ယောဟန် ၁:၁-၅၁

  • နှုတ်ကပတ်တော် သွေးသားခန္ဓာနဲ့ မွေးဖွားလာ (၁-၁၈)

  • နှစ်ခြင်းပေးသူယောဟန် သက်သေခံ (၁၉-၂၈)

  • ဘုရားသခင်ရဲ့သိုးသငယ် ယေရှု (၂၉-၃၄)

  • ယေရှုရဲ့ ဦးဆုံးတပည့်များ (၃၅-၄၂)

  • ဖိလိပ္ပုနဲ့ နာသနေလ (၄၃-၅၁)

၁  အစအဦးမှာ နှုတ်ကပတ်တော်*+ ရှိတယ်။  နှုတ်ကပတ်တော်ဟာ ဘုရားသခင်နဲ့အတူ ရှိတယ်။+ နှုတ်ကပတ်တော်ကလည်း  ဘုရားတစ်ပါးပါပဲ။+ ၂  သူဟာ  အစအဦးကတည်းက  ဘုရားသခင်နဲ့အတူ  ရှိခဲ့တယ်။ ၃  ဘုရားသခင်က သူ့ကိုသုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။+ သူမပါဘဲ ဖန်ဆင်းထားတာ ဘာတစ်ခုမှ မရှိဘူး။ ၄  သူ့ကိုသုံးပြီး ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အရာဟာ အသက်ပဲ။ အဲဒီအသက်ဟာ လူတွေအတွက် အလင်းပဲ။+ ၅  အဲဒီအလင်းဟာ အမှောင်မှာ ထွန်းလင်းနေတယ်။+  အမှောင်က အဲဒီအလင်းကို မလွှမ်းနိုင်ဘူး။ ၆  ဘုရားသခင်က ယောဟန်လို့ခေါ်တဲ့ လူတစ်ယောက်ကို မိမိရဲ့ကိုယ်စားလှယ်အဖြစ်  စေလွှတ်လိုက်တယ်။+ ၇  သူက အဲဒီအလင်းအကြောင်း လူတွေကို သက်သေခံဖို့ ရောက်လာတာ။+ သူ့စကားကိုကြားပြီး လူအမျိုးမျိုး ယုံကြည်လာစေဖို့ပဲ။ ၈  သူဟာ အဲဒီအလင်း မဟုတ်ဘူး။+ အလင်းအကြောင်းသက်သေခံဖို့ ရောက်လာတာ။ ၉  လူအမျိုးမျိုးကို အလင်းပေးမယ့် စစ်မှန်တဲ့အလင်းဟာ လူ့လောကကို ရောက်လာတော့မယ်။+ ၁၀  သူက ဒီလောကထဲမှာ ရှိတယ်။+ ဘုရားသခင်က သူ့ကိုသုံးပြီး ဒီလောကကို ဖန်ဆင်းခဲ့တယ်။+ ဒါပေမဲ့ ဒီလောကက သူ့ကို မသိဘူး။ ၁၁  နေရင်းပြည်ကို လာတော့လည်း သူ့လူမျိုးက လက်မခံဘူး။ ၁၂  သူကတော့ မိမိကိုလက်ခံသူ၊ မိမိနာမည်ကို  ယုံကြည်သူအားလုံးကို+ ဘုရားသခင်ရဲ့ သားသမီးဖြစ်ခွင့် ပေးတယ်။+ ၁၃  သူတို့ဟာ လူ့သဘာဝအလျောက် မွေးဖွားလာတာ မဟုတ်ဘူး။ မိဘရဲ့အလိုအရ၊ ဖခင်ရဲ့အလိုအရ မွေးဖွားလာတာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလိုအရ မွေးဖွားလာသူတွေဖြစ်တယ်။+ ၁၄  နှုတ်ကပတ်တော်ဟာ  သွေးသားခန္ဓာနဲ့ မွေးဖွားလာပြီး+ ကျွန်တော်တို့နဲ့အတူ နေထိုင်တယ်။ သူ့ဘုန်းအသရေကို ကျွန်တော်တို့ မြင်ခဲ့တယ်။ ဖခင်က တစ်ဦးတည်းသောသားကို ပေးအပ်တဲ့ ဘုန်းအသရေမျိုးပဲ။+ သူဟာ ဘုရားသခင်ရဲ့ မျက်နှာသာနဲ့ ပြည့်ဝတဲ့သူ၊ အမှန်တရားနဲ့ ပြည့်ဝတဲ့သူ ဖြစ်တယ်။ ၁၅  (ယောဟန်က “‘ကျွန်တော့်နောက်မှာ လာနေသူဟာ ကျွန်တော် မရှိခင်ကတည်းက တည်ရှိခဲ့သူဖြစ်လို့ ရှေ့ကိုရောက်နှင့်နေပြီ’ လို့ ကျွန်တော်ပြောတာ ဒီလူပဲ” ဆိုပြီး သူ့အကြောင်း သက်သေခံခဲ့တယ်။)+ ၁၆  သူ အဲဒီလိုပြည့်ဝနေတဲ့အတွက် ကျွန်တော်တို့မှာ မဟာကရုဏာကို ခံစားပြီးရင်း ခံစားနေရတယ်။ ၁၇  ပညတ်ကျမ်းကို မောရှေကတစ်ဆင့် ရခဲ့တယ်။+ မဟာကရုဏာနဲ့+ အမှန်တရားကိုတော့ ယေရှုခရစ်ကတစ်ဆင့်  ရခဲ့တယ်။+ ၁၈  ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးဘူး။+ ဒါပေမဲ့ အဖဘုရားရဲ့ဘေးမှာ*+ ရှိနေတဲ့အပြင် ဘုရားတစ်ပါးလည်းဖြစ်တဲ့+ တစ်ဦးတည်းသောသားက  အဖဘုရားအကြောင်း ရှင်းပြတယ်။+ ၁၉  ဂျူးတွေက ဂျေရုဆလင်မြို့ကနေ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေကို ယောဟန်ဆီလွှတ်ပြီး “ခင်ဗျား ဘယ်သူလဲ”  လို့ မေးခိုင်းတဲ့အခါ၊+ ၂၀  ယောဟန်က  သွယ်ဝိုက်မနေဘဲ “ကျွန်တော် ခရစ်တော် မဟုတ်ဘူး” ဆိုပြီး  ပွင့်ပွင့်လင်းလင်း  ဝန်ခံတယ်။ ၂၁  “ဒါဆို ခင်ဗျားက ဧလိယလား”+ လို့မေးတော့  “မဟုတ်ဘူး”   လို့ ဖြေတယ်။ “ပေါ်ထွန်းလာမယ့် ပရောဖက်လား”+ ဆိုပြီး မေးတော့လည်း “မဟုတ်ဘူး” လို့ဖြေတယ်။ ၂၂  ဒါနဲ့ သူတို့က “ခင်ဗျား ဘယ်သူလဲဆိုတာ ပြောပါ။ ဒါမှ ကျွန်တော်တို့ကို လွှတ်လိုက်တဲ့ သူတွေဆီ ပြန်ပြောပြနိုင်မှာ။ ခင်ဗျား ဘယ်သူလဲ” လို့မေးကြတယ်။ ၂၃  ယောဟန်က “‘ယေဟောဝါ* ဘုရားရဲ့ လမ်းကို ဖြောင့်ဖြူးအောင် လုပ်ကြ’+ ဆိုပြီး တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတယ်လို့ ပရောဖက်ဟေရှာယ ဟောခဲ့တဲ့သူဟာ ကျွန်တော်ပဲ”+ ဆိုပြီးဖြေတယ်။ ၂၄  ဖာရိရှဲတွေ* လွှတ်လိုက်လို့ ရောက်လာတဲ့ အဲဒီလူတွေက၊ ၂၅  “ခင်ဗျားဟာ ခရစ်တော်လည်း မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပေါ်ထွန်းလာမယ့် ပရောဖက်လည်း မဟုတ်ဘူးဆိုရင် ဘာလို့ နှစ်ခြင်းပေးတာလဲ” ဆိုပြီး မေးတဲ့အခါ၊ ၂၆  ယောဟန်က “ကျွန်တော်က ရေနဲ့နှစ်ခြင်းပေးတယ်။ ခင်ဗျားတို့မသိတဲ့ လူတစ်ယောက် ခင်ဗျားတို့ဆီမှာ ရှိနေတယ်။ ၂၇  သူက ကျွန်တော့်နောက်မှာ လာနေတယ်။ သူ့ဖိနပ်ကြိုးကို ဖြေပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး”+ လို့ ဖြေတယ်။ ၂၈  ဒါတွေက ယောဟန်နှစ်ခြင်းပေးတဲ့ ဂျော်ဒန်မြစ်ရဲ့ တစ်ဖက်ကမ်း၊ ဗေသနိရွာမှာ ဖြစ်ပျက်နေတာ။+ ၂၉  နောက်တစ်နေ့၊ ယေရှုလာနေတာကို မြင်တဲ့အခါ ယောဟန်က “ကြည့်ပါ၊ ဒီလောကရဲ့+ အပြစ်ကို ဖယ်ရှားပေးမယ့်+ ဘုရားသခင်ရဲ့သိုးသငယ်ဟာ သူပဲ။+ ၃၀  ‘ကျွန်တော့်နောက်မှာ လာတဲ့သူဟာ ကျွန်တော် မရှိခင်ကတည်းက တည်ရှိခဲ့သူဖြစ်လို့ ရှေ့ကိုရောက်နှင့်နေပြီ’ လို့ ကျွန်တော်ပြောတာ သူပဲပေါ့။+ ၃၁  ကျွန်တော်တောင် သူ့ကို မသိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် ရေနဲ့နှစ်ခြင်းပေးရတဲ့ အကြောင်းရင်းက သူ့ကို အစ္စရေးတွေ သိလာစေဖို့ပဲ” လို့ပြောတယ်။+ ၃၂  အဲဒီအပြင် ယောဟန်က “စွမ်းအားတော်က ကောင်းကင်ကနေ ချိုးငှက်သဏ္ဌာန်နဲ့ ဆင်းလာပြီး သူ့အပေါ် နားနေတာကို ကျွန်တော်မြင်တယ်။+ ၃၃  သူ့ကို ကျွန်တော် မသိပေမဲ့ ရေနဲ့နှစ်ခြင်းပေးဖို့ ကျွန်တော့်ကို  စေလွှတ်တဲ့အရှင်က  ‘လူတစ်ယောက်အပေါ် စွမ်းအားတော်ဆင်းလာပြီး နားနေတာကို မြင်ရင်+ အဲဒီလူဟာ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးမယ့်သူပဲ’ လို့ ကျွန်တော့်ကို မှာထားတယ်။+ ၃၄  အဲဒီအတိုင်း ဖြစ်လာတာကို  ကျွန်တော် မြင်ရတယ်။ ဒါကြောင့် သူဟာ ဘုရားသခင်ရဲ့သားပဲဆိုတာ ကျွန်တော် သက်သေခံတယ်”+ လို့ပြောတယ်။ ၃၅  နောက်တစ်နေ့မှာ ယောဟန်က တပည့်နှစ်ယောက်နဲ့အတူ  ရပ်နေတုန်း၊ ၃၆  ယေရှု လာနေတာကို မြင်တဲ့အခါ “ကြည့်ပါ၊ သူဟာ ဘုရားသခင်ရဲ့သိုးသငယ်ပဲ”+  လို့ပြောတယ်။ ၃၇  ဒါကိုကြားတဲ့ သူ့တပည့်နှစ်ယောက်က ယေရှုနောက်ကို လိုက်သွားတယ်။ ၃၈  ယေရှု လှည့်ကြည့်ပြီး နောက်ကနေပါလာတဲ့ သူတို့ကို မြင်တဲ့အခါ “ဘာအလိုရှိသလဲ” လို့မေးတော့ သူတို့က “ရဗ္ဗိ၊ ဘယ်မှာနေသလဲ” လို့မေးတယ်။ (ရဗ္ဗိရဲ့အဓိပ္ပာယ်က “ဆရာ။”) ၃၉  ယေရှုက “လိုက်ပြီး ကြည့်လေ” လို့ပြောတော့ လိုက်သွားကြတယ်။ ယေရှုနေတဲ့နေရာကို သူတို့သိသွားပြီး အဲဒီနေ့ ယေရှုဆီမှာပဲ နေလိုက်ကြတယ်။ အချိန်ကတော့ ညနေ ၄ နာရီ* လောက် ရှိနေပြီ။ ၄၀  ယောဟန်ရဲ့စကားကို ကြားပြီး ယေရှုနောက်လိုက်လာတဲ့ တပည့်နှစ်ယောက်ထဲမှာ တစ်ယောက်က  ရှိမုန်ပေတရုရဲ့ညီ အန္ဒြေ+ လို့ခေါ်တယ်။ ၄၁  သူက အစ်ကိုရှိမုန်ကို အရင်ဆုံးရှာပြီး “ငါတို့ မေရှိယကို* တွေ့ပြီ”+ လို့ပြောတယ်။ (မေရှိယဆိုတာ “ခရစ်တော်” ကိုဆိုလိုတယ်။) ၄၂  အဲဒီနောက် ရှိမုန်ကို ယေရှုဆီ ခေါ်သွားတယ်။ ယေရှုက ရှိမုန်ကို ကြည့်ပြီး “ခင်ဗျားဟာ ယောဟန်ရဲ့သား ရှိမုန်ပဲ။+ ခင်ဗျားကို ကေဖလို့ ခေါ်ကြလိမ့်မယ်” ဆိုပြီးပြောတယ်။ (ကေဖကို ဂရိလို “ပေတရု”* လို့ခေါ်တယ်။)+ ၄၃  နောက်တစ်နေ့၊ ယေရှုက ဂါလိလဲနယ်ကို  သွားချင်နေတယ်။  ဒါနဲ့ ဖိလိပ္ပုကို တွေ့တဲ့အခါ+ “ကျွန်တော့်နောက်လိုက်လုပ်ပါ”လို့ခေါ်တယ်။ ၄၄  ဖိလိပ္ပုလည်း အန္ဒြေနဲ့ပေတရုလို ဗက်ဇဲဒမြို့သားပဲ။ ၄၅  ဖိလိပ္ပုက နာသနေလကို  တွေ့တော့+ “မောရှေပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေမှာ* ရေးထားတဲ့သူကို ကျွန်တော်တို့ တွေ့ပြီ။ သူဟာ ယောသပ်ရဲ့သား၊+ နာဇရက်မြို့သား  ယေရှုပဲ”  လို့ပြောတယ်။ ၄၆  အဲဒီအခါ နာသနေလက “နာဇရက်မြို့ကနေ ကောင်းတာတစ်ခုခု ထွက်နိုင်လို့လား” လို့ပြောတဲ့အခါ ဖိလိပ္ပုက “ကိုယ်တိုင် လိုက်ကြည့်လေ” လို့ခေါ်တယ်။ ၄၇  နာသနေလ လာနေတာကို မြင်တော့ ယေရှုက “ကြည့်ပါ။ သူဟာ လှည့်စားခြင်းကင်းတဲ့သူ၊ အစ္စရေးပီသတဲ့သူပဲ”+ လို့ပြောတယ်။ ၄၈  နာသနေလက “ကျွန်တော့်ကို ဘယ်လိုလုပ် သိတာလဲ” လို့မေးတဲ့အခါ ယေရှုက “ဖိလိပ္ပု မခေါ်ခင်တုန်းက သဖန်းပင်အောက်မှာ ခင်ဗျားရှိနေတာ ကျွန်တော်မြင်တယ်” လို့ဖြေတယ်။ ၄၉  အဲဒီအခါ နာသနေလက “ရဗ္ဗိ၊ ရဗ္ဗိဟာ ဘုရားသခင်ရဲ့သား၊ အစ္စရေးဘုရင်ပဲ”+ လို့ပြောတယ်။ ၅၀  ယေရှုက “သဖန်းပင်အောက်မှာ ခင်ဗျား ရှိနေတာကို မြင်တယ်ဆိုပြီး ပြောလိုက်လို့ ကျွန်တော့်ကို ယုံသွားတာလား။ ဒီထက် အံ့သြစရာကောင်းတာတွေ ခင်ဗျားမြင်ရဦးမယ်” လို့ပြောတယ်။ ၅၁  “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကောင်းကင်ပွင့်ပြီး ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ လူသားဆီ ဆင်းလာလိုက်၊ တက်သွားလိုက် လုပ်နေတာ ခင်ဗျားတို့ မြင်ရလိမ့်မယ်” လို့လည်း ပြောတယ်။+

အောက်ခြေမှတ်ချက်များ

^ ယေရှုရဲ့ ဘွဲ့နာမည်တစ်ခု။
^ ဒါမှမဟုတ်၊ “အဖဘုရားရဲ့ ရင်ခွင်ထဲမှာ။” အထူးမျက်နှာသာရအနေအထားကို ဆိုလို။
^ ခက်ဆစ်ကိုကြည့်။
^ မူရင်း၊ “နေထွက်ပြီးနောက် ၁၀ ချက်တီး။”
^ ဒါမှမဟုတ်၊ “ဘိသိက်ခံရသူ။”
^ အဓိပ္ပာယ်၊ “ကျောက်တုံး။”
^ ‘ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။