မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်ကိုကိုယ်သိသောစိတ်ကို ကောင်းစွာလေ့ကျင့်ထားပါသလော

ကိုယ်ကိုကိုယ်သိသောစိတ်ကို ကောင်းစွာလေ့ကျင့်ထားပါသလော

ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ကောင်းစွာ​လေ့ကျင့်​ထား​ပါသလော

“ဒါ​မ​လုပ်သင့်​ဘူးဆို​တာ စိတ်​ထဲမှာ​သိနေ​တယ်။” “ခင်ဗျား​ပြော​တာ​ကို ကျွန်တော်​မလုပ်ပေးနိုင်ဘူး။ ကျွန်တော့်​အတွင်းစိတ်​က လက်မခံ​ဘူး” ဟု​သင်​ပြော​ဖူး​ပါသလော။ ယင်း​တို့သည် အမှား​နှင့်​အမှန်၊ အပြစ်ရှိ​သည် အပြစ်​မရှိ​စ​သည်​တို့ကို ခွဲခြား​သိစေ​သော အတွင်းမှ​လာ​သည့် သင့်ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ “အသံ” ဖြစ်သည်။ မှန်ပါသည်၊ ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် မွေးရာပါ​ဖြစ်သည်။

လူတစ်ဦး​သည် ဘုရားသခင်​နှင့် ကင်းကွာ​သူ​ဖြစ်​လျှင်​ပင် အမှား​နှင့်​အမှန်​ကို ခွဲခြား​သိမြင်​နိုင်​သည့် စွမ်းရည်​ရှိနေဆဲ​ပင်​ဖြစ်သည်။ အကြောင်း​မှာ လူသည် ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံ​ထား​ရသော​ကြောင့် ဘုရားသခင်​၌​ရှိသော ဉာဏ်ပညာ​နှင့် ဖြောင့်မတ်ခြင်း​အရည်အသွေးများ​ကို အတိုင်းအတာ​တစ်ခု​အထိ တင်ပြ​နိုင်​ကြသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဘုရားသခင်​၏​မှုတ်သွင်းခြင်း​ခံရ​ကာ ဤသို့​ရေးခဲ့​၏– “[ပြင်]ပ​လူတို့သည် ပညတ်တရား​တော်​ကို​မသိဘဲ ကိုယ်​အလိုအလျောက် တရားတော်​ကို​ကျင့်​သောအခါ သူတို့သည် ပညတ်တရား​တော်​ကို​မသိဘဲ ကိုယ်ကျင့်တရား​ကို​အမှီပြု​သဖြင့်​လည်းကောင်း၊ ကိုယ်ကို​ကိုယ်​သိသောစိတ်​နှလုံး​သည် သက်သေခံ​သဖြင့်​လည်းကောင်း၊ အချင်းချင်း​ဆွေးနွေး​ဆင်ခြင်​၍ အပြစ်တင်​လျက်၊ လွှတ်​လျက်​နေ​သဖြင့်​လည်းကောင်း မိမိတို့​စိတ်နှလုံး​ထဲ​၌​မှတ်သား​သော တရား​၏​အကျိုးကို ထင်ရှား​စွာ​ပြ​ကြ​၏။” *ရောမ ၂:၁၄၊ ၁၅

ပထမ​လူသား​အာဒံ​ထံ​မှ အမွေ​ရခဲ့​သော ဤ​စိတ်သဘော​သည် လူ​အမျိုးအနွယ်​အားလုံး​အတွက် “ပညတ်၊” သို့​မဟုတ် အမူအကျင့်​ဆိုင်ရာ စည်းမျဉ်း​တစ်ခု​သဖွယ် ဖြစ်သည်။ ယင်း​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် မိမိကိုယ်ကို ဆန်းစစ်​နိုင်​သည့်​စွမ်းရည်၊ မိမိကိုယ်ကို စစ်ကြော​စီရင်​နိုင်​သည့် စွမ်းရည်​ဖြစ်သည်။ (ရောမ ၉:၁) အာဒံ​နှင့်​ဧဝ​တို့သည် ဘုရားသခင်​၏​ပညတ်​ကို ချိုးဖောက်​ပြီး​နောက် ပုန်း​နေခြင်း​ဖြင့် သူတို့တွင် ဤ​စွမ်းရည်​ရှိကြောင်း ထင်ရှားပြ​ခဲ့​သည်။ (ကမ္ဘာဦး ၃:၇၊ ၈) ကိုယ်ကို​ကိုယ်​သိသောစိတ်​အလုပ်လုပ်​ပုံ​ကို ဖော်ပြ​သည့် နောက်​ပုံ​နမူနာ​တစ်ခု​မှာ လူ​တို့ကို​ရေတွက်​ပြီး​နောက် မိမိ​အပြစ်​လုပ်မိ​ပြီ​ဖြစ်​ကြောင်း ဘုရင်​ဒါဝိဒ်​သိသွား​ချိန်​တွင် သူ၏​တုံ့ပြန်​ပုံ​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဒါဝိဒ်​သည် “နောင်တ​ရ [“ဒါဝိဒ်​၏​စိတ်နှလုံး​သည် သူ့​အား​ရိုက်နှက်၊” က​ဘ] ၏”ဟု ဖော်ပြ​ထား​သည်။—၂ ဓမ္မ​ရာဇဝင် ၂၄:၁-၁၀

နောက်ကြောင်း​ကို ပြန်​ဆန်းစစ်​တတ်​ပြီး ပြု​ခဲ့​သော​အကျင့်အကြံ​ကို စစ်ကြော​စီရင်​တတ်​သည့် စွမ်းရည်​က ဘုရားသခင်​နှစ်သက်သော​နောင်တ​ယူ​စေသည့် အရေးပါသော​အကျိုးကျေးဇူး​ဖြစ်ထွန်း​စေနိုင်​သည်။ ဒါဝိဒ်​ဤသို့​ရေးခဲ့​၏– ‘ငါသည် အပြစ်ကို​မဖော်​မပြ​ဘဲ​နေစဉ်​အခါ တစ်နေ့လုံး​ညည်းတွား​သော​အားဖြင့် ငါ့​အရိုး​တို့သည် ဆွေးမြေ့​ခြင်း​သို့​ရောက်​ကြ​၏။ တစ်ဖန် “အကျွန်ုပ်သည် ကိုယ်​အပြစ်ကို ရှေ့တော်၌​ဝန်ချ​ပါ​၏။ ပြု​မိ​သောမ​ကောင်းမှု​ကို ဝှက်​၍​မထား​ပါ။ ငါ​လွန်ကျူး​သော​အရာ​ကို ထာဝရ​ဘုရားသခင်​အား ဖော်ပြ​တောင်းပန်​မည်” ဟု ပြောဆို​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ပြစ်မှားခြင်း​အပြစ်ကို လွှတ်တော်​မူ​၏။’ (ဆာလံ ၃၂:၃၊) သို့​ဖြစ်၍ ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​လုပ်ဆောင်မှု​သည် အပြစ်သား​တစ်ဦး​ကို ဘုရားသခင်​ထံ ပြန်​လှည့်လာ​စေနိုင်​ကာ ဘုရားသခင်​၏ ခွင့်လွှတ်​မှု​ရယူ​ပြီး ကိုယ်တော့်​နည်းလမ်း​အတိုင်း နေထိုင်ရန်​လို​ကြောင်း အသိအမှတ်ပြု​စေ​သည်။—ဆာလံ ၅၁:၁-၄၊ ၉၊ ၁၃-၁၅

ကျွန်ုပ်​တို့သည် ရွေးချယ်မှု​တစ်ခု​ပြု​ရန် သို့​မဟုတ် ကိုယ်ကျင့်တရား​နှင့်​ဆိုင်​သည့် ဆုံးဖြတ်ချက်​တစ်ခု​ချရန် လိုအပ်​လာ​သည့်​အခါ ကိုယ်ကို​ကိုယ်​သိသောစိတ်​က သတိပေး​ချက် သို့​မဟုတ် ညွှန်ကြားချက် ပေး​သည်။ ကိုယ်ကို​ကိုယ်​သိသောစိတ်​က ထိုသို့​လုပ်ဆောင်​သောကြောင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​သည် မှား​သည်၊ ဘုရားသခင်​အား ပြစ်မှား​ရာ​ရောက်​သည်ကို ယောသပ်​ကြို၍ သိရှိ​ခဲ့​ခြင်း​ဖြစ်​မည်။ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ကို​တားမြစ်​သော သတ်သတ်မှတ်မှတ်​ပညတ်​သည် နောက်ပိုင်း ဣသရေလ​လူမျိုး​တို့အား​ပေး​သော ပညတ်တော်​ဆယ်ပါး​တွင် ပါရှိ​ခဲ့​သည်။ (ကမ္ဘာဦး ၃၉:၁-၉; ထွက်မြောက်ရာ ၂၀:၁၄) သို့​ဖြစ်၍ မိမိကိုယ်ကို ဆန်းစစ်​ရုံ​အတွက်သာ​မဟုတ်ဘဲ ကျွန်ုပ်​တို့အား လမ်းညွှန်​ပေး​ရန် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို လေ့ကျင့်​ထား​မည်​ဆိုလျှင် ပို​၍​အကျိုးရှိ​မည်​မှာ သေချာ​သည်။ သင်၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ယင်း​အတိုင်း လုပ်ဆောင်နေ​ပါသလော။

မှန်ကန်သော​ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို လေ့ကျင့်ခြင်း

ကျွန်ုပ်​တို့သည် မွေးရာပါ​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို အမွေ​ရခဲ့​သော်လည်း ယင်း​ကိုယ်ကို​ကိုယ်​သိသောစိတ် ချို့ယွင်း​တတ်​ခြင်း​မှာ ဝမ်းနည်းစရာပင်။ လူသား​တို့၏​အစ​သည် စုံလင်​ခဲ့​သော်လည်း ‘လူအပေါင်း​တို့သည် မကောင်းသော​အမှုကိုပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ။’ (ရောမ ၃:၂၃) အပြစ်​နှင့် မစုံလင်မှု​ကြောင့် ကျွန်ုပ်​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ဖောက်ပြန်​နိုင်​ပြီး ယေဟောဝါ​၏ မူလ​ရည်ရွယ်ချက်​အတိုင်း အပြည့်အဝ​လုပ်ဆောင်​နိုင်စွမ်း မရှိတော့​ချေ။ (ရောမ ၇:၁၈-၂၃) ပြင်ပ​ပယောဂ​များ​ကြောင့်​လည်း ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ် ထိခိုက်​နိုင်​သည်။ ကျွန်ုပ်​တို့၏​နောက်ခံ သို့​မဟုတ် ဒေသခံ​ဓလေ့​ထုံးစံ​များ၊ ယုံကြည်ချက်များ​နှင့် ပတ်ဝန်းကျင်​တို့၏ ဩဇာ​လွှမ်းမိုးမှုကို​လည်း ခံရ​နိုင်​သည်။ ဤ​လောက​၏ ယုတ်ညံ့​သော​ကိုယ်ကျင့်တရား​နှင့် ကျဆင်း​နေသော​စံနှုန်း​တို့​က ကောင်းသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​အတွက် စံနှုန်း​မဖြစ်​နိုင်​ပါ။

ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​တွင်​တွေ့ရ​သော တည်မြဲ​ပြီး ဖြောင့်မတ်​သည့်​စံနှုန်း​များ​အားဖြင့် ထပ်ဆင့်​အကူအညီ​ရယူ​ရမည်။ ယင်း​စံနှုန်း​များ​က ကိစ္စရပ်​များ​ကို မှန်မှန်ကန်ကန် အကဲဖြတ်​ပြီး တည့်မတ်​နိုင်​ရန် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို လမ်းညွှန်​ပေး​နိုင်​သည်။ (၂ တိမောသေ ၃:၁၆-၁၇) ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ဘုရားသခင့်​စံနှုန်း​အတိုင်း လေ့ကျင့်​ထား​သည့်​အခါ ကိုယ်ကျင့်တရား​ဆိုင်ရာ လုံခြုံရေး​ကိရိယာ​တစ်ခု​အဖြစ် “ကောင်းကျိုး​မကောင်း​ကျိုး​ကို ပိုင်းခြား​၍​သိ” ရန် ကောင်းစွာ​လုပ်ဆောင်​နိုင်​မည်​ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ဘုရားသခင်​၏​စံနှုန်း​အတိုင်း လေ့ကျင့်​ထားခြင်း​မရှိပါ​က လမ်းမှား​သို့​ဦးတည်​နေချိန်​တွင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​က ကျွန်ုပ်​တို့ကို သတိပေး​နိုင်​မည်​မဟုတ်ပါ။ သမ္မာကျမ်းစာ​၌ ဤသို့​ဆို​ထား​၏– “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏။”—သု. ၁၆:၂၅; ၁၇:၂၀

ဘုရားသခင့်​နှုတ်မြွက်တော်​တွင် ဘဝ​ကဏ္ဍ​အချို့​အတွက် ရှင်းလင်း​သော​လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်​များ​ပါရှိ​ပြီး ယင်း​တို့ကို​လိုက်လျှောက်ခြင်း​ဖြင့် အကျိုးကျေးဇူး​ရရှိ​ကြသည်။ သို့သော် သမ္မာကျမ်းစာ​တွင် အခြေအနေ​အတော်များများ​အတွက် သတ်သတ်မှတ်မှတ်​ညွှန်ကြားချက်​များ မပါ​ရှိ​ချေ။ ယင်း​တို့​တွင် အလုပ်အကိုင်​ရွေးချယ်ခြင်း၊ ကျန်းမာ​ရေး​ကိစ္စ​များ၊ အပန်းဖြေ​ခြင်း၊ ဝတ်စား​ဖြီးလိမ်းပုံ​နှင့် အခြား​အရာများ ပါဝင်​ပေမည်။ ကိစ္စရပ်​တစ်ခုစီ​တွင် အဘယ်အရာ​ပြုလုပ်​သင့်​သည်၊ မည်သို့​ဆုံးဖြတ်​သင့်​သည်​တို့ကို အလွယ်တကူ​မသိ​ရှိ​နိုင်​ပါ။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဤသို့​ဆုတောင်း​ခဲ့​သော ဒါဝိဒ်​၏ စိတ်သဘောထား​မျိုးကို တင်ပြ​သင့်​သည်– ‘အို​ထာဝရ​ဘုရားသခင် ကိုယ်တော်​၏​လမ်း​တို့ကို အကျွန်ုပ်​အား​ပြညွှန်​၍ ခရီးတော်​တို့ကို​သွန်သင်​တော်​မူ​ပါ။ ကိုယ်တော်​၏​သမ္မာတရား​ကို​ပြ​၍ အကျွန်ုပ်​ကို​သွန်သင်​တော်​မူ​ပါ။ အကြောင်း​မူ​ကား ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကယ်တင်​သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။’ (ဆာလံ ၂၅:၄၊ ၅) ဘုရားသခင်​ရှုမြင်ပုံ​နှင့် နည်းလမ်းတော်​များ​ကို ကောင်းစွာ​နားလည်​ထား​လေ​လေ ကျွန်ုပ်​တို့၏ အခြေအနေ​များ​ကို သန့်ရှင်းသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့်​အညီ မှန်မှန်ကန်ကန် အကဲဖြတ်​နိုင်​ပြီး ဆုံးဖြတ်ချက်​များ ချ​နိုင်​လေ​လေ​ဖြစ်သည်။

ထို့​ကြောင့် ပြဿနာ​နှင့်​ရင်ဆိုင်​ရသည့်​အခါ သို့​မဟုတ် ဆုံးဖြတ်ချက်​ချရန် လိုအပ်​လာ​သည့်​အခါ ဦးဆုံး ယင်း​တို့​နှင့်​သက်ဆိုင်​သည့် သမ္မာကျမ်းစာ​မူများ​ကို သုံးသပ်​သင့်​သည်။ ယင်း​တို့​ထဲ​မှ​တချို့​မှာ– ဦးစီးမှု​ကို လေးစားခြင်း (ကောလောသဲ ၃:၁၈၊ ၂၀); အရာ​ရာ​တွင်​ရိုးသားခြင်း (ဟေဗြဲ ၁၃:၁၈); မကောင်းမှုကို​ရွံမုန်းခြင်း (ဆာလံ ၉၇:၁၀); ငြိမ်သက်ခြင်း​ကို မီအောင်လိုက်​ခြင်း (ရောမ ၁၄:၁၉); အာဏာပိုင်​များ​ကို နာခံခြင်း (မဿဲ ၂၂:၂၁; ရောမ ၁၃:၁-၇); ဘုရားသခင်​အား အကြွင်းမဲ့​ဆည်းကပ်ခြင်း (မဿဲ ၄:၁၀); လောက​နှင့် မဆက်ဆံ​ခြင်း (ယောဟန် ၁၇:၁၄); မကောင်းသော​အပေါင်းအသင်း​ကို ရှောင်ခြင်း (၁ ကောရိန္သု ၁၅:၃၃); ဝတ်စား​ဖြီးလိမ်း​မှု​တွင် ဣန္ဒြေရှိ​ခြင်း (၁ တိမောသေ ၂:၉၊ ၁၀); အခြား​သူတို့ကို ထိမိ​မလဲ​စေခြင်း (ဖိလိပ္ပိ ၁:၁၀-၁၁) စ​သည်​တို့​ဖြစ်သည်။ သက်​ဆိုင်သော​ကျမ်းစာမူ​ကို ခွဲခြား​သိမြင်ခြင်း​က ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ကြံ့ခိုင်​စေပြီး မှန်ကန်​သည့် ဆုံးဖြတ်ချက်​များ​ချရန် အထောက်အကူ​ပြု​နိုင်​သည်။

သင့်ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​အသံကို နားထောင်ပါ

ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ အကူအညီ​ရရှိရန် ယင်းကို ဂရုပြု​ရမည်။ သမ္မာကျမ်းစာ​ဖြင့် လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​အချက်ပြ​မှု​ကို ချက်ချင်း​တုံ့ပြန်​မှ​သာ​လျှင် အကျိုးရှိ​မည်​ဖြစ်သည်။ လေ့ကျင့်​ထားသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို မော်တော်ကား​ရှေ့​ခန်း​ရှိ အချက်ပြ​ဒိုင်ခွက်​မှ သတိပေး​မီး​နှင့် နှိုင်းယှဉ်​နိုင်​သည်။ စက်​ဆီ (အင်​ဂျင်​ဝိုင်) နည်း​နေကြောင်း သတိပေး​မီး​လင်းလာ​သည်​ဆိုပါစို့။ ယင်းကို ချက်ချင်း​ဂရုမစိုက်​ဘဲ ကား​ကို​ဆက်​မောင်း​နေ​မည်​ဆိုလျှင် အဘယ်အရာ​ဖြစ်​မည်​နည်း။ ကား အကြီးအကျယ် ပျက်စီး​သွား​နိုင်​သည်။ အလားတူ​ပင်၊ ကျွန်ုပ်​တို့၏​လုပ်ဆောင်မှု တစ်စုံတစ်ရာ​မှား​နေလျှင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ် သို့​မဟုတ် အတွင်းစိတ်​က သတိပေး​မည်​ဖြစ်သည်။ အချက်ပြ​ဒိုင်ခွက်​မှ အလင်း​ပြသ​ကဲ့သို့​ပင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှု သို့​မဟုတ် တွေးတော​စဉ်းစား​နေ​မှု​တို့ကို ကျမ်းစာ​စံနှုန်း​များနှင့် နှိုင်းယှဉ်​ပေးခြင်း​ဖြင့် သတိပေး​သည်။ ထို​သတိပေး​ချက်​ကို လိုက်နာခြင်းက အမှား​ပြုခြင်း​၏​အကျိုးဆက်များ​ကို ရှောင်ရှား​နိုင်​စေ​ရုံ​မ​က ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို တော်မှန်​စွာ​ဆက်​လုပ်ဆောင်ဖို့ ထိန်းသိမ်း​ပေး​ရာ​လည်း​ရောက်​သည်။

ကျွန်ုပ်​တို့သည် သတိပေး​ချက်​ကို လျစ်လျူရှု​မည်​ဆိုလျှင် အဘယ်အရာ​ဖြစ်​မည်​နည်း။ ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် တဖြည်းဖြည်း​နှင့် ခံစားချက်​မဲ့​လာနိုင်​သည်။ ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​လှုံ့ဆော်မှု​ကို အမြဲ​လျစ်လျူရှု၊ ဖိနှိပ်​ထားခြင်း​ကြောင့် ဖြစ်ပေါ်​လာ​သည့်​အကျိုးဆက်ကို သံပူ​ထိ​ဖူး​သော အမာရွတ်​ဖြင့် နှိုင်းယှဉ်​နိုင်​သည်။ အမာရွတ်​အသား​သည် အာရုံခံ​ကြော​များ​သေသွား​ပြီ​ဖြစ်၍ ထုံ​နေသည်။ (၁ တိမောသေ ၄:၂) ထိုသို့​သော ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် အပြစ်​ကျူးလွန်​ချိန်​တွင်​ပင် မည်သို့​မျှ​မတုံ့ပြန်​တော့​သကဲ့သို့ ထပ်တလဲလဲ​အပြစ်​ကျူးလွန်​မှု​ကို တားဆီး​ရန်​လည်း​သတိ​မပေး​တော့​ချေ။ အမာရွတ်​ထင်​နေသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် အမှားအမှန်​နှင့်​ပတ်သက်​သည့် သမ္မာကျမ်းစာ စံနှုန်း​များ​ကို လျစ်လျူရှု​သောကြောင့် ညစ်ညူး​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ဖြစ်လာ​သည်။ ညစ်ညူး​သော​ကိုယ်ကို​ကိုယ်​သိသောစိတ် ပိုင်ဆိုင်သူ​သည် “အကျင့်​သိက္ခာ​ဆိုင်ရာ​အာရုံ​အားလုံး​ပြီး” သူ​ဖြစ်​ပြီး ဘုရားသခင်​နှင့် ကင်းကွာ​သွားလေသည်။ (ဧဖက် ၄:၁၇-၁၉က​ဘ; တိတု ၁:၁၅) ဝမ်းနည်းဖွယ်​အကျိုးဆက်​ပင်။

“ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​လျက်​နေကြ​လော့”

ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထိန်းသိမ်း​ရန် မပြတ်​ကြိုးစား​အားထုတ်​ဖို့​လို​သည်။ တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​၏– “ဘုရားသခင်​ကို​ပြစ်မှား​ပြီ၊ လူ​တို့ကို​ပြစ်မှား​ပြီ​ဟု ကိုယ်​စိတ်နှလုံး​သည် ကိုယ်​၌​အပြစ်တင်​ခွင့်​နှင့် အစဉ်​ကင်းလွတ်​မည်​အကြောင်း အကျွန်ုပ်သည် ကြိုးစား​အားထုတ်ပါ​၏။” (တမန်​တော် ၂၄:၁၆) ခရစ်ယာန်​တစ်ဦး​အနေ​နှင့် ပေါလု​သည် ဘုရားသခင်​အား မ​ပြစ်မှား​ကြောင်း သေချာ​စေရန် သူ၏​လုပ်ဆောင်မှု​လမ်းစဉ်​ကို မပြတ်​စစ်ဆေး​ခဲ့​ပြီး မှန်ကန်​သည့်​လမ်းစဉ်​အတိုင်း နေထိုင်ခဲ့​သည်။ ကျွန်ုပ်​တို့​လုပ်ဆောင်မှု​သည် ဖြောင့်မှန်​သည်၊ သို့​မဟုတ် မှား​သည်​ဟု အပြီးသတ်​စစ်ကြော​ဆုံးဖြတ်​မည့်​သူ​မှာ ဘုရားသခင်​ဖြစ်​ကြောင်း ပေါလု​သိရှိ​ခဲ့​သည်။ (ရောမ ၁၄:၁၀-၁၂; ၁ ကောရိန္သု ၄:၄) ပေါလု ဤသို့​ပြော​ခဲ့​၏– “ငါ​တို့ကို​စစ်ကြော​စီရင်တော်မူ​သော​သူ​ရှေ့၌ မထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မရှိ။ ခပ်သိမ်း​သော​အရာ​တို့သည် အကွယ်အကာ​မရှိဘဲ၊ မျက်မှောက်တော်၌ လှန်​ထား​လျက်​ရှိကြ​၏။”—ဟေဗြဲ ၄:၁၃

လူကို​ပြစ်မှားခြင်း​နှင့် ကင်းလွတ်​ရမည့်​အကြောင်းကိုလည်း ပေါလု​ဖော်ပြ​ခဲ့​သည်။ ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ထံ​ရေး​သည့် ‘ရုပ်ပုံ​ရှေ့၌ ပူဇော်​သော​ယဇ်ကောင်​ကို​စားခြင်း’ နှင့်​ပတ်သက်​သည့် သူ၏​ဆုံးမ​စကား​သည် သင့်လျော်​သော​နမူနာ​တစ်ခု​ဖြစ်သည်။ တစ်စုံတစ်ရာ​သော​လမ်းစဉ်သည် ဘုရားသခင့်​နှုတ်မြွက်​ပါ​စံနှုန်း​နှင့် ဆန့်ကျင်မှု​မရှိသည့်​တိုင် အခြား​သူတို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထည့်​စဉ်းစား​ဖို့ အရေးကြီးကြောင်း သူ​ထောက်ပြ​ခဲ့​သည်။ အခြား​သူတို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထည့်​မစဉ်း​စား​ပေး​ပါ​က ‘ခရစ်တော်​အသေခံပေး​ခဲ့​သော ကျွန်ုပ်​တို့၏ ညီအစ်ကို​၏ ဝိညာဉ်​ရေး ပျက်စီး’ သွား​နိုင်​သည်။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ဆက်ဆံ​ရေး​လည်း ပျက်စီး​သွား​နိုင်​သည်။—၁ ကောရိန္သု ၈:၄၊ ၁၁-၁၃; ၁၀:၂၃၊ ၂၄

သို့​ဖြစ်၍ သင့်ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ဆက်​လေ့ကျင့်​ပြီး ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​အဖြစ် ဆက်​ထိန်းသိမ်း​သွားပါ။ ဆုံးဖြတ်ချက်​များ​ချ​သည့်​အခါ ဘုရားသခင်​၏ လမ်းညွှန်မှုကို ရှာယူပါ။ (ယာကုပ် ၁:၅) ဘုရားသခင့်​နှုတ်မြွက်တော်​ကို လေ့လာ​ပြီး ယင်း​တွင်​ပါ​သော​မူများဖြင့် သင်၏​စိတ်နှလုံး​ကို ပုံသွင်း​ပါ။ (သု. ၂:၃-၅) ကြီး​လေး​သည့်​အရေးကိစ္စ​များ ပေါ်ပေါက်​လာ​သည့်​အခါ ယင်း​နှင့်​သက်ဆိုင်​သည့် ကျမ်းစာ​မူများ​ကို သင်​မှန်ကန်​စွာ နားလည်​သဘောပေါက်​ကြောင်း​သေချာ​စေရန် ရင့်ကျက်သော ခရစ်ယာန်​များနှင့် တိုင်ပင်​ပါ။ (သု. ၁၂:၁၅; ရောမ ၁၄:၁; ဂလာတိ ၆:၅) သင့်​ဆုံးဖြတ်ချက်​များသည် သင်၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထိခိုက်မှု​ရှိမရှိ၊ အခြား​သူများကို ထိခိုက်မှု​ရှိမရှိ​နှင့် အရေး​အကြီးဆုံး​မှာ ယေဟောဝါ​နှင့် သင်၏​ဆက်ဆံ​ရေး​ကို ထိခိုက်မှု​ရှိမရှိ​တို့ကို သုံးသပ်ပါ။—၁ တိမောသေ ၁:၅၊ ၁၈၊ ၁၉

ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် မေတ္တာရှင် ကောင်းကင်​ခမည်းတော် ယေဟောဝါ​ဘုရားသခင်​ထံ​မှ​ရရှိသော အံ့ဖွယ်ဆု​ကျေးဇူး​ဖြစ်သည်။ ယင်းကို ကိုယ်ကို​ကိုယ်​သိသောစိတ်​ပေး​တော်​မူ​သော​အရှင်​၏ အလိုတော်နှင့်​အညီ အသုံးပြုခြင်း​ဖြင့် ကျွန်ုပ်​တို့အား​ဖန်ဆင်း​တော်​မူ​သော​အရှင်​နှင့် ပို​၍​ရင်းနှီး​လာ​မည်။ ကျွန်ုပ်​တို့​လုပ်ဆောင်မှု​အားလုံး​တွင် “ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်” ရန်​ကြိုးစား​ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​ပုံသဏ္ဌာန်​နှင့်​အညီ ဖန်ဆင်း​ခံရ​ကြောင်း တင်ပြ​ရာ​ရောက်​သည်။—၁ ပေတရု ၃:၁၆; ကောလောသဲ ၃:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​တွင်​အသုံးပြု​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​ဟူ​သည့် ဂရိ​စကားလုံး​သည် “အမှားအမှန်​ဆုံးဖြတ်​သည့် အတွင်း​စွမ်းရည်” (ဟ​ယ်​ရ​ယ်လ် ကေ. မိုလ်​တန်​၏ ပြန်လည်​တည်းဖြတ်​ထားသော ဂရိ​အဘိဓာန်); “ကောင်း​မကောင်း​ခွဲခြား​သိမြင်​စေ​ရာ” (ဂျေ. အိပ်ခ်ျ. သေ​ယာ​၏ ဂရိ-အင်္ဂလိပ်​အဘိဓာန်) ဟု​အဓိပ္ပာယ်​ရှိသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို မိမိကိုယ်ကို ဆန်းစစ်​ရုံ​အတွက်သာ​မဟုတ်ဘဲ ကျွန်ုပ်​တို့အား လမ်းညွှန်​ပေး​ရန် လေ့ကျင့်​ထား​ပါသလော

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ကောင်းစွာ​လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် သမ္မာကျမ်းစာ​မူများ​ကို သင်ယူ​ကာ ကျင့်သုံး​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သင့်ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ သတိပေး​ချက်​ကို လျစ်လျူ​မ​ရှု​ပါ​နှင့်