လုကာ ၁:၁-၈၀

  • သော်​ဖိ​လု​ဆီ စာ​ရေး (၁-၄)

  • ယောဟန်​မွေး​ဖွား​လာမယ်လို့ ဂါ​ဗြေလ ကြို​ပြော (၅-၂၅)

  • ယေရှု​မွေး​ဖွား​လာမယ်လို့ ဂါ​ဗြေလ ကြို​ပြော (၂၆-၃၈)

  • ဧလိ​ရှဗက်​ဆီ မာ​ရိ​အလည်​သွား (၃၉-၄၅)

  • ယေဟောဝါ​ကို မာ​ရိ ဂုဏ်​တင်​ချီး​မွမ်း (၄၆-၅၆)

  • ယောဟန်​ကို မွေး​ဖွား၊ နာ​မည်​ပေး (၅၇-၆၆)

  • ဇာ​ခ​ရိရဲ့ ပရော​ဖက်​ပြု​ချက် (၆၇-၈၀)

 လူကြီး​မင်း သော်​ဖိ​လု၊ ကျွန်​တော်​တို့ အကြွင်း​မဲ့ ယုံ​ကြည်​သက်​ဝင်​တဲ့​ အကြောင်း​အရာတွေ​ကို လူ​အ​တော်​များ​များ ရေး​သား​ပြု​စု​ကြ​ပါ​တယ်။+ ၂  သူတို့ ရေး​သား​ပြု​စု​ခဲ့ရာတွေ​ဟာ မျက်​မြင်​သက်​သေတွေ၊+ ဘုရား​သခင့်​သတင်း​စကား ဟော​ပြော​သူ​တွေ​ဆီ​က ကြား​သိ​ခဲ့ရာတွေ​နဲ့ ကိုက်​ညီ​ပါ​တယ်။+ ၃  ကျွန်​တော်​လည်း အဲဒီ​အကြောင်း​အရာ​အားလုံး​ကို အစ​က​နေ အတိ​အကျ ရှာ​ဖွေ​လေ့​လာ​ထား​တဲ့​အ​တွက်​ လူ​ကြီး​မင်း​ဆီ အစီ​အစဉ်​တ​ကျ ရေး​သား​ပေး​ပို့​မယ်​လို့ ဆုံး​ဖြတ်​လိုက်​ပါ​တယ်။+ ၄  ဒါ​မှ ကိုယ်​တိုင် သွန်သင်​ခံ​ရ​တဲ့ အကြောင်း​အရာတွေ​ဟာ အကြွင်း​မဲ့​မှန်​ကန်​တယ်​ဆို​တာ လူ​ကြီး​မင်း သိ​လာ​မှာ​ပါ။+ ၅  ယုဒ​ပြည်​ကို အုပ်​ချုပ်​တဲ့ ဟေ​ရုဒ်​မင်း* လက်​ထက်​တုန်း​က+ အဘိ​ယ​အုပ်​စု​မှာ+ ဇာ​ခ​ရိလို့​ခေါ်​တဲ့ ပု​ရော​ဟိတ်​တစ်​ယောက် ရှိ​တယ်။ သူ့​ဇနီး​ဟာ အာရုန်​အနွယ်​ဖြစ်​ပြီး ဧလိ​ရှဗက်လို့ ခေါ်​တယ်။ ၆  ဒီ​ဇနီး​မောင်​နှံ​ဟာ ဘုရား​သခင်​ရှေ့​မှာ ဖြောင့်​မတ်​သူ​တွေ​ပဲ။ ယေဟောဝါ​ရဲ့* ပညတ်​ချက်​နဲ့ စည်း​မျဉ်း​အားလုံး​ကို အပြစ်​ပြော​စ​ရာ​မရှိ​အောင် လိုက်​နာ​သူ​တွေ ဖြစ်​တယ်။ ၇  ဒါ​ပေမဲ့ ဧလိ​ရှဗက်​က မြုံ​နေ​တော့ သူတို့​မှာ သား​သမီး​မရှိ​ဘူး။ နှစ်​ယောက်​စ​လုံး အသက်​ကြီး​နေ​ပြီ။ ၈  ဇာ​ခ​ရိ​က သူ့​အုပ်​စု တာဝန်​ကျ​ချိန်​ဖြစ်​လို့+ ဘုရား​သခင့်​ရှေ့​မှာ ပုရော​ဟိတ်​အဖြစ် အမှု​ဆောင်​နေ​တယ်။ ၉  ပုရော​ဟိတ်​တွေရဲ့ ထုံး​စံ​အတိုင်း နံ့သာ​ပေါင်း​ပူ​ဇော်​ဖို့ မဲ​ကျ​တဲ့​အတွက်+ ယေဟောဝါ​ရဲ့* ဗိမာန်​တော်​ထဲ သူ​ဝင်​သွား​တယ်။+ ၁၀  နံ့​သာ​ပေါင်း​ပူ​ဇော်​ချိန်​မှာ လူ​အားလုံး​က ဗိမာန်​တော်​အပြင်​မှာ ဆုတောင်း​နေ​ကြ​တယ်။ ၁၁  ယေဟောဝါ​ရဲ့* ကောင်း​ကင်​တ​မန်​က သူ့​ဆီ ရောက်​လာ​ပြီး နံ့​သာ​ပေါင်း​ပလ္လင်ရဲ့ ညာ​ဘက်​မှာ ရပ်​နေ​တယ်။ ၁၂  ဒါ​ကို​ ဇာခ​ရိ​မြင်​တော့ စိတ်​ယောက်​ယက်​ခတ်​ပြီး သိပ်​ကြောက်​သွား​တယ်။ ၁၃  ကောင်း​ကင်​တ​မန်​က “ဇာ​ခ​ရိ၊ မကြောက်​ပါ​နဲ့။ ခင်​ဗျား ဆုတောင်း​တာ​ကို ဘုရား​သ​ခင်​ ကြား​တယ်။ ခင်​ဗျားရဲ့​ဇနီး ဧလိ​ရှဗက်​ဟာ သား​လေး​မွေး​လိမ့်​မယ်။ အဲဒီ​သား​ကို ယောဟန်​လို့ နာ​မည်​ပေး​ရ​မယ်။+ ၁၄  ခင်​ဗျား ဝမ်း​သာ​ရ​လိမ့်​မယ်။ အဲဒီ​ကလေး မွေး​လာ​တဲ့​အတွက် လူ​များ​စွာလည်း ဝမ်း​မြောက်​လိမ့်​မယ်။+ ၁၅  ဘာ​လို့​လဲ​ဆို​တော့ ဒီ​ကလေး​ဟာ ယေဟောဝါ* ရှေ့​မှာ အရေး​ပါ​သူ​ဖြစ်​မှာ မို့လို့​ပါ။+ မိ​ခင်​ဝမ်း​ထဲ​မှာ ရှိ​က​တည်း​က သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့ ပြည့်​နေ​လိမ့်​မယ်။+ စ​ပျစ်​ဝိုင်​နဲ့ အရက်​ယ​မကာ​ကို သူ​လုံး​ဝ မသောက်​ရ​ဘူး။+ ၁၆  သူ​က အစ္စရေး​အမြောက်​အမြား​ကို ယေဟောဝါ* ဘုရား​ဆီ ပြန်​လှည့်​လာ​စေ​လိမ့်​မယ်။+ ၁၇  ဒါ့​အပြင် ဧလိယ​လို စိတ်​ဓာတ်​မျိုး၊ စွမ်း​ရည်​မျိုး​နဲ့​ ရှေ့တော်​က​နေ အရင်​သွား​လိမ့်​မယ်။+ သူ​က ဖခင်​တွေရဲ့ စိတ်​နှလုံး​ကို သား​သမီး​တွေရဲ့ စိတ်​နှလုံး​လို ဖြစ်​အောင် ပြောင်း​လဲ​ပေး​လိမ့်​မယ်။*+ မနာ​ခံ​သူ​တွေ​ကို ဖြောင့်​မတ်​သူ​တွေရဲ့ ဉာဏ်​ပညာ​ရ​အောင် ပြောင်း​လဲ​ပေး​လိမ့်​မယ်။ ဒီ​နည်း​နဲ့ သူတို့​ကို ယေဟောဝါ* အတွက် အသင့်​ပြင်​ထား​တဲ့​လူမျိုး ဖြစ်​စေ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၈  ဇာ​ခ​ရိ​က “ဒါ​ဖြစ်​နိုင်​ပါ့​မလား။ ကျွန်​တော်​က အို​နေ​ပြီ။ ဇနီး​က​လည်း အသက်​ကြီး​နေ​ပြီ” လို့​ပြော​တဲ့​အခါ၊ ၁၉  ကောင်း​ကင်​တ​မန်​က “ကျွန်​တော်​ဟာ ဘုရား​သခင်​ရှေ့​မှာ ခစား​ရ​တဲ့+ ဂါဗြေလ​ပဲ။+ ခင်​ဗျား​ကို ဒီ​သတင်း​ကောင်း ပြော​ပြဖို့ ဘုရား​က ကျွန်​တော့်​ကို စေ​လွှတ်​လိုက်​တာ။ ၂၀  ဒါ​ပေမဲ့ အချိန်​တန်​ရင် ပြည့်​စုံ​လာ​မယ့် ဒီ​စကား​တွေ​ကို ခင်​ဗျား​မယုံ​တဲ့​အတွက် ဒီ​စကား​တွေ ပြည့်​စုံ​မယ့်​နေ့ မရောက်​မချင်း​ စကား​မပြော​နိုင်​ဘဲ အနေ​လိမ့်​မယ်” လို့​ပြန်​ပြော​တယ်။ ၂၁  အဲဒီ​အချိန်​မှာ လူ​တွေ​က ဇာ​ခ​ရိ​ကို အပြင်​မှာ စောင့်​မျှော်​နေ​တယ်။ ဗိမာန်​တော်​ထဲ​မှာ သူ​ကြာ​နေ​တော့ အံ့​သြနေ​ကြ​တယ်။ ၂၂  ဇာ​ခ​ရိ​ထွက်​လာ​တဲ့​အခါ စကား​မပြော​နိုင်​တော့​တဲ့​အတွက် ဗိမာန်​တော်​ထဲ​မှာ စိတ်​အာ​ရုံ​မြင်​ခဲ့​မှန်း လူ​တွေ ရိပ်​မိ​သွား​တယ်။ ဇာ​ခ​ရိ​က စကား မပြော​နိုင်​တော့လို့ အမူ​အရာ​နဲ့​ပဲ ပြတယ်။ ၂၃  ဗိမာန်​တော်​မှာ အမှု​ဆောင်​ချိန် ပြီး​သွား​တဲ့​အခါ ဇာ​ခ​ရိ အိမ်​ပြန်​သွား​တယ်။ ၂၄  မကြာ​ခင်​မှာ သူ့​ဇနီး ဧလိ​ရှ​ဗက်​ဟာ ကိုယ်​ဝန်​ရှိ​လာ​တဲ့​အတွက် ငါး​လ​လုံး​လုံး အိမ်​တွင်း​အောင်း​နေ​တယ်။ ၂၅  “အခု၊ ကျွန်​မကို ယေဟောဝါ* ဘုရား​ ကျေး​ဇူး​ပြု​ပြီ။ လူ​ပုံ​အလယ်​မှာ ကျွန်​မ ကဲ့​ရဲ့​ခံ​နေ​ရ​တာ​ကို ဖယ်​ရှား​ပေး​ဖို့ ကျွန်​မကို သတိ​ရ​ပြီ”+ လို့​ပြော​တယ်။ ၂၆  သူ​ကိုယ်​ဝန်​ခြောက်​လ​မှာ ဘုရား​သခင်​က ကောင်း​ကင်​တ​မန် ဂါဗြေ​လ​ကို+ ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​မှာ​ရှိ​တဲ့၊ ၂၇  မာ​ရိလို့​ခေါ်​တဲ့ အပျို​စင်​တစ်​ယောက်​ဆီ+ စေ​လွှတ်​တယ်။ မာ​ရိ​ဟာ ဒါဝိဒ်​အမျိုး​ထဲ​က ယော​သပ်​လို့​ခေါ်​တဲ့ လူ​တစ်​ယောက်​နဲ့ စေ့​စပ်​ထား​တယ်။+ ၂၈  ကောင်း​ကင်​တ​မန်​က မာ​ရိ​ဆီ ရောက်​လာ​ပြီး “မင်္ဂလာ​ပါ၊ ဘုရား​ မျက်​နှာ​သာ​ရ​တဲ့​သူ။ ယေဟောဝါ* ဘုရား​ဟာ ခင်​ဗျား​နဲ့​အတူ ရှိ​တယ်” လို့​နှုတ်​ဆက်​တယ်။ ၂၉  မာ​ရိ​က အဲဒီ​စကား​ကြောင့် စိတ်​ယောက်​ယက်​ခတ်ပြီး အခု​လို​နှုတ်​ဆက်​တာ ဘာ​အဓိပ္ပာယ်​ပါ​လိမ့်​ဆို​ပြီး စဉ်း​စား​နေ​တယ်။ ၃၀  ကောင်း​ကင်​တ​မန်​က “မာ​ရိ၊ မစိုး​ရိမ်​ပါ​နဲ့။ ခင်​ဗျား​ဟာ ဘုရား​သခင့်​မျက်​နှာ​သာ​ရ​သူ​ပါ။ ၃၁  ခင်​ဗျား​မှာ ကိုယ်​ဝန်​ရှိ​လာ​ပြီး သား​လေး​မွေး​လိမ့်​မယ်။+ အဲဒီ​သား​ကို ယေရှု​လို့ နာ​မည်​ပေး​ရ​မယ်။+ ၃၂  အဲဒီ​သား​ဟာ အရေး​ပါ​သူ ဖြစ်​လိမ့်​မယ်။+ အမြင့်​ဆုံး​ အရှင်​ရဲ့​သား​လို့ အခေါ်​ခံ​ရ​လိမ့်​မယ်။+ ယေဟောဝါ* ဘုရား​က သူ့​ကို ဖခင်​ဒါဝိဒ်ရဲ့ ရာ​ဇ​ပလ္လင် အပ်​နှင်း​လိမ့်​မယ်။+ ၃၃  သူ​က​ ယာကုပ်​အ​မျိုး​ကို ထာ​ဝ​စဉ် အုပ်​စိုး​လိမ့်​မယ်။ သူ့​ရဲ့​အုပ်​ချုပ်​မှု​ဟာ အဆုံး​တိုင်​မှာ မဟုတ်​ဘူး”+ လို့​ပြော​တယ်။ ၃၄  မာ​ရိ​က​လည်း “ဒါ ဘယ်​လို​လုပ် ဖြစ်​နိုင်​မှာ​လဲ။ ကျွန်​မဟာ​အပျို​စင်​ပါ”+​ လို့​ကောင်း​ကင်​တ​မန်​ကို ပြန်​ပြော​တယ်။ ၃၅  ကောင်း​ကင်​တ​မန်​က “ခင်​ဗျား​အပေါ် သန့်​ရှင်း​သော စွမ်းအား​တော် သက်​ရောက်​ပြီး+ အမြင့်​ဆုံး​အရှင်​ရဲ့ တန်ခိုး​တော် လွှမ်း​မိုး​လိမ့်​မယ်။ ဒါ​ကြောင့် မွေး​လာ​မယ့် က​လေး​ဟာ သန့်​ရှင်း​တဲ့​သူ၊+ ဘုရား​သခင်​ရဲ့​သား​လို့ အခေါ်​ခံ​ရ​လိမ့်​မယ်။+ ၃၆  မြုံ​နေ​သူ​ဆို​ပြီး လူ​တွေ​ပြော​တဲ့ ခင်​ဗျားရဲ့​ဆွေ​မျိုး ဧလိ​ရှဗက်​လည်း အသက်​ကြီး​နေ​ပေမဲ့ သား​လေး​ကို ကိုယ်​ဝန်​လွယ်​ထား​တာ အခု​ဆို ခြောက်​လ ရှိ​နေ​ပြီ။ ၃၇  ဘုရား​သခင်​ရဲ့​စကား​တွေ မပြည့်​စုံ​ဘဲ မနေ​ဘူး”+ လို့​ပြော​တယ်။ ၃၈  အဲဒီ​အခါ မာ​ရိ​က “ကျွန်​မဟာ ယေဟောဝါ* ဘု​ရားရဲ့ အစေ​ခံ​ပါ။ သခင်​ပြော​တဲ့​အတိုင်း ဖြစ်​လာ​ပါ​စေ” လို့​ပြော​တော့ ကောင်း​ကင်​တ​မန်​လည်း ထွက်​သွား​တယ်။ ၃၉  အဲဒီ​အခါ မာ​ရိ​က တောင်​တန်း​ဒေ​သမှာ​ရှိ​တဲ့ ယုဒ​မြို့​တစ်​မြို့​ဆီ ခပ်​သုတ်​သုတ် ခ​ရီး​နှင်​တယ်။ ၄၀  ဇာ​ခ​ရိ​အိမ်​ကို ဝင်​ပြီး ဧလိ​ရှဗက်​ကို နှုတ်​ဆက်​တယ်။ ၄၁  မာ​ရိရဲ့ နှုတ်​ဆက်​သံ​ကို ဧလိ​ရှဗက်​ကြား​တဲ့​အခါ သူ့​ဝမ်း​ထဲ​က က​လေး​က လှုပ်​လှုပ်​ရွ​ရွ ဖြစ်​လာ​တယ်။ ဧလိ​ရှဗက်​က သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပြည့်​ပြီး၊ ၄၂  ဝမ်း​သာ​အား​ရ​နဲ့ “ညီ​မဟာ အမျိုး​သမီး​တ​ကာ​တို့​ထက် ကောင်း​ချီး​ခံစား​ရ​တဲ့​သူ​ပဲ။ ညီမ​ရဲ့​ဝမ်း​ထဲ​က က​လေး​လည်း ကောင်း​ချီး​ခံစား​ရ​သူ​ပဲ။ ၄၃  ငါ့​သခင်​ရဲ့​မိ​ခင် လာ​လည်​တာ ငါ့​အတွက် ဂုဏ်​ယူ​စ​ရာ​ပါ။ ၄၄  ကြည့်​ပါ​ဦး၊ ညီ​မရဲ့​နှုတ်​ဆက်​သံ​ကို ကြား​တော့ ငါ့​ဝမ်း​ထဲ​က ကလေး​ဟာ ပျော်​လွန်း​လို့ လှုပ်​လှုပ်​ရွ​ရွ ဖြစ်​နေ​တယ်။ ၄၅  ယေဟောဝါ* ဘုရား ပြော​တဲ့​စကား​တွေ အကြွင်း​မဲ့ ပြည့်​စုံ​လာ​မှာ​မို့လို့ ဒါ​ကို​ယုံ​တဲ့ ညီ​မဟာ မင်္ဂလာ​ရှိ​တယ်” လို့​ပြော​တယ်။ ၄၆  အဲဒီ​အခါ မာ​ရိ​က “ယေဟော​ဝါ* ဘုရား​ကို ကျွန်​မ ဂုဏ်​တင်​ချီး​မွမ်း​ပါ​တယ်။+ ၄၇  ကျွန်​မရဲ့​ကယ်​တင်​ရှင် ဘုရား​သခင်​ကြောင့် ရင်​ထဲ​မှာ ပျော်လို့ မဆုံး​ဘူး။+ ၄၈  ဘုရား​က ကျွန်​မရဲ့ နိမ့်​ကျ​တဲ့​အဖြစ်​ကို မြင်​ပြီ။+ အခု​က​စ​ပြီး လူမျိုး​အဆက်​ဆက်​က ကျွန်မ​ကို ပျော်​ရွှင်​ချမ်း​မြေ့သူ​လို့ ခေါ်​ကြ​တော့​မယ်။+ ၄၉  တန်ခိုး​နဲ့​ပြည့်​စုံ​တဲ့​အရှင်​က ကျွန်​မအတွက် အံ့​ဖွယ်​အမှု​တွေ လုပ်​ဆောင်​ပေး​တာ​ကိုး။ နာ​မတော်​ဟာ သန့်​ရှင်း​မြင့်မြတ်​တယ်။+ ၅၀  ဘုရား​က သူ့​ကို ကြောက်​ရွံ့​ရို​သေသူ​တွေ​ကို လူမျိုး​အဆက်​ဆက် ကရု​ဏာ​ပြတယ်။+ ၅၁  လက်​ရုံး​တော်​နဲ့ တန်ခိုး​ပြတယ်။ မောက်​မာ​တဲ့​စိတ်​နဲ့ ကြံ​စည်​သူ​တွေ​ကို​တော့ တ​ကွဲ​တ​ပြား ဖြစ်​စေ​တယ်။+ ၅၂  မင်း​အရာ​ရှိ​တွေ​ကို နန်း​ချ​ပြီး+ နိမ့်​ကျ​သူ​တွေ​ကို ချီး​မြှောက်​တယ်။+ ၅၃  ဆာ​လောင်​နေ​သူ​တွေ​ကို ကောင်း​မွန်​ရာတွေ ဖြည့်​ဆည်း​ပေး​ပြီး+ ချမ်း​သာ​ကြွယ်​ဝ​သူ​တွေ​ကို လက်​ချည်း​လွှတ်​လိုက်​တယ်။ ၅၄  ဘုရား​သခင်​က ဘိုး​ဘေး​တွေ​ကို ပြော​ခဲ့​တဲ့​အတိုင်း မိမိ​ကျွန် အစ္စရေး​လူမျိုး​ကို မစ​တယ်။ ၅၅  အာဗြဟံ​နဲ့ သူ့​မျိုး​နွယ်​ကို+ အမြဲကရု​ဏာ​ပြမယ်​လို့ ကတိ​ပေး​ခဲ့​တဲ့​အတိုင်း အဲဒီ​ကတိ​ကို မမေ့​ဘူး​ဆို​တာ+ ပြလိုက်​တာ​ပဲ” လို့​ပြော​တယ်။ ၅၆  မာ​ရိ​က ဧလိ​ရှဗက်​ဆီ​မှာ သုံး​လ​လောက်​နေ​ပြီး အိမ်​ပြန်​သွား​တယ်။ ၅၇  ဧလိ​ရှဗက်​က မီး​ဖွား​ချိန်​စေ့​ပြီး သား​လေး မွေး​လာ​တယ်။ ၅၈  ယေဟောဝါ​က* ဧလိ​ရှဗက်​ကို အထူး​ကရု​ဏာ​ပြမှန်း အိမ်​နီး​ချင်း​တွေ၊ ဆွေ​မျိုး​တွေ ကြား​တဲ့​အခါ ဝမ်း​သာ​ကြ​တယ်။+ ၅၉  ရှစ်​ရက်​မြောက်​နေ့​မှာ က​လေး​ကို အရေ​ဖျား​ဖြတ်​ပေး​ဖို့ ရောက်​လာ​ကြ​တယ်။+ က​လေး​ကို ဖခင်​ရဲ့​နာ​မည်​အတိုင်း ဇာ​ခ​ရိ​ဆို​ပြီး မှ​ည့်​မလို့​ပဲ။ ၆၀  ဒါ​ပေမဲ့ ဧလိ​ရှဗက်​က “အဲဒီ​နာမည်​ မဟုတ်​ဘူး။ ယောဟန်​လို့ မှည့်​ရ​မယ်” လို့​ပြော​တော့၊ ၆၁  သူတို့​က “မင်း​ရဲ့​ဆွေ​မျိုး​ထဲ​မှာ ဒီ​နာ​မည်​မှ မရှိ​တာ” လို့​ပြော​ကြ​တယ်။ ၆၂  ဒါ​နဲ့ ဘာ​နာ​မည်​ပေး​ချင်​သလဲ ဆို​ပြီး ဖခင်​ဖြစ်​သူ​ကို အမူ​အရာ​နဲ့ မေး​ကြည့်​တော့၊ ၆၃  သူ​က သင်​ပုန်း​ကို တောင်း​ပြီး “က​လေး​နာ​မည်​ဟာ ယောဟန်”+ လို့ရေး​ပြတဲ့​အခါ အားလုံး အံ့​သြကြ​တယ်။ ၆၄  အဲ​ဒီ​အချိန်​မှာ​ပဲ သူ စကား​ပြန်​ပြော​နိုင်​တဲ့​အတွက်+ ဘုရား​သခင်​ကို ချီး​မွမ်း​တော့​တယ်။ ၆၅  အိမ်​နီး​ချင်း​အားလုံး ကြောက်​သွား​ကြ​တယ်။ ယုဒ​ပြည် တောင်​တန်း​ဒေ​သ တစ်​လျှောက်​လုံး​မှာ အဲဒီ​သတင်း ပျံ့​နှံ့​သွား​တယ်။ ၆၆  ဒီ​သတင်း​ကို ကြား​တဲ့​သူ​အားလုံး​က စိတ်​ဝင်​တ​စား​ဖြစ်​ပြီး “ဒီ​က​လေး​ဟာ ဘယ်​လို​လူ​စား​မျိုး ဖြစ်​လာ​မှာ​ပါ​လိမ့်” လို့​တွေး​ကြ​တယ်။ ယေဟောဝါ​ရဲ့* တန်ခိုး​က ကလေး​အပေါ်​မှာ သက်​ရောက်​နေ​တယ်။ ၆၇  ဖခင်​ဇာ​ခ​ရိ​က သန့်​ရှင်း​သော စွမ်းအား​တော်​နဲ့​ပြည့်​ပြီး ပရော​ဖက်​ပြု​တော့​တယ်– ၆၈  “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို* ချီး​မွမ်း​ကြ​ပါ။+ လူမျိုး​တော်​ကို သနား​ကြင်နာ​လို့ လွတ်​မြောက်​စေ​ပြီ။+ ၆၉  ငါ​တို့​အတွက် တန်ခိုး​ကြီး​တဲ့ ကယ်​တင်​ရှင်​ကို*+ မိမိ​ကျွန်​ဒါဝိဒ်ရဲ့ မျိုး​နွယ်​ထဲ​က ပေါ်​ထွန်း​စေ​ပြီ။+ ၇၀  ရှေး​ခေတ် သန့်​ရှင်း​တဲ့ ပရော​ဖက်​တွေ​က​တစ်ဆင့် မိန့်မှာ​ခဲ့​တဲ့​အတိုင်း၊+ ၇၁  ရန်​သူ​တွေ​နဲ့ ငါ​တို့​ကို​မုန်း​တဲ့​သူ​တွေရဲ့ လက်​က​နေ ကယ်​တင်​ပြီ။+ ၇၂  ဒါ​ဟာ ငါ​တို့​ရဲ့​ဘိုး​ဘေး​တွေ​ကို ကရု​ဏာ​ပြလိုက်​တာ​ပဲ။ သန့်​ရှင်း​တဲ့ ပဋိ​ညာဉ်​ကို​လည်း မမေ့​ဘူး​ဆို​တာ ပြလိုက်​တာ​ပဲ။+ ၇၃  အဲဒီ​ပဋိ​ညာဉ်​ဟာ ငါ​တို့​ဘိုး​ဘေး အာဗြဟံ​ကို ဘုရား​ပြော​ခဲ့​တဲ့ ကျိန်​ဆို​ချက်​ဖြစ်​တယ်။+ ၇၄  အဲဒီ​ကျိန်​ဆို​ချက်​နဲ့​အညီ ငါ​တို့​ကို ရန်​သူ​လက်​က​နေ လွတ်​မြောက်​စေ​ပြီး​တဲ့​နောက် ဘုရား​သခင်​က မိမိ​ကို ရဲရင့်​စွာ ဝတ်​ပြု​ရ​တဲ့​အခွင့် ပေး​အပ်​လိမ့်​မယ်။ ၇၅  ဒါ​ကြောင့် ငါ​တို့​ဟာ ရှေ့​တော်​မှာ တစ်​သက်​လုံး သစ္စာ​စောင့်​သိ​ပြီး ဖြောင့်​မတ်​နိုင်​ကြ​လိမ့်​မယ်။ ၇၆  ငါ့​သား၊ မင်း​က​တော့ အမြင့်​ဆုံး​အရှင်​ရဲ့ ပရော​ဖက်​လို့ အခေါ်​ခံ​ရ​လိမ့်​မယ်။ ယေဟော​ဝါ* ဘု​ရားရဲ့ လမ်း​ခ​ရီး​ကို အသင့်​ပြင်​ဆင်​ဖို့ ရှေ့​တော်​က​နေ အရင်​သွား​ရ​လိမ့်​မယ်။+ ၇၇  လူမျိုး​တော်​ကို အပြစ်​တွေ ခွင့်​လွှတ်​ခြင်း​အား​ဖြင့် ကယ်​တင်​မယ်​ဆို​တဲ့​သတင်း​ကို​ မင်း​ အသိ​ပေး​ရ​လိမ့်​မယ်။+ ၇၈  ဒါ​ဟာ ဘုရား​သခင်​ရဲ့ ကရု​ဏာ​ကြောင့်​ပဲ။ အထက်​အရပ်​က​လာ​တဲ့ ဒီ​ကရု​ဏာ​ကျေး​ဇူး​ဟာ​ အရုဏ်​ဦး​အလင်း​လို ငါ​တို့​အပေါ် ထွန်း​လင်း​လိမ့်​မယ်။ ၇၉  မှောင်​မိုက်​နဲ့ သေခြင်း​အရိပ်​အောက်​မှာ ထိုင်​နေ​သူ​တွေ​ကို အလင်း​ပေး​ပြီး+ ငါ​တို့​ကို ငြိမ်သက်​ခြင်း​လမ်း​ဆီ ပို့​ဆောင်​ပေး​လိမ့်​မယ်။” ၈၀  အဲဒီ​က​လေး​ဟာ ကြီး​ပြင်း​ပြီး ရင့်ကျက်​လာ​တယ်။ အစ္စရေးတွေ​ကို ဟော​ပြော​ရ​မယ့်​အချိန် မရောက်​မချင်း တော​မှာ​ပဲ နေ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ဖခင်​တွေရဲ့ စိတ်​နှလုံး​ကို သား​သမီး​တွေ​ဆီ ပြန်​လှည့်​လာ​အောင် လုပ်​ပေး​လိမ့်​မယ်။”
မူ​ရင်း၊ “ကယ်​တင်​ခြင်း​ဦး​ချို​ကို။”