မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိမိတ်လက္ခဏာများကို သိနားလည်ခြင်းက အရေးကြီးကိစ္စဖြစ်

နိမိတ်လက္ခဏာများကို သိနားလည်ခြင်းက အရေးကြီးကိစ္စဖြစ်

နိမိတ်​လက္ခဏာများ​ကို သိ​နားလည်ခြင်းက အရေးကြီး​ကိစ္စ​ဖြစ်

“အစကတော့ ကျွန်မ​ရဲ့​သား အန်​ဒ​ရီး​ရပ်​စ်​ဟာ ရိုးရိုး​ခေါင်းကိုက်​ရုံ​ပဲ​လို့ ထင်​ခဲ့​တာ။ ဒါပေမဲ့ သူ​ခံတွင်း​ပျက်​ပြီး အဖျားကြီး​လာတယ်။ ခေါင်းကိုက်​တာ ပို​ဆိုး​လာတော့​မှ ကျွန်မ​စိုးရိမ်​သွားတယ်။ ကျွန်မ​ခင်ပွန်း အိမ်​ပြန်​ရောက်တော့ အင်​ဒ​ရီး​ရပ်​စ်​ကို ဆရာဝန်​ဆီ​ခေါ်သွား​ကြတယ်။ ဆရာဝန်​က ဆေးစစ်​ပြီး​တာ​နဲ့ ချက်ချင်း​ဆေးရုံတင်​လိုက်တယ်။ ရောဂါ​က ခေါင်းကိုက်​ရုံ​လောက်​ပဲ​မဟုတ်ဘူး၊ ဦးနှောက်​အမြှေး​ပါး​ရော​င်​နေတယ်။ သားလေး​ကို ဆေးကု​ပြီး မကြာခင် ပြန်​ကျန်းမာ​လာတယ်။”—ဂါ​ထ​ရွတ်၊ ဂျာမနီ​မှ​မိခင်​တစ်ဦး။

မိဘများ​စွာ​လည်း ဂါ​ထ​ရွတ်​ကဲ့သို့ တွေ့ကြုံ​ဖူး​ကြ​ပေမည်။ မိဘတို့​သည် ကလေး​နေမကောင်း​ဖြစ်​နေကြောင်း​ဖော်ပြ​သည့် ရောဂါ​လက္ခဏာများ​ကို အကဲခတ်​တတ်ကြ​သည်။ အဖျားရောဂါ​တိုင်း အသည်းအသန်​မဖြစ်​သော်လည်း ကလေး​များ​၏ ရောဂါ​လက္ခဏာများ​ကို မိဘတို့ လျစ်လျူရှု​၍​မဖြစ်​ပါ။ ရောဂါ​လက္ခဏာကို အကဲခတ်​ခြင်း​နှင့် သင့်တော်​သလို​လုပ်ဆောင်ခြင်း​တို့​က အခြေအနေ​ကို အတော်လေး​ထူးခြား​စေ​ပေမည်။ ယင်းသည် အရေးကြီးသော​ကိစ္စ​ဖြစ်သည်။

ကျန်းမာ​ရေး​အပြင် အခြား​အရေးကိစ္စ​များ​တွင်​လည်း ထပ်တူ​ဖြစ်၏။ ဥပမာ​ပြ​ရ​လျှင် ၂၀၀၄၊ ဒီဇင်ဘာ​လ​က အိန္ဒိယ​သမုဒ္ဒရာ​တွင်​ဖြစ်​ခဲ့​သော စူ​နာ​မီ​ကပ်ဘေး​ကြီး​ဖြစ်သည်။ ဩစတြေးလျ၊ ဟာဝိုင်ယီ​စ​သော​နိုင်ငံ​တို့​မှ အေဂျင်စီ​များ​က စူ​မတ်​တြား​မြောက်ပိုင်း​တွင် အင်အား​ပြင်းထန်သော ငလျင်​လှုပ်​သည်ကို တွေ့ရှိ​ခဲ့​ကြ​ပြီး ဖြစ်လာ​နိုင်သော အန္တရာယ်​အကျိုးဆက်များ​ကို ကြိုသိ​မြင်ခဲ့​ကြသည်။ သို့သော် အန္တရာယ်​ရှိနေ​သော​ဒေသ​မှ လူ​တို့အတွက် သတိပေး​ချက်​ထုတ်လွှင့်​ပေး​နိုင်​သည့် မည်သည့်​ဆက်သွယ်ရေး​နည်း​စနစ်​မျှ မရှိ​ချေ။ အကျိုးဆက်​အနေ​နှင့် လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံး​ခဲ့​ရသည်။

ပို​အရေးပါသည့် နိမိတ်​လက္ခဏာများ

ယေရှု​ခရစ် ကမ္ဘာ​ပေါ်​ရှိခဲ့​စဉ်​က ကိုယ်တော်​၏​မိန့်တော်မူချက်​ကို နားထောင်​နေသူတို့​အား နိမိတ်​လက္ခဏာများ​ကို အကဲခတ်​ခြင်း​နှင့် ယင်း​နှင့်​အညီ​လုပ်ဆောင်ခြင်း​အကြောင်း သင်ခန်းစာ​တစ်ခု​ပေး​ခဲ့​သည်။ ပို​အရေးပါသော​အကြောင်းအရာ​နှင့်​ပတ်သက်​၍ ကိုယ်တော်​မိန့်ဆိုခဲ့​ခြင်း​ဖြစ်သည်။ ကျမ်းစာ​က ဤသို့​ဆို​သည်– ‘ထို​အခါ ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့သည် ကိုယ်တော်​ကို စုံစမ်း​နှောင့်ယှက်ခြင်း​ငှာ ချဉ်းကပ်​၍ မိုးကောင်းကင်​က​ဖြစ်သော နိမိတ်​လက္ခဏာကို ပြတော်မူ​မည်​အကြောင်း တောင်းပန်​ကြ​၏။ ကိုယ်တော်​က​လည်း “သင်တို့သည် ည​ဉ့်​ဦး​ယံ​၌​ပြောဆို​တတ်​သည်​ကား ‘ယခု မိုးတိမ်​နီ​သည်​ဖြစ်၍ မိုး​ကြည်လင်​လိမ့်​မည်’ ဟု​ဆို​တတ်ကြ​၏။ နံနက်​ယံ​၌​ကား ‘ယခု​မိုးအုံ့​လျက်​ရှိ၏။ နီ​မောင်း​သော​အဆင်း​လည်း​ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း​လာ​လိမ့်​မည်’ ဟု​ဆို​တတ်ကြ​၏။ လျှို့ဝှက်​သော​သူတို့၊ သင်တို့သည် မိုးကောင်းကင်​၏​မျက်နှာကို​ပိုင်းခြား​၍ သိနိုင်​ကြ​၏။ အချိန်ကာလ​၏​နိမိတ်​လက္ခဏာ​တို့ကို ပိုင်းခြား​၍​မသိနိုင်​ကြ။”’—မဿဲ ၁၆:၁-၃

‘အချိန်ကာလ​၏​နိမိတ်​လက္ခဏာ’ အကြောင်း ယေရှု​မိန့်ဆို​ရာ​တွင် ကိုယ်တော်​၏​မိန့်တော်မူချက်​ကို နားထောင်​နေ​သူ ပထမ​ရာစု​ရှိ​ဂျူး​များ​အား ၎င်း​တို့​အသက်ရှင်​နေထိုင်​သော​အချိန်​၏ အရေးကြီးမှုကို သတိမူ​ကြ​ရန် ကိုယ်တော် ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ဂျူး​အစီအစဉ်​စနစ်​သည် ဘေးဆိုးကြီး​နှင့် ကြုံတွေ့​ရတော့မည်​ဖြစ်သည်၊ ယင်း​ဘေးဆိုး​သည် ဂျူး​အားလုံး​အပေါ် အကျိုး​သက်ရောက်​ပေ​လိမ့်​မည်။ ယေရှု​မ​ကွယ်လွန်​မီ ရက်​အနည်းငယ်​တွင် တပည့်​များ​အား နောက်ထပ်​လက္ခဏာ​တစ်ခု​ဖြစ်သော မိမိ​ရောက်ရှိ​နေခြင်း​နိမိတ်​လက္ခဏာ​အကြောင်း မိန့်ဆိုခဲ့သည်။ ထို​အချိန်​က ကိုယ်တော်​မိန့်ဆိုခဲ့​ရာ​တို့သည် ယနေ့​လူတိုင်း​အတွက် အလွန်​အရေးကြီး​သည်။