လုကာ ၉:၁-၆၂

  • အမှု​ဆောင်​လုပ်ငန်း​အတွက် တမန်​တော် ၁၂ ယောက်​ကို ညွှန်​ကြား (၁-၆)

  • ယေရှု​ကြောင့် စိတ်​ရှုပ်​သွား​တဲ့ ဟေ​ရုဒ် (၇-၉)

  • လူ ၅,၀၀၀ ကို ယေရှု ကျွေး​မွေး (၁၀-၁၇)

  • ခ​ရစ်​တော်​ဖြစ်​ကြောင်း ပေတရု သိ​မြင် (၁၈-၂၀)

  • သေဆုံးမ​ယ့်​အကြောင်း ယေရှု​ကြို​ပြော (၂၁၊ ၂၂)

  • စစ်​မှန်​တဲ့ တ​ပည့်​နောက်​လိုက် (၂၃-၂၇)

  • ယေရှု ကိုယ်​ယောင်​ပြောင်း​ခြင်း (၂၈-၃၆)

  • နတ်​ဆိုး​ပူး​တဲ့ လူငယ်​လေး​ကို ကု​သပေး (၃၇-၄၃က)

  • သေဆုံးမ​ယ့်​အကြောင်း ထပ်​မံ​ကြို​ပြော (၄၃ခ-၄၅)

  • ဘယ်​သူ​ကြီးမြတ်​ကြောင်း တ​ပည့်တွေ ငြင်းခုံ (၄၆-၄၈)

  • ကျွန်​တော်​တို့​ကို မဆန့်​ကျင်​တဲ့​လူ​ဟာ ကျွန်​တော်​တို့​ဘက်​က​ပဲ (၄၉၊ ၅၀)

  • ရှ​မာ​ရိ​ရွာ​တစ်​ရွာ ယေရှု​ကို လက်မခံ (၅၁-၅၆)

  • ယေရှု​နောက် လိုက်​နိုင်​ပုံ (၅၇-၆၂)

 ယေရှု​က တမန်​တော် ၁၂ ယောက်​ကို ခေါ်​ပြီး နတ်​ဆိုး​အားလုံး​ကို နှင်​ထုတ်​နိုင်​တဲ့၊+ ရော​ဂါ​ကု​သနိုင်​တဲ့ တန်ခိုး​အာ​ဏာ ပေး​အပ်​တယ်။+ ၂  ဘုရား​သခင့် နိုင်​ငံ​တော်​အကြောင်း ဟော​ပြော​ဖို့၊ လူ​နာ​တွေ​ကို ကု​သပေး​ဖို့ သူတို့​ကို စေ​လွှတ်​ပြီး၊ ၃  “လမ်း​ခ​ရီး​အတွက် ဘာ​မှ​မယူ​သွား​ပါ​နဲ့။ ငွေ၊ တောင်​ဝှေး၊ ရိက္ခာ​အိတ်၊ စား​စ​ရာ မယူ​သွား​နဲ့။ အင်္ကျီ​အပို* မယူ​သွား​နဲ့။+ ၄  အိမ်​တစ်​အိမ်​ကို ဝင်​တဲ့​အခါ အဲဒီ​မြို့​က​နေ မထွက်​မချင်း အဲဒီ​အိမ်​မှာ​ပဲ တည်း​ခို​ပါ။+ ၅  ခင်​ဗျား​တို့​ကို လက်မခံ​​ဘူး​ဆို​ရင်​တော့ အဲဒီ​မြို့​က​နေ ထွက်​ခွာ​တဲ့​အခါ သက်​သေအနေ​နဲ့ ခြေ​ထောက်​က ဖုန်​တွေ​ကို ခါ​လိုက်​ပါ”+ လို့​မှာ​တယ်။ ၆  အဲဒီ​နောက် တမန်​တော်တွေ​ဟာ တစ်​ရွာ​ပြီး​တစ်​ရွာ သွား​ပြီး သတင်း​ကောင်း ဟော​ပြော​တယ်။ ရော​ဂါ​တွေ ကု​သပေး​တယ်။+ ၇  အဲဒီ​အကြောင်း​တွေ​ကို နယ်​စား​မင်း ဟေ​ရုဒ်​ကြား​တဲ့​အခါ အတော်​လေး စိတ်​ရှုပ်​သွား​တယ်။ လူ​တ​ချို့​က ယောဟန် သေရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပြီဆို​ပြီး ပြော​နေ​လို့​ပဲ။+ ၈  တ​ချို့​က ဧလိယ​ပေါ်​ထွန်း​ပြီလို့ ပြော​ကြ​တယ်။ တ​ချို့​ကျ​တော့ ရှေး​ခေတ် ပရော​ဖက်​တစ်​ယောက် သေရာ​က​နေ ပြန်​ရှင်​လာ​ပြီလို့ ပြော​ကြ​တယ်။+ ၉  ဟေ​ရုဒ်​မင်း​က “ယောဟန်​ကို ခေါင်း​ဖြတ်​လိုက်​ပြီပဲ။+ ငါ​ကြား​နေ​ရ​တဲ့ သတင်း​တွေ​က ဘယ်​သူ့​အကြောင်း​ပါ​လိမ့်” ဆို​ပြီး ယေရှု​ကို သိပ်​တွေ့​ချင်​နေ​တာ။+ ၁၀  တမန်​တော်တွေ​က ယေရှု​ဆီ ပြန်​လာ​တဲ့​အခါ သူတို့​လုပ်​ခဲ့​တာ​တွေ​ကို ပြန်​ပြော​ပြတယ်။+ ယေရှု​က သူ​တို့​ကို​ပဲ သီး​သန့်​ခေါ်​ပြီး ဗက်ဇဲ​ဒ​လို့​ခေါ်​တဲ့ မြို့ကို ထွက်​သွား​တယ်။+ ၁၁  ဒါ​ကို လူ​တွေ​သိ​သွား​တော့ နောက်​က​နေ လိုက်​လာ​ကြ​တယ်။ ယေရှု​က လူ​တွေ​ကို လှိုက်​လှိုက်​လှဲ​လှဲ ကြို​ဆို​ပြီး ဘုရား​သခင့် နိုင်​ငံ​တော်​အကြောင်း ဟော​ပြော​တယ်။ ဖျား​နာ​သူ​တွေ​ကို ကုသပေး​တယ်။+ ၁၂  နေ့​တာ​ကုန်​ခါ​နီး​မှာ တမန်​တော် ၁၂ ယောက်​က ယေရှု​ဆီ​လာ​ပြီး “ဆ​ရာ၊ ဒီ​နေ​ရာ​ဟာ လူ​သိပ်​ခေါင်​တယ်။ လူ​တွေ​ကို ပြန်​လွှတ်​လိုက်​ပါ။ ဒါ​မှ အနီး​အနား​ကျေး​ရွာ​တွေ​မှာ သူတို့ တည်း​ခို​ပြီး စား​စ​ရာတွေ ရ​နိုင်​မှာ” လို့​ပြော​တယ်။+ ၁၃  ယေရှု​က​ “သူတို့​ကို ခင်ဗျား​တို့ ကျွေး​လိုက်​ပါ”+ လို့​ပြော​တော့ တ​ပည့်တွေ​က “မုန့်​ငါး​လုံးနဲ့ ငါး​နှစ်​ကောင်​ပဲ ရှိ​တာ။ ဒီ​လူ​အားလုံး​စား​ဖို့ ကျွန်​တော်​တို့ သွားဝယ်​ရ​မှာ​လား”​ လို့​မေး​ကြ​တယ်။ ၁၄  အဲ​ဒီ​မှာ ယောက်ျား ၅,၀၀၀ လောက်​ရှိ​တယ်။ ယေရှု​က “လူ​တွေ​ကို အယောက် ၅၀ စီ၊ အစု​လိုက် ထိုင်​ခိုင်း​လိုက်​ပါ” လို့​ပြော​တော့၊ ၁၅  တပည့်​တွေ​လည်း ယေရှု​ပြော​တဲ့​အတိုင်း လူ​တွေ​ကို ထိုင်​ခိုင်း​တယ်။ ၁၆  ယေရှု​က မုန့်​ငါး​လုံးနဲ့ ငါး​နှစ်​ကောင်​ကို​ယူ၊ ကောင်း​ကင်​ကို မော့ကြည့်​ပြီး​ ဆု​တောင်း​တယ်။* အဲဒီ​နောက် မုန့်​ကို​ဖဲ့​ပြီး တ​ပည့်တွေ​ကို ပေး​တယ်။ တ​ပည့်တွေ​က လူ​တွေ​ကို ပြန်​ဝေ​ပေး​တယ်။ ၁၇  အားလုံး ဝဝလင်လင် စား​ပြီး​တဲ့​နောက် စား​ကြွင်း​စား​ကျန်​တွေ လိုက်​ကောက်​တဲ့​အခါ ၁၂ တောင်း ရ​တယ်။+ ၁၈  တစ်​နေ့၊ ယေရှု​တစ်​ယောက်​တည်း ဆုတောင်း​နေ​ချိန်​မှာ တ​ပည့်တွေ အနား​ရောက်​လာ​တယ်။ ယေရှု​က “လူ​တွေ ကျွန်​တော့်​ကို ဘယ်​သူ​လို့ ပြော​ကြ​သလဲ” လို့​မေး​တယ်။+ ၁၉  တပည့်​တွေ​က “နှစ်ခြင်း​ပေး​သူ ယောဟန်​လို့ ပြော​ကြ​တယ်။ တ​ချို့​က ဧလိယ​တဲ့။ တ​ချို့​ကျ​တော့ ရှေး​ခေတ် ပရော​ဖက်​တစ်​ယောက် သေရာ​က​နေ ပြန်​ရှင်​လာ​တာ​လို့ ပြော​ကြ​တယ်” ဆို​ပြီး ဖြေတယ်။+ ၂၀  ယေရှု​က “ခင်​ဗျား​တို့​ကော ကျွန်​တော့်​ကို ဘယ်​သူ​လို့ ပြော​မလဲ” ဆို​ပြီး​မေး​တဲ့​အခါ ပေတရု​က “ဘုရား​သခင် စေ​လွှတ်​လိုက်​တဲ့ ခ​ရစ်​တော်​ပါ”+ လို့​ဖြေတယ်။ ၂၁  အဲဒီ​နောက် ယေရှု​က ဒီ​အကြောင်း ဘယ်​သူ့​ကို​မှ မပြော​ပြဖို့ တ​ပည့်တွေ​ကို အသေအချာ မှာ​တယ်။+ ၂၂  ပြီး​တော့ “လူ​သား​ဟာ ဒုက္ခ​အများ​ကြီး ခံ​ရ​မယ်။ အကြီး​အကဲ​တွေ၊ ပု​ရော​ဟိတ်​ကြီး​တွေ၊ ကျမ်း​တတ်​တွေ ငြင်း​ပယ်​တာ​ကို ခံ​ရ​မယ်။ အသတ်​ခံ​ရ​ပြီး+ သုံး​ရက်​မြောက်​နေ့​မှာ အသက်​ပြန်​ရှင်​လာ​မယ်”+ လို့​ပြော​တယ်။ ၂၃  အဲဒီ​နောက် ယေရှု​က သူတို့​အားလုံး​ကို အခု​လို​ပြော​တယ်– “ကျွန်​တော့်​နောက်​လိုက် ဖြစ်​ချင်​သူ​တိုင်း ကိုယ့်​ကိုယ်​ကိုယ် ငြင်း​ပယ်​ရ​မယ်။+ ဒုက္ခ​သစ်​တိုင်​ကို* ထမ်း​ပြီး ကျွန်​တော့်​နောက်​ကို အမြဲလိုက်​ရ​မယ်။+ ၂၄  ကိုယ့်​အသက်​ကို ကယ်​ချင်​သူ​ဟာ အသက်​ဆုံး​ရ​လိမ့်​မယ်။ ကျွန်​တော့်​ကြောင့် အသက်​ဆုံး​သူ​က​တော့ အသက်​ပြန်​ရှင်​ရ​လိမ့်​မယ်။+ ၂၅  တစ်​လော​က​လုံး​ကို ပိုင်​ဆိုင်​ထား​ပေမဲ့ အသက်​ဆုံး​ရှုံး​သွား​ရင် ဒါ​မှ​မဟုတ် ပျက်​စီး​သွား​ရင် ဘာ​အကျိုး​ရှိ​မှာ​လဲ။+ ၂၆  တစ်​ယောက်​ယောက်​က ကျွန်​တော့်​ကြောင့်၊ ကျွန်​တော့်​စကား​တွေ​ကြောင့် ရှက်​မယ်​ဆို​ရင် လူ​သား​က​လည်း မိမိ​ရဲ့​ဘုန်း​တန်ခိုး၊ အဖဘုရား​ရဲ့ ဘုန်း​တန်ခိုး၊ သန့်​ရှင်း​တဲ့ ကောင်း​ကင်​တ​မန်​တွေရဲ့ ဘုန်း​တန်ခိုး​နဲ့​လာ​တဲ့​အခါ သူ့​ကို​လက်ခံ​ဖို့ ရှက်​လိမ့်​မယ်။+ ၂၇  ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ ဒီ​မှာ​ရပ်​နေ​သူ​တ​ချို့​ဟာ ဘုရား​သခင့်​နိုင်​ငံ​တော်​ကို မမြင်​ရ​ခင် သေဆုံး​မှာ မဟုတ်​ဘူး။”+ ၂၈  အဲဒီ​လို​ပြော​ပြီး​တဲ့​နောက် ရှစ်​ရက်​လောက်​မှာ ယေရှု​ဟာ ပေတရု၊ ယောဟန်၊ ယာကုပ်​တို့​ကို ခေါ်​ပြီး ဆုတောင်း​ဖို့ တောင်​ပေါ်​ကို တက်​သွား​တယ်။+ ၂၉  သူ​ဆုတောင်း​နေ​တုန်း​မှာ မျက်​နှာ​က အဆင်း​အရောင် ပြောင်း​လာ​တယ်။ အဝတ်​က​လည်း ဖြူ​ဖွေး​တောက်​ပလာ​တယ်။ ၃၀  ရုတ်​တ​ရက် မော​ရှေ​နဲ့​ ဧလိယ ပေါ်​လာ​ပြီး ယေရှု​နဲ့ စကား​ပြော​တယ်။ ၃၁  သူ​တို့​လည်း ကိုယ်​ယောင်​ကိုယ်​ဝါ တောက်​ပနေ​တယ်။ ဂျေရု​ဆ​လင်​မြို့​မှာ ပြည့်​စုံ​တော့​မယ့် ယေရှု​ရဲ့ ထွက်​ခွာ​ခြင်း​အ​ကြောင်း ပြော​နေ​တယ်။+ ၃၂  ပေတ​ရု၊​ ယောဟန်​နဲ့ ယာကုပ်​က​တော့ အိပ်​ပျော်​နေ​တယ်။ သူ​တို့​နိုး​လာ​တဲ့​အခါ ထွန်း​လင်း​တောက်​ပနေ​တဲ့+ ယေရှု​ကို​ရော အနား​မှာ​ရပ်​နေ​တဲ့ လူ​နှစ်​ယောက်​ကို​ပါ မြင်​တယ်။ ၃၃  အဲဒီ​လူ​နှစ်​ယောက် ယေရှု​ဆီ​က​နေ ထွက်​သွား​မယ့်​ဆဲ​ဆဲ​မှာ ပေတရု​က​ “ဆ​ရာ၊ ကျွန်​တော်​တို့ ဒီ​မှာ​ရှိ​နေ​ရ​တာ အခွင့်​ထူး​ပါ။ ဒါ​ကြောင့် ဒီ​မှာ​ တဲ​သုံး​လုံး ဆောက်​ပေး​ပါ​ရ​စေ။ ဆရာ့​အ​တွက်​တစ်​လုံး၊ မော​ရှေ​အတွက် တစ်​လုံး၊ ဧလိယ​အတွက် တစ်​လုံး​ပေါ့” လို့​ပြော​တယ်။ တ​ကယ်​တော့ ဘာ​ပြော​မိ​မှန်း​တောင် သူ့​ကိုယ်​သူ မသိ​လိုက်​ဘူး။ ၃၄  အဲဒီ​လို​ပြော​နေ​ချိန်​မှာ​ပဲ တိမ်​တိုက် ပေါ်​လာ​ပြီး သူတို့​အပေါ် အရိပ်​ကျ​လာ​တယ်။ အဲဒီ​နောက် တိမ်​တိုက်​ လွှမ်း​ခြုံ​သွား​တဲ့​အခါ သူတို့​ကြောက်​နေ​ကြ​တယ်။ ၃၅  အဲဒီ​အခါ “သူ​ဟာ ငါ​ရွေး​ချယ်​တဲ့ ငါ​ရဲ့​ချစ်​သား​ပဲ။+ သူ့​စကား​ကို နား​ထောင်​ကြ”+ ဆို​တဲ့​အသံ တိမ်​တိုက်​ထဲ​က​နေ ထွက်​လာ​တယ်။+ ၃၆  အဲဒီ​အသံ​လည်း ထွက်​လာရော ယေရှု​တစ်​ယောက်​တည်း​ပဲ ရှိ​တော့​တယ်။ တ​ပည့်တွေ​က သူတို့​မြင်​ခဲ့​တာ​တွေ​ကို အချိန်​အတော်​ကြာ​တဲ့​အထိ ဘယ်​သူ့​ကို​မှ အသိ​မပေး​ဘဲ နှုတ်​ဆိတ်​နေ​ကြ​တယ်။+ ၃၇  နောက်​တစ်​နေ့ တောင်​ပေါ်​က​နေ ဆင်း​လာ​တဲ့​အခါ လူ​တွေ​အများ​ကြီး ယေရှု​ကို ဆီး​ကြို​ကြ​တယ်။+ ၃၈  လူ​အုပ်​ထဲ​က​နေ တစ်​ယောက်​က “ဆ​ရာ၊ ကျွန်​တော့်​သား​လေး​ကို လိုက်​ကြည့်​ပေး​ပါ။ တစ်​ဦး​တည်း​သော​ သား​လေး မို့လို့​ပါ။+ ၃၉  နတ်​ဝင်​ပူး​ပြီဆို​ရင် သား​လေး​က ကောက်​ကာ​ငင်​ကာ အော်​ဟစ်​တတ်​တယ်။ အဲဒီ​နတ်​က သား​လေး​ကို ပါး​စပ်​က​နေ အမြှုပ်​ထွက်​အောင်၊ တ​ဆတ်​ဆတ်​တုန်​ပြီး တက်​သွား​အောင် လုပ်​တယ်။ ဒဏ်​ရာ​ရ​အောင်​လုပ်​ပြီး​တာ​တောင် တော်ရုံ​နဲ့​မထွက်​ဘူး။ ၄၀  အဲဒီ​နတ်​ကို နှင်​ထုတ်​ပေး​ဖို့ ဆ​ရာ့​တ​ပည့်တွေ​ကို အကူ​အညီ​တောင်း​ပေမဲ့ သူတို့ မနှင်​ထုတ်​နိုင်​လို့​ပါ” ဆို​ပြီး အသနား​ခံ​တယ်။ ၄၁  ယေရှု​က “ယုံ​ကြည်​ခြင်း​မရှိ၊ ဖောက်​ပြန်​တဲ့ လူမျိုး​ဆက်၊+ ခင်​ဗျား​တို့​နဲ့​အတူ ကျွန်​တော် ဘယ်​လောက်​ကြာ​ကြာ ရှိ​နေ​ရ​မှာ​လဲ။ ခင်​ဗျား​တို့​ကို ဘယ်​လောက်​ကြာ​ကြာ သည်း​ခံ​နေ​ရ​မှာ​လဲ။ ခင်​ဗျားရဲ့​သား​ကို ခေါ်​လာခဲ့​ပါ”+ လို့​ပြော​တယ်။ ၄၂  အဲဒီ​က​လေး​ကို ခေါ်​လာ​နေ​တုန်း​မှာ​ပဲ နတ်​ဆိုး​က သူ့​ကို မြေပေါ်​လဲ​ကျ​သွား​အောင်၊ တ​ဆတ်​ဆတ်​တုန်​ပြီး တက်​သွား​အောင် လုပ်​တယ်။ ယေရှု​က နတ်​ဆိုး​ကို ဆုံးမ​ပြီး​နောက် အဲဒီ​က​လေး​ကို ကု​သပေး​တယ်။ ပြီး​တော့ ဖခင်​ဆီ အပ်​လိုက်​တယ်။ ၄၃  လူ​အားလုံး​က ဘုရား​သ​ခင်​ရဲ့ မဟာ​တန်ခိုး​ကို အံ့​သြကြ​တယ်။ ယေရှု​က သူ​လုပ်​သမျှ​ကို လူ​တွေ တအံ့​တ​သြဖြစ်​နေ​တုန်း တ​ပည့်တွေ​ကို၊ ၄၄  “အခု​ပြော​မယ့်​စကား​ကို ခင်ဗျား​တို့ အသေအချာ နား​ထောင်​ပြီး မှတ်​ထား​ပါ။ လူ​သား​ကို သစ္စာ​ဖောက်​ပြီး လူ​တွေ​လက်​ထဲ အပ်​တော့​မယ်”+ လို့​ပြော​တယ်။ ၄၅  ဒါ​ပေမဲ့ တ​ပည့်တွေ​က သူ​ပြော​တာ​ကို နား​မလည်​ကြ​ဘူး။ အဲဒီ​စကား​ရဲ့​အဓိပ္ပာယ်​ကို သူတို့ သဘော​မပေါက်​အောင် ဖုံး​ကွယ်​ထား​လို့​ပဲ။ သူတို့ မေး​လည်း မမေး​ရဲ​ကြ​ဘူး။ ၄၆  နောက်​တော့ တ​ပည့်တွေ​က ဘယ်​သူ အကြီးမြတ်​ဆုံး​လဲ​ဆို​တာ​ အချင်း​ချင်း ​ငြင်း​ခုံ​ကြ​တယ်။+ ၄၇  ယေရှု​က သူတို့ ဘာ​တွေ​တွေး​နေ​မှန်း သိ​တဲ့​အတွက် က​လေး​ငယ်​တစ်​ယောက်​ကို ခေါ်​ပြီး အနား​မှာ ရပ်​ခိုင်း​တယ်။ ၄၈  အဲဒီ​နောက် “ကျွန်​တော့်​နာ​မည်​ကို ထောက်​ပြီး ဒီ​က​လေး​ငယ်​ကို လက်ခံ​တဲ့​သူ​ဟာ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ပဲ။ ကျွန်​တော့်​ကို လက်ခံ​တဲ့​သူ​ဟာ ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​အရှင်​ကို လက်ခံ​တဲ့​သူ​ပဲ။+ ခင်​ဗျား​တို့​ထဲ​မှာ အနှိမ့်​ချ​ဆုံး​လူ​ဟာ အကြီးမြတ်​ဆုံး​လူ​ပဲ”+ လို့​ပြော​တယ်။ ၄၉  ယောဟန်​က “ဆ​ရာ၊ ဆရာ့​နာမည်​ကို​သုံး​ပြီး နတ်​ဆိုး​နှင်​ထုတ်​နေ​တဲ့ လူ​တစ်​ယောက်​ကို တွေ့​ခဲ့​တယ်။ ကျွန်​တော်​တို့​ထဲ​က မဟုတ်​လို့ သူ့​ကို တား​လိုက်​တယ်”+ လို့​ ပြော​တော့၊ ၅၀  ယေရှု​က “သူ့​ကို မတား​ပါ​နဲ့။ ခင်​ဗျား​တို့​ကို မဆန့်​ကျင်​တဲ့​လူ​ဟာ ခင်​ဗျား​တို့​ဘက်​က လူ​ပဲ” လို့​ပြော​တယ်။ ၅၁  ယေရှု​က ကောင်း​ကင်​တက်​မယ့်​အချိန် နီး​လာ​တဲ့​အခါ+ ဂျေရု​ဆ​လင်​မြို့​ကို သွား​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​တယ်။ ၅၂  ဒါ​နဲ့ တ​ပည့်​တ​ချို့​ကို ကြို​လွှတ်​လိုက်​တယ်။ သူတို့​က ယေရှု​အတွက် ပြင်​ဆင်​စ​ရာ​ရှိ​တာ​တွေ ပြင်​ဆင်​ဖို့ ရှ​မာ​ရိ​ရွာ​တစ်​ရွာ​ကို သွား​တယ်။ ၅၃  ဒါ​ပေမဲ့ ဂျေရု​ဆ​လင်​မြို့​ကို​သွား​ဖို့ ယေရှု​စိတ်​ပိုင်း​ဖြတ်​ထား​မှန်း ရွာ​သား​တွေ သိ​သွား​တဲ့​အခါ ယေရှု​ကို မကြို​ဆို​ကြ​ဘူး။+ ၅၄  ဒါ​ကို တ​ပည့် ယာကုပ်​နဲ့ ယောဟန်+ မြင်​တဲ့​အခါ “သခင်၊ ကောင်း​ကင်​က​နေ မီးကျ​စေ​ပြီး သူတို့​ကို​ဖျက်​ဆီး​လိုက်​ရ​မ​လား”+ လို့​မေး​တော့၊ ၅၅  ယေရှု​က လှည့်​ပြီး သူတို့​ကို​ဆုံးမ​တယ်။ ၅၆  အဲ​ဒီ​နောက် တ​ခြား​ရွာ​ကို ထွက်​သွား​ကြ​တယ်။ ၅၇  သူတို့​သွား​နေ​တုန်း​မှာ လူ​တစ်​ယောက်​က “ဆ​ရာ၊ ဆ​ရာ​သွား​လေ​ရာ ကျွန်​တော်​လိုက်​ပါ့​မယ်” လို့​ပြော​တယ်။ ၅၈  ယေရှု​က “မြေခွေး​မှာ မြေတွင်း​ရှိ​တယ်။ ငှက်​တွေ​မှာ နား​စ​ရာ​နေ​ရာ ရှိ​တယ်။ လူ​သား​က​တော့ ခေါင်း​ချ​စ​ရာ​တောင် မရှိ​ဘူး”+ ဆို​ပြီး​ပြော​တယ်။ ၅၉  နောက်​တစ်​ယောက်​ကို “ကျွန်​တော့်​နောက်​လိုက် လုပ်​ပါ” လို့​ပြော​တော့ သူ​က “ဆ​ရာ၊ အဖေ့​ကို အရင် သင်္ဂြိုဟ်​ပါ​ရ​စေ” လို့​ ခွင့်​တောင်း​တယ်။+ ၆၀  ယေရှု​က “လူ​သေကို လူ​သေတွေ​ပဲ+ သင်္ဂြိုဟ်​ပါ​စေ။ ခင်​ဗျား​က​တော့ သွား​ပြီး ဘုရား​သခင့် နိုင်​ငံ​တော်​အကြောင်း ဟော​ပြော​ပါ”+ လို့​ ပြော​တယ်။ ၆၁  နောက်​တစ်​ယောက်​က​လည်း “ဆရာ၊ ဆ​ရာ့​နောက်​ကို လိုက်​ပါ့​မယ်။ ဒါ​ပေမဲ့ အိမ်​သား​တွေ​ကို အရင် နှုတ်​ဆက်​ပါ​ရ​စေ​ဦး” လို့​ပြော​တော့၊ ၆၂  ယေရှု​က “ထွန်​ကိုင်း​ကို​ကိုင်​ရင်း နောက်​လှည့်​ကြည့်​တဲ့​သူ​ဟာ+ ဘုရား​သခင့်​နိုင်​ငံ​တော်​နဲ့ မထိုက်​တန်​ဘူး”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “အင်္ကျီ​နှစ်​ထည်။”
မူ​ရင်း၊ “ကောင်း​ချီး​တောင်း​ခံ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။