​နေ နုတ်​ယူ​ပြီး၊ ၄၂  မီး​ဖို​ထဲ ပစ်​ချ​မယ်။+ အဲဒီ​မှာ သူတို့ ငို​ကြွေး​ပြီး အံကြိတ်​ခံ​ပြင်း​နေ​လိမ့်​မယ်။ ၄၃  အဲဒီ​အချိန်​မှာ ဖြောင့်​မတ်​သူ​တွေ​ဟာ အဖဘုရား​ရဲ့ နိုင်​ငံ​မှာ နေ​လို ထွန်း​လင်း​ကြ​လိမ့်​မယ်။+ နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။ ၄၄  “ကောင်း​ကင်​နိုင်​ငံ​ဟာ လယ်​မှာ ဝှက်​ထား​တဲ့ ဘဏ္ဍာ​နဲ့ တူ​တယ်။ လူ​တစ်​ယောက်​က အဲဒီ​ဘဏ္ဍာ​ကို တွေ့​တဲ့​အခါ ပြန်​ဝှက်​ထား​လိုက်​တယ်။ ဝမ်း​သာ​အား​ရ​နဲ့ ပိုင်​ဆိုင်​သမျှ​ကို သွား​ရောင်း​ပြီး အဲဒီ​လယ်​ကို ဝယ်​တယ်။+ ၄၅  “ပြီး​တော့ ကောင်း​ကင်​နိုင်​ငံ​ဟာ ကုန်​သည်​တစ်​ယောက် နယ်​တ​ကာ လှည့်​ပြီး ရှာ​နေ​တဲ့ ပု​လဲ​ကောင်း​နဲ့ တူ​တယ်။ ၄၆  တန်​ဖိုး​ကြီး​တဲ့ ပု​လဲ​တစ်​လုံး​ကို တွေ့​တဲ့​အခါ ချက်​ချင်း​ပဲ ပိုင်​ဆိုင်​သမျှ​ကို သွား​ရောင်း​ပြီး အဲဒီ​ပု​လဲ​ကို ဝယ်​တယ်။+ ၄၇  “ပြီး​တော့ ကောင်း​ကင်​နိုင်​ငံ​ဟာ ပင်လယ်​ထဲ ချ​ပြီး ငါး​အမျိုး​မျိုး​ကို အုပ်​မိ​တဲ့ ဆွဲ​ပိုက်​နဲ့ တူ​တယ်။ ၄၈  ငါး​အပြည့်​မိ​တဲ့​အခါ ပိုက်​ကို ကမ်း​ပေါ် ဆွဲ​တင်​ကြ​တယ်။ ထိုင်​ပြီး ကောင်း​တဲ့ ငါး​တွေ​ကို+ ခြင်း​ထဲ ရွေး​ထည့်၊ မကောင်း​တဲ့ ငါး​တွေ​ကို​တော့+ ပစ်​လိုက်​တယ်။ ၄၉  လော​က​စ​နစ်​နိ​ဂုံး​ပိုင်း​မှာ* အဲဒီ​အတိုင်း ဖြစ်​လိမ့်​မယ်။ ကောင်း​ကင်​တ​မန်​တွေ ရောက်​လာ​တဲ့​အခါ ဖြောင့်​မတ်​သူ​တွေ​ထဲ​က​နေ ဆိုး​ညစ်​သူ​တွေ​ကို ခွဲ​ထုတ်​ပြီး၊ ၅၀  မီး​ဖို​ထဲ ပစ်​ချ​မယ်။ အဲဒီ​မှာ သူတို့ ငို​ကြွေး​ပြီး အံ​ကြိတ်​ခံ​ပြင်း​နေ​လိမ့်​မယ်။ ၅၁  “ဒီ​အကြောင်း​အရာ​အားလုံး​ရဲ့ ဆိုလို​ရင်း​ကို သဘော​ပေါက်​ကြ​သလား” လို့ ယေရှု မေး​တော့ “သဘော​ပေါက်​ပါတယ်” ဆို​ပြီး သူတို့ ပြန်​ဖြေတယ်။ ၅၂  ယေရှု​က “ဒါ​ဆို​ရင် ကောင်း​ကင်​နိုင်​ငံ​အကြောင်း သင်​ယူ​ထား​တဲ့ ဆ​ရာ​တိုင်း​ဟာ ကိုယ့်​ဘဏ္ဍာ​ထဲ​က အသစ်​တွေ​ကို​ရော အဟောင်း​တွေ​ကို​ပါ ထုတ်​ပြတဲ့ အိမ်​ရှင်​နဲ့​တူ​တယ်” လို့ ပြော​တယ်။ ၅၃  ယေရှု​က အဲဒီ​ပုံ​ဥပမာ​တွေ​အကြောင်း ပြော​ပြီး​သွား​တဲ့​အခါ အဲဒီ​က​နေ ထွက်​သွား​တယ်။ ၅၄  နေ​ရင်း​ဒေ​သ​ကို+ ရောက်​တော့ တ​ရား​ဇ​ရပ်​မှာ သွန်သင်​တယ်။ လူ​တွေ​က တ​အံ့​တ​သြ ဖြစ်​ပြီး “ဒီ​လို​ဉာဏ်​ပညာ​မျိုး၊ ဒီ​လို​အံ့​ဖွယ်​အမှု​တွေ လုပ်​နိုင်​တဲ့ အစွမ်း​မျိုး​ကို သူ ဘယ်​က ရ​တာ​လဲ။+ ၅၅  သူ​ဟာ လက်​သမား​ရဲ့ သား မဟုတ်​လား။+ သူ့​အမေက မာ​ရိ၊ သူ့​ညီ​တွေ​က ယာကုပ်၊ ယော​သပ်၊ ရှိ​မုန်​နဲ့ ယုဒ မဟုတ်​လား။+ ၅၆  သူ့​နှမတွေ​လည်း ဒီ​မြို့​မှာ ရှိ​နေ​တာ​ပဲ။ ဒါ​ဆို​ရင် ဒီ​လို​ဉာဏ်​ပညာ​မျိုး၊ ဒီ​လို​အံ့​ဖွယ်​အမှု​တွေ လုပ်​နိုင်​တဲ့​အစွမ်း​ကို သူ ဘယ်​က ရ​တာ​လဲ”+ လို့ ပြော​ကြ​တယ်။ ၅၇  ယေရှု​ကို သူတို့ လက်မခံ​ကြ​ဘူး။+ ယေရှု​က “ပရော​ဖက်​ဟာ လူ​တွေရဲ့ လေး​စား​မှု​ကို ရ​တယ်။ ဒါ​ပေမဲ့ သူ့​နေ​ရင်း​ဒေ​သ၊ သူ့​အိမ်​မှာ​တော့ လေး​စား​မခံ​ရ​ဘူး”+ လို့ ပြော​တယ်။ ၅၈  သူတို့ ယုံ​ကြည်​ခြင်း မရှိ​တဲ့​အတွက် အဲဒီ​မှာ အံ့​ဖွယ်​အမှု​တွေ အများ​ကြီး လုပ်​ပြမနေ​တော့​ဘူး။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ပါ​လက်​စ​တိုင်း​မှာ တွေ့​ရ​တဲ့ မျိုး​စေ့။ အပင်​က ၁၅ ပေ​အထိ​မြင့်။
မူ​ရင်း၊ “သုံး​ဆီ​ယာ။” တစ်​ဆီ​ယာ​က ၇.၃၃ လီ​တာ​ဆံ့​တဲ့​ပုံး တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
အာ​ဒံ​နဲ့​ဧ​ဝ သား​သမီး​ရ​တဲ့​အချိန်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “တိုက်​လဲ​စေ​တဲ့​အရာတွေ။”
ခက်​ဆစ်​ကို​ကြည့်။