မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင် ထောက်ခံနေသလော

ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင် ထောက်ခံနေသလော

ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင် ထောက်ခံနေသလော

“ယေဟောဝါသည် ဘုရင်ဖြစ်တော်မူပြီ’ ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။”—ဆာလံ ၉၆:၁၀၊ ကဘ။

၁၊ ၂။ (က) အေဒီ ၂၉၊ အောက်တိုဘာလခန့်တွင် အဘယ်အရေးကြီးဖြစ်ရပ် ဖြစ်ပျက်ခဲ့သနည်း။ (ခ) ထိုဖြစ်ရပ်က ယေရှုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

အေဒီ ၂၉၊ အောက်တိုဘာလတွင် ကမ္ဘာပေါ်၌ တစ်ခါမျှမဖြစ်ဖူးသည့် အရေးကြီးဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ခရစ်ဝင်ကျမ်းရေးသူမဿဲက ဤသို့ဆိုသည်– “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကို [နှစ်ခြင်းဆရာယောဟန်] မြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။” ယင်းသည် ခရစ်ဝင်ကျမ်းရေးသူလေးဦးစလုံး မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက်အနည်းငယ်မှ တစ်ခုဖြစ်သည်။—မဿဲ ၃:၁၆၊ ၁၇; မာကု ၁:၉-၁၁; လုကာ ၃:၂၁၊ ၂၂; ယောဟန် ၁:၃၂-၃၄

ယေရှုအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းက ကိုယ်တော်သည် ဘိသိက်ခံရသူဟုအဓိပ္ပာယ်ရှိသော မေရှိယ သို့မဟုတ် ခရစ်တော်ဖြစ်ကြောင်း ဖော်ပြ၏။ (ယောဟန် ၁:၃၃) နောက်ဆုံးတွင် ကတိထားရာ “အမျိုးအနွယ်” ပေါ်လာပေပြီ။ နှစ်ခြင်းဆရာယောဟန်ရှေ့ ရပ်နေသူမှာ ယေဟောဝါနှင့်ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၏ အဓိကရန်သူကြီး စာတန်၏ခေါင်းကို ကြိတ်မည့်သူဖြစ်သည်။ သို့သော် ဦးစွာ စာတန်သည် သူ၏ဖနောင့်ကိုကြိတ်ပေလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅) နှစ်ခြင်းခံချိန်မှစ၍ ယေရှုသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၊ ကိုယ်တော့်နိုင်ငံတော်တို့နှင့်ပတ်သက်သော ရည်ရွယ်ချက် ပြည့်စုံစေရန် ကြိုးစားရမည်ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်သည်။

၃။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံရမည့်တာဝန်အတွက် ယေရှုမည်သို့အသင့်ပြင်ခဲ့သနည်း။

တာဝန်သစ်အတွက် အသင့်ပြင်ရန် “ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက် ယော်ဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ပို့ဆောင်တော်မူ၏။” (လုကာ ၄:၁; မာကု ၁:၁၂) ထိုတွင် ယေရှုသည် စာတန်ပေါ်ပေါက်စေခဲ့သော ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စနှင့် ယင်းကို ထောက်ခံရမည့်တာဝန်အကြောင်း ရက်ပေါင်း ၄၀ ကြာ အလေးအနက်ဆင်ခြင်သုံးသပ်ခဲ့သည်။ ထိုအရေးကိစ္စတွင် ကောင်းကင်နှင့်မြေကြီးမှ အသိဉာဏ်ရှိသတ္တဝါအားလုံး ပါဝင်ပတ်သက်သည်။ ထို့ကြောင့် ယေရှု၏သစ္စာရှိလမ်းစဉ်ကို လေ့လာသုံးသပ်သင့်ပြီး ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကျွန်ုပ်တို့လည်း ထောက်ခံလိုစိတ်ရှိကြောင်း တင်ပြရန် အဘယ်အရာပြုလုပ်ရမည်ကို ကြည့်ကြပါစို့။—ယောဘ ၁:၆-၁၂; ၂:၂-၆

ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု စိန်ခေါ်ခံရ

၄။ စာတန်၏ အဘယ်လုပ်ရပ်က အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စိန်ခေါ်ရာကျသနည်း။

အထက်တွင်ဖော်ပြခဲ့သော အဖြစ်အပျက်တစ်ခုကိုမျှ စာတန်မျက်ခြည်မပြတ်ခဲ့ပါ။ သူသည် အချိန်ဖြုန်းမနေဘဲ ဘုရားသခင့် “မိန်းမ” ၏ အဓိက “အမျိုးအနွယ်” ကို တိုက်ခိုက်ခဲ့၏။ (ကမ္ဘာဦး ၃:၁၅) ခမည်းတော်၏အလိုတော်အစား မိမိအတွက်အကျိုးရှိပုံပေါက်သည့်အရာကို ပြုလုပ်သင့်သည်ဟု ယေရှုအား ပြောလျက် သုံးကြိမ်တိုင်စုံစမ်းခဲ့သည်။ အထူးသဖြင့် တတိယမြောက်စုံစမ်းမှုသည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စိန်ခေါ်ရာကျ၏။ စာတန်သည် “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း” ယေရှုအားပြညွှန်၍ “ကိုယ်တော်သည် ငါ့ကို [“တစ်ကြိမ်သာ၊” ကဘ] ညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်” ဟုဆိုလေ၏။ “ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကို” စာတန်ထိန်းချုပ်ထားကြောင်း ယေရှုကောင်းစွာသိသဖြင့် ‘အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ “သင်၏ဘုရားသခင်ယေဟောဝါကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်” ကျမ်းစာလာသည်’ ဟုပြန်ဖြေပြီး အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စတွင် မိမိ၏ရပ်တည်မှုကိုဖော်ပြခဲ့သည်။—မဿဲ ၄:၈-၁၀

၅။ အဘယ်ခက်ခဲသောတာဝန်ကို ယေရှု ကျေပွန်စွာထမ်းဆောင်ရမည်နည်း။

ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံခြင်းသည် ယေရှုအတွက်အရေးကြီးဆုံးဖြစ်ကြောင်း ကိုယ်တော်၏ဘဝလမ်းစဉ်က ရှင်းလင်းစွာဖော်ပြသည်။ ဘုရားသခင်သာ အကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်သူဖြစ်ကြောင်း သက်သေပြရန် စာတန်၏လက်တွင် သေဆုံးသည့်အထိ သစ္စာရှိရမည်ကို ယေရှုကောင်းစွာသိသည်။ ယင်းသည် ကြိုတင်ပရောဖက်ပြုထားသည့်အတိုင်း မိန်းမ၏ “အမျိုးအနွယ်” ဖနောင့်ကြိတ်ခံရခြင်း ဖြစ်သည်။ (မဿဲ ၁၆:၂၁; ၁၇:၁၂) ထို့ပြင် ယေဟောဝါ၏နိုင်ငံတော်သည် ပုန်ကန်သူစာတန်ကို နှိမ်နင်းပြီး စကြဝဠာတစ်ခွင် ငြိမ်သက်စည်းလုံးမှုကို ပြန်လည်ဆောင်ကြဉ်းပေးမည့် ကိုယ်တော်၏ကိုယ်စားလှယ်အဖွဲ့ဖြစ်ကြောင်းကိုလည်း ယေရှုသက်သေခံရမည်။ (မဿဲ ၆:၉၊ ၁၀) ထိုခက်ခဲသောတာဝန်ကို ကျေပွန်စေရန် ယေရှုအဘယ်အရာပြုလုပ်ခဲ့သနည်း။

“ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ”

၆။ ဘုရားသခင့်နိုင်ငံတော်သည် ‘စာတန်၏အမှုတို့ကိုပယ်ဖျက်’ ရာတွင် ကိုယ်တော်အသုံးပြုမည့်အဖွဲ့ဖြစ်ကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။

ဦးစွာ၊ “ယေရှုသည် ဂါလိလဲပြည်သို့ကြွတော်မူလျှင် ‘အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ’ . . . ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။” (မာကု ၁:၁၄၊ ၁၅) “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟုကိုယ်တော်မိန့်ဆို၏။ (လုကာ ၄:၁၈-၂၁၊ ၄၃၊ ၄၄) ယေရှုသည် “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟော” ရန် မြို့ရွာအနှံ့သွားလာခဲ့၏။ (လုကာ ၈:၁) လူအုပ်ကိုကျွေးမွေးခြင်း၊ ဆိုးရွားသောရာသီဥတုကို ငြိမ်သက်စေခြင်း၊ လူနာများကို ကုသပေးခြင်း၊ သေလွန်သူများကို ရှင်ပြန်ထမြောက်စေခြင်းစသော အံ့ဖွယ်အမှုများစွာကိုလည်း ယေရှုပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ဧဒင်တွင်ပုန်ကန်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုနှင့် ဆင်းရဲဝေဒနာအားလုံးကို ပယ်ဖျက်ပေးနိုင်ကြောင်း၊ သို့ဖြင့် ‘စာတန်၏အမှုတို့ကိုပယ်ဖျက်’ ပေးမည်ဖြစ်ကြောင်း ထိုအံ့ဖွယ်အမှုများဖြင့် ယေရှုသက်သေထူခဲ့သည်။—၁ ယောဟန် ၃:၈

၇။ ယေရှုသည် နောက်လိုက်များကို အဘယ်အရာပြုလုပ်ရန် ညွှန်ကြားခဲ့သနည်း၊ အဘယ်ရလဒ်ရခဲ့သနည်း။

ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နှံ့နှံ့စပ်စပ်ကြေညာနိုင်ရန် သစ္စာရှိနောက်လိုက်တစ်စုကိုဖွဲ့စည်းပြီး လေ့ကျင့်ပေးခဲ့သည်။ ဦးစွာ “ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှာ” တမန်တော် ၁၂ ပါးကို “စေလွှတ်တော်မူ” ခဲ့သည်။ (လုကာ ၉:၁၊ ၂) ထို့နောက် “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သောအချိန်နီးပြီ” ဟူသောသတင်းကိုကြေညာရန် တပည့် ၇၀ ကို စေလွှတ်ခဲ့သည်။ (လုကာ ၁၀:၁၊ ၈၊ ၉) တပည့်များပြန်လာပြီး ဟောပြောခြင်းလုပ်ငန်းတွင် ပြီးမြောက်အောင်မြင်ရာများကို ကြားပြောသောအခါ “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ” ဟုကိုယ်တော်မိန့်ဆိုခဲ့၏။—လုကာ ၁၀:၁၇၊ ၁၈

၈။ ယေရှု၏ဘဝလမ်းစဉ်က အဘယ်အရာကို ရှင်းလင်းစွာဖော်ပြသနည်း။

ယေရှုသည် သတင်းကောင်းဟောပြောရာတွင် မိမိကိုယ်ကိုအပြည့်အဝအသုံးချခဲ့ပြီး အခွင့်အရေးတစ်ခုကိုမျှ လက်လွှတ်မခံခဲ့ပါ။ ကိုယ်တော်သည် နေ့ရောညပါ မနားတမ်းအမှုဆောင်ပြီး သက်သောင့်သက်သာရှိသော သာမန်ဘဝပုံစံကိုပင် စွန့်လွှတ်ခဲ့သည်။ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ” ဟုကိုယ်တော်ဆိုသည်။ (လုကာ ၉:၅၈; မာကု ၆:၃၁; ယောဟန် ၄:၃၁-၃၄) ကိုယ်တော်မသေဆုံးမီလေးတွင် ‘အမှန်တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ’ ဟုပိလတ်မင်းရှေ့ ရဲရင့်စွာပြောခဲ့သည်။ (ယောဟန် ၁၈:၃၇) ယေရှုကြွလာရခြင်းမှာ ကြီးမြတ်သောဆရာဖြစ်ရန်၊ အံ့ဖွယ်အမှုပြုရန်၊ ကိုယ်ကျိုးစွန့်သော ကယ်တင်ရှင်တစ်ဦးဖြစ်ရန်သာမကပေ။ ယင်းအစား အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၏အလိုတော်ကို ထောက်ခံရန်နှင့် ယေဟောဝါသည် နိုင်ငံတော်အားဖြင့် ထိုအလိုတော်ကို ပြည့်စုံစေနိုင်စွမ်းရှိသည်ကို သက်သေခံရန်ဖြစ်ကြောင်း ယေရှု၏ဘဝလမ်းစဉ်တစ်ခုလုံးက ဖော်ပြသည်။—ယောဟန် ၁၄:၆

“အမှုပြီးပြီ”

၉။ စာတန်သည် ဘုရားသခင့်မိန်းမ “အမျိုးအနွယ်” ၏ဖနောင့်ကို နောက်ဆုံးတွင် မည်သို့ကြိတ်နိုင်ခဲ့သနည်း။

ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှုပြုလုပ်ခဲ့ရာအားလုံးကို ရန်သူကြီးစာတန် လုံးဝမနှစ်သက်ပေ။ စာတန်သည် မိမိ “အမျိုးအနွယ်” ၏ မြေကြီးဆိုင်ရာအပိုင်းဖြစ်သော နိုင်ငံရေးနှင့်ဘာသာရေးအားဖြင့်  ဘုရားသခင့်မိန်းမ၏  “အမျိုးအနွယ်” ကို အစတုံးဖျက်ဆီးပစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်။ ယေရှုသည် မွေးဖွားချိန်မှ မြေကြီးအသက်တာကုန်ဆုံးချိန်အထိ စာတန်နှင့်အပေါင်းပါများ၏ပစ်မှတ် ဖြစ်ခဲ့သည်။ နောက်ဆုံး၊ အေဒီ ၃၃၊ နွေဦးရာသီတွင် လူသားသည် ရန်သူ၏လက်ထဲကျရောက်ပြီး ဖနောင့်ကြိတ်ခံရမည့်အချိန် ရောက်ရှိလာသည်။ (မဿဲ ၂၀:၁၈၊ ၁၉; လုကာ ၁၈:၃၁-၃၃) ယေရှုကိုပြစ်ဒဏ်စီရင်ပြီး နှက်တိုင်ပေါ်တွင် ရက်ရက်စက်စက်သတ်ပစ်ရန် ယုဒရှကာရုတ်၊ ယဇ်ပုရောဟိတ်အကြီးများ၊ ကျမ်းတတ်များ၊ ဖာရိရှဲများနှင့် ရောမလူတို့ကို စာတန်မည်သို့အသုံးချခဲ့ကြောင်း ခရစ်ဝင်ကျမ်းမှတ်တမ်းများက ရှင်းလင်းစွာဖော်ပြသည်။—တမန်တော် ၂:၂၂၊ ၂၃

၁၀။ နှက်တိုင်ပေါ်တွင် အသေခံခြင်းဖြင့် အဘယ်အဓိကအမှုကို ယေရှုပြီးမြောက်စေခဲ့သနည်း။

၁၀ မသေဆုံးမီ နှက်တိုင်ပေါ်တွင် ဝေဒနာပြင်းစွာခံစားနေရသော ယေရှုအကြောင်း စဉ်းစားကြည့်သည့်အခါ သင့်စိတ်ထဲအဘယ်အရာပေါ်လာသနည်း။ အပြစ်ရှိသောလူသားတို့အတွက် ယေရှု ကိုယ်ကျိုးစွန့်ပေးဆက်ခဲ့သော ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို သင်အမှတ်ရပေမည်။ (မဿဲ ၂၀:၂၈; ယောဟန် ၁၅:၁၃) ထိုရွေးနုတ်ဖိုးကိုပြင်ဆင်ပေးရာတွင် ယေဟောဝါ၏ကြီးမားလှသောမေတ္တာကို သင်အံ့သြမိပေမည်။ (ယောဟန် ၃:၁၆) “ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏” ဟုဆိုခဲ့သော ရောမတပ်မှူးကဲ့သို့ သင်ခံစားရပေမည်။ (မဿဲ ၂၇:၅၄) ထိုတုံ့ပြန်ပုံများသည် အမှန်သင့်လျော်ပေသည်။ သို့သော် “အမှုပြီးပြီ” ဟူသော ယေရှု၏နောက်ဆုံးစကားကို ပြန်တွေးကြည့်ပါ။ (ယောဟန် ၁၉:၃၀) အဘယ်အမှု ပြီးသွားပြီနည်း။ ယေရှုသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဖြင့် အမှုများစွာကို ပြီးမြောက်စေခဲ့သော်လည်း ကမ္ဘာမြေပေါ် ယေရှုကြွလာရသည့် အဓိကအကြောင်းရင်းမှာ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု  အရေးကိစ္စကို ဖြေရှင်းရန် မဟုတ်လော။ ယေဟောဝါ၏နာမအား ကဲ့ရဲ့ရှုတ်ချမှုမှန်သမျှကို ဖယ်ရှားရန် စာတန့်လက်တွင် အဆုံးစွန်စမ်းသပ်ခံရမည်ဟု ကြိုတင်ပရောဖက်ပြုထားသည် မဟုတ်လော။ (ဟေရှာယ ၅၃:၃-၇) ယင်းတို့သည် ကြီးလေးသောတာဝန်များဖြစ်သော်လည်း ယေရှု အပြည့်အဝကျေပွန်ခဲ့သည်။ တကယ့်ပြီးမြောက်မှုကြီးပါတကား။

၁၁။ ဧဒင်မှပရောဖက်ပြုချက်ကို ယေရှု မည်သို့ အပြီးသတ်ပြည့်စုံစေမည်နည်း။

၁၁ ယေရှု၏ သစ္စာတည်ကြည်မှုကြောင့် လူသားအဖြစ်မဟုတ်ဘဲ “အသက်ရှင်စေတတ်သောဝိညာဉ်” အဖြစ် ရှင်ပြန်ထမြောက်ခံခဲ့ရသည်။ (၁ ကောရိန္သု ၁၅:၄၅; ၁ ပေတရု ၃:၁၈) “သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ထိုင်နေလော့” ဟုချီးမြှောက်ခံရပြီဖြစ်သောသားတော်ကို ယေဟောဝါကတိပြုသည်။ (ဆာလံ ၁၁၀:၁) ထို “ရန်သူတို့” တွင် အဓိကတရားခံစာတန်နှင့် သူ၏ “အမျိုးအနွယ်” အားလုံးပါဝင်သည်။ ယေရှုခရစ်သည် ယေဟောဝါ၏မေရှိယနိုင်ငံတော်ဘုရင်အဖြစ် ဝိညာဉ်နယ်ပယ်နှင့်မြေကြီးပေါ်ရှိ ပုန်ကန်သူအားလုံးကို ရှင်းရှင်းဖျက်ဆီးရာတွင် ဦးဆောင်မည်ဖြစ်သည်။ (ဗျာ. ၁၂:၇-၉; ၁၉:၁၁-၁၆; ၂၀:၁-၃၊ ၁၀) ထိုအချိန်တွင် ကမ္ဘာဦး ၃:၁၅ ပါပရောဖက်ပြုချက်နှင့် နောက်လိုက်များကို ယေရှုသင်ပေးခဲ့သည့် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ” ဟူသော ဆုတောင်းချက်တို့ အပြီးသတ်ပြည့်စုံမည်ဖြစ်သည်။—မဿဲ ၆:၁၀; ဖိလိပ္ပိ ၂:၈-၁၁

လိုက်လျှောက်ရန်ပုံသက်သေ

၁၂၊ ၁၃။ (က) ယနေ့ သတင်းကောင်းကို လူတို့မည်သို့တုံ့ပြန်နေကြသနည်း။ (ခ) ခရစ်တော်၏ပုံသက်သေကို လိုက်လျှောက်ရာတွင် အဘယ်အရာကို ကျွန်ုပ်တို့သုံးသပ်ရမည်နည်း။

၁၂ ယေရှုကြိုတင်ပရောဖက်ပြုခဲ့သည့်အတိုင်း ယနေ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နိုင်ငံများစွာတွင် ဟောပြောနေသည်။ (မဿဲ ၂၄:၁၄) ရလဒ်အနေဖြင့် လူသန်းပေါင်းများစွာသည် မိမိတို့အသက်တာကို ဘုရားသခင်ထံအပ်နှံခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်ကောင်းချီးများကို သူတို့စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည်။ ကမ္ဘာ့ပရဒိသုတွင် ငြိမ်သက်လုံခြုံစွာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်နေကြပြီး ထိုမျှော်လင့်ချက်အကြောင်း အခြားသူတို့ကို ဝမ်းမြောက်စွာကြေညာနေသည်။ (ဆာလံ ၃၇:၁၁; ၂ ပေတရု ၃:၁၃) ထိုသတင်းကောင်းကြေညာသူများတွင် သင်လည်း ပါဝင်သလော။ သို့ဆိုလျှင် သင့်ကိုလည်း ချီးမွမ်းထိုက်ပါသည်။ သို့သော် ကျွန်ုပ်တို့တစ်ဦးစီ စဉ်းစားသုံးသပ်ရမည့်အချက် ရှိသေးသည်။

၁၃ “ခရစ်တော်သည် ငါတို့အတွက် [“ဒုက္ခဝေဒနာ၊” ခမ] ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုတမန်တော်ပေတရု ရေးခဲ့သည်။ (၁ ပေတရု ၂:၂၁) ဤတွင် ပေတရုသည် ဟောပြောခြင်းလုပ်ငန်းတွင်တင်ပြခဲ့သော ယေရှု၏ဇွဲ သို့မဟုတ် သွန်သင်ခြင်းစွမ်းရည်ကို မဖော်ပြဘဲ ကိုယ်တော်ခံစားခဲ့ရသောဝေဒနာကိုသာ ဖော်ပြကြောင်း သတိပြုပါ။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို လက်အောက်ခံရန်နှင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူရန် မည်သည့်အတိုင်းအတာအထိ ဝေဒနာခံဖို့ ယေရှုလိုလိုလားလားရှိခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်သော ပေတရုကောင်းစွာသိသည်။ သို့ဆိုလျှင် ယေရှု၏ပုံသက်သေကို မည်သည့်နည်းများဖြင့် ကျွန်ုပ်တို့လိုက်လျှောက်နိုင်သနည်း။ ‘ယေဟောဝါရဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံပြီး ဂုဏ်တင်နိုင်အောင် ဘယ်အတိုင်းအတာအထိ ဆင်းရဲဝေဒနာခံဖို့ ငါလိုလိုလားလားရှိသလဲ။ ယေဟောဝါရဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံခြင်းက ငါအဓိကအာရုံစိုက်တဲ့အရာဖြစ်တယ်ဆိုတာ ငါ့အသက်ရှင်နေထိုင်ပုံနဲ့ ဓမ္မအမှုမှာလုပ်ဆောင်ပုံက ဖော်ပြသလား’ ဟု ကိုယ့်ကိုယ်ကိုမေးရမည်။—ကောလောသဲ ၃:၁၇

၁၄၊ ၁၅။ (က) လမ်းလွဲစေသောအကြံဉာဏ်နှင့် ကမ်းလှမ်းချက်များကို ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) အဘယ်အရေးကိစ္စကို အစဉ်စိတ်စွဲမှတ်ထားသင့်သနည်း။ (“ယေဟောဝါဘက်တွင် ရပ်တည်လော့” လေးထောင့်ကွက်မှ မှတ်ချက်များပါဝင်စေပါ။)

၁၄ ကြီးလေးသော၊ သေးငယ်သော စမ်းသပ်မှုနှင့်ဆုံးဖြတ်စရာကိစ္စများကို ကျွန်ုပ်တို့ နေ့စဉ်ရင်ဆိုင်နေရသည်။ ပြုလုပ်ရမည့်အရာကို မည်သို့ဆုံးဖြတ်သင့်သနည်း။ ဥပမာ၊ ခရစ်ယာန်ရပ်တည်မှုကို အလျှော့ပေးလိုက်လျောစေနိုင်သည့် သွေးဆောင်မှုတစ်ခုနှင့် ကြုံရချိန်တွင် ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ မိမိကိုယ်ကိုညှာတာရန် ယေရှုကို ပေတရုပြောသောအခါ ကိုယ်တော်မည်သို့တုံ့ပြန်သနည်း။ “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။ . . . သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာစွဲလမ်းသည်” ဟုကိုယ်တော်ပြင်းပြင်းထန်ထန်မိန့်ဆိုခဲ့၏။ (မဿဲ ၁၆:၂၁-၂၃) ကျွန်ုပ်တို့၏ခရစ်ယာန်လုပ်ငန်းဆောင်တာအပြင် ယေဟောဝါနှင့်ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်သည့် ငွေကြေး သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းများ ကမ်းလှမ်းခံရချိန်တွင် ယေရှုနည်းတူ ကျွန်ုပ်တို့တုံ့ပြန်သလော။ ယေရှု၏အံ့ဖွယ်အမှုများကို တွေ့မြင်သူတို့သည် “ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှာ လာ၍ အနိုင်အထက်ပြုကြမည်အကြောင်း” ကိုယ်တော်ရိပ်မိသောအခါ ချက်ချင်းပုန်းရှောင်ခဲ့သည်။—ယောဟန် ၆:၁၅

၁၅ ယေရှုသည် အဆိုပါအချိန်များနှင့် အခြားအချိန်အခါများတွင် အဘယ်ကြောင့် ဤမျှအခိုင်အမာတုံ့ပြန်ရသနည်း။ အကြောင်းမှာ မိမိ၏လုံခြုံမှု သို့မဟုတ် ကောင်းစားမှုထက် သာ၍အရေးကြီးသောအရာရှိသည်ကို ရှင်းလင်းစွာသိနားလည်သောကြောင့်ဖြစ်သည်။ ယေရှုသည် အဘယ်အရာပင်ပေးဆက်ရပါစေ ယေဟောဝါ၏အလိုတော်ကို ထမ်းဆောင်လိုပြီး ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံလိုသည်။ (မဿဲ ၂၆:၅၀-၅၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ပင် ပိုင်သအုပ်စိုးမှုအရေးကိစ္စကို အစဉ်စိတ်စွဲမှတ်ထားသင့်သည်။ သို့မဟုတ်ပါက စာတန်၏နည်းပရိယာယ်များတွင် လွယ်ကူစွာ ကျော့မိသွားနိုင်သောကြောင့် အလျှော့ပေးလိုက်လျောမည့်၊ ကျရှုံးမည့်အန္တရာယ်ရှိသည်။ စာတန်သည် မှားယွင်းသောအရာကို လိုချင်စဖွယ်ကောင်းအောင်ပြုလုပ်ရာတွင် အလွန်ကျွမ်းကျင်ပြီး ဧဝကိုလှည့်စားရာတွင် ထိုသို့ပင်ပြုလုပ်ခဲ့သည်။—၂ ကောရိန္သု ၁၁:၁၄; ၁ တိမောသေ ၂:၁၄

၁၆။ အခြားသူများကို ကူညီပေးရာတွင် ကျွန်ုပ်တို့၏အဓိကပန်းတိုင်မှာ အဘယ်အရာဖြစ်သင့်သနည်း။

၁၆ ဓမ္မအမှုတွင် ကျွန်ုပ်တို့သည် လူတို့၏စိုးရိမ်ပူပန်မှုများအကြောင်း ပြောဆိုပြီး ကျမ်းစာမှအဖြေကို ရှင်းပြရန်ကြိုးပမ်းကြသည်။ ယင်းသည် သမ္မာကျမ်းစာကိုလေ့လာလိုစိတ် ဖြစ်ပေါ်လာစေရန် ထိရောက်သောနည်းဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏အဓိကပန်းတိုင်မှာ ကျမ်းစာတွင် မည်သို့ဆိုထားကြောင်း၊ ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်ကောင်းချီးများအကြောင်း လူတို့ကိုအသိပေးရုံသာမဟုတ်ပေ။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စကို သူတို့သဘောပေါက်လာစေရန် ကူညီပေးရမည်။ သူတို့သည် ခရစ်ယာန်စစ်များဖြစ်လာပြီး “ကိုယ်လက်ဝါးကပ်တိုင်ကို” ထမ်းကာ ဘုရားသခင့်နိုင်ငံတော်အတွက် ဆင်းရဲခံလိုကြသလော။ (မာကု ၈:၃၄) ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စကို ထောက်ခံသူတို့နှင့် ပူးပေါင်းပြီး စာတန်သည် မုသာကောင်ဖြစ်ကြောင်း၊ ရှုတ်ချဂုဏ်ဖျက်သူဖြစ်ကြောင်း သက်သေထူရန် သူတို့အသင့်ရှိကြသလော။ (သု. ၂၇:၁၁) ကျွန်ုပ်တို့သည် ကိုယ်တိုင်နှင့်အခြားသူများ ထိုသို့ဖြစ်လာရန် ကူညီပေးဖို့ အခွင့်ထူးရရှိထားကြသည်။—၁ တိမောသေ ၄:၁၆

“ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း” ဖြစ်တော်မူချိန်ဝယ်

၁၇၊ ၁၈။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြောင်း တင်ပြမည်ဆိုပါက အဘယ်ဘုန်းကျက်သရေရှိသောအချိန်ကို စောင့်မျှော်နိုင်သနည်း။

၁၇ ကျွန်ုပ်တို့သည် အပြုအမူနှင့် ဓမ္မအမှုလုပ်ငန်းဖြင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြောင်း တင်ပြရန် အတတ်နိုင်ဆုံးကြိုးစားနေကြသည်။ ထိုသို့ကြိုးစားနေစဉ် ယေရှုခရစ်သည် “မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌အပ်ပြန်တော်မူ” သောအချိန်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ကြသည်။ အဘယ်အချိန်တွင် ထိုသို့ဖြစ်မည်နည်း။ တမန်တော်ပေါလု ဤသို့ရှင်းပြသည်– “ခရစ်တော်သည် . . . အစိုးရရှိသမျှ၊ အခွင့်အာဏာတန်ခိုးရှိသမျှတို့ကို အချည်းနှီးဖြစ်စေတော်မူလိမ့်မည်။ ဘုရားသခင်သည် ရန်သူအပေါင်းတို့ကို ခြေတော်အောက်၌ ချထားတော်မူချိန်တိုင်အောင် ခရစ်တော်သည် အုပ်စိုးရမည်။ . . . ပြီးနောက် အရာခပ်သိမ်းကို ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း ဖြစ်တော်မူမည်။”—၁ ကောရိန္သု ၁၅:၂၄၊ ၂၅၊ ၂၈ကဘ။

၁၈ ဘုရားသခင်သည် “လူခပ်သိမ်း၌ အရာခပ်သိမ်း” ဖြစ်ချိန်တွင် အလွန်ဘုန်းကျက်သရေရှိပေမည်! ဘုရားသခင့်နိုင်ငံတော်သည် မိမိတာဝန်ကို ပြီးမြောက်စေပါလိမ့်မည်။ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်အန်တုသူအားလုံး ဖယ်ရှားခံရမည်။ စကြဝဠာတစ်ခွင် ငြိမ်သက်စည်းလုံးမှု ပြန်လည်ရရှိမည်။ “ယေဟောဝါ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟုဝန်ခံကြလော့။ . . . ‘ယေဟောဝါသည် ဘုရင်ဖြစ်တော်မူပြီ’ ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့” ဟူသောဆာလံဆရာ၏စကားများကို ဖန်ဆင်းရာအားလုံး သီကျူးကြပါလိမ့်မည်။—ဆာလံ ၉၆:၈၊ ၁၀ကဘ။

သင်ဖြေဆိုနိုင်သလော

• ဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စသည် အရေးကြီးဆုံးဖြစ်ကြောင်း ယေရှုမည်သို့တင်ပြခဲ့သနည်း။

• ယေရှုသည် မိမိဓမ္မအမှုနှင့် သေခြင်းဖြင့် အဘယ်အရာကို အဓိကပြီးမြောက်စေခဲ့သနည်း။

• ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြောင်း တင်ပြရာတွင် မည်သည့်နည်းများဖြင့် ယေရှု၏ ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]

ယေဟောဝါဘက်တွင် ရပ်တည်လော့

ခရစ်ယာန်များသည် ပြင်းထန်သောစမ်းသပ်မှုများ ကြုံရသောအခါ ကိုရီးယားနှင့်အခြားဒေသများရှိ ညီအစ်ကိုညီအစ်မများကဲ့သို့ ထိုသို့ကြုံရခြင်း၏အကြောင်းရင်းကို စိတ်စွဲမှတ်ထားခြင်းက အထောက်အကူပြုသည်။

ယခင်ဆိုဗီယက်ပြည်ထောင်စုအုပ်ချုပ်မှုအတွင်း ထောင်ကျခဲ့သော ယေဟောဝါသက်သေတစ်ဦး ဤသို့ပြောပြ၏– “ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘုရားသခင်ရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ဆိုင်တဲ့ အရေးကိစ္စကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ထားလို့ ခံရပ်နိုင်ခဲ့ကြတယ်။ . . . ဒါက ယေဟောဝါရဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဘက်မှာ ရပ်တည်ဖို့ အခွင့်အရေးပဲဆိုတာ ကျွန်တော်တို့သိတယ်။ . . . ဒါကြောင့် ကျွန်တော်တို့ အားရှိပြီး သမာဓိစောင့်သိနိုင်ခဲ့တယ်။”

နောက်သက်သေခံတစ်ဦးက အလုပ်ကြမ်းစခန်းတွင် နေရစဉ် သူနှင့်သက်သေခံချင်းတို့အား ကူညီပေးခဲ့သောအရာကို ဤသို့ပြောပြသည်– “ကျွန်တော်တို့ကို ယေဟောဝါထောက်မပေးခဲ့တယ်။ ခက်ခဲတဲ့အခြေအနေတွေမှာ ယေဟောဝါနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ခိုင်မာနေခဲ့တယ်။ စကြဝဠာ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုအရေးကိစ္စမှာ ယေဟောဝါဘက် ကျွန်တော်တို့ရပ်တည်နေကြတာဆိုပြီး အချင်းချင်းကို အမြဲအားပေးတယ်။”

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရှုသည် စာတန်၏သွေးဆောင်မှုခံရသောအခါ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မည်သို့ထောက်ခံခဲ့သနည်း

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေရှု၏သေခြင်းက အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း