ယောရှု ၂:၁-၂၄
၂ နုန်ရဲ့သား ယောရှုက သူလျှိုနှစ်ယောက်ကို ရှိတိမ်အရပ်ကနေ+ တိတ်တဆိတ် စေလွှတ်ပြီး “အဲဒီပြည်၊ အထူးသဖြင့် ယေရိခေါမြို့ကို သွားထောက်လှမ်းကြ” လို့ပြောတယ်။ သူတို့လည်း ထွက်သွားပြီး ရာခပ်လို့ခေါ်တဲ့+ ပြည့်တန်ဆာရဲ့အိမ်ကို ရောက်တော့ အဲဒီမှာ တည်းခိုကြတယ်။
၂ ယေရိခေါမင်းကြီးက “ဒီပြည်ကို ထောက်လှမ်းဖို့ ဒီည၊ အစ္စရေးလူတွေ ရောက်လာတယ်” ဆိုတဲ့သတင်း ရတဲ့အခါ၊
၃ ရာခပ်ဆီ လူလွှတ်ပြီး “မင်းဆီမှာ လာတည်းတဲ့ ဧည့်သည်တွေက တိုင်းပြည်ကို ထောက်လှမ်းဖို့ ရောက်လာကြတာ။ သူတို့ကို ထုတ်ပေးစမ်း” လို့အမိန့်ပေးတယ်။
၄ ဒါပေမဲ့ ရာခပ်က သူလျှိုနှစ်ယောက်ကို ဝှက်ထားလိုက်ပြီ။ “သူတို့ရောက်လာတာ မှန်ပါတယ်။ ဒါပေမဲ့ ဘယ်ကလာမှန်း ကျွန်မ မသိဘူး။
၅ မိုးချုပ်လို့ မြို့တံခါးပိတ်ခါနီးမှာ ထွက်သွားကြတယ်။ ဘယ်ကို ထွက်သွားမှန်းတော့ မသိပါဘူး။ မြန်မြန်လိုက်ရင် မီနိုင်ပါသေးတယ်” လို့ပြောတယ်။
၆ (တကယ်တော့ ရာခပ်က သူတို့ကို အိမ်မိုးပေါ် ခေါ်သွားပြီး အိမ်မိုးပေါ်မှာ ဖြန့်လှန်းထားတဲ့ ပိုက်ဆန်လျှော်ရိုးတွေအောက်မှာ ဝှက်ထားတာ။)
၇ မင်းကြီးလွှတ်လိုက်တဲ့ လူတွေလည်း ဂျော်ဒန်မြစ် ရေတိမ်ပိုင်းဘက်ကို+ လိုက်သွားကြတယ်။ သူတို့ထွက်သွားတာနဲ့ မြို့တံခါးကို ပိတ်လိုက်တယ်။
၈ ရာခပ်က သူလျှိုနှစ်ယောက် မအိပ်ခင်မှာ အိမ်မိုးပေါ် တက်သွားတယ်။
၉ ပြီးတော့ သူတို့ကို “ယေဟောဝါဘုရားက ရှင်တို့ကို ဒီပြည် ပေးမယ်ဆိုတာ ကျွန်မ သိတယ်။+ ရှင်တို့ကို ကျွန်မတို့ သိပ်ကြောက်နေတာ။+ ရှင်တို့ကြောင့် ဒီပြည်သူပြည်သားတွေ စိတ်ပျက်အားလျော့နေကြပြီ။+
၁၀ အီဂျစ်ပြည်ကနေ ရှင်တို့ထွက်လာတုန်းက ပင်လယ်နီရေကို ယေဟောဝါ ဘယ်လိုခန်းခြောက်စေခဲ့တယ်၊+ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းက အာမောရိဘုရင်တွေဖြစ်တဲ့ ရှိဟုန်နဲ့+ ဩဂတ်ကို+ ဘယ်လို ချေမှုန်းခဲ့တယ်ဆိုတာ ကျွန်မတို့ ကြားထားတယ်။
၁၁ ဒီအကြောင်းတွေကို ကြားရတော့ စိတ်ဓာတ်ကျပြီး ရှင်တို့ကို ခုခံရဲတဲ့သတ္တိ မရှိကြတော့ဘူး။ ရှင်တို့ရဲ့ဘုရားသခင် ယေဟောဝါဟာ အထက်ကောင်းကင်မှာရော အောက်အရပ်မြေကြီးမှာပါ အကြီးမြတ်ဆုံးဘုရားပါ။+
၁၂ အခု၊ ကျွန်မက ရှင်တို့ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့အတွက် ရှင်တို့လည်း ကျွန်မအဖေရဲ့ အိမ်သူအိမ်သားတွေကို ခိုင်မြဲတဲ့မေတ္တာ ပြပါ့မယ်လို့ ယေဟောဝါဘုရားကို တိုင်တည်ပြီး သစ္စာဆိုပါ။ ယုံကြည်စိတ်ချနိုင်တဲ့ အထောက်အထားတစ်ခုခု ပေးခဲ့ပါ။
၁၃ ကျွန်မရဲ့မိဘ၊ မောင်နှမနဲ့ သက်ဆိုင်သူအားလုံးကို အသက်ချမ်းသာပေးပြီး သေဘေးကနေ ကယ်တင်ပါ”+ လို့တောင်းဆိုတယ်။
၁၄ ဒါနဲ့ သူလျှိုတွေက “ကျုပ်တို့အသက်ကို ရင်းပြီး အာမခံပါတယ်။ ကျုပ်တို့လာတဲ့သတင်း မပေါက်ကြားဘူးဆိုရင် ကျုပ်တို့ကို ယေဟောဝါဘုရား ဒီပြည်ပေးတဲ့အခါ ခင်ဗျားကို ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှု ပြပါ့မယ်” ဆိုပြီး ကတိပေးတယ်။
၁၅ ရာခပ်ရဲ့အိမ်က မြို့ရိုးပေါ်မှာ ရှိနေတယ်။ ဒါကြောင့် သူတို့ကို ပြတင်းပေါက်ကနေ ကြိုးနဲ့ လျှောချပေးပြီး၊+
၁၆ “ရှင်တို့ကို လိုက်ရှာတဲ့သူတွေ မတွေ့နိုင်အောင် တောင်ပေါ်ကို သွားပြီး သုံးရက်ပုန်းနေကြပါ။ လိုက်ရှာသူတွေ ပြန်မှပဲ ခရီးဆက်ကြပါ” လို့ မှာတယ်။
၁၇ သူလျှိုတွေက “ခင်ဗျား သစ္စာဆိုခိုင်းထားတာနဲ့ပတ်သက်ပြီး ကျုပ်တို့ အပြစ်ကင်းစေရမယ်။+
၁၈ ကျုပ်တို့ ဒီပြည်ထဲ ပြန်ဝင်လာတဲ့အခါ ကျုပ်တို့ကို လျှောချလိုက်တဲ့ ပြတင်းပေါက်မှာ ဒီကြက်သွေးရောင်ကြိုးကို ချည်ထားပါ။ မချည်ထားရင်တော့ ကျုပ်တို့အပြစ် မဟုတ်ဘူး။ မိဘ၊ မောင်နှမ၊ အိမ်သူအိမ်သားအားလုံးကို ဒီအိမ်ထဲမှာ ခေါ်ထားပါ။+
၁၉ တစ်ယောက်ယောက် အိမ်ပြင်ထွက်သွားမယ်ဆိုရင် သူ့အပြစ်နဲ့သူ သေလိမ့်မယ်။* ကျုပ်တို့ကတော့ အပြစ်ကင်းတယ်။ ခင်ဗျားရဲ့အိမ်ထဲမှာ ရှိနေလျက်နဲ့ ထိခိုက်သွားတယ်ဆိုရင်တော့ သူသေတာဟာ ကျုပ်တို့အပြစ်ပဲ။
၂၀ ကျုပ်တို့လာတဲ့အကြောင်းကို တိုင်ကြားမယ်ဆိုရင်လည်း+ ခင်ဗျား သစ္စာဆိုခိုင်းထားတာနဲ့ပတ်သက်ပြီး ကျုပ်တို့ အပြစ်ကင်းတယ်” လို့ပြောတယ်။
၂၁ အဲဒီအခါ ရာခပ်က “ရှင်တို့ပြောတဲ့အတိုင်း ဖြစ်ပါစေ” ဆိုပြီးပြောတယ်။
သူတို့ကို သွားခိုင်းတော့ သူတို့လည်း ထွက်သွားကြတယ်။ အဲဒီနောက် ရာခပ်က ပြတင်းပေါက်မှာ ကြက်သွေးရောင်ကြိုးကို ချည်ထားလိုက်တယ်။
၂၂ သူလျှိုတွေလည်း တောင်ပေါ်ကို သွားပြီး သုံးရက်ပုန်းနေတယ်။ လိုက်ရှာသူတွေ ပြန်မှပဲ ခရီးဆက်ကြတယ်။ လိုက်ရှာသူတွေက သူတို့ကို နေရာအနှံ့ လိုက်ရှာပေမဲ့ မတွေ့ကြဘူး။
၂၃ သူလျှိုနှစ်ယောက်က တောင်ပေါ်ကနေ ပြန်ဆင်းလာပြီး မြစ်ကို ဖြတ်ကူးကြတယ်။ နုန်ရဲ့သား ယောရှုဆီ ရောက်လာတဲ့အခါ အကြောင်းစုံ ပြောပြကြတယ်။
၂၄ “ယေဟောဝါဘုရားက တစ်ပြည်လုံးကို ကျုပ်တို့လက်ထဲ အပ်လိုက်ပြီပဲ။+ ကျုပ်တို့ကြောင့် ပြည်သူပြည်သားတွေ တကယ် စိတ်ပျက်အားလျော့နေကြပြီ”+ ဆိုပြီး ယောရှုကို ပြောပြတယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “သူ့သွေးဟာ သူ့ခေါင်းပေါ်မှာပဲ ရှိနေမယ်။”