မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ

ရာဇဝင်ချုပ် ပထမစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ရာဇဝင်ချုပ် ပထမ​စောင်​မှ ပေါ်လွင်​ချက်​များ

ဂျူး​လူမျိုးများ ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ မိမိတို့​နေရပ်​သို့ ပြန်ရောက်​နေသည်​မှာ ၇၇ နှစ်​ခန့်​ရှိပြီ​ဖြစ်သည်။ မြို့ဝန်​ဇေရုဗဗေလ​ဦးဆောင်​၍ ဝတ်ပြုရာ​အိမ်တော် ပြန်လည်​တည်ဆောက်​ပြီးစီး​ခဲ့​သည်​မှာ ၅၅ နှစ်​ရှိခဲ့​ပြီ။ ဂျူး​လူမျိုး​တို့ ပြည်တော်ပြန်​သည့် အဓိက​ရည်ရွယ်ချက်မှာ ယေရုရှလင်​မြို့တွင် စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​တည်ထောင်​ရန်ဖြစ်​သည်။ သို့သော် ယေဟောဝါ​၏​ဝတ်ပြုရေး​အပေါ် လူတို့၏​ဇွဲ​ထက်သန်မှု လျော့နည်းလာ​ခဲ့​သည်။ ယင်းကြောင့် အားပေးမှု အရေးတကြီး​လိုအပ်​ခဲ့​ပြီး ရာဇဝင်ချုပ် ပထမ​စောင်​ကို ရေးသားခဲ့​ရခြင်း​ဖြစ်သည်။

ဆွေစဉ်မျိုးဆက်​မှတ်တမ်းများ​မှ​လွဲ​၍ ရာဇဝင်ချုပ် ပထမ​စောင်​သည် ရှောလု​သေဆုံး​ချိန်​မှ ဘုရင်​ဒါဝိဒ်​သေဆုံး​ချိန်​အထိ​ဖြစ်သော အနှစ် ၄၀ ခန့်​ကြာ​သော​အချိန်ကာလ​ကို ငုံ​မိ​သည်။ ဤ​ကျမ်း​ကို ဘီ.စီ.အီး. ၄၆၀ ပြည့်နှစ်​တွင် ယဇ်ပုရောဟိတ်​ဧဇရ ရေးသားခဲ့​သည်​ဟု ယူဆ​ရသည်။ ရာဇဝင်ချုပ် ပထမ​စောင်​တွင် ဝတ်ပြုရာ​အိမ်တော်​မှ ကိုးကွယ်​ဝတ်ပြုရေး​အကြောင်း အသေးစိတ်​ဖော်ပြ​ထား​သည့်​အပြင် မေရှိယ​၏ ဆွေစဉ်မျိုးဆက်​မှတ်တမ်း အသေးစိတ်​ကို​ပါ ဖော်ပြ​သောကြောင့် စိတ်ဝင်စားဖွယ်​ဖြစ်သည်။ ယင်း​ကျမ်းစောင်​သည် ဘုရားသခင့်​နှုတ်မြွက်တော်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သော​ကြောင့် ယင်း​တွင်​ပါရှိ​သော သတင်း​စကား​များသည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး သမ္မာကျမ်းစာ​ကို ပိုမို​နားလည်​သဘောပေါက်​စေ​သည်။—ဟေဗြဲ ၄:၁၂

နာမည်​များ​ပါ​သည့် အရေးကြီး​မှတ်တမ်း

(၁ ရာဇဝင်ချုပ် ၁:၁_၉:၄၄)

အနည်းဆုံး ဤ​အကြောင်းရင်း​သုံးရပ်​ကြောင့် ဧဇရ​စုဆောင်း​ခဲ့​သော အသေးစိတ်​ကျ​သည့် ဆွေစဉ်မျိုးဆက်​စာရင်း လိုအပ်​ရခြင်း​ဖြစ်သည်– အခွင့်​ရထား​သော​အမျိုးသားများ​သာ ယဇ်ပုရောဟိတ်​တာဝန် ထမ်းဆောင်​ကြ​ကြောင်း သေချာ​စေရန်၊ အမျိုးအနွယ်​အလိုက် အမွေမြေ​များ ခွဲဝေ​နိုင်​ရန်၊ မေရှိယ​ပေါ်ထွန်း​သည်​အထိ ဆွေစဉ်မျိုးဆက်​မှတ်တမ်း​ကို ထိန်းသိမ်း​ရန်​အတွက်​ဖြစ်သည်။ ယင်း​မှတ်တမ်း​သည် ဂျူး​များ​၏​သမိုင်းကြောင်း​ကို ပထမဦးဆုံး​လူသား​နှင့် ချိတ်ဆက်​ပေး​သည်။ အာဒံ​မှ နောဧ​အထိ လူမျိုးဆက် တစ်ဆယ်​ဆက်​ဖြစ်​ပြီး နောဧ​မှ အာဗြဟံ​အထိ နောက်ထပ် လူမျိုးဆက် တစ်ဆယ်​ဆက်​ဖြစ်သည်။ ဣရှမေလ​၏​သားများ၊ အာဗြဟံ​၏​မယားငယ် ကေ​တု​ရ၏​သားများ​နှင့် ဧသော​၏​သားများ ဆွေစဉ်မျိုးဆက်​အကြောင်း ဖော်ပြ​ပြီး​နောက် ဣသရေလ​၏​သား ၁၂ ယောက်​မှ​ဆင်းသက်​သော ဆွေစဉ်မျိုးဆက်​မှတ်တမ်း​ကို အဓိက​အာရုံစိုက်​ဖော်ပြ​ထား​သည်။—၁ ရာဇဝင်ချုပ် ၂:၁

ဘုရင်​ဒါဝိဒ်​ဆင်းသက်လာ​သည့် မျိုးနွယ်​ဖြစ်သော​ကြောင့် ယုဒ​၏​ဆွေစဉ်မျိုးဆက်​ကို ပြည့်ပြည့်စုံစုံ ဖော်ပြ​ထား​သည်။ အာဗြဟံ​မှ ဒါဝိဒ်​အထိ မျိုးဆက် ၁၄ ဆက်​ဖြစ်​ပြီး ဒါဝိဒ်​မှ ဗာဗုလုန်​သို့​ပြည်နှင်ခံရ​ချိန်​အထိ ၁၄ ဆက်​ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၁:၂၇၊ ၃၄; ၂:၁-၁၅; ၃:၁-၁၇; မဿဲ ၁:၁၇) ဧဇရ​သည် ယော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် နေထိုင်​သော​အမျိုးအနွယ်​များ​၏ ဆွေစဉ်မျိုးဆက်​ကို​ဖော်ပြ​ပြီး​နောက် လေဝိ​သားတို့​၏​ဆွေစဉ်မျိုးဆက်​ကို ဆက်​ဖော်ပြ​သည်။ (၁ ရာဇဝင်ချုပ် ၅:၁-၂၄; ၆:၁) ၎င်းနောက် ယော်ဒန်​မြစ်​အနောက်ဘက်​တွင် နေထိုင်​သော အခြား​အမျိုးအနွယ်​တချို့​၏ ဆွေစဉ်မျိုးဆက်​အတို​ချုံး​ကို ဖော်ပြ​ပြီး ဗင်ယာမိန်​အမျိုး​၏ ဆွေစဉ်မျိုးဆက်​ကို အသေးစိတ်​ဖော်ပြ​ခဲ့​သည်။ (၁ ရာဇဝင်ချုပ် ၈:၁) ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ ပြန်လာ​ပြီး​နောက် ယေရုရှလင်​မြို့တွင် ဦးဆုံး​အခြေချ​နေထိုင်သူ​တို့၏ အမည်များ​ကိုလည်း ဖော်ပြ​ထား​သည်။—၁ ရာဇဝင်ချုပ် ၉:၁-၁၆

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၁၈—ရှာ​လ​၏​ဖခင်​မှာ မည်သူ​နည်း—ကာဣန​န်​လော၊ အာဖာဇဒ်​လော။ (လုကာ ၃:၃၅၊ ၃၆) အာဖာဇဒ်​သည် ရှာ​လ​၏​ဖခင်​ဖြစ်သည်။ (ကမ္ဘာဦး ၁၀:၂၄; ၁၁:၁၂) လုကာ ၃:၃၆ တွင်​ဖော်ပြ​ထား​သည့် “ကာဣန​န်” ဟူသော​ဝေါဟာရ​သည် “ခါလဒဲ” ဟူသော​ဝေါဟာရ​၏ ပုံသဏ္ဌာန်​ပျက်​စကားလုံး ဖြစ်ပုံရ​သည်။ ထိုသို့​ဖြစ်​ခဲ့​မည်​ဆိုလျှင် မူရင်း​ကျမ်း​တွင် “ခါလဒဲ​လူမျိုး​တို့၏​အဘ​ဖြစ်သော အာဖာဇဒ်” ဟု​ဖတ်​ရ​ပေမည်။ သို့​မဟုတ်၊ ကာဣန​န်​နှင့် အာဖာဇဒ်​ဟူ​သည့်​အမည်များသည် ပုဂ္ဂိုလ်​တစ်ဦး​ကို​သာ ရည်ညွှန်းခြင်း​ဖြစ်​နိုင်​သည်။ လက်ရေး​စာမူ​တချို့​တွင် ‘ကာဣန​န်​၏​သား’ ဟူ​သည့်​ဖော်ပြချက် မ​တွေ့ရ​ခြင်း​ကိုလည်း လျစ်လျူ​မ​ရှု​သင့်​ချေ။—လုကာ ၃:၃၆က​ဘ၊ အောက်ခြေမှတ်ချက်။

၂:၁၅ [က​ဘ]—ဒါဝိဒ်​သည် ယေရှဲ​၏ သတ္တမ​မြောက်​သား​လော။ မဟုတ်ပါ။ ယေရှဲ​တွင် သား​ရှစ်ယောက်​ရှိပြီး ဒါဝိဒ်​သည် အငယ်ဆုံး​ဖြစ်သည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၁၀၊ ၁၁; ၁၇:၁၂) ယေရှဲ​၏​သား​တစ်ဦး​သည် သားသမီး​မ​ထွန်းကား​မီ သေဆုံး​သွား​ဖွယ်​ရှိ၏။ ဆွေစဉ်မျိုးဆက်​မှတ်တမ်း​တွင် ထို​သား​အကြောင်း​ထည့်သွင်း​စ​ရာ​မရှိသော​ကြောင့် ဧဇရ​က သူ၏​အမည်​ကို ချန်လှပ်​ထားခဲ့​သည်။

၃:၁၇လုကာ ၃:၂၇ တွင် ယေခေါနိ​၏​သား ရှာ​လ​သေ​လ​ကို နေ​ရိ​၏​သား​အဖြစ် အဘယ်ကြောင့် ဖော်ပြ​သနည်း။ ယေခေါနိ​သည် ရှာ​လ​သေ​လ​၏ ဖခင်​ဖြစ်သည်။ နေ​ရိ​မှာ ရှာ​လ​သေ​လ​၏ ယောက္ခမ​ယောက်ျား​သူ​ဖြစ်ပုံရ​သည်။ လုကာ​က ယောသပ်​အကြောင်း​ရေးသား​ရာ​တွင် မာရိ​၏​ဖခင် ဧလိ​ကို ယောသပ်​၏​ဖခင်​အဖြစ် ဖော်ပြ​ခဲ့​သကဲ့သို့ နေ​ရိ​၏​သမက်ကို နေ​ရိ​၏​သား​ဟု ဖော်ပြ​ခဲ့​ခြင်း​ဖြစ်သည်။—လုကာ ၃:၂၃

၃:၁၇-၁၉ [က​ဘ]—ဇေရုဗဗေလ၊ ပေဒါယ​နှင့် ရှာ​လ​သေ​လ​တို့သည် မည်သို့​တော်စပ်​ကြ​သနည်း။ ဇေရုဗဗေလ​သည် ပေဒါယ​၏​သား​ဖြစ်​ပြီး၊ ပေဒါယ​နှင့် ရှာ​လ​သေ​လ​သည် ညီအစ်ကိုတော်​သည်။ သို့သော် သမ္မာကျမ်းစာ​တွင် အများအားဖြင့် ဇေရုဗဗေလ​ကို ရှာ​လ​သေ​လ​၏​သား​ဟု ဖော်ပြ​သည်။ (မဿဲ ၁:၁၂; လုကာ ၃:၂၇) ဤ​တွင် ပေဒါယ​သေဆုံး​သွားသော​ကြောင့် ရှာ​လ​သေ​လ​က ဇေရုဗဗေလ​ကို ကျွေးမွေး​စောင့်ရှောက်​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။ သို့​မဟုတ်၊ ရှာ​လ​သေ​လ​သည် သား​မရှိဘဲ သေဆုံး​သွားသော​ကြောင့် ပေဒါယ​သည် ရှာ​လ​သေ​လ​၏​ဇနီး​ကို သိမ်းယူ​ခဲ့​ပြီး ဇေရုဗဗေလ​ကို သားဦး​အနေ​နှင့် မွေးဖွား​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။—တရားဟောရာ ၂၅:၅-၁၀

၅:၁၊ ၂—ယောသပ်​သည် သားဦး​အရာ​ကို​ရသည်​ဟု​ဆို​ရာ​တွင် အဘယ်အရာကို​ဆိုလို​သနည်း။ ယောသပ်​သည် နှစ်ဆ​သော​အမွေဥစ္စာ​ရရှိ​ခြင်း​ကို ဆိုလို​သည်။ (တရားဟောရာ ၂၁:၁၇) သို့ဖြင့် သူသည် မျိုးနွယ်​နှစ်နွယ်​ဖြစ်သော ဧဖရိမ်​နှင့် မနာရှေ​အမျိုး​တို့၏ အဘ​ဖြစ်လာ​သည်။ ဣသရေလ​၏ အခြား​သားတို့​မှာ မျိုးနွယ်​တစ်နွယ်စီ​၏ အဘ​များ​သာ ဖြစ်​ကြသည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁:၁_၉:၄၄အမှန်တကယ်​ရှိခဲ့​သော​လူ​ပုဂ္ဂိုလ်​တို့၏ ဆွေစဉ်မျိုးဆက်​စာရင်း​က စစ်မှန်သော​ဝတ်ပြုရေး အစီအစဉ်​တစ်ခုလုံး​သည် ယုံ​တမ်း​စကား​ပေါ်​မဟုတ်ဘဲ အဖြစ်မှန်​ပေါ်​အခြေခံ​ကြောင်း သက်သေထူ​သည်။

၄:၉၊ ၁၀ယာဗက်​က သူ၏​အရပ်ဒေသ​တွင် ဘုရားသခင်​အား​ကြောက်ရွံ့​သူ ပို​၍​များများ နေထိုင်​နိုင်​ရန်​အတွက် သူ၏​အရပ်ဒေသ​ကို ငြိမ်းငြိမ်းချမ်းချမ်း​ဖြင့် ကျယ်ဝန်း​စေတော်မူ​ပါ​ရန် ယေဟောဝါ​ထံ ထက်ထက်သန်သန်​တောင်းလျှောက်​ခဲ့​ရာ ကိုယ်တော်​နားညောင်း​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ဇွဲ​ဖြင့်​ပါဝင်​နေစဉ် ဘုရားသခင်​အားကိုး​ကွယ်​သူ တိုးများ​လာရန် ထက်ထက်သန်သန် ဆုတောင်း​ဖို့​လို​သည်။

၅:၁၀၊ ၁၈-၂၂ရှောလုမင်း​လက်ထက်​တွင် ယော်ဒန်​မြစ်​အရှေ့ဘက်​ရှိ အမျိုးအနွယ်​တို့သည် မိမိတို့​ထက် အင်အား​နှစ်ဆ​ကျော်​များသော ဟာဂရ​အမျိုးသား​တို့ကို တိုက်ခိုက်​အနိုင်ယူ​ခဲ့​သည်။ အကြောင်း​မှာ ရဲစွမ်းသတ္တိ​ရှိသော ဤ​အနွယ်​တို့သည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ပြီး ကိုယ်တော်​ထံ​မှ အကူအညီ​မျှော်ကိုး​ခဲ့​ကြသော​ကြောင့်​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း ကျွန်ုပ်​တို့​ထက်​အင်အား​များသော ရန်သူများ​ကို​ရင်ဆိုင်​ကာ ဝိညာဉ်​ရေး​တိုက်ပွဲ​ဆင်နွှဲ​ရာ​တွင် ယေဟောဝါ​အား အကြွင်းမဲ့​ကိုးစား​ကြ​စို့။—ဧဖက် ၆:၁၀-၁၇

၉:၂၆၊ ၂၇လေဝိ​သား​တံခါး​စောင့်​တို့သည် ကြီး​လေး​သည့်​တာဝန်​ကို ရရှိ​ထား​ကြသည်။ ဝတ်ပြုရာ​အိမ်တော်​၏ သန့်ရှင်းသော​အရပ်ဒေသ​နှင့်​ဆိုင်သော ဝင်ပေါက်​သော့​ကို ရရှိ​ထား​ကြသည်။ သူတို့သည် နေ့စဉ် တံခါးများ​ဖွင့်​ခြင်း​ဖြင့် ယုံကြည်​စိတ်ချ​ရသူ​များ​ဖြစ်​ကြောင်း သက်သေပြ​ကြသည်။ ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့​ရပ်ကွက်​ရှိ​လူများ​ထံ​သွားရောက်​ပြီး ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်လာ​ရန် ကူညီ​ပေးဖို့​တာဝန်​ကို ရရှိ​ထား​ကြသည်။ ကျွန်ုပ်​တို့သည် လေဝိ​သား​တံခါး​စောင့်​များ​ကဲ့သို့ အားကိုး​ရသော၊ ယုံကြည်​စိတ်ချ​ရသော​သူများ​ဖြစ်​ကြောင်း မတင်ပြ​သင့်​ပေ​လော။

ဒါဝိဒ် ဘုရင်​အဖြစ်​စိုးစံ

(၁ ရာဇဝင်ချုပ် ၁၀:၁_၂၉:၃၀)

ရှောလု​နှင့် သူ၏​သား​သုံးဦးသည် ဖိလိတ္တိ​လူ​တို့​နှင့် တိုက်ခိုက်​ရာ ဂိလဗော​တောင်​၌ သေဆုံး​သွား​ကြ​သည့် အကြောင်းအရာ​ဖြင့် အစပြု​ထား​သည်။ ယေရှဲ​၏​သား​ဒါဝိဒ်​သည် ယုဒ​အမျိုး​၏ ဘုရင်​ဖြစ်လာ​သည်။ ဣသရေလ​အမျိုးသား​အပေါင်းတို့သည် ဒါဝိဒ်​ကို ဣသရေလ​တစ်နိုင်ငံ​လုံး​၏ ရှင်ဘုရင်​အရာ​၌​ချီးမြှောက်​ရန် ဟေဗြုန်​မြို့​သို့​ရောက်လာ​ကြသည်။ (၁ ရာဇဝင်ချုပ် ၁၁:၁-၃) ယင်း​နောက် မကြာမီတွင် သူသည် ယေရုရှလင်​မြို့ကို သိမ်းပိုက်​ခဲ့​၏။ နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​တို့သည် “ကြွေးကြော်​လျက် နှဲ​ခရာ၊ တံပိုး၊ . . . စောင်း​တို့ကို တီးမှုတ်​လျက်” ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​ခဲ့​ကြသည်။—၁ ရာဇဝင်ချုပ် ၁၅:၂၈

ဒါဝိဒ်​သည် စစ်မှန်သော​ဘုရားသခင်​အတွက် အိမ်တော်​ဆောက်လုပ်​လို​ကြောင်း ပြောဆို​ခဲ့​သည်။ ယင်း​အခွင့်အရေး​ကို ရှောလမုန်​ရရှိ​မည်​ဟု သတ်မှတ်​ကာ ယေဟောဝါ​သည် ဒါဝိဒ်​နှင့် နိုင်ငံတော်​ပဋိညာဉ်ဖွဲ့​ခဲ့​သည်။ ဣသရေလ​လူမျိုး၏ ရန်သူများ​ကို ဒါဝိဒ်​တိုက်ခိုက်​ချေမှုန်း​ရာ​တွင် အောင်ပွဲ​များစွာ​ရရှိစေရန် ယေဟောဝါ ကူညီ​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​၏​ခွင့်ပြု​ချက်​မရဘဲ လူ​တို့ကို​ရေတွက်​ခဲ့​ခြင်း​ကြောင့် လူပေါင်း ၇၀,၀၀၀ သေဆုံး​ခဲ့​သည်။ ယေဟောဝါ​အဖို့ ယဇ်​ပလ္လင်​တည်ဆောက်​ရန် ကောင်းကင်တမန်​ထံ​မှ ညွှန်ကြားချက်​ရရှိ​ပြီး​နောက် ဒါဝိဒ်​သည် ယေဗုသိ​လူ အ​ရော​န​ထံ​မှ မြေကွက်​ဝယ်ယူ​ခဲ့​သည်။ ဒါဝိဒ်​သည် ထို​မြေကွက်​တွင် ယေဟောဝါ​အဖို့ “အတိုင်း​တိုင်း​အပြည်ပြည်​၌ ဘုန်း​အသရေ​ကျော်စော​သော” အိမ်တော်​ဆောက်လုပ်​ရန် ‘ပြင်ဆင်မှု​များစွာ’ ကို​စတင်​လုပ်ဆောင်ခဲ့​သည်။ (၁ ရာဇဝင်ချုပ် ၂၂:၅) ဒါဝိဒ်​သည် လေဝိ​သားများ​လုပ်ဆောင်​ရမည့် လုပ်ငန်းဆောင်တာ​များ​ကို စီစဉ်​ခန့်ခွဲ​ပေး​ခဲ့​သည်၊ ဤ​ကျမ်း​တွင် အခြား​ကျမ်း​များ​ထက် ယင်း​လုပ်ငန်းဆောင်တာ​များ​ကို ပို​၍​အသေးစိတ်​ဖော်ပြ​ထား​သည်။ ဘုရင်​နှင့် လူများ​တို့သည် ဝတ်ပြုရာ​အိမ်တော်​အတွက် ရက်ရက်ရောရော​လှူဒါန်းခဲ့​သည်။ အနှစ် ၄၀ အုပ်စိုး​ပြီး​နောက် ဒါဝိဒ်​သည် ‘အသက်ကြီး​ရ​င့်၍ နေ့ရက်​ကာလ​ပြည့်စုံခြင်း၊ ဘုန်း​စည်းစိမ်​ကြွယ်ဝခြင်း​ရှိ​လျက် ကွယ်လွန်​၍ သားတော်​ရှောလမုန်​သည် ခမည်းတော်​အရာ​၌​နန်းထိုင်​လေ​၏။’—၁ ရာဇဝင်ချုပ် ၂၉:၂၈

ကျမ်းစာ​မေးခွန်းများ အဖြေ

၁၁:၁၁—လုပ်ကြံ​သတ်ဖြတ်​ခံရ​သော အရေအတွက် ၃၀၀ သည် ယင်း​၏​ကျမ်းပြိုင်​မှတ်တမ်း​ဖြစ်သော ၂ ဓမ္မ​ရာဇဝင် ၂၃:၈ [က​ဘ] ပါ​အရေအတွက် ၈၀၀ နှင့်​အဘယ်ကြောင့် ကွာခြား​နေသနည်း။ ခွန်အား​ဗလကြီး​သော ဒါဝိဒ်​၏​သူ​ရဲ​သုံးဦး​တွင် ဗိုလ်ချုပ်​ဖြစ်သူ​မှာ ယာ​ရှော​ဗံ​ဖြစ်သည်။ အခြားသူ​ရဲ​နှစ်ဦး​မှာ ဧ​လာ​ဇာ​နှင့် ရှ​မ္မ​ဖြစ်သည်။ (၂ ဓမ္မ​ရာဇဝင် ၂၃:၈-၁၁) မှတ်တမ်း​နှစ်ခု​တွင် အရေအတွက်​ကွာခြား​ရခြင်း​မှာ လူတစ်ဦး​လုပ်ဆောင်ခဲ့​သော သီးခြား​ဖြစ်ရပ်​နှစ်ခု​ကို ဖော်ပြခြင်း​ကြောင့်​ဖြစ်​နိုင်​သည်။

၁၁:၂၀၊ ၂၁ [က​ဘ]—ဒါဝိဒ်​၏​သူ​ရဲ​သုံးဦး​တို့​နှင့်​စပ်လျဉ်း၍ အဘိရှဲ​၏​ရာထူး​အဆင့်အတန်း​ကား အဘယ်နည်း။ အဘိရှဲ​သည် ဒါဝိဒ်​ထံ​တွင်​အမှုထမ်း​သော သူ​ရဲ​သုံးဦး​အဝင်​မဟုတ်ပါ။ သို့သော် ၂ ဓမ္မ​ရာဇဝင် ၂၃:၁၈၊ ၁၉ [က​ဘ] တွင်​ဖော်ပြ​ထား​ချက်​အရ သူသည် စစ်သူရဲ ၃၀ ကို​ဦးဆောင်​သူ​ဖြစ်​ပြီး ထို​သူအား​လုံး​ထက် ပို​၍​ထင်ရှား​ကျော်စော​သူ​ဖြစ်သည်။ အဘိရှဲ​၏​ဂုဏ်​သတင်း​သည် သူ​ရဲ​သုံးဦး​ကဲ့သို့​ပင် ထင်ရှား​ကျော်ကြား​သည်၊ အကြောင်း​မှာ သူသည် ယာ​ရှော​ဗံ​လုပ်ဆောင်ခဲ့​ရာ​နှင့်​တူသော အားကြီး​သည့်​လုပ်ဆောင်မှုကို ပြု​ခဲ့​သောကြောင့်​ဖြစ်သည်။

၁၂:၈—ဂဒ်​အမျိုးသား​စစ်သူရဲ​တို့၏ မျက်နှာ​သည် အဘယ်​နည်းဖြင့် “ခြင်္သေ့​ကဲ့သို့​မျက်နှာ” နှင့်​တူ​ကြ​သနည်း။ ဒါဝိဒ် တောကန္တာရ​၌​ရှိ​စဉ် ရဲစွမ်းသတ္တိ​ရှိသော​ထို​သူတို့သည် ဒါဝိဒ်​ဘက်တွင် ရပ်တည်ခဲ့​ကြသည်။ ထို​တွင်​ရှိ​စဉ် သူတို့​ဆံပင်​များ ရှည်​လာ​သည်။ ရှည်​နေသော​ဆံပင်​များ​က သူတို့ကို ကြောက်​ဖွယ်​ကောင်းသော ခြင်္သေ့​အသွင် ထွက်​စေ​သည်။

၁၃:၅—“အဲဂုတ္တု​ပြည်​အနား ရှိ​ဟော​ရ​မြစ်” ကား​အဘယ်နည်း။ အချို့​သူတို့က နိုင်းလ်မြစ်​၏ မြစ်​လက်​တက်​တစ်ခု​ကို ရည်ညွှန်းခြင်း​ဖြစ်သည်ဟု ယူဆကြ​သည်။ သို့သော် ယင်းသည် “အဲဂုတ္တု​ချောင်း”—ကတိထားရာပြည်​၏ အနောက်​တောင်​နယ်နိမိတ်​အဖြစ် မှတ်သား​သော လျှိုမြောင်​တစ်ခု​ကို ရည်ညွှန်း​သည်​ဟု ယေဘုယျ​အနေ​နှင့် ယူမှတ်​ကြသည်။—တောလည်ရာ ၃၄:၂၊ ၅; ကမ္ဘာဦး ၁၅:၁၈

၁၆:၃၀—ယေဟောဝါ​ရှေ့တော်၌ “ကြောက်ရွံ့​ခြင်း​ရှိကြလော့ [“အလွန့်အလွန် နာကျင်ခြင်း​ရှိကြလော့၊” က​ဘ” ဟူသည်​အဘယ်အရာကို ဆိုလို​သနည်း။ ဤ​တွင်​အသုံးပြု​ထားသော “နာကျင်” ဟူ​သည့်​အသုံးအနှုန်း​သည် ယေဟောဝါ​အား ရိုသေ​ခန့်ညားမှု​ဖြင့်​ကြောက်ရွံ့​ခြင်း၊ အလွန့်အလွန်​ရိုသေခြင်း​ရှိ​ရန် ဥပစာ​အသုံးအနှုန်း​ဖြင့် ဖော်ပြ​ထားခြင်း​ဖြစ်သည်။

၁၆:၁၊ ၃၇-၄၀; ၂၁:၂၉၊ ၃၀; ၂၂:၁၉—သေတ္တာတော်​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​သွားပြီး​ချိန်​မှ​စ၍ ဝတ်ပြုရာ​အိမ်တော် တည်ဆောက်​ပြီးစီး​ချိန်​အထိ ဣသရေလ​လူမျိုး​တွင် အဘယ်​ဝတ်ပြုရေး​အစီအစဉ် ရှိခဲ့​သနည်း။ ဒါဝိဒ်​သည် သေတ္တာတော်​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​လာ​ခဲ့​ပြီး သူ​တည်ဆောက်​သည့်​တဲ​တွင် ထားခဲ့​ချိန်​မှ​စ၍ ဝတ်ပြုရာ​တဲ​တော်​တွင် သေတ္တာတော်​မရှိခဲ့​သည်​မှာ နှစ်ပေါင်း​များစွာ​ကြာ​ခဲ့ပြီ​ဖြစ်သည်။ ပြောင်းရွှေ့​ပြီး​နောက်​တွင်​ပင် ယေရုရှလင်​မြို့ရှိ ထို​တဲ​တွင်​ပင်​ရှိနေ​ခဲ့​သည်။ ဝတ်ပြုရာ​တဲ​တော်​သည် ဂိဗောင်​မြို့တွင်​ရှိသည်၊ ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် သူ၏​ညီအစ်ကို​တို့သည် ပညတ်တရား​တွင် ဖော်ပြ​ထား​သည့် ယဇ်​ပူဇော်​ခြင်း​တို့ကို ထို​တွင်​လုပ်ဆောင်ခဲ့​ကြသည်။ ထို​အစီအစဉ်သည် ယေရုရှလင်​မြို့တွင် ဝတ်ပြုရာ​အိမ်တော် တည်ဆောက်​မပြီးမချင်း ဆက်​တည်ရှိ​ခဲ့​သည်။ ဝတ်ပြုရာ​အိမ်တော် တည်ဆောက်​ပြီးစီး​သွား​သည့်​အခါ ဝတ်ပြုရာ​တဲ​တော်​ကို ဂိဗောင်​မြို့မှ ယေရုရှလင်​မြို့​သို့ သယ်ဆောင်​လာ​ခဲ့​ပြီး သေတ္တာတော်​ကို ဝတ်ပြုရာ​အိမ်တော်​၏ အသန့်ရှင်းဆုံး​အခန်း​တွင် ထားခဲ့​ကြသည်။—၃ ဓမ္မ​ရာဇဝင် ၈:၄၊

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၃:၁၁ [က​ဘ]။ ကျွန်ုပ်​တို့၏ ကြိုးစား​လုပ်ဆောင်မှု မအောင်မြင်​သည့်​အခါ အမျက်ထွက်​ကာ ယေဟောဝါ​ကို အပြစ်တင်​မည့်​အစား အခြေအနေ​ကို​သုံးသပ်​ပြီး မအောင်မြင်​ရသည့် အကြောင်းရင်းကို​သိအောင် ကြိုးစား​ရမည်။ ဒါဝိဒ် ထိုသို့​ပင်​လုပ်ဆောင်ခဲ့ကြောင်း သေချာ​သည်။ သူ၏​အမှား​မှ သင်ခန်းစာယူ​ခဲ့​ပြီး နောက်ပိုင်း သေတ္တာတော်​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​ရာ​တွင် သင့်လျော်​သော​နည်းကို အသုံးပြု​ခဲ့​၍ အောင်မြင်​ခဲ့​သည်။ *

၁၄:၁၀၊ ၁၃-၁၆; ၂၂:၁၇-၁၉ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို ထိခိုက်​စေနိုင်​သည့် မည်သည့်​လုပ်ဆောင်မှုကို​မဆို မလုပ်ဆောင်​မီ ယေဟောဝါ​ထံ အမြဲ​ဆုတောင်း​ချဉ်းကပ်​ကာ ကိုယ်တော်​၏​လမ်းညွှန်မှုကို ရှာယူ​သင့်​သည်။

၁၆:၂၃-၂၉ယေဟောဝါ​အား ဝတ်ပြုခြင်း​သည် ကျွန်ုပ်​တို့​ဘဝ​အသက်တာတွင် အဓိက​အလေးထား​ရာ ဖြစ်​သင့်​သည်။

၁၈:၃ယေဟောဝါ​သည် ကတိတော်​များ​ကို ပြည့်စုံ​စေသော အရှင်ဖြစ်​တော်​မူ​၏။ အာဗြဟံ​၏​အမျိုးအနွယ်​အား “အဲဂုတ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူသော ဥဖရတ်​မြစ်​တိုင်အောင်” ကျယ်ပြန့်​သော ခါ​နာ​န်​ပြည်​တစ်လျှောက်​လုံး​ကို ပေး​မည်​ဟူ​သည့် ကတိတော်​ကို ဒါဝိဒ်​အားဖြင့် ဖြည့်ဆည်း​ပေး​ခဲ့​သည်။—ကမ္ဘာဦး ၁၅:၁၈; ၁ ရာဇဝင်ချုပ် ၁၃:၅

၂၁:၁၃-၁၅ယေဟောဝါ​က ကောင်းကင်တမန်​အား ဘေးဆိုး​ကျရောက်​ခြင်း​ကို ရပ်တန့်​ရန် မိန့်တော်မူ​ခဲ့​သည်၊ အကြောင်း​မှာ ကိုယ်တော်​၏​လူမျိုး ဆင်းရဲ​ဝေဒနာ​ခံရ​လျှင် ကိုယ်တော်​စိတ်ထိခိုက်​သောကြောင့်​ဖြစ်သည်။ မှန်ပါသည်၊ ‘ကိုယ်တော်​၏ သနား​ကြင်နာ​မှု​သည် ကြီးမား​လှ​သည်။’ *

၂၂:၅၊ ၉; ၂၉:၃-၅၊ ၁၄-၁၆ဒါဝိဒ်​သည် ယေဟောဝါ​၏ ဝတ်ပြုရာ​အိမ်တော်ကို တည်ဆောက်​ရန် တာဝန်​မရရှိ​သော်လည်း ရက်ရော​သည့်​စိတ်ဓာတ်​ကို အထင်အရှား​ပြ​ခဲ့​သည်။ အကြောင်း​မှာ သူ​ပိုင်ဆိုင်​သမျှ​အားလုံး​သည် ယေဟောဝါ​၏​ကောင်းမြတ်​မှု​ကြောင့်​ဖြစ်သည်​ကို သူသိ​နားလည်​သောကြောင့်​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း အလားတူ​ကျေးဇူး​သိတတ်ခြင်း​က ရက်ရော​သည့်​စိတ်ဓာတ်​မျိုး​ရှိ​ရန် လှုံ့ဆော်မှု​ဖြစ်​သင့်​သည်။

၂၄:၇-၁၈ယဇ်ပုရောဟိတ်​အဖွဲ့ ၂၄ ဖွဲ့​ခွဲ​သည့် အစီအစဉ်ကို ဒါဝိဒ်​အစပြု​ပေး​ခဲ့​သည်။ ယင်း​အစီအစဉ်​အရ နှစ်ခြင်း​ဆရာ​ယောဟန်​၏ ဖခင်​ဖြစ်သူ ဇာခရိ​သည် “အ​ဘိ​ယ​အသင်း” ဝင်​တစ်ဦး​အနေ​နှင့် ဝတ်ပြုရာ​အိမ်တော်၌ အမှုဆောင်​နေချိန်​တွင် ယေဟောဝါ​၏​ကောင်းကင်တမန် ပေါ်လာ​ပြီး ယောဟန်​မွေးဖွား​မည့်​အကြောင်း အသိပေးခဲ့​သည်။ (လုကာ ၁:၅၊ ၈၊ ၉) စစ်မှန်သော​ဝတ်ပြုရေးသည် ဒဏ္ဍာရီ​လာ​လူများ​နှင့်​မဟုတ်ဘဲ သမိုင်း​တွင်​အထင်အရှား​ရှိခဲ့​သော လူများ​နှင့် ဆက်စပ်​နေသည်။ ယနေ့ စနစ်တကျ​ဖွဲ့စည်းထား​သော ယေဟောဝါ​၏​ဝတ်ပြုရေး​နှင့်​ဆက်နွှယ်​နေသော ‘သစ္စာ​နှင့် သတိ​ပညာရှိ​ကျေးကျွန်’ နှင့်​တည်ကြည်​စွာ ပူးပေါင်း​လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်​တို့ ကောင်းချီး​များစွာ ခံစားရ​မည်။—မဿဲ ၂၄:၄၅

“ကြည်ညို​သော​စိတ်သဘော” ဖြင့်​ယေဟောဝါ​အား အမှုဆောင်​ပါ

ရာဇဝင်ချုပ် ပထမ​စောင်​သည် မျိုးရိုး​စဉ်​ဆက်​မှတ်တမ်း​ကို​သာ ဖော်ပြခြင်း​မဟုတ်ပါ။ ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ ဒါဝိဒ်​သယ်ဆောင်​သည့်​အကြောင်း၊ သူ၏​အောင်ပွဲ​များ​အကြောင်း၊ ဝတ်ပြုရာ​အိမ်တော်​တည်ဆောက်​ရန် ပြင်ဆင်​သည့်​အကြောင်း​များနှင့် လေဝိ​သား​ယဇ်ပုရောဟိတ်​အဖွဲ့​များ တာဝန်ခွဲ​သည့်​အကြောင်း​တို့​လည်း ပါရှိ​သည်။ ရာဇဝင်ချုပ် ပထမ​စောင်​ပါ ဧဇရ ရေးသား​ဖော်ပြ​ရာ​အားလုံး​သည် ဝတ်ပြုရာ​အိမ်တော်​အပေါ်​ထားသော ဣသရေလလူ​တို့၏​ဇွဲ​ကို ပြန်လည်​ထက်သန်​စေ​ခဲ့​မည်​မှာ သေချာ​သည်။

ဒါဝိဒ်​သည် ယေဟောဝါ​၏​ဝတ်ပြုရေးကို အသက်တာ​၏ အဓိက​နေရာတွင်​ထားခြင်း​ဖြင့် အလွန်​ကောင်းသော ပုံသက်သေ​ပြ​ခဲ့​သည်။ ဒါဝိဒ်​သည် ကိုယ်ကျိုး​အတွက် အခွင့်ထူး​များ​ကို ရှာကြံ​မည့်​အစား ဘုရားသခင့် အလိုတော်​ဆောင်ရန် ကြိုးစား​ခဲ့​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား “စုံလင်သော​နှလုံး၊ ကြည်ညို​သော​စိတ်သဘော​နှင့်​ဝတ်ပြု​လော့” ဟူ​သည့် ဒါဝိဒ်​၏​အကြံပြုချက်ကို လိုက်လျှောက်ရန် အားပေးမှု​ရရှိ​ကြသည်။—၁ ရာဇဝင်ချုပ် ၂၈:၉

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 သေတ္တာတော်​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​ခဲ့​သည့် ဒါဝိဒ်​၏​ကြိုးပမ်းမှု​များ​မှ ရရှိနိုင်​သည့်​အခြား​သင်ခန်းစာများ​အတွက် ကင်းမျှော်စင်၊ မေ ၁၅၊ ၂၀၀၅၊ စာမျက်နှာ ၁၆-၁၉ ကို​ရှု။

^ အပိုဒ်၊ 6 ဒါဝိဒ်​သည် ခွင့်ပြု​ချက်​မရဘဲ လူ​တို့ကို​ရေတွက်​ခဲ့​ခြင်း​နှင့် ပတ်သက်​သည့် အခြား​သင်ခန်းစာများ​အတွက် ကင်းမျှော်စင်၊ မေ ၁၅၊ ၂၀၀၅၊ စာမျက်နှာ ၁၆-၁၉ ကို​ရှု။

[စာမျက်နှာ ၈–၁၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဒံ​မှ နောဧ​အထိ​လူမျိုးဆက် (၁,၀၅၆ နှစ်)

ဘီ.စီ.အီး. ၄၀၂၆ အာဒံ

၁၃၀ နှစ် ⇩

ရှေ​သ

၁၀၅ ⇩

ဧ​နုတ်

၉၀ ⇩

ကာဣန​န်

၇၀ ⇩

မဟာ​လေ​လ

၆၅ ⇩

ယာ​ရက်

၁၆၂ ⇩

ဧနောက်

၆၅ ⇩

မ​သု​ရှ​လ

၁၈၇ ⇩

လာ​မက်

၁၈၂ ⇩

ဘီ.စီ.အီး. ၂၉၇၀၊ နောဧ မွေးဖွား​လာ

နောဧ​မှ အာဗြဟံ​အထိ လူမျိုးဆက် (၉၅၂ နှစ်)

ဘီ.စီ.အီး. ၂၉၇၀

၅၀၂ နှစ် ⇩

ရှေမ

၁၀၀ ⇩

ရေလွှမ်းမိုး​ခဲ့၊ ဘီ.စီ.အီး.၂၃၇၀

အာဖာဇဒ်

၃၅ ⇩

ရှာ​လ

၃၀ ⇩

ဟေဗာ

၃၄ ⇩

ဖာလက်

၃၀ ⇩

ရာ​ဂေါ

၃၂ ⇩

စေ​ရောက်

၃၀ ⇩

နာ​ခေါ်

၂၉ ⇩

တေရ

၁၃၀ ⇩

ဘီ.စီ.အီး. ၂၀၁၈ အာဗြဟံ​မွေးဖွား​လာ

အာဗြဟံ​မှ ဒါဝိဒ်​အထိ– လူမျိုးဆက် ၁၄ ဆက် (၉၁၁ နှစ်)

ဘီ.စီ.အီး. ၂၀၁၈၊ အာဗြဟံ

၁၀၀ နှစ်

ဣဇာက်

၆၀ ⇩

ယာကုပ်

၈၈ ခန့် ⇩

ယုဒ

ဖာရက်

ဟေ​ဇ​ရုံ

အာရံ

အမိ​န​ဒပ်

နာ​ရှု​န်

စာ​လ​မုန်

ဗောဇ

ဩဗက်

ယေရှဲ

ဘီ.စီ.အီး. ၁၁၀၇၊ ဒါဝိဒ်​မွေးဖွား​လာ