လုကာ ၁၈:၁-၄၃

  • ဇွဲ​မလျှော့​တဲ့ မု​ဆိုး​မ ပုံဥပမာ (၁-၈)

  • ဖာ​ရိ​ရှဲ​နဲ့ အခွန်​ခံ (၉-၁၄)

  • ယေရှု​နဲ့ က​လေး​များ (၁၅-၁၇)

  • ချမ်း​သာ​တဲ့​အရာ​ရှိ​ရဲ့ မေး​ခွန်း (၁၈-၃၀)

  • သေဆုံးမ​ယ့်​အကြောင်း ထပ်​ပြော (၃၁-၃၄)

  • မျက်​မမြင် သူ​တောင်း​စား မျက်​စိ​ပြန်​မြင် (၃၅-၄၃)

၁၈  ယေရှု​က ဇွဲ​မလျှော့​ဘဲ အမြဲဆုတောင်း​ဖို့​လို​တဲ့​အကြောင်း ဒီ​ပုံ​ဥပမာ​သုံး​ပြီး တ​ပည့်တွေ​ကို သင်​ပေး​တယ်–+ ၂  “မြို့​တစ်​မြို့​မှာ ဘုရား​သခင်​ကို မကြောက်၊ လူ​တွေ​ကို​လည်း ဂရု​မစိုက်​တတ်​တဲ့ တ​ရား​သူ​ကြီး​တစ်​ယောက် ရှိ​တယ်။ ၃  အဲဒီ​မြို့​မှာ​ရှိ​တဲ့ မု​ဆိုး​မတစ်​ယောက်​က တ​ရား​သူ​ကြီး​ဆီ ခ​ဏ​ခ​ဏ​သွား​ပြီး ‘ကျွန်​မ လူ​တစ်​ယောက်​နဲ့ အမှု​ဆိုင်​နေ​ရ​ပါ​တယ်။ ကျွန်မ​အတွက် တ​ရား​သဖြင့် စီ​ရင်​ပေး​ပါ’ လို့​အသနား​ခံ​တယ်။ ၄  တ​ရား​သူ​ကြီး​က အချိန်​အတော်​ကြာ​တဲ့​အထိ မကူညီ​ပေး​ဘဲ နေ​တယ်။ ကြာလာ​တော့ သူ့​စိတ်​ထဲ​မှာ ‘ငါ​ဟာ ဘုရား​သခင်​ကို မကြောက်၊ လူ​တွေ​ကို​လည်း ဂရု​မစိုက်​တတ်​တဲ့​သူ​ပါ။ ၅  ဒါ​ပေမဲ့ ဒီ​မု​ဆိုး​မက လာ​လာ​ပြီး ဒုက္ခ​ပေး​နေ​တော့ သူ့​အတွက် တ​ရား​သဖြင့် စီ​ရင်​ပေး​မှ​ဖြစ်​မယ်။ ဒီ​လို​မှ​မဟုတ်​ရင် ငါ​မခံ​နိုင်​တော့​တဲ့​အထိ တစ်​ချိန်​လုံး​လာ​ပြီး တောင်း​ဆို​နေ​လိမ့်​မယ်’ လို့​ပြော​တယ်။”+ ၆  သခင်​ယေရှု​က​ “မ​ဖြောင့်​မတ်​တဲ့ တ​ရား​သူ​ကြီး​တောင် ဘယ်​လို​ပြော​တယ်​ဆို​တာ ခင်​ဗျား​တို့ ကြား​တယ်​မဟုတ်​လား။ ၇  ဘုရား​သခင်​ဆို​ရင် သူ​ရွေး​ချယ်​ထား​တဲ့​သူ​တွေ နေ့​ည​မပြတ် တောင်း​လျှောက်​တဲ့​အခါ တ​ရား​သဖြင့် မစီ​ရင်​ပေး​ဘဲ နေ​ပါ့​မလား။+ အဲဒီ​အပြင် ဘုရား​သခင်​က သူတို့​အပေါ် စိတ်​ရှည်​လိုက်​သေး​တယ်။+ ၈  ကျွန်​တော်​ပြော​မယ်။ ဘုရား​သခင်​က သူတို့​အတွက် တ​ရား​သဖြင့် အမြန်​ဆုံး စီ​ရင်​ပေး​လိမ့်​မယ်။ ဒါ​ပေမဲ့ လူ​သား​ရောက်​လာ​တဲ့​အခါ ကမ္ဘာ​ပေါ်​မှာ အဲဒီ​လို​ယုံ​ကြည်​ခြင်း​မျိုး တွေ့​ရ​ပါ့​မလား” လို့​ပြော​တယ်။ ၉  ကိုယ့်​ကိုယ်​ကိုယ် ဖြောင့်​မတ်​တယ်​လို့​ထင်​ပြီး သူ​တစ်ပါး​ကို အထင်​သေး​တဲ့​သူ​တ​ချို့​ကို ယေရှု​က ဒီ​ပုံ​ဥပမာ ပြော​ပြတယ်– ၁၀  “ဖာ​ရိ​ရှဲ​တစ်​ယောက်​နဲ့ အခွန်​ခံ​တစ်​ယောက် ဗိမာန်​တော်​ကို တက်​သွား​ပြီး ဆုတောင်း​တယ်။ ၁၁  ဖာ​ရိ​ရှဲ​က မတ်​တတ်​ရပ်​ပြီး ‘ဘုရား​သခင်၊ ကျွန်​တော်​ဟာ အများ​တ​ကာ​လို လု​ယက်​သူ၊ မဖြောင့်​မတ်​သူ၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ မဟုတ်​တဲ့​အပြင် ဟော​ဒီ​အခွန်​ခံ​လို​လည်း မဟုတ်​တဲ့​အတွက် ကျေး​ဇူး​တင်​ပါ​တယ်။ ၁၂  ကျွန်​တော်​က တစ်​ပတ်​မှာ နှစ်​ကြိမ် အစာ​ရှောင်​ပါ​တယ်။ ရ​သမျှ​ကို​လည်း ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ပါ​တယ်’+ လို့ ဆုတောင်း​တယ်။ ၁၃  အခွန်​ခံ​က​တော့ ခပ်​လှမ်း​လှမ်း​မှာ​ရပ်​ပြီး ကောင်း​ကင်​ကို​တောင် မော့​မကြည့်​ဝံ့​ဘဲ​ ‘ဘုရား​သခင်၊ အပြစ်​သား​ဖြစ်​တဲ့ ကျွန်​တော့်​ကို သနား​ပါ’+ လို့ ရင်​ဘတ်​ကို​ထု​ပြီး ဆုတောင်း​တယ်။ ၁၄  အဲဒီ​နောက်​ အခွန်​ခံ အိမ်​ပြန်​သွား​တယ်။ ကျွန်​တော် ပြော​မယ်။ သူ​ဟာ ဖာ​ရိ​ရှဲ​ထက်​ပို​​ဖြောင့်မတ်​တယ်။+ ကိုယ့်​ကိုယ်​ကိုယ်​ ချီးမြှောက်​တဲ့​သူ​ဟာ နှိမ့်​ချ​ခံ​ရ​ပြီး နှိမ့်​ချ​တဲ့​သူ​က​တော့ ချီး​မြှောက်​ခံ​ရ​လိမ့်​မယ်။”+ ၁၅  လူ​တွေ​က သူတို့​ရဲ့ နို့​စို့​က​လေး​တွေ​အပေါ် လက်​တင်​စေ​ချင်​လို့ ယေရှု​ဆီ ခေါ်​လာ​ကြ​တယ်။ ဒါ​ကို​မြင်​တော့ တ​ပည့်တွေ တား​ကြ​တယ်။+ ၁၆  ဒါ​ပေမဲ့ ယေရှု​က နို့​စို့​က​လေး​တွေ​ကို သူ့​ဆီ ခေါ်​လာ​ခိုင်း​ပြီး “က​လေး​တွေ လာ​ပါ​စေ။ မတား​ပါ​နဲ့။ ဘုရား​သခင့် နိုင်​ငံ​တော်​ဟာ ဒီ​က​လေး​တွေ​လို လူ​တွေရဲ့ နိုင်​ငံ​ပဲ။+ ၁၇  ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဘုရား​သခင့် နိုင်​ငံ​တော်​ကို ဒီ​က​လေး​ငယ် လက်ခံ​သလို လက်မခံ​​ဘူး​ဆို​ရင် နိုင်​ငံ​တော်​ထဲ လုံး​ဝ​ဝင်​ရ​မှာ မဟုတ်​ဘူး” လို့​ပြော​တယ်။+ ၁၈  အရာ​ရှိ​တစ်​ယောက်​က​ “ကောင်း​မြတ်​တဲ့​ဆ​ရာ၊ ထာ​ဝ​ရ​အသက်​ကို အမွေ​ရ​ဖို့ ကျွန်​တော် ဘာ​လုပ်​ရ​မလဲ” လို့​မေး​တဲ့​အခါ၊+ ၁၉  ယေရှု​က “ကျွန်​တော့်​ကို ကောင်းမြတ်​တဲ့​ဆ​ရာလို့ ဘာ​လို့​ခေါ်​တာ​လဲ။ ဘုရား​သခင်​က​လွဲ​လို့ ကောင်းမြတ်​တဲ့​သူ ဘယ်​သူ​မှ​မရှိ​ဘူး။+ ၂၀  ‘အိမ်​ထောင်​ရေး မဖောက်​ပြန်​နဲ့။+ လူ့​အသက် မသတ်​နဲ့။+ မခိုး​နဲ့။+ မဟုတ်​မမှန် သက်​သေမထွက်​ဆို​နဲ့။+ မိ​ဘ​ကို ရိုသေ​ပါ’+ ဆို​တဲ့​ပညတ်​တွေ​ကို ခင်​ဗျား​သိ​တာ​ပဲ” ဆို​တော့၊ ၂၁  သူ​က “အဲဒီ​ပညတ်​အားလုံး​ကို ကျွန်​တော် ငယ်​ငယ်​က​တည်း​က လိုက်​နာ​ခဲ့​ပါ​ပြီ” လို့​ပြော​တယ်။ ၂၂  ဒါ​နဲ့ ယေရှု​က “လုပ်​စ​ရာ​တစ်​ခု ရှိ​သေး​တယ်။ ခင်​ဗျားရဲ့ ပစ္စည်းတွေ​ကို သွား​ရောင်း​ပြီး ဆင်း​ရဲ​သား​တွေ​ကို ဝေ​မျှ​လိုက်​ပါ။ ဒါ​ဆို​ရင် ကောင်း​ကင်​ဘဏ္ဍာ​ကို ရ​လိမ့်​မယ်။ ပြီး​မှ ကျွန်​တော့်​နောက်​လိုက် လုပ်​ပါ” လို့​ပြော​တယ်။+ ၂၃  အဲဒီ​စကား​ကို ကြား​တဲ့​အခါ သိပ်​ချမ်း​သာ​တဲ့ အဲဒီ​အရာ​ရှိ​က ဝမ်း​နည်း​ပြီး ထွက်​သွား​တယ်။+ ၂၄  ယေရှု​က သူ့​ကို​ကြည့်​ပြီး “ချမ်း​သာ​တဲ့​သူ​တွေ ဘုရား​သခင့် နိုင်​ငံ​တော်​ကို ဝင်​ဖို့ သိပ်​ခက်​တယ်။+ ၂၅  ဘုရား​သခင့်​နိုင်​ငံ​တော်​ကို ချမ်း​သာ​တဲ့​သူ​တွေ ဝင်​တာ​ထက် အပ်​ပေါက်​ထဲ ကု​လား​အုတ် လျှို​ဝင်​တာ​က​မှ လွယ်​ဦး​မယ်” လို့​ပြော​တယ်။+ ၂၆  ဒီ​စကား​ကို ကြား​တဲ့​သူ​တွေ​က “ဒါ​ဆို​ရင် ကယ်​တင်​ခံ​ရ​မယ့်​သူ ရှိ​နိုင်​ပါ​ဦး​မလား”+ လို့​မေး​တော့၊ ၂၇  ယေရှု​က “လူ​တွေ​အတွက် မဖြစ်​နိုင်​တဲ့​အရာတွေ​ဟာ ဘုရား​သခင်​အ​တွက်​တော့ ဖြစ်​နိုင်​တယ်”+ လို့​ပြော​တယ်။ ၂၈  ပေတရု​က “ကျွန်​တော်​တို့ ပိုင်​ဆိုင်​တာ​တွေ​ကို စွန့်​ပြီး သခင့်​နောက်​ကို လိုက်​လာ​ပါ​ပြီ”+ လို့​ပြော​တော့၊ ၂၉  ယေရှု​က “ကျွန်​တော် မှန်​တာ​ကို​ပြော​မယ်။ ဘုရား​သခင့် နိုင်​ငံ​တော်​ကြောင့် မိ​ဘ၊ ဇနီး၊ ညီ​အစ်​ကို၊ သား​သမီး၊ အိမ် တစ်​ခု​ခု​ကို စွန့်​လွှတ်​သူ​တိုင်း၊+ ၃၀  အခု​အချိန်​မှာ အဆ​ပေါင်း​များ​စွာ ပြန်​ရ​မယ့်​အပြင် နောင်​လာ​မယ့် လော​က​စ​နစ်* မှာ​လည်း ထာ​ဝ​ရ​အသက်​ကို ရဦး​မယ်” လို့​ပြော​တယ်။+ ၃၁  အဲဒီ​နောက် ယေရှု​က တမန်​တော် ၁၂ ယောက်​ကို​ပဲ ခေါ်​ပြီး “အခု ကျွန်​တော်​တို့ ဂျေရု​ဆ​လင်​မြို့​ကို သွား​နေ​တာ။ လူ​သား​နဲ့​ပတ်​သက်​ပြီး ပရော​ဖက်​တွေ ရေး​ထား​သမျှ ပြည့်​စုံ​လာ​တော့​မယ်။+ ၃၂  လူ​သား​ကို လူမျိုး​ခြား​တွေ​လက်​ထဲ အပ်​ကြ​လိမ့်​မယ်။+ လှောင်​ပြောင်​ပြီး+ အရှက်​ခွဲ​ကြ​လိမ့်​မယ်၊ တံတွေး​ထွေး​ကြ​လိမ့်​မယ်။+ ၃၃  ကျာ​ပွတ်​နဲ့ ရိုက်​ကြ​လိမ့်​မယ်။ အဲဒီ​နောက် အသေသတ်​ကြ​လိမ့်​မယ်။+ ဒါ​ပေမဲ့ သုံး​ရက်​ကြာ​ရင် အသက်​ပြန်​ရှင်​လာ​လိမ့်​မယ်”+ လို့​ပြော​ပြတယ်။ ၃၄  တ​ပည့်တွေ​က​တော့ နား​မလည်​ကြ​ဘူး။ အဲဒီ​စကား​ရဲ့ အဓိပ္ပာယ်​ကို သူတို့ သဘော​မပေါက်​အောင် ဖုံး​ကွယ်​ထား​တဲ့​အတွက် ယေရှု​ပြော​တာ​ကို နား​မလည်​ကြ​တာ။ ၃၅  ယေရှု​က ယေ​ရိ​ခေါ​မြို့​အနား​ကို ရောက်​လာ​ချိန်​မှာ မျက်​မမြင်​တစ်​ယောက် လမ်း​ဘေး​မှာ​ထိုင်​ပြီး တောင်း​စား​နေ​တယ်။+ ၃၆  လူ​တွေ အုပ်​လိုက်​ကြီး ဖြတ်​သွား​တာ​ကို သူ​ကြား​တဲ့​အခါ ဘာ​တွေ​ဖြစ်​နေ​တာ​လဲ​ဆို​ပြီး မေးတယ်။ ၃၇  “နာ​ဇ​ရက်​မြို့​သား​ယေရှု ဖြတ်​သွား​တာ” လို့ ပြော​ကြ​တဲ့​အခါ၊ ၃၈  သူ​က “ဒါဝိဒ်ရဲ့​သား ယေရှု၊ ကျွန်​တော့်​ကို သနား​ပါ​ဦး” လို့ အော်​တယ်။ ၃၉  ရှေ့​က​နေ​ဖြတ်​သွား​တဲ့ လူ​တွေ​က သူ့​ကို တိတ်​တိတ်​နေ​ဖို့ တား​ကြ​ပေမဲ့ “ဒါဝိဒ်ရဲ့​သား၊ ကျွန်​တော့်​ကို သနား​ပါ​ဦး” ဆို​ပြီး ပို​လို့​တောင်​အော်​တယ်။ ၄၀  ဒါ​နဲ့ ယေရှု​က ရပ်​လိုက်​ပြီး အဲဒီ​မျက်​မမြင်​ကို ခေါ်​လာ​ခိုင်း​တယ်။ သူ ရောက်​လာ​တဲ့​အခါ၊ ၄၁  “ခင်​ဗျား​အတွက် ဘာ​လုပ်​ပေး​ရ​မလဲ” လို့​မေး​တော့ “သခင်၊ ကျွန်​တော့်​ကို မျက်​စိ​မြင်​အောင် လုပ်​ပေး​ပါ” လို့ အသနား​ခံ​တယ်။ ၄၂  ယေရှု​က “မြင်​စေ။ ခင်​ဗျားရဲ့​ယုံ​ကြည်​ခြင်း​က မျက်​စိ​ပြန်​မြင်​စေ​ပြီ”+ လို့​ပြော​လိုက်​တယ်။ ၄၃  အဲဒီ​အချိန်​မှာ​ပဲ သူ မျက်​စိ​ပြန်​မြင်​လာ​တယ်။ ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ရင်း ယေရှု​နောက်​ကို လိုက်​လာ​တယ်။+ ဒါ​ကို​မြင်​တဲ့​အခါ လူ​အားလုံး​က ဘုရား​သခင်​ကို ချီး​မွမ်း​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။