၁ ရာဇဝင်ချုပ် ၂၈:၁-၂၁

  • ဗိမာန်​တော် တည်​ဆောက်​ခြင်း​နဲ့​ပတ်​သက်​ပြီး ဒါဝိဒ် မိန့်​ခွန်း​ပြော (၁-၈)

  • ရှော​လ​မုန်​အတွက် ညွှန်​ကြား​ချက်​တွေ၊ ဗိ​သု​ကာ​ပုံစံကို ပေး (၉-၂၁)

၂၈  ဒါဝိဒ်​က မျိုး​နွယ်​စု​ခေါင်း​ဆောင်​တွေ၊ မင်း​မှု​ထမ်း​တပ်​ဖွဲ့​တွေ​ရဲ့ တပ်​မှူး​တွေ၊+ လူ​တစ်​ထောင်​အုပ်​တွေ၊ လူ​တစ်​ရာ​အုပ်​တွေ၊+ ဘုရင်​နဲ့ သား​တော်တွေ​ရဲ့+ ဥစ္စာ​ဘဏ္ဍာ​နဲ့  တိရစ္ဆာန်တွေ​ကို ကြီး​ကြပ်​ရ​သူ​တွေ​စတဲ့+  အစ္စရေး​မှူး​မတ်​တွေ​အပြင် နန်း​တွင်း​အရာ​ရှိ​တွေ၊ ခွန်အား​ကြီး​ပြီး လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​တွေ​ကို+  ဂျေရု​ဆလင်မြို့​မှာ  စု​ရုံး​လိုက်​တယ်။ ၂  အဲဒီ​နောက် ဒါဝိဒ်​မင်း​က သူတို့​အားလုံး​ရှေ့​မှာ ရပ်​ပြီး “ငါ့​ညီ​အစ်​ကို​တို့၊ ငါ့​လူမျိုး​တို့၊ နား​ထောင်​ကြ​ပါ။ ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို ထား​မယ့်​နေ​ရာ၊ ဘုရား​သခင်​ရဲ့ ခြေ​တင်​ခုံ​ဖြစ်​တဲ့ အိမ်​တော်​ကို+ တည်​ဆောက်​ဖို့ ငါ​ဆန္ဒ​ပြင်း​ပြခဲ့​တယ်။ အဲဒီ​လို​တည်​ဆောက်​ဖို့ ပြင်​ဆင်​ခဲ့​တယ်။+ ၃  ဒါ​ပေမဲ့ စစ်​မှန်​တဲ့​ဘုရား​သခင်​က ‘မင်း​ဟာ လူ​တွေ​ကို​သတ်​ခဲ့​တဲ့ စစ်​သည်​ဖြစ်​နေ​လို့+ ငါ့​နာ​မည်​အတွက် အိမ်​တော်​ကို မင်း​မဆောက်​ရ​ဘူး’+ ဆို​ပြီး ငါ့​ကို မိန့်မှာ​ထား​တယ်။ ၄  အစ္စ​ရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​က ငါ့​အဖေရဲ့ အမျိုး​တွေ​ထဲ​က​နေ ငါ့​ကို​ရွေး​ချယ်​ပြီး အစ္စရေး​တွေ​ကို ထာ​ဝ​စဉ်​အုပ်​ချုပ်​ဖို့ မင်း​မြှောက်​ခဲ့​တယ်။+ ကိုယ်​တော်​က ယုဒ​ကို ခေါင်း​ဆောင်​အဖြစ် ရွေး​ချယ်​ခဲ့​တယ်။+ ယုဒ​အနွယ်​ထဲ​မှာ ငါ့​အဖေရဲ့​အမျိုး​ကို ရွေး​ချယ်​ခဲ့​တယ်။+ ငါ့​အဖေရဲ့​သား​တွေ​ထဲ​မှာ ငါ့​ကို နှစ်​သက်​တဲ့​အတွက် အစ္စ​ရေး​ဘုရင်​အဖြစ်  မင်း​မြှောက်​ခဲ့​တယ်။+ ၅  ပြီး​တော့ ယေဟော​ဝါ​ဘုရား​က ငါ့​ကို သား​တွေ​အများ​ကြီး ပေး​သနား​တယ်။+ အဲဒီ​သား​တွေ​ထဲ​က​နေ  သား​တော် ရှောလ​မုန်​ကို+ ရွေး​ချယ်​ပြီး အစ္စရေး​တွေ​ကို အုပ်​ချုပ်​ဖို့ ယေဟောဝါ​ရဲ့ ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​စေ​ခဲ့​တယ်။+ ၆  “ဘုရား​သခင်​က  ‘မင်း​ရဲ့​သား ရှောလ​မုန်​ဟာ ငါ့​အိမ်​တော်​နဲ့ အိမ်​တော်​ဝင်း​တွေ​ကို တည်​ဆောက်​မယ့်​သူ​ပဲ။ သူ့​ကို ငါ့​သား​အဖြစ် ရွေး​ချယ်​လိုက်​ပြီ။ ငါ​က​လည်း သူ့​ဖခင်​ဖြစ်​လာ​မယ်။+ ၇  သူ​သာ အခု​လို​ပဲ ငါ့​ရဲ့​ပညတ်​ချက်​တွေ၊ တရား​စီရင်​ချက်​တွေ​ကို စွဲ​စွဲ​မြဲမြဲ လိုက်​နာ​မယ်​ဆို​ရင်+  သူ့​ထီး​နန်း​ကို ထာ​ဝ​စဉ် တည်​မြဲစေ​မယ်’+ လို့​လည်း ပြော​သေး​တယ်။ ၈  ဒါ​ကြောင့် ယေဟောဝါ​ရဲ့ လူမျိုး​တော် အစ္စရေး​တွေ​ရှေ့​မှာ၊ ဘုရား​သခင်​ရှေ့​မှာ ငါ​ပြော​မယ်– ယေဟောဝါ​ဘုရား​ရဲ့ ပညတ်​ချက်​တွေ​ကို ရှာ​ဖွေ​လေ့​လာ​ပြီး ဂရု​တ​စိုက် လိုက်​နာ​ကြ​ပါ။ ဒါ​ဆို​ရင် မင်း​တို့​က သာ​ယာ​လှ​ပတဲ့​ပြည်​ကို+ အပိုင်​ရ​မယ့်​အပြင် သား​မြေး​တွေ​ကို​လည်း တည်​မြဲတဲ့​အမွေ​အဖြစ် လက်​ဆင့်​ကမ်း​နိုင်​မယ်။ ၉  “ငါ့​သား ရှော​လ​မုန်၊ ခမည်း​တော်​ကိုးကွယ်​တဲ့ ဘုရား​သခင်​ကို သိ​ကျွမ်း​အောင် လုပ်​ပါ။ ဘုရား​ကို ရွှင်​လန်း​တဲ့​စိတ်​နဲ့ စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​ပါ။+ ယေဟောဝါ​ဘုရား​က လူ​အားလုံး​ရဲ့ စိတ်​နှလုံး​ကို စစ်​ဆေး​ပြီး+ တွေး​တော​ကြံ​စည်​သမျှ​ကို သိ​မြင်​တယ်။+ ဘုရား​ကို ရှာ​ဖွေ​မယ်​ဆို​ရင် အတွေ့​ခံ​မယ်။+ ဘုရား​ကို စွန့်​ခွာ​မယ်​ဆို​ရင်​တော့ ဘုရား​က​လည်း မင်း​ကို ထာ​ဝ​စဉ် ပစ်​ပယ်​မယ်။+ ၁၀  သန့်​ရှင်း​ရာ​ဌာန​တော်​အဖြစ် အိမ်​တော်​ကို တည်​ဆောက်​ဖို့ မင်း​ကို​ ယေဟော​ဝါ​ဘုရား ရွေး​ချယ်​လိုက်​ပြီဆို​တာ မှတ်​ထား​ပါ။ ဒါ​ကြောင့် သတ္တိ​ရှိ​ရှိ​နဲ့ စ​လုပ်​ဆောင်​ပေတော့” လို့​မှာ​တယ်။ ၁၁  အဲဒီ​နောက် ဒါဝိဒ်​က သား​တော် ရှော​လ​မုန်​ကို မုခ်​ဦး​နဲ့+ အခန်း​တွေ၊ သို​လှောင်​ခန်း​တွေ၊ အိမ်​မိုး​အထက်​ခန်း​တွေ၊ အတွင်း​ခန်း​တွေ​အပြင် ပဋိညာဉ်​သေတ္တာ​အဖုံး*+ နဲ့​ပတ်​သက်​တဲ့ ဗိ​သု​ကာ​ပုံ​စံ​ကို ပေး​တယ်။+ ၁၂  ယေဟောဝါ​ရဲ့ အိမ်​တော်​တံတိုင်း​တွေ၊+  ပတ်​လည် စား​သောက်​ခန်း​တွေ၊ ဘုရား​သခင့်​အိမ်​တော် ဘဏ္ဍာ​တိုက်​တွေ၊ ဆက်​ကပ်​ပစ္စည်းတွေ​ထား​ရာ ဘဏ္ဍာ​တိုက်​တွေ​နဲ့​ပတ်​သက်​ပြီး+  စွမ်းအား​တော်​က​တစ်ဆင့် ရ​တဲ့ ဗိ​သု​ကာ​ပုံ​စံ​ကို​လည်း ပေး​တယ်။ ၁၃  ဒါ့​အပြင် ပု​ရော​ဟိတ်​အုပ်​စု​တွေ၊+ လေ​ဝိအမျိုး​သား​အုပ်​စု​တွေ၊ ယေဟောဝါ​ရဲ့​အိမ်​တော် လုပ်ငန်း​တာဝန်​တွေ၊ ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း​မှာ​သုံး​မယ့် ပစ္စည်းတွေ​နဲ့​ပတ်​သက်​တဲ့ ညွှန်​ကြား​ချက်​တွေ​ကို​လည်း ပေး​တယ်။ ၁၄  လုပ်ငန်း​အမျိုး​မျိုး​မှာ သုံး​မယ့် ရွှေ​ထည်​တွေ​အတွက် ရွှေ​အလေး​ချိန်၊ လုပ်ငန်း​အမျိုး​မျိုး​မှာ သုံး​မယ့် ငွေ​ထည်​တွေ​အတွက် ငွေ​အလေး​ချိန်၊ ၁၅  ရွှေ​ဆီ​မီး​တိုင်​တွေ​နဲ့+ မီး​ခွက် အမျိုး​မျိုး​အတွက် ရွှေ​အလေး​ချိန်၊ ငွေ​ဆီ​မီး​တိုင်​တွေ​နဲ့ မီး​ခွက် အမျိုး​မျိုး​အတွက် ငွေ​အလေး​ချိန်၊ ၁၆  အဆင့်​ဆင့်​တင်​ထား​တဲ့​မုန့်*+ ထား​မယ့် စား​ပွဲ​တစ်​ခု​စီ​အတွက် ရွှေ​အလေး​ချိန်၊ ငွေ​စား​ပွဲ​တွေ​အတွက် ငွေ​အလေး​ချိန်၊ ၁၇  ရွှေ​စင်​နဲ့​လုပ်​တဲ့ ခက်​ရင်း​ခွ​တွေ၊ ဇ​လုံ​တွေ၊ ရေ​တ​ကောင်း​တွေ၊ ရွှေ​ဖလား​ငယ်​တစ်​ခု​စီ​အတွက်+ ရွှေ​အလေး​ချိန်၊ ငွေ​ဖလား​ငယ်​တစ်​ခု​စီ​အတွက် ငွေ​အလေး​ချိန်​တို့​ကို သတ်​မှတ်​ပေး​တယ်။ ၁၈  နံ့​သာ​ပေါင်း​ပလ္လင်​အတွက်+ ရွှေ​စင်​အလေး​ချိန်၊ ရထား​တော်​နဲ့+ တင်​စား​တဲ့ တစ်​နည်း​အား​ဖြင့် ယေဟောဝါ​ရဲ့ ပဋိညာဉ်​သေတ္တာ​ကို  အတောင်​ဖြန့်​မိုး​ထား​တဲ့​ ရွှေ​ခေရုဗိမ်​ရုပ်​တွေ​အတွက်+ ရွှေ​စင်​အ​လေး​ချိန်​ကို​လည်း သတ်​မှတ်​ပေး​တယ်။ ၁၉  ဒါဝိဒ်​က “ငါ့​အပေါ်​မှာ ယေဟောဝါ​ဘုရား​ရဲ့  လက်​တော်  သက်​ရောက်​တယ်။ ဒီ​ဗိ​သု​ကာ​ပုံ​စံ​မှာ​ပါ​တဲ့ အသေး​စိတ်​အချက်​အလက်​တွေ​ကို+ ရေး​သား​နိုင်​ဖို့ ငါ့​ကို ဘုရား​က ထိုး​ထွင်း​ဉာဏ်​ပေး​တယ်”+ လို့​ပြော​တယ်။ ၂၀  ပြီး​တော့ ဒါဝိဒ်​က သား​တော်​ရှော​လ​မုန်​ကို “ရဲ​စွမ်း​သတ္တိ​ရှိ​ရှိ​နဲ့ လုပ်​ငန်း​စ​ပေတော့။ ငါ​ကိုးကွယ်​တဲ့​ဘုရား ယေဟောဝါ​က မင်း​နဲ့​အတူ ရှိ​တဲ့​အ​တွက် မကြောက်​နဲ့။+ ဘုရား​သခင်​က မင်း​ကို ပစ်​ထား​မှာ မဟုတ်​ဘူး။+ စွန့်​ခွာ​မှာ မဟုတ်​ဘူး။ ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း​အားလုံး ပြီး​စီး​သွား​တဲ့​အထိ မင်း​ကို ကူညီ​မယ်။ ၂၁  အခု ဘုရား​သခင့်​အိမ်​တော်  လုပ်ငန်း​တွေ​အတွက် ပုရော​ဟိတ်​အုပ်​စု​တွေ​နဲ့+ လေ​ဝိအမျိုး​သား​အုပ်​စု​တွေ+  ရှိ​တယ်။  အလုပ်​အမျိုး​မျိုး လုပ်​ဆောင်​နိုင်​ပြီး စေ​တ​နာ​စိတ်​ရှိ​တဲ့ အတတ်​ပညာ​ရှင်​တွေ မင်း​ဆီမှာ​ရှိ​တယ်။+ မှူး​မတ်​တွေ​နဲ့+ လူ​အားလုံး​က​လည်း  မင်း​ညွှန်​ကြား​တဲ့​အတိုင်း လုပ်ဆောင်​ကြ​လိမ့်​မယ်” လို့​မှာ​ကြား​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အပြစ်​ဖြေရာ​အခန်း။”
ရှေ့​တော်​မုန့်။