ယောဟန် ၁၉:၁-၄၂

  • ယေရှု​ကို ရိုက်​နှက် လှောင်​ပြောင် (၁-၇)

  • ယေရှု​ကို ပိလတ်​မင်း ထပ်​စစ်​ဆေး (၈-၁၆က)

  • ယေရှု​ကို ဂေါ​လ​ဂေါသ​မှာ သစ်​တိုင်​ပေါ်​တင် သံနဲ့ရိုက် (၁၆ခ-၂၄)

  • မိ​ခင်​အတွက် ယေရှု​စီ​စဉ်​ပေး (၂၅-၂၇)

  • ယေရှု သေဆုံး (၂၈-၃၇)

  • ယေရှု​ကို သင်္ဂြိုဟ် (၃၈-၄၂)

၁၉  ပိလတ်​မင်း​က ယေရှု​ကို ခေါ်​သွား​ပြီး ကျာ​ပွတ်​နဲ့ ရိုက်​နှက်​ဖို့ အမိန့်​ပေး​တယ်။+ ၂  ဒါ​နဲ့ စစ်​သည်​တွေ​က ဆူး​ခက်​သရ​ဖူ လုပ်​ပြီး ယေရှု​ကို ဆောင်း​ပေး​တယ်။ ခ​ရမ်းရောင်​ဝတ်​ရုံ ဝတ်​ဆင်​ပေး​တယ်။+ ၃  အဲဒီ​နောက် ယေရှု​ရှေ့​ကို လာ​ပြီး “ဂျူး​တို့​ရဲ့​ဘု​ရင်၊ မင်္ဂလာ​ပါ” လို့ လှောင်​ပြောင်​ပြီး ပါး​ရိုက်​ကြ​တယ်။+ ၄  ပိလတ်​မင်း​က  အပြင်​ထွက်​ပြီး “သူ့​မှာ ဘာ​အပြစ်​မှ ငါ​မ​တွေ့​ဘူး​ဆို​တာ မင်း​တို့​သိ​အောင်​လို့ ငါ​ထုတ်​ပြမယ်” လို့ ဂျူး​တွေ​ကို ပြော​တယ်။+ ၅  ဆူး​ခက်​သရ​ဖူ  ဆောင်း​ထား​တဲ့ ယေရှု​က ခ​ရမ်းရောင်​ဝတ်​ရုံ​နဲ့ အပြင်​ကို​ထွက်​လာ​တော့ ပိလတ်​မင်း​က “ကြည့်​ကြပါ။ ဟော​ဒီ​လူ​ပဲ” ဆို​ပြီး​ပြော​တယ်။ ၆  ပု​ရော​ဟိတ်​ကြီး​တွေ​နဲ့ အစောင့်​ရဲ​မက်​တွေ​က ယေရှု​ကို​မြင်​တာ​နဲ့ “သူ့​ကို သစ်​တိုင်​ပေါ် တင်​ပါ။ သစ်​တိုင်​ပေါ် တင်​ပါ” လို့အော်​ကြ​တယ်။+ ပိလတ်​မင်း​က “သူ့​ကို မင်း​တို့​ပဲ ခေါ်​သွား​ပြီး ကွပ်​မျက်​လိုက်​ကြ။ ငါ​က​တော့ ဘာ​အပြစ်​မှ မတွေ့​ဘူး” လို့​ပြန်​ပြော​တယ်။+ ၇  ဂျူး​တွေ​က “ကျွန်​တော်​တို့​မှာ ဥ​ပဒေ​တစ်​ခု​ရှိ​တယ်။ သူ​က ကိုယ့်​ကိုယ်​ကိုယ် ဘု​ရား​သခင်​ရဲ့​သား​လို့ ပြော​တဲ့​အတွက်+ အဲဒီ​ဥ​ပဒေ​အရ သေထိုက်​တယ်”+ လို့ ပြော​ကြ​တယ်။ ၈  ပိလတ်​မင်း​က အဲဒီ​စကား​ကို​ကြား​တော့ ပို​ကြောက်​လာ​တယ်။ ၉  ဒါ​နဲ့ ဘု​ရင်​ခံ​နန်း​ဆောင်​ထဲ ပြန်​ဝင်​ပြီး “မင်း ဘယ်​က​လဲ” လို့​မေး​တဲ့​အခါ ယေရှု တစ်​ခွန်း​မှ ပြန်​မဖြေဘူး။+ ၁၀  ပိလတ်​မင်း​က “ငါ့​ကို ပြန်​မဖြေဘူး​လား။ မင်း​ကို လွှတ်​ပေး​ပိုင်​ခွင့်၊ သစ်​တိုင်​ပေါ်​တင်​ပိုင်​ခွင့် ငါ့​မှာ​ရှိ​မှန်း မင်း​မသိ​ဘူး​လား” လို့​မေး​တယ်။ ၁၁  ယေရှု​က “ဘု​ရား​သခင်​က​သာ အခွင့်​မပေး​ရင် ကျွန်​တော့်​ကို မင်း​ကြီး ဘာ​မှ လုပ်​ပိုင်​ခွင့်​မရှိ​ဘူး။ ဒါ​ကြောင့် ကျွန်​တော့်​ကို မင်း​ကြီး​လက်​ထဲ အပ်​တဲ့​သူ​ဟာ ပို​အပြစ်​ကြီး​ပါ​တယ်” လို့​ဖြေတယ်။ ၁၂  ဒါ​နဲ့ ပိလတ်​မင်း​လည်း ယေရှု​ကို​လွှတ်​ပေး​ဖို့ နည်း​လမ်း​ရှာ​တော့​တယ်။ ဒါ​ပေမဲ့ ဂျူး​တွေ​က “ဒီ​လူ​ကို​လွှတ်​ပေး​ရင် မင်း​ကြီး​ဟာ ဆီ​ဇာ​ရဲ့* အဆွေ​တော် မဟုတ်​ဘူး။ ကိုယ့်​ကိုယ်​ကိုယ် ဘုရင်​ပါ​လို့  ပြော​သူ​ဟာ  ဆီ​ဇာ​ကို ဆန့်ကျင်​သူ​ပဲ”  ဆို​ပြီး  အော်​ပြော​ကြ​တယ်။+ ၁၃  ဒီ​စကား​ကို ကြား​တဲ့​အခါ ပိလတ်​မင်း​က ယေရှု​ကို အပြင်​ခေါ်​ထုတ်​ပြီး ကျောက်​ခင်း​စင်္ကြံ​လို့​ခေါ်​တဲ့ တရား​ပလ္လင်​မှာ ထိုင်​လိုက်​တယ်။ အဲဒီ​နေ​ရာ​ကို ဟီ​ဘ​ရူး​စကား​နဲ့ ‘ဂဗ္ဗ​သ’ လို့​ခေါ်​တယ်။ ၁၄  အချိန်​က​တော့ ပသခါ​ပြင်​ဆင်​ရာ​နေ့၊+ နေ့​လယ် ၁၂ နာ​ရီ* လောက်​ရှိ​ပြီ။ ပိလတ်​မင်း​က ဂျူး​တွေ​ကို “မင်း​တို့​ရဲ့ ဘု​ရင်​ကို ကြည့်​ကြ” လို့​ပြော​တယ်။ ၁၅  ဂျူး​တွေ​က “သူ့​ကို ရှင်း​ပစ်​ပါ။ ရှင်း​ပစ်​ပါ။ သစ်​တိုင်​ပေါ်​တင်​ပါ” လို့အော်​ပြော​ကြ​တယ်။ ပိလတ်​မင်း​က​လည်း “မင်း​တို့​ရဲ့​ဘု​ရင်​ကို ကွပ်​မျက်​ရ​မလား”  လို့​မေး​တဲ့​အခါ ပု​ရော​ဟိတ်​ကြီး​တွေ​က “ကျွန်​တော်​တို့​မှာ ဆီ​ဇာ​က​လွဲ​လို့ တ​ခြား​ဘု​ရင် မရှိ​ဘူး” လို့​ဖြေကြ​တယ်။ ၁၆  ပိလတ်​မင်း​လည်း ယေရှု​ကို သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ဖို့ သူတို့​ဆီ အပ်​လိုက်​တယ်။+ ဒါ​နဲ့ ယေရှု​ကို သူတို့ ခေါ်​ထုတ်​သွား​ကြ​တယ်။ ၁၇  ယေရှု​က မိမိ​ကို​တင်​ပြီး​သတ်​မယ့် သစ်​တိုင်​ကို* ထမ်း​ပြီး ဦး​ခေါင်း​ခွံ​အရပ်​ကို ထွက်​လာ​တယ်။+ အဲဒီ​နေ​ရာ​ကို ဟီ​ဘ​ရူး​စကား​နဲ့ ‘ဂေါ​လ​ဂေါသ​’ လို့​ခေါ်​တယ်။+ ၁၈  အဲဒီ​ကို​ရောက်​တော့ ယေရှု​ကို သစ်​တိုင်​ပေါ်​တင်​ပြီး သံ​နဲ့​ရိုက်​ကြ​တယ်။+ လူ​နှစ်​ယောက်​ကို​လည်း သစ်​တိုင်​ပေါ် သံ​နဲ့​ရိုက်​ပြီး ယေရှု​ရဲ့ ဘေး​နှစ်​ဖက်​မှာ တစ်​ယောက်​စီ ထား​လိုက်​တယ်။+ ၁၉  ပိလတ်​မင်း​က “ဂျူး​တို့​ရဲ့​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား ယေရှု” ဆို​တဲ့ ဘွဲ့​နာ​မည်​ကို ရေး​ပြီး သစ်​တိုင်​ပေါ်​မှာ  တပ်​ထား​တယ်။+ ၂၀  ယေရှု​ကို သစ်​တိုင်​ပေါ်​တင်​တဲ့ နေ​ရာ​ဟာ ဂျေရု​ဆ​လင်​မြို့​နဲ့ နီး​နေ​တော့ ဂျူး​အတော်​များ​များ​က ဟီ​ဘ​ရူး​စကား၊ လက်​တင်​စကား၊ ဂရိ​စကား​နဲ့ ရေး​ထား​တဲ့ အဲဒီ​ဘွဲ့​နာ​မည်​ကို ဖတ်​လို့ရ​တယ်။ ၂၁  ဒါ​ပေမဲ့ ဂျူး​ပု​ရော​ဟိတ်​ကြီး​တွေ​က “‘ဂျူး​တို့​ရဲ့​ဘု​ရင်’ လို့​မရေး​ပါ​နဲ့။ ‘ကိုယ့်​ကိုယ်​ကိုယ် ဂျူး​တို့​ရဲ့​ဘု​ရင်လို့ ပြော​တဲ့​သူ’ ဆို​ပြီး ရေး​ပါ”  လို့​ပြော​တော့၊ ၂၂  ပိလတ်​မင်း​က “ငါ​ရေး​ပြီး​ပြီ။ ဒါ​အတည်​ပဲ” လို့​ပြော​တယ်။ ၂၃  စစ်​သည်​တွေ​က ယေရှု​ကို သစ်​တိုင်​ပေါ်​မှာ  သံ​နဲ့​ရိုက်​ပြီး​သွား​တဲ့​အခါ ဝတ်​လုံ​တွေ​ကို လေး​ပိုင်း​ပိုင်း​ပြီး တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​တယ်။ အတွင်း​အင်္ကျီ​ကို​လည်း ယူ​လိုက်​တယ်။ ဒါ​ပေမဲ့ အတွင်း​အင်္ကျီ​က ချုပ်​ရိုး​မပါ​ဘဲ အထက်​အောက် တစ်​ဆက်​တည်း ရက်​ထား​တဲ့​အထည်  ဖြစ်​နေ​တယ်။ ၂၄  ဒါ​ကြောင့် သူတို့​က “ဒီ​တစ်​ထည်​ကို​တော့ မပိုင်း​တော့​ဘဲ မဲ​ချ​ပြီး ယူ​လိုက်​ရ​အောင်” လို့ အချင်း​ချင်း​ပြော​တယ်။+ “ကျွန်​တော့်​ဝတ်​လုံ​တွေ​ကို အပိုင်း​ပိုင်း ခွဲ​ယူ​ပြီး အင်္ကျီ​ကို​လည်း မဲ​ချ​ယူ​ကြ​တယ်”+ ဆို​တဲ့ ကျမ်း​စကား​အတိုင်း ဖြစ်​လာ​တယ်။ စစ်​သည်​တွေ အဲဒီ​လို တ​ကယ်​လုပ်​ခဲ့​တယ်။ ၂၅  ယေရှု​ရဲ့  သစ်​တိုင်​နား​မှာ မိခင်၊+ မိ​ခင်​ရဲ့​ညီ​မ၊ က​လော​ဖရဲ့​ဇနီး မာ​ရိ​နဲ့ မာ​ဂဒ​လ​မာ​ရိ​တို့ ရပ်​နေ​တယ်။+ ၂၆  ယေရှု​က မိ​ခင်​ရော သူ​ချစ်​တဲ့​တ​ပည့်​ပါ+ အနား​မှာ ရပ်​နေ​တာ​ကို မြင်​တဲ့​အခါ မိ​ခင်​ကို “အမေ၊ အခု​ချိန်​က​စ​ပြီး သူ​ဟာ အမေ့​သား ဖြစ်​သွား​ပြီနော်” လို့​မှာ​တယ်။ ၂၇  တ​ပည့်​ကို​လည်း “အခု​ချိန်​က​စ​ပြီး သူ​ဟာ ခင်​ဗျားရဲ့​အမေ ဖြစ်​သွား​ပြီ” လို့​မှာ​တယ်။ ဒါ​နဲ့ အဲဒီ​တ​ပည့်​လည်း မာ​ရိ​ကို သူ့​အိမ်​မှာ​ပဲ ခေါ်​ထား​လိုက်​တယ်။ ၂၈  အဲဒီ​နောက် ယေရှု​က အဖဘုရား​ ခိုင်း​ထား​တဲ့  အလုပ်​အားလုံး​ကို သူ အခု​လုပ်​ပြီး​သွား​မှန်း သိ​တဲ့​အခါ “ရေ​ဆာ​လိုက်​တာ”+ လို့​ပြော​တယ်။ အဲဒီ​လို​ပြော​တာ  ကျမ်း​စကား​ပြည့်​စုံ​ဖို့​ပါ​ပဲ။ ၂၉  အဲဒီ​မှာ  အချဉ်​ပေါက်​နေ​တဲ့​ဝိုင် အပြည့်​ထည့်​ထား​တဲ့ အိုး​တစ်​လုံး ရှိ​နေ​တယ်။ သူတို့​က ရေ​မြှုပ်​ကို ဝိုင်​ထဲ​နှစ်၊ ဟုဿုပ်* ကိုင်း​ရဲ့​ထိပ်​မှာ တပ်​ပြီး ယေရှု​ရဲ့​နှုတ်​ခမ်း​ဆီ  လှမ်း​တေ့​ပေး​တယ်။+ ၃၀  ဝိုင်​သောက်​ပြီး​တဲ့​အခါ ယေရှု​က “အဖခိုင်း​သမျှ ကျွန်​တော်​လုပ်​ပြီး​ပါ​ပြီ”+ လို့​ပြော​တယ်။ အဲဒီ​နောက် ခေါင်း​ငိုက်​စိုက်​ကျ​ပြီး အသက်​ထွက်​သွား​တယ်။+ ၃၁  အဲဒီ​နေ့​က အဖိတ်​နေ့၊+ နောက်​တစ်​နေ့​က​လည်း အထူး​ဥ​ပုသ်​နေ့+ ဖြစ်​နေ​တယ်။  ဒါ​ကြောင့်  ဂျူး​တွေ​က အလောင်း​တွေ​ကို သစ်​တိုင်​ပေါ်​မှာ ဥပုသ်​နေ့​အထိ မရှိ​စေ​ချင်​တဲ့​အတွက်+ ခြေ​ထောက်​ချိုး​ပြီး  သယ်​သွား​ပါ​ရ​စေ​လို့ ပိလတ်​မင်း​ဆီ ခွင့်​တောင်း​ကြ​တယ်။ ၃၂  အဲဒီ​နောက် စစ်​သည်​တွေ ရောက်​လာ​ပြီး ယေရှု​ဘေး​မှာ သစ်​တိုင်​တင်​ထား​တဲ့ လူ​နှစ်​ယောက်​ရဲ့ ခြေ​ထောက်​ကို ချိုး​တယ်။ ၃၃  ယေရှု အလှည့်​ရောက်​တဲ့​အခါ သေဆုံး​နေ​ပြီဆို​တာ သိ​သွား​တဲ့​အတွက် ခြေ​ထောက် မချိုး​တော့​ဘူး။ ၃၄  စစ်​သည်​တစ်​ယောက်​က ယေရှု​ရဲ့​နံရိုး​နား​ကို လှံ​နဲ့​ထိုး​လိုက်​တဲ့​အခါ+ သွေး​နဲ့​ရေတွေ ချက်​ချင်း ထွက်​လာ​တယ်။ ၃၅  ဒါ​ကို​မြင်​လိုက်​တဲ့ လူ​တစ်​ယောက်​က သက်​သေထွက်​ဆို​တယ်။ သူ့​ထွက်​ဆို​ချက်​ဟာ မှန်​ကန်​တယ်။ သူ​မှန်​တာ​ပြော​နေ​မှန်း​လည်း သူ​သိ​တယ်။ ခင်​ဗျား​တို့​ကို​လည်း ယုံ​စေ​ချင်​လို့ သူ ဒီ​အကြောင်း​တွေ ပြော​ပြနေ​တာ။+ ၃၆  အခု​လို ဖြစ်​ပျက်​လာ​တာ​ဟာ “သူ့​အရိုး​တစ်​ချောင်း​မှ မကျိုး​ဘူး” ဆို​တဲ့ ကျမ်း​စကား ပြည့်​စုံ​တာ​ပဲ။+ ၃၇  နောက်​ကျမ်း​တစ်​ချက်​မှာ​လည်း “သူတို့​က ကိုယ်​ထိုး​ဖောက်​တဲ့​သူ​ကို ကြည့်​ကြ​လိမ့်​မယ်” လို့ ပြော​ထား​တယ်။+ ၃၈  အဲဒီ​နောက် အရိ​မသဲ​မြို့​သား ယော​သပ်​က ယေရှု​အလောင်း​ကို ယူ​ခွင့်​ပေး​ဖို့ ပိလတ်​မင်း​ဆီ ခွင့်​တောင်း​တယ်။ သူ​ဟာ ဂျူး​တွေ​ကို​ကြောက်​လို့ ယေရှု​ရဲ့​တ​ပည့်​ဖြစ်​မှန်း လူ​သိ​မခံ​ရဲ​တဲ့​သူ​ပဲ။+ ပိလတ်​မင်း ခွင့်​ပြု​တဲ့​အတွက် အလောင်း​ကို သူ လာ​ယူ​တယ်။+ ၃၉  အရင်​တုန်း​က ယေရှု​ကို ည​အချိန် လာ​တွေ့​ဖူး​တဲ့ နိကောဒင်​က​လည်း+ မု​ရန်​နဲ့* သစ်​မွှေး​ဆီ ရော​ထား​တဲ့ နံ့​သာ​ထုပ်​ယူ​လာ​တယ်။ နံ့​သာ​ထုပ်​က ပေါင်* တစ်ရာ​လောက်  ရှိ​တယ်။+ ၄၀  သူတို့​က ယေရှု​ရဲ့​အ​လောင်း​ကို​ယူ၊ ဂျူး​တွေရဲ့ စျာပန​​ထုံး​စံ​အတိုင်း  အမွှေး​နံ့​သာ​တွေ  ထည့်​ပြီး ပိတ်ထည်​နဲ့  ပတ်​ရစ်​လိုက်​တယ်။+ ၄၁  ယေရှု​ကို သစ်​တိုင်​ပေါ် ကွပ်​မျက်​တဲ့​နေ​ရာ​မှာ ဥ​ယျာဉ်​တစ်​ခု​ရှိ​တယ်။ အဲဒီ​ဥယျာဉ်​ထဲ​မှာ ဘယ်​သူ့​ကို​မှ မသင်္ဂြိုဟ်​ရ​သေး​တဲ့ သင်္ချိုင်း​ဂူ​သစ်​တစ်​ခု ရှိ​တယ်။+ ၄၂  ဂျူး​တွေရဲ့  အဖိတ်​နေ့​ဖြစ်​နေ​တဲ့​အပြင်+ သင်္ချိုင်း​ဂူ​က​လည်း အနီး​အနား​မှာ​ပဲ ရှိ​နေ​တဲ့​အတွက် ယေရှု​ရဲ့​အလောင်း​ကို အဲဒီ​မှာ ထည့်​ထား​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်ရဲ့။”
မူ​ရင်း၊ “နေ​ထွက်​ပြီး​နောက် ၆ ချက်​တီး။”
ခက်​ဆစ် “ဒုက္ခ​သစ်​တိုင်” ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
ရော​မအလေး​ချိန်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။