မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ

“စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ

“စောင့်နေ​ကြလော့” တရား​စီရင်​ချိန်​ရောက်ပြီ

၂၀၀၄/၀၅ ခုနှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​၌​ကျင်းပ​ခဲ့​သော ခရိုင်​စည်းဝေးကြီး​များ​တွင် ထုတ်ဝေ​ခဲ့​သည့် စောင့်နေ​ကြလော့ ဘရိုရှာ​ကို အခြေပြု​၍ ဤ​လေ့လာ​ရန်​ဆောင်းပါး​ကို ရေးသား​ထား​သည်။

“သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။”—မဿဲ ၂၄:၄၂

၁၊ ၂။ ယေရှုသည် မိမိ​ကြွလာခြင်း​ကို အဘယ်အရာ​နှင့် ဆီလျော်​စွာ ပုံခိုင်း​ပြသ​နည်း။

သူခိုး​တစ်ယောက်​သည် သင့်​ရပ်ကွက်​ရှိ အိမ်များ​ကို ဖောက်ထွင်း​ရန် ချောင်း​နေသည်​ဟု သင်​သိထား​လျှင် အဘယ်အရာ​ပြုလုပ်​မည်​နည်း။ သင်၏​ချစ်​မြတ်နိုးသူ​များနှင့် အဖိုးတန်​ပစ္စည်း​များ​ကို ကာကွယ်​ရန် နိုးကြား​နေ​ပေမည်။ အကြောင်း​မှာ သူခိုး​လာ​မည့်​အချိန်ကို ကြိုတင်​မသိနိုင်​သောကြောင့်​ဖြစ်သည်။ သူခိုး​သည် ခိုး​ကြောင်​ခိုးဝှက်​နှင့် မထင်မှတ်​သည့်​အချိန်တွင် ရောက်လာ​တတ်​သည်။

ယေရှုသည် သူခိုး​၏​လုပ်ရပ်များ​ကို ပုံ​ဥပမာ​အဖြစ် တစ်ကြိမ်​ထက်မက အသုံးပြု​ခဲ့​သည်။ (ယောဟန် ၁၀:၁၀) ဆုံးခန်း​ကာလ​အတွင်း​နှင့် တရား​စီရင်​ရန် မိမိ​ကြွလာချိန်​မတိုင်မီ အဖြစ်အပျက်​များနှင့်​ပတ်သက်​၍ ယေရှု ဤသို့​သတိပေး​ခဲ့​သည်– “သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့။ သူခိုး​လာ​မည့်​အချိန်နာရီ​ကို အိမ်ရှင်​သိရ​လျှင် မိမိ​အိမ်ကို မထွင်းမဖောက်​စေခြင်း​ငှာ စောင့်နေ​လိမ့်​မည်​ကို သင်တို့​သိ​ကြ​၏။” (မဿဲ ၂၄:၄၂၊ ၄၃) ယေရှုသည် မထင်မမှတ်​ဘဲ သူခိုး​ရောက်လာ​ခြင်း​နှင့် မိမိ​ကြွလာခြင်း​တို့ကို ပုံခိုင်း​ပြ​ခဲ့​သည်။

၃၊ ၄။ (က) ယေရှု​ကြွလာခြင်း​နှင့်​ပတ်သက်​သည့် သတိပေး​ချက်​ကို မည်သို့​အလေးဂရုပြု​နိုင်​သနည်း။ (ခ) အဘယ်​မေးခွန်းများ ပေါ်ပေါက်​လာ​သနည်း။

ယေရှု​ကြွလာ​မည့် ရက်စွဲ​ကို အတိအကျ​မ​သိ၍ ထို​ပုံ​ဥပမာ​ပေးခြင်း​မှာ ဆီလျော်​လှ​သည်။ ထို​ပရောဖက်ပြုချက်​၏​ရှေ့​ပိုင်း​တွင် ယေရှု​က “ထို​အချိန်နာရီ​ကို​ကား အဘယ်သူမျှ​မသိ။ ကောင်းကင်တမန်​မသိ။ ငါ့​ခမည်းတော်​တစ်ပါး​တည်း​သာ သိတော်မူ၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၆) ထို့​ကြောင့် ယေရှု​က မိမိ၏​မိန့်ဆိုချက်​ကို နားထောင်​နေ​သူများ​အား “သင်တို့သည် ပြင်ဆင်​လျက်​နေကြ​လော့” ဟု​တိုက်တွန်း​ခဲ့​၏။ (မဿဲ ၂၄:၄၄) ယေဟောဝါ​၏​တရားသူကြီး​အဖြစ် ယေရှုသည် အဘယ်​အချိန်တွင်​မဆို ကြွလာ​ပါစေ ကိုယ်တော်​၏​သတိပေး​ချက်​ကို အလေးဂရုပြု​သူများ​သည် အသင့်​ရှိနေပြီး လျောက်ပတ်​စွာ ပြုမူ​ကျင့်ကြံ​နေကြ​ပေမည်။

အရေးကြီး​မေးခွန်း​တချို့ ပေါ်ပေါက်​လာ​၏။ ယေရှု၏​သတိပေး​ချက်​သည် လောကသား​များ​အတွက်သာ ဖြစ်သလော၊ သို့​မဟုတ် ခရစ်ယာန်စစ်​များသည်​လည်း “စောင့်​နေကြ” ဖို့​လို​သလော။ “စောင့်​နေကြ” ရန်​အဘယ်ကြောင့် အရေးကြီး​သနည်း၊ မည်သို့​စောင့်နေ​နိုင်​သနည်း။

မည်သူ​တို့အတွက် သတိပေး​ချက်​နည်း

၅။ “စောင့်နေ​ကြလော့” ဟူသော သတိပေး​ချက်​သည် ခရစ်ယာန်စစ်​များနှင့် သက်ဆိုင်​ကြောင်း မည်သို့​သိရှိ​ရသနည်း။

လာ​မည့်​ကပ်ဘေး​နှင့်​ပတ်သက်​သည့် သတိပေး​ချက်​ကို ဂရုမစိုက်​ကြသော လောကသား​များ​အတွက် သခင်​ကြွလာခြင်း​သည် သူခိုး​လာ​သကဲ့သို့​ဖြစ်​မည်​မှာ အမှန်ပင်။ (၂ ပေတရု ၃:၃-၇) ခရစ်ယာန်စစ်​များ​အတွက်​ကော အသို့နည်း။ သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့ ယေဟောဝါ​၏​နေ့ရက်​သည် လာ​လိမ့်​မည်​ကို သင်တို့ သေချာ​စွာ​သိ​ကြ​၏​ဟူ၍ ယုံကြည်သူချင်း​များ​အား တမန်​တော်​ပေါလု စာရေး​ခဲ့​သည်။ (၁ သက်သာလောနိတ် ၅:၂) ယေဟောဝါ​၏​နေ့ရက် ရောက်လာ​မည်​ကို ကျွန်ုပ်​တို့ လုံးဝ​သံသယ​မရှိကြ​ပါ။ ယင်းကြောင့် ကျွန်ုပ်​တို့သည် စောင့်နေ​စ​ရာ​မလို​တော့​ပြီ​လော။ ယေရှု​က “သင်တို့​မထင်မမှတ်​သော​အချိန်နာရီ​၌ လူသား​သည် ကြွလာ​လိမ့်​မည်” ဟူ၍ တပည့်​များ​အား မိန့်ဆိုခဲ့သည်​ကို သတိပြုပါ။ (မဿဲ ၂၄:၄၄) အစောပိုင်း​တွင် ဘုရားသခင့်​နိုင်ငံတော်​ကို ရှာနေ​ကြ​ရန် တပည့်​များ​အား ယေရှု တိုက်တွန်း​စဉ်​က “သင်တို့သည် ပြင်ဆင်​လျက်​နေကြ​လော့။ အကြောင်း​မူ​ကား သင်တို့ မထင်မမှတ်​သော​အချိန်၌ လူသား​သည် ကြွလာ​လိမ့်​မည်” ဟု​သတိပေး​ခဲ့​၏။ (လုကာ ၁၂:၃၁၊ ၄၀) သို့​ဖြစ်၍ “စောင့်နေ​ကြလော့” ဟု​ယေရှု သတိပေး​သည့်​အခါ မိမိ၏​နောက်လိုက်​များ​ကို ရည်စူး​ခဲ့​ကြောင်း ရှင်း​မနေပေလော။

၆။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် “စောင့်​နေကြ” ရမည်​နည်း။

ကျွန်ုပ်​တို့သည် အဘယ်ကြောင့် “စောင့်နေ” ပြီး “ပြင်ဆင်​လျက်​နေကြ” ရမည်​နည်း။ ယေရှု​က ဤသို့​ရှင်းပြသည်– “လယ်​၌​ရှိသောသူ​နှစ်ယောက်​တို့​တွင် တစ်ယောက်ကို​သိမ်း​ယူ၍ တစ်ယောက်​မူ​ကား နေရစ်​ရ​လတ္တံ့။ ကြိတ်ဆုံ​ကြိတ်​သော​သူ​နှစ်ယောက်​တို့​တွင် တစ်ယောက်ကို​သိမ်း​ယူ၍ တစ်ယောက်​မူ​ကား နေရစ်​ရ​လတ္တံ့။” (မဿဲ ၂၄:၄၀၊ ၄၁) ဘာသာ​တရား​ကင်းမဲ့​သော​လောက ဖျက်ဆီး​ခံရ​ချိန်​တွင် အသင့်ရှိနေ​သူများ​သည် “သိမ်းယူ” သို့​မဟုတ် ကယ်တင်​ခံရ​လိမ့်​မည်။ အခြားသူများ​မှာ​မူ တစ်ကိုယ်ကောင်း​ဆန်​ဆန် ကိုယ်​ကြိုက်​ရာ​ကိုယ်​ပြုလုပ်​နေကြ​သည့်​အတွက် ဖျက်ဆီး​ခံရ​လိမ့်​မည်။ ထို​သူတို့တွင် တစ်ချိန်က အလင်း​သို့​ရောက်​ပြီး​မှ ဘုရားသခင်​၏​နေ့ရက်​ကို မ​စောင့်​ခဲ့​ကြ​သူများ​လည်း ပါဝင်​ပေမည်။

၇။ အဆုံးသတ်​မည့်​နေ့ရက်​ကို ကျွန်ုပ်​တို့​မသိ​ခြင်း​က အဘယ်အရာ တင်ပြ​ခွင့်​ပေး​သနည်း။

ဤ​အစီအစဉ်​စနစ်ဟောင်း အဆုံးသတ်​မည့်​နေ့ရက်​ကို ကျွန်ုပ်​တို့ အတိအကျ​မသိ​ခြင်း​က ဘုရားသခင်​၏​အမှုတော်ကို စိတ်ရင်းမှန်​ဖြင့် ထမ်းဆောင်​နေကြောင်း တင်ပြ​ခွင့်​ရရှိစေ​သည်။ မည်သို့​အားဖြင့်​နည်း။ အဆုံး​ရောက်​ရန် ကြာမြင့်​နေ​ပုံ​ပေါက်​ပေမည်။ ထိုသို့​ယူမှတ်​ကြသော ခရစ်ယာန်​အချို့​သည် ယေဟောဝါ​၏​အမှုတော်တွင် ဇွဲ​လုံ့လ လျော့နည်း​သွား​ကြသည်​မှာ ဝမ်းနည်းစရာပင်။ အမှန်​မှာ ယေဟောဝါ​ထံ ကျွန်ုပ်​တို့ ဆက်ကပ်​အပ်နှံချိန်​တွင် အမှုတော်ထမ်း​ရန် မိမိကိုယ်ကို အကြွင်းမဲ့​ပေးဆက်​ထား​ကြပြီ​ဖြစ်သည်။ အဆုံး​ရောက်​ခါနီး​မှ စိတ်​ထက်သန်မှု​ပြ​ခြင်း​ကို ယေဟောဝါ အထင်ကြီး​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့ သဘောပေါက်​ကြ​၏။ ကိုယ်တော်​သည် နှလုံးကို​သိမြင်​တော်​မူ​၏။—၁ ဓမ္မ​ရာဇဝင် ၁၆:၇

၈။ ယေဟောဝါ​ကို ချစ်​သည့်​စိတ်​က ဘုရားသခင်​၏​နေ့ကို စောင့်နေ​ရန် မည်သို့​စေ့ဆော်​ပေး​သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို အမှန်တကယ် ချစ်​မြတ်နိုးကြသော​ကြောင့် ကိုယ်တော်​၏​အလိုတော်​ဆောင်ခြင်း​မှ အကြီးမားဆုံး​ပျော်ရွှင်မှု​ရရှိကြ​၏။ (ဆာလံ ၄၀:၈; မဿဲ ၂၆:၃၉) ထို့​ပြင် ယေဟောဝါ​၏​အမှုတော်ကို ထာဝစဉ်​ထမ်းဆောင်​လို​ကြ​၏။ ကျွန်ုပ်​တို့​ထင်​သည်ထက် အနည်းငယ်​ပို​စောင့်​ရသော​ကြောင့် အဆိုပါ​ဆန္ဒ လျော့နည်း​သွား​မည်​မဟုတ်​ချေ။ ယေဟောဝါ​၏​နေ့ရက်​သည် ကိုယ်တော်​၏​ရည်ရွယ်ချက်​ပြည့်စုံမှု​တွင် အရေးပါသော​ကြောင့် ထို​နေ့ရက်​ကို ကျွန်ုပ်​တို့ မျှော်လင့်​တ​ကြီး စောင့်​နေကြ​ခြင်း​ဖြစ်သည်။ ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​လို​သည့်​ဆန္ဒ ပြင်းပြ​မှု​က သမ္မာကျမ်းစာ​၏​သွန်သင်ချက်​ကို လိုက်နာ​ရန်၊ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​ရန် စေ့ဆော်​ပေး​သည်။ (မဿဲ ၆:၃၃; ၁ ယောဟန် ၅:၃) ဘုရားသခင်​၏​နေ့ကို စောင့်နေ​ခြင်း​က ကျွန်ုပ်​တို့၏ နေ့စဉ်​အသက်ရှင်​နေထိုင်ပုံ​နှင့် ဆုံးဖြတ်ချက်​များ​ချ​ပုံ​တို့​အပေါ် မည်သို့​အကျိုး​သက်ရောက်​သင့်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

သင်၏​ဘဝ အဘယ်​သို့​ဦးတည်​နေသနည်း

၉။ လောကသား​များသည် ကျွန်ုပ်​တို့​ခေတ်​ကာလ​၏​အရေးကြီးမှုကို သဘောပေါက်​ရန် အဘယ်ကြောင့် အရေးတကြီး​လိုအပ်​နေသနည်း။

မျက်မှောက်​အချိန်တွင် ကြီးမားသော​ပြဿနာ​များနှင့် တုန်လှုပ်​ဖွယ်​ရာ​များ နေ့စဉ်​ဖြစ်ပျက်​နေသည်​ကို လူ​တို့​သတိထား​မိ​ရုံ​မ​က မိမိတို့၏​ဘဝ​လမ်းစဉ်​ကိုလည်း အလိုမကျ ဖြစ်နေ​ကြ​ပေမည်။ သို့သော် ကမ္ဘာ့​အခြေအနေ​များ အဘယ်ကြောင့် ဤသို့​ဖြစ်နေ​ရသည်ကို သူတို့​သိ​ကြ​သလော။ ဤ​စနစ်​၏​ဆုံးခန်း​ချိန်​တွင် ကျွန်ုပ်​တို့ အသက်​ရှင်​နေကြ​ရသည်ကို သူတို့​သဘောပေါက်​သလော။ (မဿဲ ၂၄:၃) တစ်ကိုယ်ကောင်း​ဆန်​ခြင်း၊ အကြမ်းဖက်​ခြင်း၊ ဘာသာ​တရား​ကင်းမဲ့​ခြင်း​တို့သည် နောက်ဆုံးသော​ကာလ​ကို မှတ်သား​ဖော်ပြ​ကြောင်း သူတို့​အသိအမှတ်ပြု​ကြ​သလော။ (၂ တိမောသေ ၃:၁-၅) ၎င်း​တို့ အဘယ်ကြောင့်​ဖြစ်​ရ​ကြောင်း၊ မိမိတို့၏​ဘဝ​လမ်းစဉ်သည် အဘယ်​သို့​ဦးတည်​နေကြောင်း သဘောပေါက်​ရန် အရေးတကြီး​လိုအပ်​နေသည်။

၁၀။ ကျွန်ုပ်​တို့ စောင့်နေ​ကြောင်း အသေအချာ​ပြော​နိုင်​ရန် အဘယ်အရာ​ပြု​ရမည်​နည်း။

၁၀ ကျွန်ုပ်​တို့​ကော အသို့နည်း။ ကျွန်ုပ်​တို့၏​အလုပ်အကိုင်၊ ကျန်းမာ​ရေး၊ အိမ်ထောင်ရေး၊ ဝတ်ပြုရေး​တို့​နှင့်​ပတ်သက်​၍ ဆုံးဖြတ်ချက်​များ​ချ​စ​ရာ​အကြောင်း နေ့စဉ်​ကြုံနေ​ကြ​ရသည်။ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​မိန့်ဆိုချက်​များ​ကို သိရှိပြီး ကြိုးစား​ကျင့်သုံး​နေကြ​သည်။ သို့​ဖြစ်၍ မိမိကိုယ်ကို ဤသို့​မေးသင့်​သည်– ‘ဘဝ၏​စိုးရိမ်​ပူပန်မှု​များ​ကြောင့် ဝိညာဉ်​ရေး​လမ်းကြောင်း​မှ လွဲချော်​နေ​သလော။ အကျွန်ုပ်၏​ရွေးချယ်မှု​များသည် ဤ​လောက​၏​အမြင်၊ အတွေးအခေါ်​အတိုင်း ဖြစ်နေ​သလော။’ (လုကာ ၂၁:၃၄-၃၆; ကောလောသဲ ၂:၈) ကျွန်ုပ်​တို့သည် ကိုယ်​ဉာဏ်​ကို အမှီမပြုဘဲ ယေဟောဝါ​အား စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​ကြောင်း တင်ပြ​နေဖို့လို​သည်။ (သု. ၃:၅) ထို​နည်းဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကမ္ဘာသစ်​တွင် ထာဝစဉ်​အသက်ရှင်ခြင်း​ဖြစ်သည့် “မှန်သော​အသက်ကို” ကိုင်စွဲ​ထား​နိုင်​ကြ​မည်။—၁ တိမောသေ ၆:၁၂၊ ၁၉

၁၁-၁၃။ (က) နောဧ​ခေတ် (ခ) လောတ​ခေတ် အဖြစ်အပျက်​များ​မှ အဘယ်​သင်ခန်းစာ ရနိုင်​သနည်း။

၁၁ ဘုရားသခင်​၏​နေ့ကို ကျွန်ုပ်​တို့ စောင့်နေ​နိုင်​ရန် သမ္မာကျမ်းစာ​တွင် သတိပေး​ပုံ​နမူနာ​များစွာ ပါရှိ​သည်။ နောဧ​ခေတ်တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။ ဘုရားသခင်​သည် မပျက်​မ​ကွက် ကြိုတင်​သတိပေး​ခဲ့​၏။ သို့သော် နောဧ​နှင့် သူ၏​မိသားစု​မှ​လွဲ​၍ မည်သူမျှ သတိမမူ​ခဲ့​ကြ​ချေ။ (၂ ပေတရု ၂:၅) ယင်း​နှင့်​ပတ်သက်​၍ ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “လူသား​သည် ကြွလာ​သောအခါ နောဧ​လက်ထက်​၌​ဖြစ်​သကဲ့သို့ ဖြစ်​လိမ့်​မည်။ ရေလွှမ်းမိုးခြင်း​မဖြစ်မီ​ကာလ​၌ နောဧ​သည် သင်္ဘော​ထဲ​သို့​ဝင်​သော​နေ့​တိုင်အောင် လူများ​တို့သည် စားသောက်​လျက်၊ ထိမ်းမြား​စုံဖက်​လျက်​နေ၍ ရေလွှမ်းမိုးခြင်း​ရောက်​သဖြင့် လူ​ခပ်သိမ်း​တို့ကို သုတ်သင်​ပယ်ရှင်း​သည့်​တိုင်အောင် သတိမဲ့​နေကြ​သည်​နည်းတူ လူသား​ကြွလာ​သောအခါ​၌​ဖြစ်​လိမ့်​မည်။” (မဿဲ ၂၄:၃၇-၃၉) ထို​ကျမ်းချက်​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ ကျွန်ုပ်​တို့ ဦးစား​ထား​ရန် ဘုရားသခင်​တိုက်တွန်း​ထား​သည့် ဝိညာဉ်​ရေးရာ​များနှင့်​မဟုတ်ဘဲ သာမန်​ကိစ္စ​များ​ဖြစ်သည့် လောက​ရေးရာ​များနှင့် အလုပ်များ​လွန်းနေ​မည်​ဆိုလျှင် မိမိကိုယ်ကို လေးလေးနက်နက် ဆန်းစစ်​ဖို့​လိုနေပြီ။—ရောမ ၁၄:၁၇

၁၂ လောတ​ခေတ်​ကိုလည်း စဉ်းစား​ကြည့်​ပါ။ လောတ​နှင့် သူ၏​မိသားစု​နေထိုင်​သော သောဒုံ​မြို့​သည် ချမ်းသာ​ကြွယ်ဝ​သော်လည်း ကိုယ်ကျင့်တရား​ပျက်ပြား​၏။ သို့​ဖြစ်၍ ယေဟောဝါ​သည် ထို​မြို့ကို ဖျက်ဆီး​ရန် ကောင်းကင်တမန်​များ​ကို စေလွှတ်​လိုက်​သည်။ ထို​ကောင်းကင်တမန်​များသည် လောတ​နှင့် သူ၏​မိသားစုကို နောက်သို့​လှည့်မကြည့်​ဘဲ သောဒုံ​မြို့မှ ထွက်ပြေး​ရန် ဆော်သြ​ခဲ့​သည်။ ကောင်းကင်တမန်​များ​၏​တိုက်တွန်းမှု​ဖြင့် သူတို့သည် ထို​မြို့မှ ထွက်ပြေး​ခဲ့​ကြသော်လည်း လောတ​၏​မိန်းမသည် သောဒုံ​မြို့ရှိ သူ၏​အိမ်ကို သံယောဇဉ်​မ​ဖြတ်​နိုင်​ဘဲ နာခံမှု​ကင်းမဲ့​စွာ လှည့်ကြည့်​လိုက်​ရာ အသက်ဆုံးရှုံး​ခဲ့​ရသည်။ (ကမ္ဘာဦး ၁၉:၁၅-၂၆) ကျွန်ုပ်​တို့၏​အနာဂတ်​နှင့်​ပတ်သက်​၍ ယေရှု​က “လောတ​၏​မယား​ကို အောက်မေ့​ကြလော့” ဟု​မိန့်ဆို​ကာ သတိပေး​ခဲ့​သည်။ ထို​သတိပေး​ချက်​အတိုင်း ကျွန်ုပ်​တို့ ပြုမူ​နေကြ​သလော။—လုကာ ၁၇:၃၂

၁၃ ဘုရားသခင်​၏​သတိပေး​ချက်​များ​ကို အလေးဂရုပြု​သူ နောဧ​နှင့်​သူ၏​မိသားစု၊ လောတ​နှင့်​သူ၏​သမီးတို့​သည် အသက်ချမ်းသာ​ရခဲ့​ကြ​၏။ (၂ ပေတရု ၂:၉) ဤ​ပုံ​နမူနာ​များ​ပါ သတိပေး​ချက်​ကို ကျွန်ုပ်​တို့ လေးလေးနက်နက် ဆင်ခြင်​ကြ​ရာ​တွင် ဖြောင့်မတ်ခြင်း​ကို မြတ်နိုးသူ​များ​အတွက်​ဖြစ်သည့် ကယ်တင်ခြင်း​သတင်း​မှ ကျွန်ုပ်​တို့ အားယူနိုင်​ကြသည်။ ၎င်း​က “ဖြောင့်မတ်ခြင်း​တည်နေရာ မိုးကောင်းကင်​သစ်​နှင့် မြေကြီး​သစ်” ဆိုင်ရာ ဘုရားသခင့်​ကတိတော် ပြည့်စုံမှု​ကို ယုံကြည်​စိတ်ချ​စွာ မျှော်လင့်​စောင့်စား​စေ​၏။—၂ ပေတရု ၃:၁၃

‘တရား​စီရင်​ချိန် ရောက်ပြီ’

၁၄၊ ၁၅။ (က) တရား​စီရင်​ချိန်​တွင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) “ဘုရားသခင်​ကို ကြောက်ရွံ့​၍ ချီးမွမ်း” ခြင်း​ဟူသည် အဘယ်နည်း။

၁၄ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​နေ့ရက်​ကို စောင့်​နေကြ​စဉ် အဘယ်အရာကို မျှော်လင့်​နိုင်​သနည်း။ ဘုရားသခင်​၏​ရည်ရွယ်ချက် အဆင့်ဆင့်​ပြည့်စုံ​လာ​မှု​ကို ဗျာ. ကျမ်း​က ဖော်ပြ​၏။ ကျွန်ုပ်​တို့ အသင့်​ရှိနေကြ​ရန် ယင်း​အတိုင်း​လုပ်ဆောင်ဖို့ အရေးကြီး​သည်။ ကောင်းကင်​၌ ခရစ်တော်​နန်းထိုင်​သည့် ၁၉၁၄ ခုနှစ်​တွင် စတင်​ခဲ့​သော “သခင်​ဘုရား​နေ့” ၌​ဖြစ်ပျက်​လာ​မည့်​အမှု​များ​ကို ထို​ပရောဖက်ပြုချက်​က ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​၏။ (ဗျာ. ၁:၁၀) ဗျာ. ကျမ်း​က “ထာဝရ​ဧဝံဂေလိတရား​ကို​ဟော” ပြော​ရန် တာဝန်​အပ်နှင်း​ခံရ​သော ကောင်းကင်တမန်​တစ်ပါး​ကို အာရုံစိုက်​စေ​၏။ သူသည် ကြီးသော​အသံ​ဖြင့် “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ချီးမွမ်း​ကြလော့။ တရား​စီရင်တော်မူ​သော​အချိန်​ရောက်လာ​ပြီ” ဟု​ကြေညာ​၏။ (ဗျာ. ၁၄:၆၊ ၇) ထို​တရား​စီရင်​ရာ​အချိန်​သည် တိုတောင်း​၏။ ယင်း​တွင် ပရောဖက်ပြုချက်​၌ ဖော်ပြ​ထား​သည့် သတိပေး​ကြေညာ​ခြင်း​နှင့် စီရင်ချက်​ချ​ခြင်း​တို့​ပါဝင်​သည်။ ယခု အဆိုပါ​အချိန်ကာလ​တွင် ကျွန်ုပ်​တို့ အသက်ရှင်​နေကြ​သည်။

၁၅ တရား​စီရင်​ချိန် အဆုံး​မတိုင်မီ ယခု​အချိန်တွင် “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ချီးမွမ်း​ကြ” ရန်​ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သည်။ ထို​တွင် အဘယ်အရာ ပါဝင်​သနည်း။ ဘုရားသခင်​ကို အမှန်တကယ်​ကြောက်ရွံ့​လျှင် မကောင်းမှုကို ရှောင်နိုင်​ရမည်။ (သု. ၈:၁၃) ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို ဂုဏ်တင်​ချီးမြှောက်​လျှင် ကိုယ်တော်​၏​စကားတော်​ကို အလွန်​ရိုသေ​လေးစား​စွာ နားထောင်​ကြ​မည်။ သမ္မာကျမ်းစာ​ကို မှန်မှန်​မဖတ်​နိုင်​လောက်​အောင် အလုပ်များ​လွန်းနေ​ကြ​မည်​မဟုတ်ပေ။ ခရစ်ယာန်​အစည်းအဝေး​များ တက်​ပါ​ဟူသော ကိုယ်တော်​၏​ညွှန်ကြားချက်​ကို ပေါ့ပေါ့ဆဆ သဘောထားကြ​မည်​မဟုတ်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားသခင့်​မေရှိယနိုင်ငံတော် သတင်းကောင်း ကြေညာ​ရသည့်​အခွင့်ထူး​ကို တန်ဖိုး​ထားပြီး စိတ်အား​ထက်သန်​စွာ လုပ်ဆောင်ကြ​မည်။ ယေဟောဝါ​အား အခါ​ခပ်သိမ်း စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်​ကိုးစား​ကြ​မည်။ (ဆာလံ ၆၂:၈) ယေဟောဝါ​သည် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ကြောင်း အသိအမှတ်​ပြုပြီး ကျွန်ုပ်​တို့​ဘဝ၏​ပိုင်သ​အုပ်စိုးရှင်​အဖြစ် ကိုယ်တော့်​ကို စိတ်လို​ကိုယ်​လျောက် လက်အောက်ခံ​၍ ဂုဏ်တင်​ကြ​မည်။ သင်သည် ဘုရားသခင်​ကို အမှန်တကယ်​ကြောက်ရွံ့​ပြီး အဆိုပါ​နည်း​အားလုံး​ဖြင့် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​နေ​စေ​သလော။

၁၆။ ဗျာ. ၁၄:၈ တွင်​ဖော်ပြ​ထား​သည့် မဟာ​ဗာဗုလုန်​အပေါ် စီရင်ချက်​ပြီးပြည့်စုံ​ခဲ့ပြီ​ဟု အဘယ်ကြောင့် ပြော​နိုင်​သနည်း။

၁၆ တရား​စီရင်​ချိန်​တွင် နောက်ထပ်​ဖြစ်ပျက်​မည့်​အရာများ​ကို ဗျာ. အခန်းကြီး ၁၄ က​ဖော်ပြ​ထား​သေး​သည်။ ပထမ​ဦးစွာ မှောက်မှားသော​ဘာသာ မဟာ​ဗာဗုလုန်​အကြောင်း ဤသို့​ဖော်ပြ​သည်– “ကောင်းကင်တမန်​တစ်ပါး​က​လည်း ‘ဗာဗုလုန်​မြို့ကြီး ပြိုလဲ​ပြီ။ . . . ဗာဗုလုန်​မြို့ကြီး ပြိုလဲ​ပြီ’ ဟု​လိုက်၍​ပြောဆို​၏။” (ဗျာ. ၁၄:၈) ဘုရားသခင့်​ရှုထောင့်​မှ​ကြည့်​လျှင် မဟာ​ဗာဗုလုန်​သည် ပြိုလဲ​ခဲ့ပြီ​ဖြစ်သည်။ ၁၉၁၉ ခုနှစ်​တွင် ယေဟောဝါ​၏​ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များသည် တိုင်းနိုင်ငံ​များနှင့်​လူအပေါင်း​ကို နှစ်ထောင်​နှင့်​ချီ​၍ လွှမ်းမိုး​ခဲ့​သော ဗာဗုလုန်​အယူဝါဒ​များနှင့် အမူအကျင့်များ​၏ အနှောင်အဖွဲ့​အောက်​မှ လွတ်မြောက်​ခဲ့​ကြသည်။ (ဗျာ. ၁၇:၁၊ ၁၅) ၎င်း​အချိန်​မှ​စ၍ သူတို့သည် မိမိတို့​ကိုယ်ကို ပေး​ဆက်၍ စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​နိုင်​ခဲ့​ကြသည်။ ထို​အချိန်​ကတည်းက ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို ကမ္ဘာချီ ဟောပြောလျက်​ရှိကြသည်။—မဿဲ ၂၄:၁၄

၁၇။ မဟာ​ဗာဗုလုန်​ထဲ​က​ထွက်​ရန် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၇ မဟာ​ဗာဗုလုန်​ကို ဘုရားသခင် တရား​စီရင်ခြင်း​သည် ဤမျှ​သာ​မဟုတ်​ချေ။ မကြာမီ ယင်းကို အပြီးသတ်​ချေမှုန်း​တော့​မည်​ဖြစ်သည်။ (ဗျာ. ၁၈:၂၁) သမ္မာကျမ်းစာ​က “သူ [မဟာ​ဗာဗုလုန်] ၏​အပြစ်​တို့ကို ဆက်ဆံခြင်း​နှင့် . . . ကင်းလွတ်​အံ့​သော​ငှာ သူ၏​အထဲ​က ထွက်ကြ​လော့” ဟု​နေရာတကာ​ရှိ လူ​တို့ကို တိုက်တွန်းခြင်း​သည် ခိုင်လုံ​သော​အကြောင်း​ရှိ၍​သာ​ဖြစ်သည်။ (ဗျာ. ၁၈:၄၊ ၅) ကျွန်ုပ်​တို့သည် မဟာ​ဗာဗုလုန်​ထဲ​မှ မည်သို့​ထွက်ကြ​မည်​နည်း။ ၎င်း​မှ​ထွက်​ရန် မှောက်မှားသော​ဘာသာရေး​နှင့် အဆက်ဖြတ်​ခြင်း​ထက်မက ပြုလုပ်​စ​ရာ​လို​သည်။ ရေပန်းစား​နေသည့် ပွဲလမ်းသဘင်​များနှင့် ဓလေ့​ထုံးစံ​များ၊ လိင်​နှင့်​ပတ်သက်​၍ စည်း​လွတ်​ဝါး​လွတ်​ခွင့်ပြု​ထားသော ဤ​လောက​၏​သဘောထား၊ နတ်​ဝိဇ္ဇာ​အတတ်​နှင့် အခြား​အရာများ​ပါဝင်​ပတ်သက်​သည့် ဖျော်ဖြေရေး​တို့​တွင် ဗာဗုလုန်​၏​သြဇာလွှမ်း​မိုး​မှု​ရှိသည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​နေ့ရက်​ကို စောင့်နေ​ကြသည်​ဆိုလျှင် ကျွန်ုပ်​တို့၏​အပြုအမူအားဖြင့်​လည်းကောင်း၊ စိတ်ဆန္ဒ​အားဖြင့်လည်း​ကောင်း မဟာ​ဗာဗုလုန်​နှင့် လုံးဝ​ကင်းရှင်း​ကြောင်း​တင်ပြ​ဖို့ အရေးကြီး​သည်။

၁၈။ ဗျာ. ၁၄:၉၊ ၁၀ တွင်​အဘယ်​အကြောင်းအရာကို ဖော်ပြ​ထား​သနည်း။ နိုးကြား​သော​ခရစ်ယာန်​များသည် အဘယ်အရာကို​ရှောင်ရန် ဂရုစိုက်​ကြ​သနည်း။

၁၈ ဗျာ. ၁၄:၉၊ ၁၀ တွင်​တရား​စီရင်​ချိန်​နှင့်​ပတ်သက်​၍ အခြား​အရာတစ်ခု​ကိုလည်း ဖော်ပြ​ထား​သေး​သည်။ ကောင်းကင်တမန်​တစ်ပါး​က ‘အကြင်သူသည် သားရဲ​နှင့် ၎င်း​၏​ရုပ်ပုံကို ကိုးကွယ်​၍ သူ၏​တံဆိပ်​လက်မှတ်​ကို နဖူး​၌​ခံ​သည်​ဖြစ်စေ၊ လက်၌​ခံ​သည်​ဖြစ်စေ ထို​သူသည် ဘုရားသခင်​၏​ဒေါသ​ဖလား​၌​လောင်း​သော အမျက်တော်​စပျစ်​ရည်​စစ်​ကို သောက်​ရ​လိမ့်​မည်’ ဟု​မိန့်ဆို​သည်။ အဘယ်ကြောင့်​နည်း။ လူ့​အုပ်ချုပ်ရေး​ကို ပုံ​နှိုင်း​ထားသော ‘သားရဲ​နှင့်​၎င်း​၏​ရုပ်ပုံ’ သည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​မပြု​သောကြောင့်​ဖြစ်သည်။ နိုးကြား​သော​ခရစ်ယာန်​များသည် စိတ်သဘော​အားဖြင့်​ဖြစ်စေ၊ အပြုအမူအားဖြင့်​ဖြစ်စေ စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်​မပြု​ကြ​သူများ​၏ ဩဇာ​ခံ​များ​မဖြစ်​ရန် ဂရုစိုက်​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​သည် ကောင်းကင်​တွင် တည်ထောင်​ပြီ​ဖြစ်၍ မကြာမီ လူ့​အုပ်ချုပ်ရေး​ရှိသမျှကို အဆုံးတိုင်​စေပြီး ထာဝစဉ်​တည်တံ့​သွား​မည်​ကို ခရစ်ယာန်​များ သိထားကြ​၏။—ဒံယေလ ၂:၄၄၊ ၄၅

သင်၏​အရေးတကြီး​သဘောထားကို မ​ပျောက်စေ​ပါ​နှင့်

၁၉၊ ၂၀။ (က) နောက်ဆုံး​ကာလ ကုန်​လု​နီးလာသည်နှင့်​အမျှ စာတန် အဘယ်အရာ​ပြု​မည်​ကို ကျွန်ုပ်​တို့ တပ်အပ်ပြော​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရန် သန္နိ​ဋ္ဌာန်​ချထား​သင့်​သနည်း။

၁၉ နောက်ဆုံး​ကာလ ကုန်​လု​နီး​လာ​လေ​လေ ဖိစီးမှု​နှင့် သွေးဆောင်မှု များ​လာ​လေ​လေ​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဤ​အစီအစဉ်​စနစ်ဟောင်း​တွင် နေထိုင်ပြီး ကိုယ်​ကိုယ်တိုင်​၏​မစုံလင်မှု​ဒဏ်​ကို ခံ​နေ​ရသရွေ့ ကျန်းမာ​ရေး​ချို့တဲ့ခြင်း၊ အိုမင်း​ခြင်း၊ ချစ်​မြတ်နိုးသူ​များ သေဆုံး​ခြင်း၊ စိတ်ထိခိုက်​ခြင်း၊ ဘုရားသခင့်​စကားတော်​အကြောင်း ကြိုးစား​ဟောပြော​မှု​ကို လျစ်လျူရှု​ကြ​သဖြင့် စိတ်ဓာတ်ကျ​ခြင်း စ​သည်​တို့ကို ကြုံ​ကြ​ရမည်​သာ​ဖြစ်သည်။ စာတန်​သည် ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​သည့် ဖိစီးမှုများ​ကို အခွင့်ကောင်း​ယူ၍ သတင်းကောင်း မဟောပြော​တော့​ရန်၊ ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ မနေထိုင်​တော့​ရန် လုပ်ဆောင်​မည်​ကို ဘယ်​သောအခါ​မျှ မမေ့​လိုက်ပါ​နှင့်။ (ဧဖက် ၆:၁၁-၁၃) ယခု​အချိန်​သည် ကျွန်ုပ်​တို့​နေထိုင်​နေရ​သည့် ကာလ​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထား ပျောက်ဆုံး​ရမည့်​အချိန်​မဟုတ်​ချေ။

၂၀ ကျွန်ုပ်​တို့ လက်မြှောက်​အရှုံးပေး​ရန် ဖိစီးမှုများ​စွာ​ခံရ​မည်​ကို ယေရှု​သိရှိ​သည့်​အတွက် “သင်တို့​အရှင်​သည် အဘယ်​အချိန်နာရီ​၌ ရောက်လာ​မည်​ကို သင်တို့​မသိသော​ကြောင့် စောင့်နေ​ကြလော့” ဟု​ဆုံးမ​ခဲ့​သည်။ (မဿဲ ၂၄:၄၂) သို့​ဖြစ်၍ အဘယ်​အချိန်ပိုင်း​တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ရ​ကြောင်း အမြဲ​သတိရှိ​ကြ​စို့။ လက်ပန်းကျ​၍ မလှုပ်မရှား​ဖြစ်စေ​နိုင်​သည့် စာတန်​၏​ကျော့ကွင်း​များ​ကို သတိရှိ​ကြ​စို့။ ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို ယခင်​က​ထက် ပို​၍​စိတ်အား​ထက်သန်​စွာ ဟောပြောကြ​ရန် သန္နိ​ဋ္ဌာန်​ချထား​ကြပါစို့။ “စောင့်နေ​ကြလော့” ဟူသော ယေရှု၏​သတိပေး​ချက်​ကို အလေးဂရုပြု​ကာ အရေးတကြီး​သဘောထား ဆက်လက်​တင်ပြ​နေကြပါ​စို့။ ထိုသို့​ပြု​မည်​ဆိုလျှင် ယေဟောဝါ​အား ဂုဏ်တင်ရာ​ရောက်​ပြီး ကိုယ်တော်​ပေး​မည့် ထာဝရ​ကောင်းချီး​များ ခံစား​ကြ​ရသူတို့တွင် ပါဝင်​လိမ့်​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• “စောင့်​နေကြ” ပါ​ဟူသော ယေရှု၏​သတိပေး​ချက်​သည် ခရစ်ယာန်စစ်​များနှင့် သက်ဆိုင်​ကြောင်း မည်သို့​သိရှိ​ရသနည်း။

• သမ္မာ​ကျမ်းစာ​ပါ အဘယ်​သတိပေး​ပုံ​နမူနာ​များ​က ဘုရားသခင်​၏​နေ့ရက်​ကို “စောင့်​နေကြ” ရန် ကျွန်ုပ်​တို့ကို ကူညီပေး​နိုင်​သနည်း။

• တရား​စီရင်​ချိန်​ကား အဘယ်နည်း။ အဆုံး​မတိုင်မီ အဘယ်အရာ​ပြုလုပ်​ရန် ကျွန်ုပ်​တို့ကို တိုက်တွန်း​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှုသည် သူခိုး​ရောက်လာ​ခြင်း​နှင့် မိမိ​ကြွလာခြင်း​ကို ပုံခိုင်း​ပြ​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မဟာ​ဗာဗုလုန် ချေမှုန်း​ခံ​ရတော့မည်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]

ယခင်​က​ထက် ပို​၍​စိတ်အား​ထက်သန်​စွာ ဟောပြောရန် သန္နိ​ဋ္ဌာန်​ချထား​ကြပါစို့