ယောဘ ၂:၁-၁၃

  • ယောဘ​ရဲ့​စိတ်​ရင်း​ကို စာ​တန် သံ​သယ​ရှိ (၁-၅)

  • ယောဘ​ရဲ့​ခန္ဓာ​ကို ထိ​ခိုက်​အောင် လုပ်​ခွင့်​ရ (၆-၈)

  • ယောဘ​ရဲ့​ဇနီး​က “ဘု​ရား​သခင်​ကို ကျိန်​ဆဲ​ပြီး သေလိုက်​ပါ​တော့” လို့​ပြော (၉၊ ၁၀)

  • ယောဘ​ရဲ့ မိတ်ဆွေ​သုံး​ယောက် ရောက်​လာ (၁၁-၁၃)

 အဲဒီ​နောက် ဘုရား​သခင်​ရဲ့​သား​တွေ*+ ယေဟောဝါ​ရှေ့ အခစား​ဝင်​ရ​တဲ့​နေ့ ရောက်​လာ​တယ်။+ စာ​တန်​လည်း သူတို့​နဲ့​အတူ ယေဟောဝါ​ရှေ့​ကို ဝင်​လာ​တယ်။+ ၂  ယေဟောဝါ​က  “ဘယ်​က​လာ​တာ​လဲ” လို့​ မေး​တဲ့​အခါ စာ​တန်​က “ကမ္ဘာ​အနှံ့ လှည့်​လည်​ပြီး လာခဲ့​တာ”+ လို့ ယေဟောဝါ​ကို ဖြေတယ်။ ၃  ဒါ​နဲ့ ယေဟောဝါ​က “ငါ့​ကျွန်​ယောဘ​ကို သတိ​ထား​မိ​သလား။ ကမ္ဘာ​ပေါ်​မှာ သူ့​လို လူ​တစ်​ယောက်​မှ မရှိ​ဘူး။ ရိုး​ဖြောင့်​သူ၊ သမာ​ဓိ​ရှိ​သူ၊+ ဘုရား​သခင်​ကို ကြောက်​ရွံ့​သူ၊ မကောင်း​မှု​ကို ရှောင်​တဲ့​သူ ဖြစ်​တယ်။ သူ့​ကို အကြောင်း​မရှိ​ဘဲ ဒုက္ခ​ပေး​ဖို့ မင်း​တိုက်​တွန်း​ပေမဲ့+ သူ​က​တော့ သမာ​ဓိ​ခိုင်​မြဲနေ​တုန်း​ပဲ”+ လို့​ပြော​တယ်။ ၄  ဒါ​ပေမဲ့ စာ​တန်​က ယေဟောဝါ​ကို  “အသက်​အတွက် အသက်​ဆို​သလို​ပေါ့။*  လူ​ဟာ အသက်​ဆက်​ရှင်​ဖို့ ကိုယ်​ပိုင်​ဆိုင်​သမျှ​ကို ပေး​မှာ​ပဲ။ ၅  အခု လက်​ကို​ဆန့်​ပြီး သူ့​အရိုး​နဲ့​အသား​ကို ထိ​ခိုက်​ကြည့်​ပါ​လား။ ခင်​ဗျား​ကို ရှေ့​မှာ​တင် ကျိန်း​သေ ကျိန်​ဆဲ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၆  အဲဒီ​အခါ   ယေဟောဝါ​က​ “ကောင်း​ပြီ။ သူ​ဟာ မင်း​လက်​ထဲ​မှာ ရှိ​တယ်။ သူ့​အသက်​ကို​တော့ မထိ​နဲ့” လို့​ပြော​တယ်။ ၇  စာ​တန်​လည်း ယေဟောဝါ​ရှေ့​က​နေ  ထွက်​သွား​ပြီး ယောဘ​ကို ဆိုး​ဝါး​တဲ့ အနာ​စိမ်း​တွေ+ ခြေ​ဆုံး​ ခေါင်း​ဆုံး   ပေါက်​စေ​တယ်။ ၈  ယောဘ​ခ​မျာ ကုတ်​ခြစ်​ဖို့ အိုး​ခြမ်း​ပဲ့ကို ယူ​ပြီး ပြာ​ထဲ​မှာ ထိုင်​နေ​ရ​တယ်။+ ၉  နောက်​တော့ သူ့​ဇနီး​က “ရှင်သမာ​ဓိ ခိုင်​မြဲနေ​တုန်း​ပဲ​လား။ ဘုရား​သခင်​ကို  ကျိန်​ဆဲ​ပြီး  သေလိုက်​ပါ​တော့” လို့​ပြော​တယ်။ ၁၀  ယောဘ​က “အသိ​တရား မရှိ​တဲ့ မိန်း​မလို မင်း​ပြော​နေ​ပါ​လား။ ဘုရား​သခင်​ဆီ​က​နေ ကောင်း​တာ​ကို​ပဲ ငါ​တို့​လက်ခံ​ပြီး မကောင်း​တာ​ကို​တော့ လက်မခံ​​ဘဲ​နေ​ရ​မှာ​လား”+ လို့ ပြန်​ပြော​တယ်။ ဒါ​တွေ​အားလုံး​ကြုံ​ရ​ပေမဲ့ ယောဘ​က နှုတ်​နဲ့​တောင် မပြစ်​မှား​ဘူး။+ ၁၁  ယောဘ​ရဲ့  မိတ်ဆွေ​သုံး​ယောက်​ဖြစ်​တဲ့  တေ​မန်​အမျိုး​သား ဧလိ​ဖတ်၊+ ရှု​အာ​အမျိုး​သား+ ဗိ​လ​ဒဒ်၊+ နေ​မတ်​အမျိုး​သား ဇော​ဖာ​တို့​က+ ယောဘ​ကြုံ​ရ​တဲ့ အဖြစ်​ဆိုး​တွေ​ကို ကြား​တဲ့​အခါ နေ​ရပ်​အသီး​သီး​က​နေ ထွက်​လာ​တယ်။ သူတို့​အတူ​ဆုံ​ပြီး ယောဘ​ကို စာ​နာ​တဲ့​စကား၊ နှစ်​သိမ့်​စကား​တွေ​ပြော​ဖို့ ရောက်​လာ​ကြ​တယ်။ ၁၂  ယောဘ​ကို အဝေး​က​နေ လှမ်း​မြင်​ပေမဲ့ သူတို့ မမှတ်​မိ​ဘူး။ ယောဘ​မှန်း​လည်း​သိ​ရော အကြီး​အကျယ် ငို​ကြ​တယ်။ အဝတ်​ကို ဆွဲ​ဆုတ်​ပြီး မြေမှုန့်​တွေ​ကို  ခေါင်း​ပေါ်  ပစ်​တင်​ကြ​တယ်။+ ၁၃  ယောဘ​နဲ့​အတူ ခု​နစ်​ရက်​ပတ်​လုံး မြေပေါ်​မှာ ထိုင်​ကြ​တယ်။ ယောဘ အကြီး​အကျယ် ဝေ​ဒ​နာ​ခံစား​နေ​တာ​ကို မြင်​ရ​တဲ့​အတွက်  စကား​တစ်​ခွန်း​မှ မပြော​ကြ​ဘူး။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ကောင်း​ကင်​တ​မန်​တွေ။”
မူ​ရင်း၊ “အရေ​ပြား​အတွက် အရေ​ပြား။”