၁ ရာဇဝင်ချုပ် ၁၄:၁-၁၇

  • ဒါဝိဒ်ရဲ့မင်းအာဏာ ခိုင်မာ (၁၊ ၂)

  • ဒါဝိဒ်ရဲ့မိသားစု (၃-၇)

  • ဖိလိတိလူတွေ စစ်ရှုံး (၈-၁၇)

၁၄  တိုင်ရာဘုရင် ဟိရံက+ ဒါဝိဒ်ဆီ တမန်တွေ စေလွှတ်ပြီး နန်းတော်တည်ဆောက်ဖို့ သစ်ကတိုးသားတွေ၊  ကျောက်ဆစ်သမားတွေ၊ လက်သမားတွေကို  ပို့လိုက်တယ်။+ ၂  ယေဟောဝါက လူမျိုးတော် အစ္စရေးတွေရဲ့ အကျိုးအတွက် ဒါဝိဒ်ရဲ့ တန်ခိုးအာဏာကို ကြီးမားစေတယ်။+ ဒါကြောင့် ဒါဝိဒ်က အစ္စရေးဘုရင်အဖြစ် မိမိကို မင်းမြှောက်တာ ဘုရားသခင်ပဲဆိုတာ သိတယ်။+ ၃  ဒါဝိဒ်က ဂျေရုဆလင်မြို့မှာ မိဖုရားတွေ ထပ်ပြီးသိမ်းပိုက်တဲ့အတွက်+ သားသမီးတွေ  ထပ်ရလာတယ်။+ ၄  ဂျေရုဆလင်မြို့မှာ ဒါဝိဒ်ရတဲ့ သားသမီးတွေက+ ရှမွာ၊ ရှောဗပ်၊ နာသန်၊+ ရှောလမုန်၊+ ၅  အိဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ ၆  နောဂ၊ နေဖက်၊ ယာဖျာ၊ ၇  ဧလိရှမာ၊ ဗေလျာဒ၊ ဧလိဖလက်တို့ဖြစ်တယ်။ ၈  ဒါဝိဒ်ကို  အစ္စရေးဘုရင်အဖြစ် ဘိသိက်ပေးလိုက်ပြီဆိုတာ ဖိလိတိတွေ ကြားတဲ့အခါ+ ဒါဝိဒ်ကို ရှာဖို့ ချီတက်လာတယ်။+ ဒီအကြောင်းကို ဒါဝိဒ်ကြားတော့ သူတို့ကိုတိုက်ဖို့ ထွက်လာတယ်။ ၉  ဖိလိတိတွေလည်း ချီတက်လာပြီး ရေဖိမ်ချိုင့်ဝှမ်းမှာ နေထိုင်သူတွေကို တိုက်ခိုက်လုယက်တယ်။+ ၁၀  အဲဒီအခါ ဒါဝိဒ်က “ဖိလိတိတွေဆီ တက်သွားပြီး တိုက်ခိုက်ရမလား။ ကျွန်တော့်လက်ထဲ အပ်မှာလား” ဆိုပြီး ယေဟောဝါကိုမေးတော့ “တက်သွား။ သူတို့ကိုမင်းလက်ထဲငါဆက်ဆက်အပ်မယ်” လို့ဖြေတယ်။+ ၁၁  ဒါဝိဒ်လည်း ဗာလပေရဇိမ်အရပ်ကို+ တက်သွားပြီး သူတို့ကို ချေမှုန်းတယ်။ အဲဒီနောက် “အဟုန်ပြင်းပြင်းနဲ့ ဖြိုခွင်းတဲ့ရေလို စစ်မှန်တဲ့ဘုရားသခင်က ငါ့ကိုသုံးပြီး ရန်သူတွေကို ဖြိုခွင်းလိုက်ပြီ” လို့ပြောတယ်။ ဒါကြောင့် အဲဒီအရပ်ကို ဗာလပေရဇိမ်* ဆိုပြီး သမုတ်ကြတယ်။ ၁၂  ဖိလိတိတွေက သူတို့ရဲ့ ဘုရားရုပ်တုတွေကို အဲဒီအရပ်မှာ ထားရစ်ခဲ့တယ်။ ဒါဝိဒ်ရဲ့အမိန့်နဲ့ အဲဒီဘုရားရုပ်တုတွေကို မီးရှို့လိုက်ကြတယ်။+ ၁၃  နောက်ပိုင်းမှာ  ဖိလိတိတွေက ချိုင့်ဝှမ်းဒေသကို တိုက်ခိုက် လုယက်ပြန်တယ်။+ ၁၄  ဒါကြောင့် ဒါဝိဒ်က ဘုရားသခင်ကို  ထပ်မေးကြည့်တဲ့အခါ  “သူတို့ဆီ  တည့်တည့်မတက်သွားဘဲ အနောက်ဘက်ကနေ ပတ်သွားပြီး ဘာကာချုံတောရှေ့မှာ တိုက်ခိုက်ပါ။+ ၁၅  ဘာကာချုံပင်ရဲ့ ထိပ်ဖျားကနေ ထွက်ပေါ်လာတဲ့ စစ်ချီသံကို ကြားတာနဲ့ စတိုက်ပေတော့။ ဘုရားသခင်က မင်းရှေ့ကနေ သွားပြီး ဖိလိတိတပ်ကို  ချေမှုန်းမယ်”+  လို့ဖြေတယ်။ ၁၆  ဒါဝိဒ်လည်း ဘုရားသခင် မိန့်မှာတဲ့အတိုင်း လိုက်နာတယ်။+ ဖိလိတိတပ်ကို ဂိဗောင်မြို့ကနေ ဂေဇာမြို့အထိ ချေမှုန်းတယ်။+ ၁၇  ဒီလိုနဲ့ တိုင်းပြည်အသီးသီးမှာ ဒါဝိဒ်ရဲ့ဂုဏ်သတင်း ကျော်စောသွားတယ်။ လူမျိုးအားလုံး ဒါဝိဒ်ကို ကြောက်လာအောင် ယေဟောဝါ လုပ်ဆောင်ပေးတယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဖြိုခွင်းတဲ့အရှင်။”