မဿဲ ၈:၁-၃၄

  • အနာ​ကြီး​ရော​ဂါသ​ည်​တစ်​ယောက် ရော​ဂါ​ပျောက် (၁-၄)

  • တပ်​မှူး​တစ်​ယောက်​ရဲ့ ယုံ​ကြည်​ခြင်း (၅-၁၃)

  • က​ပေရ​နောင်​မြို့​မှာ လူ​များ​စွာ​ကို ယေရှု ကုသပေး (၁၄-၁၇)

  • ယေရှု​နောက် လိုက်​နိုင်​ပုံ (၁၈-၂၂)

  • လေ​မုန်​တိုင်း​ကို ငြိမ်သက်​စေ (၂၃-၂၇)

  • နတ်​ဆိုး​တွေ​ကို ဝက်​အုပ်​ထဲ ဝင်​ပူး​စေ (၂၈-၃၄)

 ယေရှု တောင်​ပေါ်​က​နေ ဆင်း​လာ​တဲ့​အခါ နောက်​က​နေ လူ​တွေ အုပ်​လိုက်​ကြီး ပါ​လာ​တယ်။ ၂  အဲဒီ​အခါ အနာ​ကြီး ရောဂါသည်​တစ်​ယောက် လာ​ဦး​ညွှတ်​ပြီး “သခင်၊ ဆန္ဒ ရှိ​ရင် ကျွန်တော့်​ကို သန့်​ရှင်း​သွား​အောင် လုပ်​ပေး​ပါ​လား”+ လို့ အသနား​ခံ​တယ်။ ၃  ယေရှု​က သူ့​ကို လှမ်း​ကိုင်​ပြီး “ဆန္ဒ ရှိ​တာ​ပေါ့။ သန့်​ရှင်း​စေ”+ လို့ ပြော​လိုက်​တဲ့​အခါ ချက်​ချင်း​ပဲ အနာ​ကြီး​ရော​ဂါ ပျောက်​ပြီး သန့်​ရှင်း​သွား​တယ်။+ ၄  အဲဒီ​နောက် “ဒီ​အကြောင်း ဘယ်​သူ့​ကို​မှ မပြော​ပါ​နဲ့။+ ရော​ဂါ​ပျောက်​ပြီ ဆို​တဲ့ အထောက်​အထား​အဖြစ် ပု​ရော​ဟိတ်​ဆီ သွား​ပြီး ကိုယ်​ကို ပြပါ။+ မော​ရှေ ညွှန်​ကြား​ထား​တဲ့​အတိုင်း အလှူ​ကို ဆက်​သပါ”+ လို့ မှာ​တယ်။ ၅  က​ပေရ​နောင်​မြို့​ထဲ ယေရှု ဝင်​သွား​တဲ့​အခါ တပ်​မှူး​တစ်​ယောက် ရောက်​လာ​ပြီး၊+ ၆  “ဆ​ရာ၊ ကျွန်​တော့်​အစေ​ခံ​တစ်​ယောက် လေ​ဖြတ်​ပြီး အိမ်​မှာ လဲ​နေ​ပါ​တယ်။ သူ​အကြီး​အကျယ် ဝေ​ဒ​နာ ခံစား​နေ​ရ​ပါ​တယ်” လို့ အသနား​ခံ​တယ်။ ၇  ယေရှု​က “ကောင်း​ပြီ၊ ကျွန်​တော် သွား​ပြီး ကု​ပေး​မယ်” လို့ ပြော​တဲ့​အခါ၊ ၈  တပ်​မှူး​က “ဆ​ရာ့​ကို အိမ်​ထဲ ဖိတ်​ဖို့ ကျွန်​တော် မထိုက်​တန်​ပါ​ဘူး။ ပျောက်​စေ​လို့ ဆ​ရာ ပြော​လိုက်​ရုံ​နဲ့ သူ့​ရော​ဂါ ပျောက်​သွား​မှာ​ပါ။ ၉  ကျွန်​တော့်​မှာ​လည်း အထက်​လူ​ကြီး ရှိ​သလို လက်​အောက်​တပ်​သား​တွေ ရှိ​တယ်။ တပ်​သား​တစ်​ယောက်​ကို ‘သွား’ လို့ အမိန့်​ပေး​ရင် သွား​တယ်။ နောက်​တစ်​ယောက်​ကို ‘လာ’ ဆို​ရင် လာ​တယ်။ ကျွန်​ကို​လည်း ‘ဒါ​လုပ်’ လို့ ခိုင်း​ရင် ခိုင်း​တဲ့​အတိုင်း လုပ်​ပါ​တယ်” လို့ ပြန်​ပြော​တယ်။ ၁၀  ယေရှု​က သူ့​စကား​ကို ကြား​တဲ့​အခါ အံ့​သြပြီး “ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဒီ​လောက်​ထိ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​တဲ့​သူ​ကို အစ္စရေးတွေ​ထဲ​မှာ မတွေ့​ဖူး​ဘူး။+ ၁၁  ကျွန်​တော် ပြော​မယ်။ အရှေ့​နဲ့ အနောက်​အရပ်​က​နေ လူ​အများ​ကြီး ရောက်​လာ​ပြီး ကောင်းကင်​နိုင်ငံ​မှာ အာဗြဟံ၊ အိ​ဇက်၊ ယာကုပ်​တို့​နဲ့​အတူ ထိုင်​ပြီး စား​သောက်​ကြ​လိမ့်​မယ်။+ ၁၂  နိုင်ငံ​တော်​သား​တွေ​က​တော့ အပြင်​ဘက် မှောင်​မိုက်​အရပ်​ဆီ နှင်​ထုတ်​ခံ​ရ​လိမ့်​မယ်။ အဲဒီ​မှာ ငို​ကြွေး​ပြီး အံ​ကြိတ်​ခံ​ပြင်း​နေ​ကြ​လိမ့်​မယ်”+ ဆို​ပြီး နောက်​က ပါ​လာ​တဲ့ လူ​တွေ​ကို ပြော​တယ်။ ၁၃  အဲဒီ​နောက် တပ်​မှူး​ကို “အိမ်​ပြန်​ပါ။ ခင်​ဗျား ယုံ​ကြည်​တဲ့​အတိုင်း ဖြစ်​ပါ​စေ” လို့ ပြော​တယ်။+ အဲဒီ​အချိန်​မှာ​ပဲ တပ်​မှူး​ရဲ့ အစေ​ခံ​လည်း ရော​ဂါ ပျောက်​ကင်း​သွား​တယ်။+ ၁၄  ယေရှု​က ပေတရု​အိမ်​ကို ရောက်​လာ​တဲ့​အခါ ပေတရုရဲ့ ယောက္ခမ+ ဖျား​ပြီး အိပ်​ရာ​ထဲ လဲ​နေ​တာ​ကို မြင်​တယ်။+ ၁၅  ဒါ​နဲ့ သူ့​လက်​ကို ထိ​လိုက်​တော့+ အဖျား​ပျောက်​သွား​တဲ့​အတွက် ထ​ပြီး ယေရှု​ကို ဧည့်​ဝတ်​ပြု​တယ်။ ၁၆  ည​နေ​ပိုင်း​မှာ၊ နတ်​ဆိုး​စွဲ​သူ​တွေ​ကို ခေါ်​လာ​ကြ​တဲ့​အခါ ယေရှု​က နတ်​ဆိုး​တွေ​ကို အမိန့်​တစ်​ခွန်း​တည်း​နဲ့ နှင်​ထုတ်​တယ်။ ဝေဒနာ​ခံစား​နေ​ရ​သူ အားလုံး​ကို ကုသ​ပေး​တယ်။ ၁၇  ဒါ​ကြောင့် “သူ​က ငါ​တို့​ရဲ့ ဖျား​နာ​မှု​ကို ယူ​တယ်။ ငါ​တို့​ရဲ့ ရော​ဂါ​တွေ​ကို သယ်​ဆောင်​တယ်”+ ဆို​ပြီး ပရော​ဖက် ဟေရှာယ​က​တစ်ဆင့် ပြော​ခဲ့​တဲ့​စကား ပြည့်​စုံ​လာ​တယ်။ ၁၈  ယေရှု​က ဝိုင်း​အုံ​လာ​တဲ့ လူ​အုပ်​ကို မြင်​တဲ့​အခါ “အိုင်​တစ်​ဖက်​ကမ်း​ကို ကူး​ရ​အောင်” လို့ တ​ပည့်တွေ​ကို ပြော​တယ်။+ ၁၉  အဲဒီ​အခါ ကျမ်း​တတ်​တစ်​ယောက် ရောက်​လာ​ပြီး “ဆရာ၊ ဆရာ သွား​လေ​ရာ ကျွန်​တော် လိုက်​ပါ့​မယ်” လို့ ပြော​တယ်။+ ၂၀  ယေရှု​က “မြေခွေး​မှာ မြေတွင်း ရှိ​တယ်။ ငှက်​တွေ​မှာ နား​စရာ​နေရာ ရှိ​တယ်။ လူ​သား​က​တော့ ခေါင်း​ချ​စရာ​တောင် မရှိ​ဘူး”+ ဆို​ပြီး ပြန်​ပြော​တယ်။ ၂၁  တပည့်​နောက်​တစ်​ယောက်​က​လည်း “သခင်၊ အဖေ့​ကို အရင် သင်္ဂြိုဟ်​ပါ​ရ​စေ” လို့ ခွင့်​တောင်း​တဲ့​အခါ၊+ ၂၂  ယေရှု​က “ကျွန်​တော့်​နောက်​ကို​သာ ဆက်​ပြီး လိုက်​ပါ။ လူ​သေကို လူ​သေတွေ​ပဲ သင်္ဂြိုဟ်​ပါ​စေ”+ လို့ ပြော​တယ်။ ၂၃  အဲဒီ​နောက် ယေရှု လှေ​ပေါ် တက်​တဲ့​အခါ တပည့်တွေ​လည်း လိုက်​သွား​ကြ​တယ်။+ ၂၄  ဒီ​လို​နဲ့ အိုင်​ထဲ​မှာ လေ​မုန်​တိုင်း​ကျ​လာ​တယ်။ လှိုင်း​လုံး​တွေ ကြီး​လွန်း​လို့ လှေ​နစ်​လု​မတတ် ဖြစ်​နေ​ပေမဲ့ ယေရှု​က​တော့ အိပ်​ပျော်​နေ​တယ်။+ ၂၅  တပည့်တွေ​က လာနှိုး​ပြီး “သခင်၊ ကယ်​ပါ​ဦး။ ကျွန်​တော်​တို့ သေတော့​မယ်” လို့ ပြော​တယ်။ ၂၆  ယေရှု​က “ယုံ​ကြည်​ခြင်း​နည်း​သူ​တို့၊​ ဘာ​လို့ ကြောက်​နေ​တာ​လဲ”+ လို့ ပြော​ပြီး​နောက် ထ​ပြီး လှိုင်း​နဲ့ လေ​ကို အမိန့်​ပေး​လိုက်​တဲ့​အခါ လှိုင်း​လေ ငြိမ်​သွား​တယ်။+ ၂၇  သူတို့​လည်း တအံ့​တသြ ဖြစ်​ပြီး “ဘယ်​လို​လူ​ပါ​လိမ့်။ လှိုင်း​နဲ့ လေ​တောင် သူ့​စကား​ကို နား​ထောင်​ပါ​လား” လို့ ပြော​ကြ​တယ်။ ၂၈  အိုင်​တစ်​ဖက်​ကမ်း ဂါဒရနယ်​ကို ရောက်​တဲ့​အခါ နတ်​ဆိုး​စွဲ​သူ နှစ်​ယောက် သင်္ချိုင်း​ဂူ​တွေ​ကြား​ထဲ​က​နေ ထွက်​လာ​တော့ ယေရှု​နဲ့ ဆုံ​တယ်။+ သူတို့​ဟာ အလွန် ကြမ်း​ကြုတ်​တဲ့​အတွက် အဲဒီ​လမ်း​ကို ဘယ်​သူ​မှ မဖြတ်​ရဲ​ဘူး။ ၂၉  သူ​တို့​က “ဘုရား​သခင်​ရဲ့ သား​တော်၊ ခင်ဗျား​က ကျုပ်​တို့​နဲ့ ဘာ​ဆိုင်​လို့​တုံး။+ ကျုပ်​တို့​ကို အချိန်​မတိုင်​ခင်+ ဒဏ်​ခတ်​ဖို့ ဒီ​ကို ရောက်​လာ​တာ​လား”+ ဆို​ပြီး အော်​ပြော​တယ်။ ၃၀  သူတို့​နဲ့ မနီး​မဝေး​မှာ ဝက်​အုပ်​ကြီး​တစ်​အုပ် ကျက်​စား​နေ​တယ်။+ ၃၁  နတ်​ဆိုး​တွေ​က “ကျုပ်​တို့​ကို နှင်​ထုတ်​မယ်​ဆို​ရင် အဲဒီ​ဝက်​အုပ်​ထဲ​သာ နှင်​ထုတ်​လိုက်​ပါ” ဆို​ပြီး တောင်း​ပန်​တယ်။+ ၃၂  ဒါ​နဲ့ ယေရှု​က “ထွက်​သွား​ကြ” လို့ အမိန့်​ပေး​တဲ့​အခါ နတ်​ဆိုး​တွေ ထွက်​သွား​ပြီး ဝက်​အုပ်​ထဲ ဝင်​ပူး​တဲ့​အတွက် ဝက်​တစ်​အုပ်​လုံး ကမ်း​ပါး​ပေါ်​က​နေ တစ်​ဟုန်​ထိုး ကျ​ပြီး ရေ​နစ်​သေကုန်​တယ်။ ၃၃  ဝက်​ကျောင်း​သူ​တွေ​လည်း မြို့​ထဲ ပြေး​ဝင်​ပြီး နတ်​ဆိုး​စွဲ​သူ​တွေ​အကြောင်း ဖြစ်​ကြောင်း​ကုန်​စင် ပြော​ပြကြ​တယ်။ ၃၄  အဲဒီ​အခါ တစ်​မြို့​လုံး ယေရှု​ကို တွေ့​ဖို့ ထွက်​လာ​ပြီး​နောက် သူတို့​ဒေသက​နေ ထွက်​သွား​ပါ​လို့ တိုက်​တွန်း​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ