၁ သက်သာလောနိတ် ၅:၁-၂၈
၅ ညီအစ်ကိုတို့၊ သတ်မှတ်ထားတဲ့ အချိန်တွေ၊ ကာလတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဆီ ရေးစရာအကြောင်း ဘာမှမရှိပါဘူး။
၂ ဘာလို့လဲဆိုတော့ ယေဟောဝါရဲ့* နေ့ဟာ+ ညအချိန်မှာ သူခိုးလာသလို လာလိမ့်မယ်ဆိုတာ+ ခင်ဗျားတို့ ကောင်းကောင်း သိထားပြီးသားပဲ။
၃ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ လူတွေပြောနေချိန်မှာပဲ ကိုယ်ဝန်ဆောင်မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။+ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာ မဟုတ်ဘူး။
၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ သူခိုးတွေလို အမှောင်ထဲမှာ ရှိနေတာမဟုတ်တော့ အဲဒီနေ့ ရုတ်တရက်လာတဲ့အခါ အငိုက်မိမှာ မဟုတ်ဘူး။
၅ အလင်းရဲ့သားတွေ၊ နေ့အချိန်ရဲ့သားတွေ+ ဖြစ်နေကြလို့ပဲ။ ကျွန်တော်တို့ဟာ ညအချိန်နဲ့ရော အမှောင်နဲ့ပါ မအပ်စပ်ဘူး။+
၆ ဒါကြောင့် တခြားသူတွေလို အိပ်မနေဘဲ+ နိုးနိုးကြားကြားနဲ့+ သတိရှိနေကြစို့။+
၇ အိပ်တဲ့သူတွေက ညအချိန်မှာ အိပ်တတ်တယ်။ မူးယစ်တဲ့သူတွေကလည်း ညအချိန်မှာ မူးယစ်တတ်တယ်။+
၈ နေ့အချိန်ရဲ့ သားတွေဖြစ်တဲ့ ကျွန်တော်တို့ကတော့ သတိရှိနေကြစို့။ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို ရင်အုပ်တန်ဆာလို ဝတ်ဆင်ထားကြစို့။ ကယ်တင်ခြင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို သံခမောက်လို ဆောင်းထားကြစို့။+
၉ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်တော်တို့ကို အမျက်တော်သင့်စေဖို့ မဟုတ်ဘဲ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းရစေဖို့ ရွေးချယ်ထားပြီ။+
၁၀ ကျွန်တော်တို့အတွက် သခင်အသေခံခဲ့တာဟာ+ ကျွန်တော်တို့ နိုးနေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ* သူနဲ့အတူ ရှိနေနိုင်ဖို့ပဲ။+
၁၁ ဒါကြောင့် အခုလိုပဲ အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ။+
၁၂ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဆီမှာရှိတဲ့ အလုပ်ကြိုးစားသူတွေ၊ သခင်ရဲ့ အမှုဆောင်လုပ်ငန်းကို ဦးစီးနေသူတွေ၊ အကြံပေးဆုံးမနေသူတွေကို လေးစားကြဖို့ မေတ္တာရပ်ခံပါတယ်။
၁၃ သူတို့ရဲ့အလုပ်ကို ထောက်ပြီး မေတ္တာစိတ်နဲ့ အထူးရိုသေလေးစားကြဖို့+ မေတ္တာရပ်ခံပါတယ်။ အချင်းချင်း သင့်သင့်မြတ်မြတ် ရှိကြပါ။+
၁၄ ညီအစ်ကိုတို့၊ စည်းစနစ်မရှိသူတွေကို သတိပေးဖို့၊+ စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့၊ အားနည်းသူတွေကို ထောက်မပေးဖို့၊ လူတိုင်းကို စိတ်ရှည်ဖို့+ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။
၁၅ အဆိုးကို အဆိုးနဲ့ မတုံ့ပြန်မိဖို့+ သတိထားကြပါ။ အချင်းချင်းကိုဖြစ်စေ၊ တခြားသူတွေကိုဖြစ်စေ ကောင်းမှုပြုဖို့ အမြဲကြိုးစားကြပါ။+
၁၆ အမြဲ ဝမ်းမြောက်နေကြပါ။+
၁၇ အမြဲမပြတ် ဆုတောင်းနေကြပါ။+
၁၈ အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ။+ ခရစ်တော်ယေရှုရဲ့ နောက်လိုက်တွေဖြစ်တဲ့ ခင်ဗျားတို့ကို ဘုရားသခင် လုပ်စေချင်တာ အဲဒါပါပဲ။
၁၉ စွမ်းအားတော်မီးကို မငြိမ်းစေနဲ့။+
၂၀ ပရောဖက်ပြုချက်တွေကို မထီမဲ့မြင် မလုပ်ပါနဲ့။+
၂၁ အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။+ ပြီးတဲ့နောက် ကောင်းမွန်ရာကို စွဲကိုင်ထားပါ။
၂၂ မကောင်းမှု အမျိုးမျိုးကို ရှောင်ကြပါ။+
၂၃ ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်က ခင်ဗျားတို့ကို မိမိရဲ့လုပ်ငန်းအတွက် သီးသန့်ဖယ်ထားပါစေ။ သခင်ယေရှုခရစ် ရောက်ရှိနေချိန်အတွင်းမှာ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်သာမက အသက်ရော ခန္ဓာပါမကျန် အရာရာတိုင်းမှာ အပြစ်တင်စရာ လုံးဝမရှိအောင် စောင့်ထိန်းနိုင်ကြပါစေ။+
၂၄ ခင်ဗျားတို့ကို ရွေးချယ်တဲ့အရှင်ဟာ သစ္စာရှိတဲ့အတွက် အဲဒီအတိုင်း လုပ်ဆောင်ပေးလိမ့်မယ်။
၂၅ ညီအစ်ကိုတို့၊ ကျွန်တော်တို့အတွက် အမြဲ ဆုတောင်းပေးကြပါ။+
၂၆ အချင်းချင်းကို သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။
၂၇ ဒီစာကို ညီအစ်ကိုအားလုံး ဆီ ဖတ်ပြဖို့+ သခင်ရဲ့နာမည်ကိုအမှီပြုပြီး ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။
၂၈ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခင်ဗျားတို့ ခံစားရပါစေ။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ ဒါမှမဟုတ်၊ “သေခြင်းမှာ အိပ်ပျော်နေသည်ဖြစ်စေ။”