၁ ရာဇဝင်ချုပ် ၁၆:၁-၄၃

  • သေတ္တာတော်ကို တဲထဲမှာထား (၁-၆)

  • ဒါဝိဒ်ရဲ့ ကျေးဇူးတင်ချီးမွမ်းသီချင်း (၇-၃၆)

    • “ယေဟောဝါ ဘုရင်ဖြစ်ပြီ” (၃၁)

  • သေတ္တာတော်ရှေ့ အမှုဆောင် (၃၇-၄၃)

၁၆  လူတွေက  စစ်မှန်တဲ့ဘုရားသခင်ရဲ့  သေတ္တာတော်ကို သယ်လာပြီး ဒါဝိဒ်ဆောက်ထားတဲ့ တဲထဲမှာ ထားလိုက်တယ်။+ အဲဒီနောက် ဘုရားသခင်ရှေ့မှာ မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သကြတယ်။+ ၂  ဒါဝိဒ်က မီးရှို့ရာအလှူတွေ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေကို+ ဆက်သပြီးတဲ့အခါ ယေဟောဝါရဲ့ နာမည်ကို အမှီပြုပြီး လူတွေကို ကောင်းချီးပေးတယ်။ ၃  ဒါ့အပြင် အစ္စရေးအားလုံးကို ကျားမ,မရွေး မုန့်တစ်ချပ်စီ၊ စွန်ပလွံပျဉ်နဲ့ စပျစ်သီးပျဉ် တစ်ချပ်စီ ဝေပေးတယ်။ ၄  အဲဒီနောက် ဒါဝိဒ်က ယေဟောဝါရဲ့ သေတ္တာတော်ရှေ့မှာ+ အမှုဆောင်ဖို့၊ အစ္စရေးတို့ရဲ့ ဘုရားသခင် ယေဟောဝါကို ဂုဏ်တင်ဖို့၊ ကျေးဇူးတင်ချီးမွမ်းဖို့ လေဝိအမျိုးသားတချို့ကို ခန့်လိုက်တယ်။ ၅  သူတို့ရဲ့ခေါင်းဆောင်က အာသပ်၊+ လက်ထောက်က ဇာခရိ။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မာတသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗက်ဧဒုံ၊ ယေယေလတို့က+ ကြိုးတပ်တူရိယာနဲ့ စောင်းတွေ တီးရတယ်။+ အာသပ်က လင်းကွင်းတီးရတယ်။+ ၆  ပုရောဟိတ်တွေဖြစ်တဲ့ ဗေနာယနဲ့ ယဟာဇေလက ဘုရားသခင်ရဲ့ ပဋိညာဉ်သေတ္တာရှေ့မှာ ခရာ အမြဲမှုတ်ရတယ်။ ၇  အဲဒီနေ့မှာ ဒါဝိဒ်က ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်းတစ်ပုဒ်ကို ဦးဆုံး ရေးစပ်ပြီးနောက် အာသပ်နဲ့+ သူ့ညီအစ်ကိုတွေ သီဆိုတီးမှုတ်ဖို့ ပေးလိုက်တယ်- ၈  “ယေဟောဝါကို ကျေးဇူးတင်ကြ၊+ နာမတော်ကို ခေါ်ပြီး ဆုတောင်းကြ။ ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+ ၉  ဘုရားအတွက် သီချင်းဆိုကြ။ ချီးမွမ်းသီဆိုကြ။+ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း စဉ်းစားဆင်ခြင်ကြ။*+ ၁၀  သန့်ရှင်းမြင့်မြတ်တဲ့နာမတော်ကို ချီးမွမ်းရတာ ဂုဏ်ယူပါ။+ ယေဟောဝါကို ရှာတဲ့သူတွေ စိတ်ရွှင်လန်းပါစေ။+ ၁၁  ယေဟောဝါနဲ့ အစွမ်းတန်ခိုးတော်ကို ရှာကြပါ။+ မျက်နှာသာတော်ရဖို့ ကြိုးစားကြပါ။+ ၁၂  ဘုရားလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ရာတွေ၊+အံ့ဖွယ်လုပ်ရပ်တွေ၊ ချမှတ်ထားတဲ့ တရားစီရင်ချက်တွေကို သတိရကြ။ ၁၃  ဘုရားကျွန် အစ္စရေးရဲ့ မျိုးနွယ်တို့၊+ဘုရားရွေးချယ်ထားတဲ့ ယာကုပ်ရဲ့ သားမြေးတို့။+ ၁၄  ဘုရားသခင်ဟာ ငါတို့ရဲ့ဘုရား ယေဟောဝါပဲ။+ ကမ္ဘာတစ်ခွင်လုံးကို တရားစီရင်တယ်။+ ၁၅  ဘုရားရဲ့ပဋိညာဉ်ကို ထာဝစဉ်သတိရကြ။ ပေးခဲ့တဲ့ကတိကို လူမျိုးဆက်တစ်ထောင်တိုင်အောင် သတိရကြ။+ ၁၆  အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်၊+အိဇက်ကိုပေးခဲ့တဲ့ ကျိန်ဆိုချက်ကို+ သတိရကြ။ ၁၇  အဲဒီကျိန်ဆိုချက်ကို ယာကုပ် အတွက် အမိန့်အဖြစ် တည်စေခဲ့တယ်။+ အစ္စရေးအတွက် ထာဝရပဋိညာဉ်အဖြစ် တည်စေခဲ့တယ်။ ၁၈  ‘ခါနန်ပြည်ကို+ အမွေအဖြစ်ငါခွဲဝေပေးမယ်’+ လို့ ဘုရားကျိန်ဆိုခဲ့တယ်။ ၁၉  အဲဒီတုန်းက သူတို့ လူဦးရေ နည်းနည်းလေးပဲ။ ခါနန်ပြည်မှာ တိုင်းတစ်ပါးသားတွေအဖြစ် နေထိုင်ခဲ့ရတယ်။+ ၂၀  လူတစ်မျိုးကနေ တစ်မျိုး၊တစ်နိုင်ငံကနေ တစ်နိုင်ငံ လှည့်လည်သွားလာခဲ့ရတယ်။+ ၂၁  သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ဘုရားခွင့်မပြုခဲ့ဘူး။+ သူတို့အတွက် ဘုရင်တွေကို ဆုံးမပြီး၊+ ၂၂  ‘ငါဘိသိက်ပေးထားသူတွေကို မထိကြနဲ့။ ငါ့ပရောဖက်တွေကို မကောင်းတာတစ်ခုမှ မလုပ်ကြနဲ့’+ လို့ပြောခဲ့တယ်။ ၂၃  မြေကြီးသားအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။ ကယ်တင်ခြင်းအကြောင်း နေ့စဉ်ရက်ဆက် ကြေညာကြ။+ ၂၄  ဘုန်းတန်ခိုးတော်အကြောင်း လူမျိုးတွေအလယ်မှာ ကြေညာကြ။ အံ့ဖွယ်လုပ်ဆောင်မှုတွေကို လူတွေအလယ်မှာ ကြေညာကြ။ ၂၅  ယေဟောဝါဟာ ကြီးမြတ်ပြီး ချီးမွမ်းခံထိုက်ဆုံးအရှင်ပဲ။ တခြားဘုရားတွေထက် ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+ ၂၆  လူမျိုးခြားတွေရဲ့ ဘုရားတွေဟာ အသုံးမဝင်တဲ့ ဘုရားတွေပါ။+ ယေဟောဝါကတော့ ကောင်းကင်ကို ဖန်ဆင်းတဲ့ အရှင်ပဲ။+ ၂၇  ရှေ့တော်မှာ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှု ရှိနေတယ်။+ စံမြန်းရာအရပ်မှာ အစွမ်းတန်ခိုးနဲ့ ဝမ်းမြောက်ခြင်း ရှိနေတယ်။+ ၂၈  လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။ ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုးရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+ ၂၉  ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင် ချီးမွမ်းကြ။+ လက်ဆောင်တွေယူပြီး ရှေ့တော်ကို လာကြ။+ သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး* ယေဟောဝါကို ဦးချကြ။+ ၃၀  မြေကြီးသားအပေါင်းတို့၊ ရှေ့တော်မှာ ကြောက်ရွံ့ တုန်လှုပ်ကြ။ ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင်  အခိုင်အမာ တည်ထားတယ်။+ ၃၁  မိုးကောင်းကင် ပျော်ရွှင်ပါစေ။ ကမ္ဘာမြေ ရွှင်လန်းပါစေ။+ ‘ယေဟောဝါ ဘုရင်ဖြစ်ပြီ’ လို့ လူမျိုးတွေအလယ်မှာ ကြေညာကြ။+ ၃၂  ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိသမျှ မြည်ဟည်းကြပါစေ။ လယ်ပြင်နဲ့ လယ်ပြင်မှာရှိသမျှ ဝမ်းမြောက်ကြပါစေ။ ၃၃  တစ်ချိန်တည်းမှာ တောသစ်ပင်တွေလည်း ယေဟောဝါရှေ့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။ ကမ္ဘာမြေကို တရားစီရင်ဖို့ ဘုရားကြွလာပြီ။ ၃၄  ယေဟောဝါကို ကျေးဇူးတင်ကြပါ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+ ၃၅  ‘ကယ်တင်ရှင် ဘုရားသခင်၊ ကျွန်တော်တို့ကို ကယ်တင်လှည့်ပါ။+ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ကျေးဇူးတင်ချီးမွမ်းနိုင်ဖို့၊+ကိုယ်တော့်ကို အားပါးတရ ချီးမွမ်းနိုင်ဖို့+ တခြားလူမျိုးတွေရဲ့ လက်ထဲကနေ ကယ်တင်ပြီး စုသိမ်းလှည့်ပါ။ ၃၆  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို အစဉ်ထာဝရ ချီးမွမ်းကြပါစေ’ လို့ ပြောကြပါ။” လူအားလုံးကလည်း “အာမင်”* လို့ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။ ၃၇  အဲဒီနောက်  ဒါဝိဒ်က   ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာရှေ့မှာ+ လုပ်ရိုးလုပ်စဉ်အတိုင်း  အမြဲအမှုဆောင်ဖို့+ အာသပ်နဲ့+ သူ့ ညီအစ်ကိုတွေကို သေတ္တာတော်ရှေ့မှာ  နေခိုင်းတယ်။ ၃၈  သြဗက်ဧဒုံနဲ့ ဆွေမျိုးသားချင်း ၆၈ ယောက်ကိုလည်း နေခိုင်းတယ်။ ယေဒုသုန်ရဲ့သား သြဗက်ဧဒုံနဲ့ ဟောသကို တံခါးစောင့်အဖြစ် တာဝန်ပေးတယ်။ ၃၉  ပုရောဟိတ် ဇာဒုတ်နဲ့+ အပေါင်းပါ ပုရောဟိတ်တွေက ဂိဗောင်မြို့၊ အထွတ်အမြတ်နေရာမှာရှိတဲ့  ယေဟောဝါရဲ့တဲတော်ရှေ့မှာ အမှုဆောင်ကြတယ်။+ ၄၀  ပူဇော်ရာပလ္လင်ပေါ်မှာ  မီးရှို့ရာအလှူတွေကို ယေဟောဝါဆီ မနက်ရော ညပါ ပုံမှန်ပူဇော်ဖို့၊ အစ္စရေးတွေကို မိန့်မှာတဲ့ ယေဟောဝါရဲ့ ပညတ်ကျမ်းမှာ ရေးထားသမျှအတိုင်း လုပ်ဆောင်ဖို့ ဖြစ်တယ်။+ ၄၁  သူတို့နဲ့အတူ ဟေမန်နဲ့ ယေဒုသုန်+ ရှိတယ်။ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲ”+ တဲ့အတွက် ယေဟောဝါကို ချီးမွမ်းဖို့+ နာမည်နဲ့တကွ ရွေးချယ်ခံရတဲ့ ကျန်တဲ့လူတွေလည်း ရှိနေတယ်။ ၄၂  သူတို့နဲ့အတူ ဟေမန်နဲ့+ ယေဒုသုန်က ခရာတွေ၊ လင်းကွင်းတွေ၊ တခြားတူရိယာတွေ တီးမှုတ်ပြီး ဘုရားသခင်ကို ချီးမွမ်းကြတယ်။ ယေဒုသုန်ရဲ့+ သားတွေကတော့ တံခါးစောင့် လုပ်ကြတယ်။ ၄၃  အဲဒီနောက် လူတွေအားလုံး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။ ဒါဝိဒ်လည်း သူ့အိမ်သားတွေကို ကောင်းချီးပေးဖို့ ပြန်သွားတယ်။

အောက်ခြေမှတ်ချက်များ

“ပြောဆိုကြ” လည်းဖြစ်နိုင်။
“သန့်ရှင်းမြင့်မြတ်တဲ့ ဘုန်းတော်ကြောင့်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”