မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မရာဇဝင်ဒုတိယစောင်မှ ပေါ်လွင်ချက်များ

ဓမ္မရာဇဝင်ဒုတိယစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဓမ္မ​ရာဇဝင်​ဒုတိယ​စောင်​မှ ပေါ်လွင်​ချက်​များ

ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​ပြုခြင်း​တွင် အကြွင်းမဲ့​နာခံမှု​ရှိဖို့လို​သလော။ သမာဓိ​ရှိသူ​သည် ဘုရားသခင်​ရှေ့မှောက်​တွင် မှန်ကန်​ရာ​ကို အမြဲ​လုပ်ဆောင်​လေ့​ရှိသလော။ စစ်မှန်သော​ဘုရားသခင်​၏ “စိတ်နှလုံးတော်​နှင့်​ညီညွတ်သော​သူ” သည်​အဘယ်​လူစားမျိုး​နည်း။ (၁ ဓမ္မ​ရာဇဝင် ၁၃:၁၄) ဓမ္မ​ရာဇဝင်​ဒုတိယ​စောင်​က အဆိုပါ​မေးခွန်းများကို ကျေနပ်​လောက်​အောင် ဖြေဆို​ပေး​သည်။

ရှေး​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​နှင့် ရင်းနှီးသော​မိတ်ဆွေများ​ဖြစ်​ကြသော ပရောဖက်​နှစ်ပါး ဂဒ်​နှင့်​နာသန်​တို့သည် ဓမ္မ​ရာဇဝင်​ဒုတိယ​စောင်​ကို ရေးသားခဲ့​ကြသည်။ * ဤ​စာစောင်​ကို ဒါဝိဒ်​၏​နန်းသက်​အနှစ် ၄၀ အကုန်ပိုင်း ဘီ.စီ.အီး. ၁၀၄၀ ပြည့်နှစ်​ခန့်​တွင် အဆုံး​သတ်ခဲ့​ပြီး ဒါဝိဒ်​အကြောင်း၊ ယေဟောဝါ​နှင့် သူ၏​ဆက်ဆံ​ရေး​အကြောင်းကို အသားပေး​ဖော်ပြ​ထား​၏။ ပြိုကွဲ​လျက်​ရှိသော​လူမျိုး​သည် ရဲစွမ်းသတ္တိ​ရှိ ဘုရင်​တစ်ပါး​၏​လက်အောက်​တွင် ကြီးပွား​ချမ်း​သာ၍ စည်းလုံး​သော​နိုင်ငံ​တစ်နိုင်ငံ မည်သို့​ဖြစ်လာ​သည်ကို စိတ်​လှုပ်ရှား​ဖွယ်​ကောင်း​အောင် ဤ​ဇာတ်လမ်း​က ဖော်ပြ​သည်။ အာရုံ​ဖမ်းစား​နိုင်သော ဤ​မှတ်တမ်း​ကို အလွန်​ပြင်းထန်သော စိတ်​လှုပ်ရှားမှုများ​ဖြင့် ဖော်ကျူး​ထား​သည်။

ဒါဝိဒ်​သည် “တိုးပွား​၍ အားကြီး” လာ

(၂ ဓမ္မ​ရာဇဝင် ၁:၁–၁၀:၁၉)

ရှောလု​နှင့်​ယောနသန်​တို့ သေဆုံး​ခြင်း​သတင်းကို ကြား​ရပြီး​နောက် ဒါဝိဒ်​၏​တုံ့ပြန်​ပုံ​က သူတို့နှင့် ယေဟောဝါ​အပေါ် ဒါဝိဒ်​၏​ခံစားချက်​ကို သိသာ​ထင်ရှားစေ​သည်။ ဒါဝိဒ်​သည် ဟေဗြုန်​မြို့တွင် ယုဒ​ရှင်ဘုရင်​အဖြစ် ခန့်အပ်​ခံရ​၏။ ရှောလု​၏​သား ဣရှဗောရှက်​ကို ကျန်​ဣသရေလ​လူမျိုး၏​ရှင်ဘုရင်​အရာ​၌ ချီးမြှောက်​ကြ​၏။ ဒါဝိဒ်​သည် “တိုးပွား​၍ အားကြီး” လာပြီး ဣသရေလလူ​အပေါင်း​ကို နောက်ထပ်​ခု​နစ်​နှစ်​ခွဲ​နီးပါး​အထိ အုပ်ချုပ်​လေ​သည်။—၂ ဓမ္မ​ရာဇဝင် ၅:၁၀

ဒါဝိဒ်​သည် ယေဗုသိ​လူ​တို့​ထံ​မှ ယေရုရှလင်​မြို့ကို သိမ်းယူ​ပြီး နိုင်ငံ​၏​မြို့တော်​အဖြစ် တည်ထောင်​လိုက်​သည်။ ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့​သယ်ဆောင်​ရန် သူ၏​ပထမ​အကြိမ် ကြိုးစား​မှု​ကြောင့် ဘေးသင့်​ခဲ့​၏။ သို့သော် ဒုတိယ​အကြိမ် ကြိုးစား​မှု​တွင် အောင်မြင်​ခဲ့​ရာ ဒါဝိဒ်​သည် အားရ​ရွှင်လန်းစွာ ကခုန်​ခဲ့​သည်။ ယေဟောဝါ​သည် ဒါဝိဒ်​နှင့် နိုင်ငံတော်​ပဋိညာဉ်ဖွဲ့​သည်။ ဒါဝိဒ်​နှင့်အတူ ဘုရားသခင်​ဆက်​ရှိနေ​သောကြောင့် ရန်သူများ​ကို နှိမ်နင်း​နိုင်​ခြင်း​ဖြစ်သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂:၁၈—ယွာဘ​နှင့် သူ၏​ညီအစ်ကို​နှစ်ဦး​တို့ကို သူတို့​မိခင် ဇေ​ရု​ယာ​၏​သား​သုံးဦး​ဟု အဘယ်ကြောင့်​ဖော်ပြ​ထား​သနည်း။ ဟေဗြဲ​ကျမ်း​စာစောင်​များ​တွင် ဆွေစဉ်မျိုးဆက်​စာရင်း​ကို များသောအားဖြင့် ဖခင်​မှ​တစ်ဆင့် ဖော်ပြ​လေ့​ရှိသည်။ ဇေ​ရု​ယာ​၏​ခင်ပွန်း​သည် အချိန်မတန်​မီ သေဆုံး​သွား​ဖွယ်​ရှိသည်၊ သို့​မဟုတ် မြင့်မြတ်​သော​မှတ်တမ်း​တွင် သူ၏​နာမည်​ကို ထည့်သွင်း​ဖော်ပြ​ရန် မသင့်​တော်​ဟု ယူမှတ်​ဖွယ်​ရှိသည်။ ဇေ​ရု​ယာ​သည် ဒါဝိဒ်​၏​ညီမ သို့​မဟုတ် ဖတူမိကွဲ​ဖြစ်သော​ကြောင့် သူ၏​နာမည် ထည့်သွင်း​ဖော်ပြ​ခံရ​ခြင်း​ဖြစ်​နိုင်၏။ (၁ ရာဇဝင်ချုပ် ၂:၁၅၊ ၁၆) အဆိုပါ​ညီအစ်ကို​သုံးဦး​၏​ဖခင်​အကြောင်း တစ်ခု​တည်း​သော​ဖော်ပြချက်​မှာ ဗက်လင်မြို့​တွင်ရှိသော သူ၏​သင်္ချိုင်း​နှင့်​ဆက်စပ်​၍​ဖြစ်သည်။—၂ ဓမ္မ​ရာဇဝင် ၂:၃၂

၃:၂၉သ​မ—“ဗိုင်း​င​င့်​သော​သူ” ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။ အများအားဖြင့် အမျိုးသမီးများ​သာ အထည်​ရက်​လေ့​ရှိကြသည်။ ထို့​ကြောင့် ဤ​အသုံးအနှုန်း​သည် စစ်မက်​ရေးရာ​များ​အတွက် အရည်အချင်း​မပြည့်မီ​၍ အမျိုးသမီး​တစ်ဦး လုပ်​လေ့​ရှိသော​အလုပ်ကို ဝင်လုပ်​ကိုင်​ကြ​ရသည့် အမျိုးသားများ​ကို ရည်ညွှန်း​နေခြင်း​ဖြစ်​ပေမည်။

၅:၁၊ ၂—ဣရှဗောရှက် လုပ်ကြံခံ​ရပြီး​နောက် မည်မျှ​အကြာတွင် ဒါဝိဒ်​သည် ဣသရေလ​အမျိုးအနွယ်​အပေါင်း​၏ ရှင်ဘုရင်​ဖြစ်လာ​သနည်း။ ရှောလု​သေဆုံး​ပြီး​မကြာမီ ဣရှဗောရှက်​၏​နန်းသက်​နှစ်နှစ်​သည် ဟေဗြုန်​မြို့တွင် ဒါဝိဒ်​စတင်​အုပ်ချုပ်ချိန်​၌​ပင် စတင်​သည်​ဟု ယူဆ​နိုင်​ဖွယ်​အကြောင်း​ရှိ၏။ ဒါဝိဒ်​သည် ဟေဗြုန်​မြို့မှ​နေ၍ ယုဒ​အမျိုးအနွယ်​ကို ခု​နစ်​နှစ်​ခွဲ​အထိ အုပ်ချုပ်​ခဲ့​သည်။ သူသည် ဣသရေလ​အမျိုးအနွယ်​အပေါင်း​၏ ရှင်ဘုရင်​ဖြစ်လာ​ပြီး​မကြာမီ ယေရုရှလင်​ကို မြို့တော်​အဖြစ် ပြောင်း​လိုက်​၏။ ထို့​ကြောင့် ဒါဝိဒ်​သည် ဣရှဗောရှက်​သေ​ပြီး​နောက် ငါး​နှစ်​ခန့်​ကြာ​မှ ဣသရေလ​အမျိုးအနွယ်​အပေါင်း​၏ ရှင်ဘုရင်​ဖြစ်လာ​၏။—၂ ဓမ္မ​ရာဇဝင် ၂:၃၊ ၄၊ ၈-၁၁; ၅:၄၊ ၅

၈:၂—မောဘ​အမျိုးသားများသည် ဣသရေလ​လူမျိုး​နှင့် စစ်​ဖြစ်​ပြီး​နောက် မည်မျှ​အသတ်ခံ​ခဲ့​ကြ​ရသနည်း။ ထို​ပမာဏ​ကို ရေတွက်ခြင်း​ဖြင့်​မဟုတ်ဘဲ တိုင်းတာ​ခြင်း​ဖြင့် သတ်မှတ်​၏။ ဒါဝိဒ်​သည် မောဘ​အမျိုးသားများ​ကို မြေပေါ်​တွင် အတန်း​လိုက် လှဲချ​ခိုင်း​ပုံ​ရသည်။ ထို့နောက် သူသည် အတန်း​အရှည်​ကို ကြိုး​ဖြင့် တိုင်းတာ​ခဲ့​သည်။ မောဘ​အမျိုးသားများ​၏ အတန်း​နှစ်​တန်း သို့​မဟုတ် သုံးပုံနှစ်ပုံ​ကို ကွပ်မျက်​ခဲ့​ပြီး အတန်း​တစ်တန်း သို့​မဟုတ် သုံးပုံတစ်ပုံကို အသက်ချမ်းသာ​ပေး​ခဲ့​သည်​မှာ ထင်ရှား​၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂:၁; ၅:၁၉၊ ၂၃ဒါဝိဒ်​သည် ဟေဗြုန်​မြို့တွင်​မနေထိုင်​မီ၊ ရန်သူများ​ကို မတိုက်ခိုက်​မီ ယေဟောဝါ​အား မေးမြန်းခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ဝိညာဉ်​ရေး​ကို ထိခိုက်​နိုင်​သည့် ဆုံးဖြတ်ချက်​များ​မချ​မီ ယေဟောဝါ​၏​လမ်းညွှန်ချက်ကို ရှာဖွေ​သင့်​သည်။

၃:၂၆-၃၀ကလဲ့စားချေ​ခြင်း​သည် ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ​ကို ဖြစ်ပေါ်​စေ​သည်။—ရောမ ၁၂:၁၇-၁၉

၃:၃၁-၃၄; ၄:၉-၁၂ကလဲ့စားချေ​လို​စိတ်၊ ရန်လို​မုန်းတီးစိတ် မရှိခြင်း​တို့​တွင် ဒါဝိဒ်​သည် စံနမူနာ​ဖြစ်၏။

၅:၁၂ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​၏​နည်းလမ်းတော်​များ သွန်သင်ပေး​ပြီး ကိုယ်တော်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး ရှိစေသည်​ကို ဘယ်တော့​မျှ မမေ့​အပ်​ချေ။

၆:၁-၇ဒါဝိဒ်​သည် စိတ်ရင်းကောင်း​သူ​ဖြစ်သော်လည်း သေတ္တာတော်​ကို လှည်း​ဖြင့်​သယ်ဆောင်​ရန် သူ၏​ကြိုးစား​လုပ်ဆောင်မှု​သည် ဘုရားသခင်​၏​ပညတ်​ကို ချိုးဖောက်​ရာ​ကျ​ပြီး အချည်းနှီး​ဖြစ်​ခဲ့​သည်။ (ထွက်မြောက်ရာ ၂၅:၁၃၊ ၁၄; တောလည်ရာ ၄:၁၅၊ ၁၉; ၇:၇-၉) စိတ်ရင်းမှန်​ဖြင့်​လုပ်ဆောင်မှု​က ဘုရားသခင်​၏​တောင်းဆိုချက်​ကို ပြောင်းလဲ​စေနိုင်​မည်​မဟုတ်​ကြောင်း သေတ္တာတော်​ကို ဩ​ဇ​လှမ်း​ကိုင်​ခြင်း​က ဖော်ပြ​သည်။

၆:၈၊ ၉။ ဒါဝိဒ်​သည် အခက်အခဲ​ကြုံ​ချိန်​တွင် ဦးဆုံး ဒေါသ​ထွက်​ပြီး ထို့နောက် ကြောက်ရွံ့​လာ​၏၊ ထို​ဝမ်းနည်းဖွယ်​အခြေအနေ​သည် ယေဟောဝါ​ကြောင့်​ဖြစ်၏​ဟူ၍ပင် အပြစ်​ပုံချ​ခဲ့​ပေမည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ပညတ်​များ​ကို အလေး​မထား​ခြင်း​ကြောင့် ဖြစ်ပေါ်​လာသော အခက်အခဲ​များသည် ကိုယ်တော့်​ကြောင့်​ဟု အပြစ်​ပုံ​မချ​မိ​စေရန် သတိထား​ရမည်။

၇:၁၈၊ ၂၂၊ ၂၃၊ ၂၆ဒါဝိဒ်​၏​စိတ်​နှိမ့်ချမှု၊ ယေဟောဝါ​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုမှု​နှင့် ဘုရားသခင့်​နာမတော်​ကို ချီးမြှင့်​ရန်​စိတ်ဝင်စားမှု​တို့သည် ကျွန်ုပ်​တို့ တုပထိုက်​သော အရည်အသွေးများ​ဖြစ်၏။

၈:၂လွန်ခဲ့သော​အနှစ် ၄၀၀ ခန့်​က​ဟောခဲ့​သော ပရောဖက်ပြုချက်​တစ်ခု ပြည့်စုံ​လာ​သည်။ (တောလည်ရာ ၂၄:၁၇) ယေဟောဝါ​၏​စကားတော်​အတိုင်း အမြဲ​ဖြစ်ပျက်​လာ​၏။

၉:၁၊ ၆၊ ၇။ ဒါဝိဒ်​သည် ကတိတည်​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ကတိတည်​ရန် ကြိုးစား​ရမည်။

ယေဟောဝါ​သည် မိမိ၏​ဘိသိက်ခံ​အပေါ် ဘေးဆိုး​ကျရောက်​စေ

(၂ ဓမ္မ​ရာဇဝင် ၁၁:၁–၂၀:၂၆)

ယေဟောဝါ​သည် ဒါဝိဒ်​ကို ဤသို့​မိန့်ဆို​၏– “သင်၌​ရန်ဘက်ပြု​သော​သူကို သင်၏​အဆွေအမျိုး​တို့​အထဲ​က ငါ​ပေါ်​စေမည်။ သင့်​မျက်မှောက်တွင် သင်၏​မယား​တို့ကို ငါ​ယူ၍ သင့်​အိမ်နီးချင်း​၌​အပ်​သဖြင့် သူသည် နေ​ရှေ့မှာ သင်၏​မယား​တို့​နှင့် ပေါင်းဖော်​လိမ့်​မည်။” (၂ ဓမ္မ​ရာဇဝင် ၁၂:၁၁) မည်သည့်​အကြောင်းကြောင့် ဤသို့​ကြေညာ​ခဲ့​ရသနည်း။ ဗာသရှေဘ​နှင့် ဒါဝိဒ်​ကျူးလွန်​ခဲ့​သော အပြစ်​ကြောင့်​ဖြစ်သည်။ နောင်တ​ယူ​သော​ဒါဝိဒ်​ကို ခွင့်လွှတ်​သော်လည်း အပြစ်​၏​ဆိုးကျိုး​များ​ကို သူ​ရှောင်လွှဲ​၍​မရချေ။

ဗာသရှေဘ​မွေး​သည့် သားဦး​သည် သေဆုံး​သွား​၏။ ထို့နောက် ဒါဝိဒ်​၏​သမီးကညာ တာ​မာ​ကို သူ၏​ဖတူမိကွဲ​အစ်ကို အာမနုန်​က ဗလက္ကာရပြု​ကျင့်​၏။ တာ​မာ​၏​အစ်ကို​ရင်း အဗရှလုံ​သည် အာမနုန်​ကို သတ်​၍ ကလဲ့စားချေ​သည်။ အဗရှလုံ​သည် ဖခင်​အား မကောင်း​ကြံစည်​ပြီး ဟေဗြုန်​မြို့တွင် သူ့ကိုယ်သူ ရှင်ဘုရင်​အဖြစ် ကြေညာ​၏။ သို့​ဖြစ်၍ ယေရုရှလင်​မြို့မှ ဒါဝိဒ်​ထွက်ပြေး​ခဲ့​ရသည်။ အဗရှလုံ​သည် နန်းတော်​ကို​ကြည့်ရှု​စောင့်ရှောက်​ရန် ကျန်ရစ်​ခဲ့​သော ဖခင်​၏​ကိုယ်လုပ်တော်​ဆယ်ဦး​နှင့် ပေါင်းဖော်​ခဲ့​သည်။ အဗရှလုံ အသတ်ခံရ​ပြီး​နောက်​မှ​သာ ရှင်ဘုရင်​အရိုက်အရာကို ဒါဝိဒ်​ပြန်​ရရှိခဲ့သည်။ ဗင်ယာမိန်​အမျိုးသား ရှေဘ​၏​ပုန်ကန်မှု​သည် ရှေဘ​သေဆုံး​ပြီး​မှ အဆုံးတိုင်​ခဲ့​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁၄:၇—‘ကျွန်တော်​မ​၏​မီးခဲ’ သည် အဘယ်အရာကို ပုံဆောင်​သနည်း။ တဖြည်းဖြည်း​တောက်လောင်​နေသော မီးခဲ​သည် အသက်ရှင်​လျက်​ရှိသော သားသမီးကို ဆိုလို​၏။

၁၉:၂၉—ဒါဝိဒ်​သည် မေဖိဗောရှက်​၏​ရှင်းပြချက်ကို အဘယ်ကြောင့် ထိုသို့​တုံ့ပြန်​ခဲ့​သနည်း။ ဒါဝိဒ်​သည် မေဖိဗောရှက်​၏​စကား​ကို ကြား​သည့်​အခါ ဇိ​ဘ​၏​စကား​ကို အပေါ်ယံ​နားထောင်​၍ အထင်မှား​ခဲ့​ကြောင်း သဘောပေါက်ခဲ့​၏။ (၂ ဓမ္မ​ရာဇဝင် ၁၆:၁-၄; ၁၉:၂၄-၂၈) ယင်းကြောင့် ဒါဝိဒ် အမျက်ထွက်​ပြီး ၎င်းနှင့်​ပတ်သက်​၍ နောက်ထပ်​မကြား​လို​တော့​ပုံ​ရှိသည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁၁:၂-၁၅ဒါဝိဒ်​၏​အားနည်းချက်များ​ကို ပွင့်လင်း​စွာ​ရေးသား​ဖော်ပြ​ထားခြင်း​က သမ္မာကျမ်းစာ​သည် ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​ဖြစ်​ကြောင်း ထင်ရှား​၏။

၁၁:၁၆-၂၇ကျွန်ုပ်​တို့သည် ကြီး​လေး​သော​အပြစ် ကျူးလွန်​မိ​သည့်​အခါ ဒါဝိဒ်​နည်းတူ ၎င်းကို ကွယ်ဝှက်​ရန် မကြိုးစား​သင့်​ချေ။ ယင်းအစား၊ ကျွန်ုပ်​တို့​အပြစ်ကို ယေဟောဝါ​ထံ ဝန်ချ​တောင်းပန်​ပြီး အသင်းတော်​ရှိ အကြီးအကဲ​များ​ထံ​မှ အကူအညီ​တောင်းခံ​သင့်​သည်။—သု. ၂၈:၁၃; ယာကုပ် ၅:၁၃-၁၆

၁၂:၁-၁၄နာသန်​သည် အသင်းတော်​ရှိ ခန့်အပ်​ခံ​အကြီးအကဲ​များ​အတွက် ပုံသက်သေ​ကောင်း​ဖြစ်သည်။ သူတို့သည် အပြစ်​ကျူးလွန်​သူများကို တည့်မတ်​ပေးဖို့​လို​သည်။ အကြီးအကဲ​များသည် ဤ​တာဝန်​ကို ကျွမ်းကျင်​ပိုင်နိုင်​စွာ လုပ်ဆောင်​ရမည်။

၁၂:၁၅-၂၃ဒါဝိဒ်​သည် မိမိ​၌​ဖြစ်ပျက်​ခဲ့​ရာ​များ​ကို မှန်ကန်​စွာ​ရှုမြင်​တတ်​ခြင်း​ကြောင့် ဘေးဆိုး​ကို တော်မှန်​စွာ တုံ့ပြန်​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။

၁၅:၁၂; ၁၆:၁၅၊ ၂၁၊ ၂၃အဗရှလုံ နန်းတက်​တော့​မည့်​ပုံ​ရှိသော​အခါ အလွန်​ထက်မြက်​သည့် အကြံပေး​ပုဂ္ဂိုလ် အဟိသောဖေလ​သည် မာနကြီး​ပြီး ရည်မှန်းချက်​ကြီး​လာ​ကာ သစ္စာဖောက်​သွားလေသည်။ စိတ်​နှိမ့်ချမှု​နှင့် တည်ကြည်မှု​မ​ရှိလျှင် ဉာဏ်​ထက်မြက်​ခြင်း​သည် ကျော့ကွင်း​ဖြစ်သွား​နိုင်​သည်။

၁၉:၂၄၊ ၃၀မေဖိဗောရှက်​သည် ဒါဝိဒ်​၏​ချစ်ခင်​ကြင်နာ​မှု​ကို အမှန်ပင်​ကျေးဇူး​တင်​လေးမြတ်​ခဲ့​သည်။ ဇိ​ဘ​နှင့်​ပတ်သက်​၍ ရှင်ဘုရင်​၏​ဆုံးဖြတ်ချက်​ကို တလိုတလား​လက်ခံခဲ့​၏။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​ကို ကျေးဇူး​တင်​လေးမြတ်မှု​က ကျွန်ုပ်​တို့အား လက်အောက်ခံ​ရန် စေ့ဆော်​ပေး​သင့်​သည်။

၂၀:၂၁၊ ၂၂လူတစ်ဦး​၏​ဉာဏ်ပညာ​သည် လူအများ​အပေါ်​ကျရောက်​မည့် ဘေးအန္တရာယ်​ကို ရှောင်လွှဲ​စေနိုင်​သည်။—ဒေ. ၉:၁၄၊ ၁၅

‘ထာဝရ​ဘုရားသခင်​၏​လက်တော်​သို့ ရောက်​ပါစေ’

(၂ ဓမ္မ​ရာဇဝင် ၂၁:၁–၂၄:၂၅)

ဂိဗောင်​လူ​တို့ကို ရှောလု​သတ်ခဲ့​သော သွေးပြစ်​ကြောင့် သုံးနှစ်​ပတ်လုံး အစာ​ခေါင်းပါး​ခဲ့​သည်။ (ယောရှု ၉:၁၅) ဂိဗောင်​လူတို့သည် ထို​သွေးပြစ်​ကို လက်စားချေ​ရန် ရှောလု​၏​သား​ခု​နစ်​ဦး​ကို ကွပ်မျက်​ဖို့ တောင်းဆို​၏။ ဒါဝိဒ်​သည် သူတို့ကို ဂိဗောင်​လက်​သို့​အပ်​လိုက်ပြီး​နောက် မိုး​သည်းထန်​စွာ ရွာ​ချ​လေ​သည်။ ဖိလိတ္တိ​လူ့​ဘီလူးကြီး​လေးဦး​သည် “ဒါဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေကြ​၏။”—၂ ဓမ္မ​ရာဇဝင် ၂၁:၂၂

ဒါဝိဒ်​သည် တရား​မဝင်​သန်း​ခေါင်​စာရင်း ကောက်​ခိုင်း​ခြင်း​ဖြင့် ကြီး​လေး​သော​အပြစ်ကို ကျူးလွန်​ခဲ့​သည်။ သူသည် နောင်တ​ယူ​ကာ ‘ထာဝရ​ဘုရားသခင်​၏​လက်တော်​သို့​ရောက်’ ရန် ရွေးချယ်​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၂၄:၁၄) ယင်းကြောင့် ကပ်ရောဂါ​ဘေး​ဖြင့် လူ ၇၀,၀၀၀ သေဆုံး​သွားလေသည်။ ယေဟောဝါ​၏​မိန့်မှာချက်ကို ဒါဝိဒ်​လိုက်လျှောက်​သည့်​အတွက် ကပ်ရောဂါ​ဘေး ပြီးဆုံး​သွား​လေ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂၁:၈—ရှောလု​၏​သမီး မိ​ခါ​လ​သည် သားသမီး​မရှိဘဲ သေဆုံး​ခဲ့​သည်​ဟူ၍ ၂ ဓမ္မ​ရာဇဝင် ၆:၂၃ က​ဖော်ပြ​ထား​လျက်​နှင့် အဘယ်​နည်းဖြင့် သူ့​တွင် သား​ငါး​ဦး​ရှိသည်​ဟု ဆိုနိုင်​သနည်း။ အာဒြေလ​နှင့်​လက်ထပ်ခဲ့​သော မိ​ခါ​လ​၏​ညီမ မေ​ရပ်​၏​သားများ​ဖြစ်သည်​ဟူသော ရှင်းပြချက်ကို လူအများ လက်ခံ​ထား​ကြသည်။ မေ​ရပ်​သည် စောစီး​စွာ သေဆုံး​သွားခဲ့​ရာ သားသမီး​မ​ထွန်းကားသော မိ​ခါ​လ​သည် ညီမ​၏​သားများ​ကို ခေါ်ယူ​မွေးစား​ခဲ့​ပုံ​ရှိ၏။

၂၁:၉၊ ၁၀—ရိ​ဇ​ပ​သည် ဂိဗောင်​လူ​တို့ ကွပ်မျက်​ခဲ့​သော သူ၏​သား​နှစ်ဦး​နှင့် ရှောလု​၏​မြေး​ငါး​ဦး​တို့၏ ရုပ်ကလာပ်​များ​ကို မည်မျှ​ကြာကြာ မ​အိပ်​ဘဲ စောင့်နေ​ခဲ့​သနည်း။ အဆိုပါ​ခု​နစ်​ဦး​တို့သည် “မုယော​စပါး​ရိတ်​စ​ကာလ တစ်နေ့​ခြင်း”—မတ်​လ သို့​မဟုတ် ဧပြီလ—တွင်​အသတ်ခံခဲ့ရ​သည်။ သူတို့၏​ရုပ်ကလာပ်​များ​ကို တောင်ပေါ်​တွင် ချိတ်ဆွဲ​ထား​၏။ မိုးရွာ​စေခြင်း​ဖြင့် ယေဟောဝါ​၏​အမျက်​ဒေါသ ပျက်ပြယ်​သွား​ကြောင်း ထင်ရှား​သည့်​အထိ ထို​ရုပ်ကလာပ်​ခု​နစ်​ခု​ကို နေ့ရောညပါ ရိ​ဇ​ပ မ​အိပ်​ဘဲ​စောင့်နေ​ခဲ့​သည်။ အောက်တိုဘာ​လ​တွင်​ဖြစ်သော ရိတ်သိမ်း​ရာသီ​မကုန်​မီ မိုး​သည်းထန်​စွာ ရွာ​လေ့​မရှိ​ချေ။ ထို့​ကြောင့် ရိ​ဇ​ပ​သည် ငါး​လ သို့​မဟုတ် ခြောက်​လ​အထိ မ​အိပ်​ဘဲ​စောင့်ကြည့်​ခဲ့​ပေမည်။ ထို့နောက် ဒါဝိဒ်​သည် ထို​သူတို့၏​အရိုးများ​ကို မြေ​မြှုပ်​ပေး​ခဲ့​သည်။

၂၄:၁—လူကို ဒါဝိဒ်​ရေတွက်ခြင်း​သည် အဘယ်ကြောင့် ကြီး​လေး​သော​အပြစ် ဖြစ်​ရသနည်း။ ပညတ်တရား​တွင် လူ​ရေတွက်ခြင်း​ကို တားမြစ်​ထားခြင်း​မရှိ​ချေ။ (တောလည်ရာ ၁:၁-၃; ၂၆:၁-၄) လူ​ရေတွက်​ရသည့် ဒါဝိဒ်​၏​ရည်ရွယ်ချက်ကို သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။ သို့သော် ဒါဝိဒ် ထိုသို့​ပြု​ရန် စာတန်​သွေးထိုး​ပေး​သည်​ဟု ၁ ရာဇဝင်ချုပ် ၂၁:၁ က​ဖော်ပြ​၏။ မည်သို့​ဆို​စေ၊ လူ​ရေတွက်​ရန် ဒါဝိဒ်​၏​ဆုံးဖြတ်ချက် မှား​ကြောင်း ဗိုလ်ချုပ်မင်း​ယွာဘ သိရှိပြီး ထိုသို့​မပြု​ရန် ဒါဝိဒ်​ကို ကြိုးစား​တားဆီး​ခဲ့​၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၂၂:၂-၅၁ဒါဝိဒ်​သည် ကျွန်ုပ်​တို့ ယုံကြည်​ကိုးစား​ထိုက်သည့် စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​အကြောင်းကို လှပ​စွာ​သီကုံး​ဖွဲ့ဆို​ထား​သည်!

၂၃:၁၅-၁၇ဒါဝိဒ်​သည် ဘုရားသခင်​၏​အသက်သွေး​ပညတ်​ကို အလွန်​လေးမြတ်​သည့်​အတွက် ဤ​အဖြစ်အပျက်​တွင် ထို​ပညတ်​ကို ချိုးဖောက်​ရာ​ကျ​မည့်​အမှုကို ရှောင်ကြဉ်​ခဲ့​၏။ ဘုရားသခင်​၏​ပညတ်ချက်​ရှိသမျှ​အပေါ် ထိုသို့​သော​စိတ်ထား​မျိုး​ရှိ​ရန် ကျွန်ုပ်​တို့​ပျိုးထောင်​ရမည်။

၂၄:၁၀ဒါဝိဒ်​၏​သိစိတ်​က နောင်တ​ယူ​ရန် သူ့ကို လှုံ့ဆော်ပေး​ခဲ့​သည်။ ကျွန်ုပ်​တို့​သိစိတ်​က ထိုသို့​ပြု​ရန် စေ့ဆော်​ပေး​သလော။

၂၄:၁၄ယေဟောဝါ​သည် လူသားများ​ထက် ကရုဏာ​ပို​ရှိကြောင်း ဒါဝိဒ် ယုံကြည်​စိတ်ချ​၏။ ကျွန်ုပ်​တို့​လည်း ထိုသို့​သော​ယုံကြည်​စိတ်ချမှု​မျိုး​ရှိသလော။

၂၄:၁၇ဒါဝိဒ်​သည် မိမိ၏​အပြစ်​ကြောင့် လူမျိုးတစ်မျိုး​လုံး ဆင်းရဲ​ဝေဒနာ​ခံစားရ​သည်ကို ဝမ်းနည်း​ကြေကွဲ​ခဲ့​သည်။ နောင်တ​ရသော​အပြစ်ပြု​သူသည် မိမိ၏​အမှား​ကြောင့် အသင်းတော်ကို ကဲ့ရဲ့​စ​ရာ​ဖြစ်စေ​သည့်​အတွက် ဝမ်းနည်း​သင့်​သည်။

‘ဘုရားသခင်​၏​စိတ်နှလုံးတော်​နှင့် ညီညွတ်’ နိုင်​ခြင်း

ဣသရေလ​နိုင်ငံ​၏ ဒုတိယ​ရှင်ဘုရင်​သည် ‘ဘုရားသခင်​၏​စိတ်နှလုံးတော်​နှင့် ညီညွတ်သော​သူ’ ဖြစ်​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၃:၁၄) ဒါဝိဒ်​သည် ယေဟောဝါ​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို တစ်ခါမျှ သံသယ​မဖြစ်ခဲ့၊ ဘုရားသခင်​ထံ​မှ သွေဖည်​သွား​စေသည့် လမ်းစဉ်​ကိုလည်း မလိုက်​ခဲ့​ချေ။ အပြစ်ပြု​သည့်​အကြိမ်တိုင်း အပြစ်ကို​ဝန်ခံ​ပြီး ဆုံးမမှု​ကို​လက်ခံ​ကာ ပြုပြင်​ပြောင်းလဲ​ခဲ့​သည်။ ဒါဝိဒ်​သည် သမာဓိ​ရှိသူ​တစ်ဦး​ဖြစ်၏။ ကျွန်ုပ်​တို့သည် အထူးသဖြင့် အပြစ်ပြု​မိ​သည့်​အခါ သူ့​ကဲ့သို့​ပြု​လျှင် ဉာဏ်ပညာ​ရှိရာ​ကျ​မည် မဟုတ်ပေ​လော။

ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​ပြုခြင်း​ဟူသည် ကိုယ်တော်​၏​အကောင်းအဆိုး​စံနှုန်း​များ​ကို လက်ခံ​ပြီး သမာဓိ​စောင့်သိ​သူများ​အဖြစ် ၎င်းတို့ကို ကြိုးစား​လိုက်နာခြင်း​ဖြစ်​ကြောင်း ဒါဝိဒ်​၏​ဘဝ​အတ္ထုပ္ပတ္တိ​က ကွင်းကွင်းကွက်ကွက်​ဖော်ပြ​၏။ ကျွန်ုပ်​တို့သည် ထိုသို့​ပြုလုပ်​နိုင်​ကြ​ပါ​သည်။ ဓမ္မ​ရာဇဝင်​ဒုတိယ​စောင်​မှ ကျွန်ုပ်​တို့​သိရှိ​ရသည့် သင်ခန်းစာများ​အတွက် တကယ်​ကို​ကျေးဇူး​တင်စရာ​ပင်! ဤ​စာစောင်​တွင်​ပါရှိ​သော မှုတ်သွင်းခံ​သတင်းတရားသည် အမှန်ပင်​အသက်ရှင်ပြီး တန်ခိုး​ပါ​၏။—ဟေဗြဲ ၄:၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ရှမွေလ​သည် ဤ​စာစောင်​ကို မ​ရေးခဲ့​သော်လည်း သူ၏​အမည်​နှင့် ဖော်ပြ​ထား​၏၊ အကြောင်း​မှာ ဓမ္မ​ရာဇဝင်​နှစ်စောင်​သည် မူလ​ဟေဗြဲ​ကျမ်း​ရင်း​တွင် အမည်​တစ်မျိုးတည်း​ဖြင့် ရေးသား​ထား​၍​ဖြစ်သည်။ ဓမ္မရာဇဝင်ပထမစောင်​ပါ အပိုင်း​အတော်များများကို ရှမွေလ​ရေးသားခဲ့​သည်။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မိမိကို ရှင်ဘုရင်​အဖြစ် အခိုင်အမာ​တင်မြှောက်​ပေး​ခဲ့​သူကို သတိရခြင်းက ဒါဝိဒ်​အား စိတ်​နှိမ့်ချ​စေ​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

“သင်၌​ရန်ဘက်ပြု​သော​သူကို သင်၏​အဆွေအမျိုး​တို့​အထဲ​က ငါ​ပေါ်​စေမည်”

ဗာသရှေဘ

တာ​မာ

အာမနုန်