ယောရှု ၇:၁-၂၆
၇ ဒါပေမဲ့ အစ္စရေးတွေက ဖျက်ဆီးပစ်ရမယ့်အရာတွေကို မယူရဘူးဆိုတဲ့ အမိန့်ကို မနာခံဘဲ သစ္စာမဲ့ခဲ့ကြတယ်။ ယုဒအနွယ် ဇေရရဲ့မြစ်၊ ဇာဗဒိရဲ့မြေး၊ ကာမိရဲ့သား အာခန်က+ ဖျက်ဆီးပစ်ရမယ့်အရာတချို့ကို ယူထားတယ်။+ ဒါကြောင့် အစ္စရေးတွေကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်။+
၂ ယောရှုက ယေရိခေါမြို့ကနေ ဗေသလအရှေ့ဘက်၊ ဗေသဝင်မြို့နားမှာရှိတဲ့+ အာအိမြို့ဆီ+ လူတချို့စေလွှတ်ပြီး “အဲဒီကို သွားထောက်လှမ်းခဲ့ပါ” လို့ပြောတယ်။ သူတို့လည်း အာအိမြို့ဘက် တက်သွားပြီး ထောက်လှမ်းကြတယ်။
၃ အဲဒီနောက် ယောရှုဆီပြန်လာပြီး “စစ်သည်အားလုံး တက်သွားစရာ မလိုပါဘူး။ အင်အားနှစ်ထောင်၊ သုံးထောင်လောက်နဲ့တင် တိုက်နိုင်ပါတယ်။ အာအိမြို့သားတွေက လူနည်းစုပဲဆိုတော့ စစ်သည်အားလုံးကို တက်သွားခိုင်းရင် ပင်ပန်းရုံပဲ ရှိမယ်” လို့ သတင်းပေးကြတယ်။
၄ ဒါနဲ့ စစ်သည် ၃,၀၀၀ လောက် အာအိမြို့ဆီ တက်သွားတယ်။ ဒါပေမဲ့ စစ်ရှုံးပြီး ထွက်ပြေးခဲ့ရတယ်။+
၅ အာအိမြို့သားတွေက အစ္စရေးစစ်သည် ၃၆ ယောက်ကို ကွပ်မျက်ပြီး မြို့ပြင်ကနေ ရှေဗရိမ်* အရပ်အထိ တောင်အဆင်းလမ်းတစ်လျှောက် လိုက်တိုက်တယ်။ စစ်သည်တွေလည်း စိတ်ပျက်အားလျော့ပြီး ကြောက်စိတ်ဝင်လာတယ်။
၆ ဒါကြောင့် ယောရှုနဲ့ အစ္စရေးအကြီးအကဲတွေက ကိုယ့်အဝတ်ကို ဆွဲဆုတ်ပြီး ညဦးပိုင်းအထိ ယေဟောဝါရဲ့ သေတ္တာတော်ရှေ့မှာ ပျပ်ဝပ်နေကြတယ်။ ခေါင်းပေါ်မှာ မြေမှုန့်တွေ တင်ကြတယ်။
၇ ယောရှုက “အို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒီလူတွေကို အာမောရိလူတွေလက်ချက်နဲ့ သေသွားရအောင် ဂျော်ဒန်မြစ် ဒီဘက်ကမ်းကို ဘာလို့ ခေါ်လာတာလဲ။ ဟိုဘက်ကမ်းမှာပဲ ကျွန်တော်တို့ ဆက်နေရင်တောင် ကောင်းဦးမယ်။
၈ ယေဟောဝါဘုရား၊ အစ္စရေးတွေ ရန်သူရှေ့က ဆုတ်ခွာခဲ့ရပြီဆိုတော့ ကျွန်တော် ဘာများ ပြောနိုင်ဦးမှာလဲ။
၉ ဒီအကြောင်းကို ခါနန်လူမျိုးတွေ၊ ဒီပြည်သားတွေ ကြားသွားရင် လာဝိုင်းပြီး ကျွန်တော်တို့နာမည်ကို ကမ္ဘာမြေပေါ်မှာ မကျန်ရစ်အောင် ဖျက်ပစ်ပါလိမ့်မယ်။ ကြီးမြတ်တဲ့နာမတော်ကို မထိခိုက်ရလေအောင် ကိုယ်တော် ဘယ်လိုများ လုပ်ပေးမှာလဲ”+ ဆိုပြီး အသနားခံတယ်။
၁၀ အဲဒီအခါ ယေဟောဝါက ယောရှုကို “ထပါ။ ဘာလို့ ပျပ်ဝပ်နေတာလဲ။
၁၁ အစ္စရေးတွေ ပြစ်မှားကြပြီ။ လိုက်နာဖို့ ငါမှာထားတဲ့ ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။+ ဖျက်ဆီးပစ်ရမယ့်အရာတချို့ကို+ ခိုးယူပြီး+ သူတို့ ပစ္စည်းတွေထဲမှာ ဝှက်ထားကြပြီ။+
၁၂ ဒါကြောင့် အစ္စရေးတွေက ရန်သူကို အနိုင်ရမှာ မဟုတ်ဘူး။ သူတို့က ဖျက်ဆီးပစ်ရမယ့်အရာတွေ ဖြစ်သွားပြီဆိုတော့ ရန်သူတွေဆီကနေ လှည့်ထွက်ပြီး ပြေးရလိမ့်မယ်။ ဖျက်ဆီးပစ်ရမယ့်အရာတွေကို မင်းတို့ဆီကနေ မဖယ်ရှားမချင်း မင်းတို့နဲ့အတူ ငါရှိမှာ မဟုတ်ဘူး။+
၁၃ ထတော့။ လူတွေကို သန့်ရှင်းစေပါ။+ အစ္စရေးတွေကို ပြောရမှာက ‘မနက်ဖြန် ကိုယ်ကို သန့်ရှင်းစေကြပါ။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ မိန့်မှာလိုက်တယ်– “အစ္စရေးလူတို့၊ မင်းတို့ဆီမှာ ဖျက်ဆီးပစ်ရမယ့်အရာတွေ ရှိနေတယ်။ အဲဒါကို မင်းတို့ဆီကနေ မဖယ်ရှားမချင်း ရန်သူတွေကို အနိုင်ရမှာ မဟုတ်ဘူး။
၁၄ မနက်ကျရင် အစ္စရေး ၁၂ နွယ်လုံး ရှေ့တော်ကို လာရမယ်။ ၁၂ နွယ်ထဲက ယေဟောဝါ ရွေးထုတ်တဲ့+ အနွယ်က ရှေ့ထွက်လာရမယ်။ အဲဒီအနွယ်ထဲက ယေဟောဝါ ရွေးထုတ်တဲ့ ဆွေမျိုးစု ရှေ့ထွက်လာရမယ်။ အဲဒီဆွေမျိုးစုထဲက ယေဟောဝါ ရွေးထုတ်တဲ့ အိမ်ထောင်စု ရှေ့ထွက်လာရမယ်။ အဲဒီအိမ်ထောင်စုထဲကနေ ရွေးထုတ်ခံရသူ ရှေ့ထွက်လာရမယ်။
၁၅ ဖျက်ဆီးပစ်ရမယ့်အရာတွေနဲ့အတူ လက်ပူးလက်ကြပ်မိသူကို ကွပ်မျက်ပြီး မီးရှို့ရမယ်။+ သူပိုင်ဆိုင်သမျှကိုလည်း မီးရှို့ရမယ်။ သူဟာ ယေဟောဝါရဲ့ ပဋိညာဉ်ကို ချိုးဖောက်ပြီး+ အစ္စရေးလူမျိုးမှာ အရှက်မဲ့တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့လို့ပဲ”’” ဆိုပြီးပြောတယ်။
၁၆ နောက်နေ့မနက်မှာ ယောရှုက စောစောထပြီး အစ္စရေးမျိုးနွယ်တစ်နွယ်စီကို ရှေ့တော်လာခိုင်းတဲ့အခါ ယုဒအနွယ် ရွေးထုတ်ခံရတယ်။
၁၇ အဲဒီနောက် ယုဒအနွယ်ရဲ့ ဆွေမျိုးစုတွေကို ရှေ့ထွက်လာခိုင်းတဲ့အခါ ဇေရဆွေမျိုးစု+ ရွေးထုတ်ခံရတယ်။ ဇေရဆွေမျိုးစုထဲက တစ်စုစီကို ရှေ့ထွက်လာခိုင်းတဲ့အခါ ဇာဗဒိအိမ်ထောင်စု ရွေးထုတ်ခံရတယ်။
၁၈ အဲဒီနောက် ဇာဗဒိအိမ်ထောင်စုထဲက တစ်ယောက်စီကို ရှေ့ထွက်လာခိုင်းတယ်။ နောက်ဆုံးမှာ ယုဒအနွယ် ဇေရရဲ့မြစ်၊ ဇာဗဒိရဲ့မြေး၊ ကာမိရဲ့သား အာခန် ရွေးထုတ်ခံရတယ်။+
၁၉ ယောရှုက “ငါ့သား၊ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ဂုဏ်တင်ပြီး အပြစ်ဝန်ခံပါ။ မင်း ဘာလုပ်ခဲ့သလဲ။ အကုန်ပြော” ဆိုပြီး အာခန်ကို ပြောတယ်။
၂၀ ဒါနဲ့ အာခန်က “အစ္စရေးတို့ရဲ့ဘုရားသခင် ယေဟောဝါကို ကျွန်တော် ပြစ်မှားခဲ့တာ ဝန်ခံပါတယ်။
၂၁ တိုက်ရာပါဥစ္စာတွေထဲမှာ ရှိနာပြည်က+ လှပတဲ့ ဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်* ၂၀၀၊ ရှယ်ကယ် ၅၀ အလေးချိန်ရှိတဲ့ ရွှေချောင်းတစ်ချောင်းကို တွေ့တော့ လိုချင်တာနဲ့ ယူထားမိပါပြီ။ တဲထဲမှာ မြေမြှုပ်ပြီး ဝှက်ထားပါတယ်။ ငွေကို အောက်ဆုံးမှာ ဝှက်ထားပါတယ်” လို့ ပြန်ဖြေတယ်။
၂၂ ယောရှုလည်း ချက်ချင်းပဲ လူတွေလွှတ်လိုက်တယ်။ သူတို့က အာခန်ရဲ့တဲဆီ ပြေးသွားပြီး ရှာကြည့်တော့ ဝတ်လုံနဲ့ အောက်မှာ ဝှက်ထားတဲ့ ငွေတွေကို တွေ့သွားတယ်။
၂၃ အဲဒါတွေကို ယောရှုနဲ့ အစ္စရေးတွေဆီ ယူလာပြီး ယေဟောဝါရှေ့မှာ ချထားကြတယ်။
၂၄ ယောရှုနဲ့ အစ္စရေးတွေက ဇေရသား အာခန်ကို+ ငွေ၊ ဝတ်လုံ၊ ရွှေချောင်း၊+ သားသမီး၊ နွား၊ မြည်း၊ သိုး၊ သူ့တဲ၊ သူပိုင်ဆိုင်သမျှတွေနဲ့အတူ အာခေါ်ချိုင့်ဝှမ်းဆီ+ ခေါ်ထုတ်သွားကြတယ်။
၂၅ ယောရှုက “ငါတို့ ဘေးဒုက္ခရောက်အောင် ဘာလို့လုပ်တာလဲ။+ ဒီနေ့ ယေဟောဝါဘုရားက မင်းကို ဒုက္ခရောက်စေမယ်” လို့ပြောတယ်။ ပြီးတာနဲ့ အစ္စရေးတွေက သူတို့ကို ကျောက်ခဲနဲ့ ပေါက်သတ်ပြီး+ မီးရှို့လိုက်တယ်။+ ဒီနည်းနဲ့ သူတို့အားလုံးကို ကျောက်ခဲနဲ့ ပေါက်သတ်ကြတယ်။
၂၆ ပြီးတော့ သူ့အပေါ်မှာ ကျောက်ပုံကြီး ပုံထားလိုက်တယ်။ အဲဒီကျောက်ပုံဟာ ဒီနေ့အထိ ရှိနေတုန်းပဲ။ အဲဒီအခါမှပဲ ယေဟောဝါ အမျက်ပြေသွားတယ်။+ ဒါကြောင့် အဲဒီနေရာက အာခေါ်* ချိုင့်ဝှမ်းဆိုပြီး ဒီနေ့အထိ နာမည်တွင်သွားတယ်။
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “ကျောက်ကျင်း။”
^ တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ အဓိပ္ပာယ်၊ “ဘေးဒုက္ခ၊ ဝိုင်းပယ်ခြင်း။”