မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ရောက်ရှိနေခြင်းနိမိတ်လက္ခဏာကို သင်သတိပြုမိပါသလော

ယေရှုခရစ်ရောက်ရှိနေခြင်းနိမိတ်လက္ခဏာကို သင်သတိပြုမိပါသလော

ယေရှု​ခရစ်​ရောက်ရှိ​နေခြင်း​နိမိတ်​လက္ခဏာကို သင်​သတိပြုမိ​ပါသလော

မည်သူကမျှ အသည်းအသန်​ဖျားနာ​ချင်​မည် သို့​မဟုတ် ရုတ်တရက်​ကျရောက်​သော ဘေးဆိုး​နှင့် တွေ့ကြုံ​ချင်​မည်​မဟုတ်ပေ။ ပညာရှိ​သူသည် အဆိုပါ​ဘေးဆိုး​မျိုးကို ရှောင်ရှား​နိုင်​ရန် အန္တရာယ်​ရှိကြောင်း​ညွှန်ပြ​သည့် လက္ခဏာများ​ကို သတိပြု​ကာ ယင်း​နှင့်​အညီ​လုပ်ဆောင်​မည် ဖြစ်သည်။ ယေရှု​က ကျွန်ုပ်​တို့​သတိပြု​ဖို့​လို​သည့် ထူးခြားသော​နိမိတ်​လက္ခဏာများ​ကို မိန့်ဆိုခဲ့သည်။ ကိုယ်တော်​မိန့်ဆိုခဲ့​သည့် နိမိတ်​လက္ခဏာများ​သည် ကမ္ဘာ​တစ်ခုလုံး၊ လူသား​တစ်ရပ်လုံး​အပေါ် အကျိုး​သက်ရောက်​မည်​ဖြစ်သည်။ သင်​နှင့်​သင့်​မိသားစု​လည်း အပါအဝင်​ဖြစ်သည်။

ဆိုးသွမ်းမှု​များ​ကို​ဖယ်ရှား​ကာ ကမ္ဘာ​ကို ပရဒိသု​ဖြစ်စေ​မည့် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ယေရှု​မိန့်ဆိုခဲ့သည်။ ဘုရားသခင့်​နိုင်ငံတော်​နှင့် ၎င်း​တည်ထောင်​မည့်​အချိန်ကို တပည့်​များ​သိ​လို​ကြသော​ကြောင့် ဤသို့​မေးလျှောက်​ခဲ့​ကြ​၏– ‘ကိုယ်တော်​၏​ရောက်ရှိ​နေခြင်း​နှင့် ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​၏​နိမိတ်​သည် အဘယ်​နိမိတ်​ဖြစ်​မည်​ကို ကျွန်ုပ်​တို့အား အမိန့်​ရှိ​တော်​မူ​ပါ။’—မဿဲ ၂၄:၃က​ဘ။

ယေရှုသည် မိမိ​အသတ်ခံရ​ကာ ရှင်ပြန်ထမြောက်​လာ​မည်၊ ထို့နောက် ရာစုနှစ်များစွာ​ကြာညောင်း​ပြီး​မှ လူသား​တို့ကို​အုပ်စိုး​မည့် မေရှိယ​ဘုရင်​အဖြစ် ကောင်းကင်​တွင် နန်းထိုင်​တော်​မူ​မည်​ကို သိထား​သည်။ ယေရှု​နန်းထိုင်​သည်ကို လူသား​တို့ မမြင်နိုင်​သောကြောင့် ကိုယ်တော် “ရောက်ရှိ​နေခြင်း” အပြင် “အစီအစဉ်​စနစ်​ဆုံးခန်း” ကို​ပါ နောက်လိုက်​များ သတိပြု​နိုင်​ရန် နိမိတ်​လက္ခဏာ​တစ်ခု ပေး​တော်​မူ​သည်။ ယင်း​နိမိတ်​လက္ခဏာ​တွင် အသွင်အပြင်​အမျိုးမျိုး​ပါဝင်​ပြီး ယေရှု​ရောက်ရှိ​နေခြင်း​ကို သတ်မှတ်​ဖော်ပြ​သည့် ပေါင်းစပ်​နိမိတ်​လက္ခဏာ​ဖြစ်သည်။

ခရစ်ဝင်​ကျမ်း​ရေးသူ မဿဲ၊ မာကု၊ လုကာတို့က ယေရှု၏​ဖြေကြားချက်​ကို ဂရုတစိုက်​မှတ်တမ်းတင်​ခဲ့​ကြသည်။ (မဿဲ​ အခန်းကြီး ၂၄ နှင့် ၂၅; မာကု​ အခန်းကြီး ၁၃; လုကာ​ အခန်းကြီး ၂၁) အခြား​ကျမ်း​ရေးသူ​များလည်း ယင်း​နိမိတ်​လက္ခဏာကို အသေးစိတ် ဖြည့်စွက်​ရေးသားခဲ့​ကြသည်။ (၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၃၊ ၄; ဗျာ. ၆:၁-၈; ၁၁:၁၈) အသေးစိတ်​အချက်​အားလုံး​ကို ဖော်ပြ​ရန် ဤ​တွင်​နေရာ​မဆံ့​ပါ၊ သို့သော် ယေရှု​မိန့်ဆိုခဲ့​သည့် ပေါင်းစပ်​နိမိတ်​လက္ခဏာ​ထဲ​မှ အဓိက​အခြင်းအရာ​ငါး​ရပ်​ကို သုံးသပ်ကြ​ပါ​မည်။ ယင်း​တို့သည် သင့်အတွက် အဓိပ္ပာယ်​ရှိ​ကာ အရေးကြီးကြောင်း တွေ့ရှိ​လာ​ပါ​လိမ့်​မည်။—စာမျက်နှာ ၆ မှ​လေးထောင့်ကွက်​ကို​ရှု။

“သမိုင်း​တွင်​စေသည့်​အချိန်ကာလ”

“လူ​တစ်မျိုး​နှင့်​တစ်မျိုး တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ ရန်ဘက်ပြု​ကြလိမ့်မည်။” (မဿဲ ၂၄:၇) ၁၉၁၄ ခုနှစ်​မတိုင်မီ​က လူတို့သည် “ပို​လွတ်လပ်​ပြီး တိုးတက်​စည်ပင်​သော ရွှေရောင်လွှမ်း​သည့်​အနာဂတ်​ဖြစ်​မည်​ဟု ယုံကြည်ခဲ့​ကြသည်” ဟု​ဒါ ရှ​ပီ​ဂဲ​လ်​ဂျာမန်​သတင်း​မဂ္ဂဇင်းက ဆို​သည်။ သို့သော် အရာ​ရာ​ပြောင်းလဲ​ခဲ့​သည်။ “၁၉၁၄၊ ဩဂုတ်​လ​တွင်​စတင်​ခဲ့​၍ ၁၉၁၈၊ နိုဝင်ဘာ​လ​တွင်​ပြီးဆုံး​ခဲ့​သော စစ်သည် ထိတ်လန့်ဖွယ် အဖြစ်ဆိုး​ကြီး​ဖြစ်သည်။ ယင်းသည် သမိုင်း​တွင်​စေသော အပြောင်းအလဲ​တစ်ရပ်​ဖြစ်​ပြီး စစ်​မတိုင်မီ​နှင့် ယင်း​နောက်ပိုင်း​အချိန်ကို ခွဲခြား​ပေး​လိုက်​သည်” ဟု ဂျီ​အီး​အို​မဂ္ဂဇင်း​တွင် ဖော်ပြ​သည်။ တိုက်ကြီး​ငါး​တိုက်​မှ စစ်သား​သန်း ၆၀ ကျော်​သည် ကြောက်မက်​ဖွယ်​ကောင်းသော တိုက်ခိုက်မှု​တွင် ပါဝင်​ခဲ့​ကြသည်။ ပျမ်းမျှ​အားဖြင့် နေ့စဉ် စစ်သား ၆,၀၀၀ နီးပါး​သေဆုံး​ခဲ့​ရသည်။ ထို​အချိန်​မှ​စ၍ မျိုးဆက်​တစ်ဆက်​စီ​မှ သမိုင်း​ပညာရှင်​များနှင့် နိုင်ငံရေး​အယူဝါဒ​များ​က “၁၉၁၄ မှ ၁၉၁၈ ခုနှစ်​သည် သမိုင်း​တွင်​စေသည့် အချိန်ကာလ​ဖြစ်​ကြောင်း” ယူမှတ်ခဲ့​ကြသည်။

ပထမ​ကမ္ဘာ​စစ်​က လူ့​ဘောင်​ကို အပြောင်း​လဲ​ကြီး​ပြောင်းလဲ​စေပြီး လူသားတို့အား အစီအစဉ်​စနစ်​၏​နောက်ဆုံး​ကာလ​သို့ တွန်းပို့​လိုက်​သည်။ ထို​ရာစုနှစ်​၏​ကျန်ရှိ​သော​နှစ်များ​တွင် စစ်ပွဲ​များ၊ လက်နက်​ပြိုင်ဆိုင်မှု​များ၊ အကြမ်းဖက်မှု​များ ပို​တိုးများ​လာ​သည်။ လက်ရှိ​ရာစု​၏​အစောပိုင်း​နှစ်များ​တွင် အခြေအနေ​တိုးတက်​ကောင်းမွန်​လာ​ခြင်း မရှိပါ။ စစ်​အပြင် နိမိတ်​လက္ခဏာ​ထဲ​တွင်​ပါဝင်သော အခြား​အသွင်အပြင်​များ​ကိုလည်း တွေ့မြင်​ကြ​ရသည်။။

ငတ်မွတ်​ဘေး၊ ရောဂါ​ဘေး​နှင့် မြေငလျင်​များ

“အရပ်ရပ်​တို့​၌ အစာ​ခေါင်းပါး​ခြင်း။” (မဿဲ ၂၄:၇) ပထမ​ကမ္ဘာ​စစ်​အတွင်း ဥရောပ​တွင် အငတ်ဘေး​ဆိုက်​ခဲ့​ပြီး ထို​အချိန်​မှ​စ၍ အစာ​ခေါင်းပါး​မှု​သည် လူသား​တို့​အပေါ် ဘေးသင့်​စေ​ခဲ့​သည်။ ၁၉၃၃ ခုနှစ်​က ရုရှား​နှင့်​ယူကရိန်း​ရှိ “တော​နယ်​များ​တွင် ငတ်ပြတ်​နေ​သူများ လှည့်လည်​ရှာဖွေ​နေကြ​ပြီး . . . လမ်းဘေး​ဝဲ​ယာ​တွင် အလောင်း​များ စုပုံ​နေသည်” ဟု​သမိုင်း​ပညာရှင် အေ​လဲ​န်ဘူ​လက်​က ရေးခဲ့​သည်။ ၁၉၄၃ ခုနှစ်​က စာနယ်ဇင်း​သ​မား​တစ်ဦး​လည်း တရုတ်​ပြည်၊ ဟူ​န​န်​ဒေသ​တွင် အစာ​ခေါင်းပါး​ခြင်း​ကို ကိုယ်တိုင်​တွေ့မြင်​ခဲ့​သည်။ “ငတ်ပြတ်​နေ​တော့ အရာအားလုံး​နီးပါး​ဟာ စား​နိုင်တယ်၊ ဝါး​နိုင်တယ်၊ မျို​နိုင်တယ်၊ ခွန်အား​ဖြစ်စေ​နိုင်တယ်​လို့ ထင်​ရတယ်။ သေ​ရမှာ​ကြောက်​တဲ့​စိတ်​ကြောင့် စား​လို့​ရတာတွေ​ရော၊ မရတာ​တွေ​ရော အားလုံး​ကို စားချင်စိတ်​ပေါက်​စေတယ်” ဟု​သူ​ရေးခဲ့​သည်။ ဝမ်းနည်းဖွယ်​မှာ လွန်ခဲ့သော​ဆယ်စုနှစ်​များ​အတွင်း အာဖရိကတွင် ငတ်မွတ်​ဘေးမှာ အဆန်း​မဟုတ်​တော့​ချေ။ ကမ္ဘာကြီး​သည် လူတိုင်း​အတွက် အစာ​အလုံအလောက်​ထုတ်ပေး​နေ​သော်လည်း ကမ္ဘာ​တစ်ဝန်း​ရှိ လူ​သန်းပေါင်း ၈၄၀ သည် စားစရာ​ချို့တဲ့​နေကြ​သည်​ဟု ယူအဲန်​စား​နပ်​ရိက္ခာ​နှင့် စိုက်ပျိုးရေး​အဖွဲ့က ခန့်မှန်း​သည်။

“ကာလ​နာ​များပြားခြင်း။” (လုကာ ၂၁:၁၁) “၁၉၁၈ ခုနှစ်​တွင် စပိန်​တုပ်ကွေး​ကြောင့် လူ​သန်းပေါင်း ၂၀ မှ ၅၀ ကြား​သေဆုံး​ခဲ့​ရပြီး ပ​လိပ်​ရောဂါ​ကြောင့် သို့​မဟုတ် ပထမ​ကမ္ဘာ​စစ်​ကြောင့် သေဆုံး​သူများ​ထက် အရေအတွက်​ပို​များသည်” ဟု ဇူ့ဒ်ဒွယ်​ချက် ဇိုင်တွန်​သတင်းစာ​တွင် ဖော်ပြ​သည်။ ထို​အချိန်​မှ​စ၍ သန်းနှင့်ချီ​သော​လူတို့သည် ငှက်ဖျား၊ ကျောက်​ကြီး၊ တီဘီ၊ ပိုလီယို​နှင့် ကာလ​ဝမ်း​အစ​ရှိသည့် ရောဂါ​များ​ခံစား​ခဲ့​ရသည်။ ကမ္ဘာကြီး​တွင် အေ့ဒ်စ်​ရောဂါ အဟန့်အတား​မရှိ ကူးစက်​ပျံ့နှံ့​နေသော​ကြောင့် ထိတ်လန့်​တုန်လှုပ်​စ​ရာ​ပင်။ အံ့ဖွယ်ကောင်း​လောက်​အောင် ဆေးပညာ​တိုးတက်​နေသည့်​ကြား​မှ ဆေး​မ​တိုး​သော​ရောဂါ​များ ဆက်​ရှိ​နေသည်​ကို ကျွန်ုပ်​တို့​တွေး​ရ​ခက်​နေကြ​သည်။ ယခု​အချိန်တိုင် လူ​တို့​မသိ​ရှိသေး​သည့် အဆိုပါ​ရှေ့နောက်​မညီသော​အခြေအနေ​များ​က ကျွန်ုပ်​တို့သည် ထူးခြားသော​ခေတ်​ကာလ​တွင် အသက်ရှင်နေ​ရ​ကြ​ကြောင်း သိသာ​ထင်ရှား​သည်။

“မြေကြီး​လှုပ်ခြင်း။” (မဿဲ ၂၄:၇) လွန်ခဲ့သော​အနှစ် ၁၀၀ အတွင်း ငလျင်ဒဏ်​ကြောင့် လူပေါင်း​သိန်း​နှင့်​ချီ သေဆုံး​ခဲ့​ရသည်။ သတင်း​ရင်းမြစ်​တစ်ခု​အရ အဆောက်အအုံ​များ​ကို ပျက်စီး​စေ​ကာ မြေကြီး​ကွဲအက်​စေနိုင်​သော ငလျင်​သည် ၁၉၁၄ ခုနှစ်​မှ​စ၍ တစ်နှစ်​လျှင် ၁၈ ကြိမ် လှုပ်​ခဲ့​သည်။ အဆောက်အအုံ​များ​ကို ပြားပြားဝပ်​သွား​စေသည့်​အထိ အင်အား​ပြင်းထန်သော ငလျင်​သည် တစ်နှစ်​လျှင် တစ်ကြိမ်​လှုပ်​နေသည်။ နည်း​ပညာ​တိုးတက်မှု​များ​ရှိသော်လည်း လူဦးရေ တ​ရိပ်​ရိပ်​တိုးများ​လာသော မြို့ကြီး​များသည် ငလျင်​ကြော​ပေါ်​တွင် တည်ရှိ​နေသော​ကြောင့် သေဆုံးမှု​နှုန်း​မှာ လျော့​မသွား​ပေ။

ဝမ်းမြောက်​ဖွယ်​သတင်း

နောက်ဆုံး​ကာလ​၏ နိမိတ်​လက္ခဏာ​ထဲ​မှ အသွင်​အများစု​သည် စိတ်ပျက်ဖွယ်​ပင်။ သို့သော် ဝမ်းမြောက်​ဖွယ်​သတင်း​တစ်ခု​ကိုလည်း ယေရှု​မိန့်ဆို​တော်​မူ​ခဲ့​သည်။

‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။’ (မဿဲ ၂၄:၁၄) ယေရှု​ကိုယ်တိုင် အစပြု​လုပ်ဆောင်ခဲ့​သော ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​သည် နောက်ဆုံး​ကာလ​တွင် အထွတ်အထိပ်​ရောက်​ပါ​လိမ့်​မည်။ ယင်းသည် အမှန်​ဖြစ်ပျက်​နေပါ​သည်။ ယေဟောဝါသက်သေ​များသည် ကျမ်းစာ​သတင်းတရား​အကြောင်း ဟောပြောကြ​ပြီး သင်ယူခဲ့ရာ​များ​ကို နေ့စဉ်​အသက်တာတွင် ကျင့်သုံး​ရန် တလိုတလား​ရှိသူ​များ​ကို သွန်သင်ပေး​နေကြ​သည်။ ယခု နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် သက်သေခံ ၆ သန်း​ကျော်​သည် ဘာသာ​စကား​ပေါင်း ၄၀၀ ကျော်​ဖြင့် ဟောပြောနေကြ​သည်။

ရတက်မအေး​စ​ရာ ကမ္ဘာ့​အခြေအနေ​သည် ယင်း​အတိုင်း​ဆက်​ရှိသွား​မည်​ဟု ယေရှု​မ​မိန့်ဆိုခဲ့​ပါ။ နိမိတ်​လက္ခဏာ​အသွင်​တစ်မျိုးတည်း​ကို​သာ တစ်ကမ္ဘာ​လုံး ကြုံတွေ့​ရမည်ဟု​လည်း မဆို​ထား​ပါ။ ကမ္ဘာ​ပေါ်​ရှိ မည်သည့်​နေရာ​မှ​မဆို အထင်အရှား​တွေ့မြင်​ရမည့် ဖြစ်ရပ်​များစွာ စုပေါင်း​ပါဝင်သော နိမိတ်​လက္ခဏာ​တစ်ခု​အကြောင်း ကိုယ်တော်​ကြို​ဟောခဲ့​သည်။

အဖြစ်အပျက်​တစ်ခု သို့​မဟုတ် သီးခြား​ဖြစ်ရပ်​တစ်ခုမျှသာ​မဟုတ်ဘဲ ကမ္ဘာချီ အထင်အရှား​တွေ့မြင်​ရသည့် ပေါင်းစပ်​နိမိတ်​လက္ခဏာ​တစ်ရပ်​ကို သင်​တွေ့မြင်​ပါသလော။ ဖြစ်ပျက်​နေသည့်​အရာများ​က သင်​နှင့်​သင့်​မိသားစု​အပေါ် အကျိုး​သက်ရောက်မှု ရှိပါ​သလော။ ဒါပေမဲ့ ဒါကို​သတိပြုမိ​တဲ့​သူ ဘာကြောင့် ဒီလောက်​နည်း​ရတာလဲ​ဟု သင်​မေး​ပေမည်။

မိမိ​အရေး​သာ ဦးစားပေး​ကြ

“ရေ​မ​ကူး​ရ၊” “ဗို့အား​များသည်၊” “ဖြည်းဖြည်း​မောင်း။” ယင်း​တို့သည် သင်​တွေ့မြင်​နေရ​သည့် သတိပေး​ဆိုင်းဘုတ်​များ​ဖြစ်သော်လည်း ယင်း​တို့ကို လူ​တို့ လျစ်လျူရှု​လေ့​ရှိကြသည်။ အဘယ်ကြောင့်​နည်း။ ကျွန်ုပ်​တို့သည် ကောင်း​သည်​ဟု မိမိ​ယူမှတ်​ရာ​ဘက်​သို့ စိတ်​တိမ်း​ညွှတ်​တတ်ကြ​သောကြောင့်​ဖြစ်သည်။ ဥပမာ၊ ကျွန်ုပ်​တို့သည် ဥပဒေက​ခွင့်ပြု​ထား​သည့်​နှုန်း​ထက် ကား​ကို ပို​၍​မြန်မြန်​မောင်း​ဖို့​လိုအပ်​နေသည်​ဟု ယူမှတ်​ပေမည် သို့​မဟုတ် တားမြစ်​ထား​သည့်​နေရာတွင် ရေကူး​လို​စိတ် ပြင်းပြ​နေ​ပေမည်။ သို့သော် သတိပေး​ချက်​များ​ကို လျစ်လျူရှု​ခြင်း​က ပညာ​မဲ့​ရာ​ရောက်​သည်။

ဥပမာ​အနေ​နှင့် ဩစတြီးယား၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇလန်​နိုင်ငံ​ရှိ အယ်လ်ပိုင်း​တောင်တန်း​တွင် ဆီးနှင်း​ပြိုကျ​၍ သေဆုံး​ရသည့် ကမ္ဘာ​လှည့်​ခရီးသည်​များသည် သတ်မှတ်​ထားသော​နေရာ၌​သာ ရေခဲပြင်​လျော​စီး​ရန် သတိပေး​ချက်​များ​ကို လျစ်လျူရှု​၍​ဖြစ်သည်ဟု ဆို​ကြသည်။ ဇူ့ဒ်ဒွယ်​ချက် ဇိုင်တွန်​အရ အဆိုပါ​သတိပေး​ချက်​များ​ကို နားမထောင်​သော ကမ္ဘာ​လှည့်​ခရီးသည်​များစွာ​သည် မစွန့်စား​ရ​လျှင် ပျော်စရာ​မကောင်း​ဟူသော ဆိုရိုး​အတိုင်း နေထိုင်ကြ​သူများ​ဖြစ်သည်။ ဝမ်းနည်းစရာမှာ သတိပေး​ချက်​များ​ကို လျစ်လျူရှု​သူများ​သည် ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​ကြုံ​ရနိုင်​သည်။

ယေရှု​မိန့်ဆိုခဲ့​သော နိမိတ်​လက္ခဏာကို လူ​တို့​အလေး​မထား​ရသည့် အကြောင်းရင်း​များ​ကား အဘယ်နည်း။ သူတို့သည် ဥစ္စာ​စည်းစိမ်​လိုက်စား​လွန်း​ခြင်း၊ လျစ်လျူရှု​တတ်သော​စိတ်​ရှိ​ခြင်း၊ နေ့စဉ်​လုပ်ရိုးလုပ်စဉ်​များနှင့်​လုံးပန်း​နေခြင်း၊ ဂုဏ်​သိက္ခာ​ကျဆင်း​မည်​ကို ကြောက်ရွံ့​ခြင်း​တို့​ကြောင့် ဖြစ်​ပေမည်။ ယင်း​တို့​ထဲ​မှ​တစ်ခုခု​က သင့်​အား ယေရှု​ရောက်ရှိ​နေခြင်း​၏​နိမိတ်​လက္ခဏာကို လျစ်လျူရှု​စေ​သလော။ ယင်း​နိမိတ်​လက္ခဏာကို သတိပြု​ကာ ယင်း​နှင့်​အညီ​လုပ်ဆောင်ခြင်း​သည် ပညာရှိရာ​ရောက်​သည် မဟုတ်လော။

မြေကြီး​ပရဒိသု​တွင် အသက်တာ

ယေရှု​ရောက်ရှိ​နေခြင်း နိမိတ်​လက္ခဏာကို သတိပြု​သူ အရေအတွက်​တိုးများ​လာ​နေသည်။ ဂျာမနီ​မှ အိမ်ထောင်သည်​လူငယ် ခရစ်တီးယန်း​က ဤသို့​ဆို​သည်– “စိတ်ပျက်​စ​ရာ​အချိန်​ပဲ။ ‘နောက်ဆုံး​ကာလ’ မှာ အသက်ရှင်နေ​ရတယ်ဆိုတာ သံသယ​ဖြစ်စရာ မရှိဘူး။” သူတို့​ဇနီး​မောင်နှံ​သည် မေရှိယနိုင်ငံတော်​အကြောင်း အခြားသူများ​အား ပြောပြ​ရာ​တွင် အချိန်​များစွာ​အသုံးပြု​ကြသည်။ ဖရန့်ခ်​လည်း ဂျာမနီ​တွင်​ပင် နေထိုင်​သည်။ သူတို့​ဇနီး​မောင်နှံ​သည် ကျမ်းစာ​ထဲ​မှ သတင်းကောင်း​ဖြင့် အခြား​သူတို့ကို အားပေး​ကြသည်။ “ကမ္ဘာ့​အခြေအနေ​ကြောင့် လူတွေဟာ အနာဂတ်​ကို စိုးရိမ်​နေကြ​တယ်။ ကျမ်းစာ​က​ပရောဖက်ပြု​ထား​တဲ့ မြေကြီး​ပရဒိသု​အကြောင်း​ပြောပြ​ပြီး သူတို့ကို အားပေးခဲ့တယ်” ဟု ဖရန့်ခ်​က​ပြော​သည်။ ထို​နည်းဖြင့် ခရစ်တီးယန်း​နှင့် ဖရန့်ခ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​ဟူ​သည့် ယေရှု​ဖော်ပြ​ခဲ့​သော နိမိတ်​လက္ခဏာ​ထဲ​မှ အသွင်​တစ်ရပ်​ပြည့်စုံ​စေ​ရေး​တွင် ပါဝင်​ကူညီ​နေကြ​သည်။—မဿဲ ၂၄:၁၄

နောက်ဆုံး​ကာလ အဆုံးတိုင်​သော​သောအခါ ယေရှုသည် စနစ်ဟောင်း​နှင့် ယင်းကို​ထောက်ခံသူ​တို့အား ဖယ်ရှား​တော်​မူ​မည်။ ထို့နောက် မေရှိယနိုင်ငံတော်​သည် ကမ္ဘာ​ကို​အုပ်စိုး​၍ ကြိုဟော​ထားသော ပရဒိသု​အခြေအနေ​ဖြစ်​လာအောင် ဆောင်ကြဉ်း​ပေး​မည်။ လူသား​တို့သည် အဖျား​အနာ၊ သေခြင်းနှင့်​ကင်း​မည်​ဖြစ်​ကာ သေလွန်သူ​များသည် ကမ္ဘာ​ပေါ် အသက်ပြန်ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ ယင်း​တို့သည် အချိန်ကာလ​၏ နိမိတ်​လက္ခဏာ​အကြောင်း သိ​နားလည်​သူတို့အား စောင့်ကြို​နေသော ဝမ်းမြောက်​ဖွယ်​အလားအလာ​ဖြစ်သည်။ ယင်း​နိမိတ်​လက္ခဏာ​အကြောင်း​နှင့် ဤ​စနစ်​ဆုံးခန်း​ကို ကပ်ကျော်​ရန် လူတစ်ဦး အဘယ်အရာ​လုပ်ဆောင်​ရမည်ကို လေ့လာခြင်း​က ပညာရှိရာ​ရောက်​သည် မဟုတ်လော။ ယင်းသည် လူတိုင်း အရေးတကြီး​လုပ်ဆောင်​ရမည့်​အရာ ဖြစ်သည်​မှာ သေချာ​သည်။—ယောဟန် ၁၇:၃

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

ကမ္ဘာ​ပေါ်​ရှိ မည်သည့် နေရာ​မှ​မဆို အထင်အရှား​တွေ့မြင်​ရမည့် ဖြစ်ရပ်​များစွာ စုပေါင်း​ပါဝင်သော နိမိတ်​လက္ခဏာ​တစ်ခု​အကြောင်း ယေရှု​ကြို​ဟောခဲ့​သည်

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

ကမ္ဘာချီ အထင်အရှား​တွေ့ မြင်ရ​သည့် ပေါင်းစပ်​နိမိတ်​လက္ခဏာ​တစ်ရပ်​ကို သင်​တွေ့မြင်​ပါသလော

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]

နောက်ဆုံး​ကာလ​ကို ခွဲခြား​ဖော်ပြ​သည့်​အမှတ်အသား​များ

မကြုံစဖူး​သော​စစ်မက်။—မဿဲ ၂၄:၇; ဗျာ. ၆:၄

ငတ်မွတ်​ဘေး။—မဿဲ ၂၄:၇; ဗျာ. ၆:၅၊ ၆၊

ရောဂါ။—လုကာ ၂၁:၁၁; ဗျာ. ၆:၈

မတရားမှု​တိုးပွားခြင်း။—မဿဲ ၂၄:၁၂

မြေငလျင်​လှုပ်ခြင်း။—မဿဲ ၂၄:၇

ကိုင်တွယ်​ဖြေရှင်းရန်​မလွယ်​သည့် ခဲယဉ်း​ကျပ်တည်း​သော​ကာလ။—၂ တိမောသေ ၃:၁

ငွေ​ကို အငမ်းမရ​တပ်မက်​ခြင်း။—၂ တိမောသေ ၃:၂

မိဘ​စကား​ကို​နားမထောင်ခြင်း။—၂ တိမောသေ ၃:၂

ပကတိ​ကြင်နာ​စုံမက်မှု​ကင်း​ခြင်း။—၂ တိမောသေ ၃:၃

ဘုရားသခင်​ကို​နှစ်သက်​သည်ထက် အပျော်အပါး​ကို သာ၍​နှစ်သက်ခြင်း။—၂ တိမောသေ ၃:၄

ကိုယ်ကို​မချုပ်တည်း​ခြင်း။—၂ တိမောသေ ၃:၃

မကောင်းမှုကို​နှစ်သက်ခြင်း။—၂ တိမောသေ ၃:၃

ကျရောက်​ဆဲ​အန္တရာယ်ကို အရေးမစိုက်​ခြင်း။—မဿဲ ၂၄:၃၉

ပြက်ရယ်ပြု​သူတို့က နောက်ဆုံး​ကာလ​ဆိုင်ရာ သက်သေ​အထောက်အထား​ကို ငြင်းပယ်​ခြင်း။—၂ ပေတရု ၃:၃၊ ၄

ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကမ္ဘာချီ​ဟောပြောခြင်း။—မဿဲ ၂၄:၁၄

[Picture Credit Lines on page 5]

ပထမ​ကမ္ဘာ​စစ်​မှ​စစ်သား​များ– From the book The World War—A Pictorial History, 1919; နွမ်းပါး​သော​မိသားစု– AP Photo/Aijaz Rahi; ပိုလီယို​ရောဂါ​သည်– © WHO/P. Virot