မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာတစ်ဝန်းရှိလူတို့ စည်းလုံးနေကြ—မည်သို့အားဖြင့်နည်း

ကမ္ဘာတစ်ဝန်းရှိလူတို့ စည်းလုံးနေကြ—မည်သို့အားဖြင့်နည်း

ကမ္ဘာတစ်ဝန်းရှိလူတို့ စည်းလုံးနေကြ—မည်သို့အားဖြင့်နည်း

“စည်းလုံးမှု” ဟူသောစကားလုံးကို သင် မည်သို့အနက်ဖွင့်မည်နည်း။ အချို့အတွက်မူ ယင်းစကားလုံးသည် သဘောထားကွဲလွဲမှုနှင့်ပြိုင်ဆိုင်မှု မရှိခြင်းကိုသာ ဆိုလို၏။ ဥပမာ၊ နိုင်ငံများသည် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပါက စည်းလုံးပြီဟု ဆိုနိုင်ပေမည်။ ယင်းသည် တကယ်ပင် မှန်ကန်ပါသလော။ လုံးဝမမှန်ပေ။

စဉ်းစားကြည့်ပါ။ သမိုင်းတစ်လျှောက် ထောင်နှင့်ချီသော ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ယင်းတို့ကို ဖောက်ဖျက်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ကမ္ဘာ့ခေါင်းဆောင်များသည် ငြိမ်းချမ်းမှု၊ စည်းလုံးမှုတို့ထက် သူတို့၏အာဏာကို ပိုအရေးထားသောကြောင့်ဖြစ်၏။ ထို့ပြင် နိုင်ငံအချို့သည် အခြားနိုင်ငံများထက် မိမိတို့၏စစ်အင်အားနည်းမည်ဆိုလျှင် ဘာဖြစ်လာနိုင်သည်ကိုတွေးပြီး စိုးရိမ်ကြသည်။

ထို့ကြောင့် နိုင်ငံနှစ်နိုင်ငံ မတိုက်ခိုက်ခြင်းက ငြိမ်းချမ်းနေသည်ဟု မဆိုလိုပေ။ ဥပမာ၊ တစ်ဦးကိုတစ်ဦး သေနတ်ဖြင့်ချိန်ထားသော လူနှစ်ဦးသည် သေနတ်မောင်းမဖြုတ်သေးသောကြောင့် ငြိမ်းချမ်းသင့်မြတ်နေသည်ဟု ဆိုနိုင်မည်လော။ လုံးဝမဆိုနိုင်ပေ။ အလားတူ၊ ယနေ့ နိုင်ငံများစွာလည်း ထိုသို့သောအခြေအနေမျိုးတွင် ရှိနေကြသည်။ သံသယစိတ်တိုးများလာခြင်းကြောင့် တစ်နေ့ကျလျှင် လက်နက်များပစ်လွှတ်ကာ တိုက်ခိုက်ကြမည်ကို စိုးရိမ်နေရသည်။ ထိုအခြေအနေဆိုးကို တားဆီးနိုင်ပါမည်လော။

စည်းလုံးမှုကိုခြိမ်းခြောက်နေသော နျူကလီးယားလက်နက်

လူအများသည် နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို အားကိုးကြ၏။ ၁၉၆၈ ခုနှစ်၌အတည်ပြုသော ထိုစာချုပ်သည် နျူကလီးယားလက်နက် မပိုင်ဆိုင်သောနိုင်ငံများတွင် ယင်းကို မထုတ်လုပ်ရန် တားမြစ်ပြီး ပိုင်ဆိုင်ပြီးသားနိုင်ငံများတွင်လည်း ယင်းကို မပြန့်ပွားစေရန် ကန့်သတ်ပေးသည်။ နိုင်ငံပေါင်း ၁၈၀ ကျော်က လက်ခံအတည်ပြုသော ထိုစာချုပ်၏ရည်ရွယ်ချက်မှာ တဖြည်းဖြည်းနှင့် နျူကလီးယားလက်နက်ကို လုံးဝဖျက်သိမ်းရန်ဖြစ်၏။

သူတို့၏ရည်ရွယ်ချက်မှာ ကောင်းပုံရသော်လည်း ထိုစာချုပ်သည် နျူကလီးယားပိုင်ဆိုင်ပြီးသားနိုင်ငံများ ယင်းကို ဆက်ပိုင်ဆိုင်နေပြီး မပိုင်ဆိုင်သေးသော နိုင်ငံများတွင် ယင်းကို မထုတ်လုပ်ရန် ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်ဟု ဝေဖန်ရေးသမားအချို့က ယူဆကြ၏။ ထို့ကြောင့် ထိုစာချုပ်တွင် လက်မှတ်ရေးထိုးသူအချို့က သဘောထားပြောင်းလာပုံရသည်။ အမှန်မှာ၊ မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည့် လက်နက်များထုတ်လုပ်မှုကို ပိတ်ပင်ခံရခြင်းသည် လုံးဝမမျှတဟု နိုင်ငံအချို့က ယူဆကြသည်။

ထိုကိစ္စကို ပိုမိုရှုပ်ထွေးစေသည်သာမက ပို၍အန္တရာယ်များစေနိုင်သော အချက်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် နျူကလီးယားစွမ်းအင် အသုံးပြုခွင့်ကိုမူ မည်သည့်နိုင်ငံကိုမျှ မပိတ်ပင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် နျူကလီးယားစွမ်းအင်ကို ရည်ရွယ်ချက်ကောင်းဖြင့် အသုံးပြုနေသောနိုင်ငံများသည် နျူကလီးယားလက်နက်များ လျှို့ဝှက်ထုတ်လုပ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ပြီးသား နိုင်ငံများပင် ထိုစာချုပ်ကို အရေးမစိုက်ကြပေ။ ထိုနိုင်ငံများသည် ၎င်းတို့၏လက်နက်များကို ဖျက်သိမ်းမည် သို့မဟုတ် လက်နက်ထုတ်လုပ်မှုကို လျှော့ချမည်ဟု မျှော်လင့်ခြင်းသည် ရူးသွပ်ခြင်းသာဖြစ်မည်ဟု ဝေဖန်ရေးသမားများကဆို၏။ စာအုပ်တစ်အုပ်အရ “ထိုသို့ဖြစ်နိုင်ရန် . . . လက်ရှိအချိန်တွင် အတိုက်အခံဖြစ်နေသောနိုင်ငံများကြား အလွန်ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်စိတ်ချမှုရှိဖို့လိုသည်။ ယင်းသို့ဖြစ်လာနိုင်မည်ဟု [ယုံကြည်ရန် ခက်လှ၏။]”

လူသားတို့သည် စည်းလုံးမှုရှိရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားသည့်တိုင် မအောင်မြင်ခဲ့ပေ။ ယင်းသည် ကျမ်းစာလေ့လာသူများအတွက် အံ့ဩစရာမဟုတ်။ အကြောင်းမှာ “လူသည် . . . မိမိခြေရာတို့ကို မစီရင်တတ်” ဟုသမ္မာကျမ်းစာကဆိုထား၍ဖြစ်၏။ (ယေရမိ ၁၀:၂၃) ထို့ပြင် “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏” ဟူ၍ ကျမ်းစာကဖော်ပြသည်။ (သု. ၁၆:၂၅) ထို့ကြောင့် စည်းလုံးမှုရရှိရန် လူ့အစိုးရများ၏ကြိုးပမ်းမှုများသည် အကန့်အသတ်ဖြင့်သာဖြစ်၏။ သို့သော် ယင်းက မျှော်လင့်ချက်မရှိတော့ဟု မဆိုလိုပါ။

စစ်မှန်သောစည်းလုံးမှု၏ပင်ရင်း

ကမ္ဘာကြီးစည်းလုံးလာမည်ဟု ကျမ်းစာတွင် ဘုရားသခင်ကတိပြုသော်လည်း ယင်းသည် လူ့ကြိုးပမ်းမှုဖြင့်မဟုတ်ပေ။ လူသားများ စည်းလုံးငြိမ်သက်စွာနေထိုင်ရန် ရည်ရွယ်တော်မူသော ဖန်ဆင်းရှင်သည် လူ့ကြိုးပမ်းမှုဖြင့် မတတ်နိုင်သောအရာကို ပြီးမြောက်စေလိမ့်မည်။ သို့သော် ယင်းသည် အချို့အတွက် မယုံနိုင်စရာဖြစ်ပေမည်။ မည်သို့ပင်ဆိုစေ၊ ဘုရားသခင့်မူလရည်ရွယ်ချက်မှာ လူသားတို့ ငြိမ်သက်စည်းလုံးစွာနေထိုင်ရန်ဖြစ်သည်။ * ထိုမူလရည်ရွယ်ချက် မပြောင်းလဲသေးကြောင်း ကျမ်းချက်များစွာက ထောက်ခံ၏။ သာဓကအချို့ကို သုံးသပ်ကြည့်ကြစို့။

‘ထာဝရဘုရားသခင်စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။’—⁠ဆာလံ ၄၆:၈၊ ၉

‘ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—⁠ဟေရှာယ ၁၁:⁠၉

‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားသခင်အမိန့်တော်ရှိ၏။’—⁠ဟေရှာယ ၂၅:⁠၈

“ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—⁠၂ ပေတရု ၃:၁၃

“ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—⁠ဗျာ. ၂၁:⁠၄

ထိုကတိတော်များကို ယုံကြည်စိတ်ချနိုင်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်တွင် ကမ္ဘာချီစည်းလုံးမှုရှိရန် ပြုလုပ်ပေးနိုင်သည့်အစွမ်းတန်ခိုး ရှိသောကြောင့်တည်း။ (လုကာ ၁၈:၂၇) ထို့ပြင် ထိုသို့ပြုလုပ်ပေးလိုသည့်ဆန္ဒလည်း ရှိတော်မူသည်။ အမှန်မှာ၊ ဘုရားသခင်၏ ‘စေတနာတော်နှင့်လျော်စွာ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ချာစေတော်မူလိမ့်မည်’ ဟုကျမ်းစာကဖော်ပြသည်။—⁠ဧဖက် ၁:၈-၁၀

ဘုရားသခင်ကတိပြုသော ‘ဖြောင့်မတ်ခြင်းတရားတည်နေရာ မြေကြီးသစ်’ သည် စိတ်ကူးယဉ်အတွေးမျှသာ မဟုတ်ပါ။ (၂ ပေတရု ၃:၁၃) မိမိ၏ကတိတော်နှင့်ပတ်သက်၍ ယေဟောဝါ ဤသို့မိန့်ဆိုသည်– “အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။”—⁠ဟေရှာယ ၅၅:၁၁

ဘုရားသခင့်နှုတ်မြွက်တော်က စည်းလုံးစေ

ရှေ့ဆောင်းပါးတွင် ဖော်ပြသကဲ့သို့ ဘာသာတရားများသည် လူသားထုကို စည်းလုံးစေမည့်အစား စိတ်ဝမ်းကွဲပြားစေလေ့ရှိ၏။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ လေးလေးနက်နက် သုံးသပ်သင့်သည်။ အကြောင်းမှာ ဖန်ဆင်းရှင်တစ်ပါးရှိပါက ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်သူများသည် အချင်းချင်းစည်းလုံးငြိမ်သက်မှုရှိမည်ဟု မျှော်လင့်သင့်သည် မဟုတ်လော။ ဧကန်အမှန်ပင်။

ဘာသာတရားက လူသားတို့ကို စိတ်ဝမ်းကွဲပြားစေခြင်းသည် ယေဟောဝါ၏အလိုတော်၊ သမ္မာကျမ်းစာဖော်ပြချက်တို့နှင့် မကိုက်ညီပါ။ ယင်းအစား စည်းလုံးမှုအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို မထောက်ခံဘဲ လူ့အကြံအစည်များကို အားပေးအားမြှောက်ပြုသော ဘာသာတရားများ၏ ပြစ်တင်ရှုတ်ချထိုက်သည့် လုပ်ရပ်ဆိုးဖြစ်၏။ ယေရှုသည် မိမိခေတ်ရှိဘာသာရေးခေါင်းဆောင်များကို [“ကြောင်သူတော်တို့၊” ကဘ] ဟုခေါ်ပြီး ဤသို့မိန့်ဆို၏– “ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးတို့သည် နှုတ်နှင့်ငါ့ကိုချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ ဟု နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။”—⁠မဿဲ ၁၅:၇-၉

သို့သော် စစ်မှန်သောဝတ်ပြုရေးမူကား လူတို့ကို စည်းလုံးစေ၏။ ယင်းနှင့်ပတ်သက်၍ ဟေရှာယ ဤသို့ကြိုဟောခဲ့သည်– ‘နောက်ဆုံးသောကာလ၌ ထာဝရဘုရားသခင်၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ ထာဝရဘုရားသခင်သည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။’—⁠ဟေရှာယ ၂:၂၊

ယနေ့ နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ယေဟောဝါသက်သေများသည် စည်းလုံးမှုရရှိနိုင်သည့်နည်းလမ်းများနှင့်ပတ်သက်သော ယေဟောဝါ၏ညွှန်ကြားချက်များကို လက်ခံတုံ့ပြန်နေကြ၏။ သူတို့ စည်းလုံးနေရခြင်း၏အကြောင်းရင်းကား အဘယ်နည်း။ တမန်တော်ပေါလုက “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့” ဟုရေးသားခဲ့သည်။ (ကောလောသဲ ၃:၁၄) “အဖွဲ့အစည်း” ဟူသောစကားလုံးအတွက် ပေါလုအသုံးပြုခဲ့သော ဂရိစကားလုံးသည် လူ့ခန္ဓာကိုယ်ရှိအရွတ်များကို ရည်ညွှန်းသည်။ ယင်းတို့သည် ကြိုးကဲ့သို့ပင် ခိုင်မာလွန်းပြီး အရေးပါသောတာဝန်နှစ်ခုကို လုပ်ဆောင်သည်။ ကိုယ်အင်္ဂါများ သူ့နေရာနှင့်သူရှိစေရန် ထိန်းပေးခြင်းနှင့် အရိုးများ တစ်ခုနှင့်တစ်ခုကပ်နေအောင် ဆက်ပေးခြင်းတို့ဖြစ်သည်။

ချစ်ခြင်းမေတ္တာလည်း အလားတူပင်ဖြစ်၏။ ထိုအရည်အသွေးသည် တစ်ဦးနှင့်တစ်ဦးမသတ်ဖြတ်ရန် ကာကွယ်ပေးရုံသာမကပေ။ ခရစ်တော်တင်ပြခဲ့သောမေတ္တာကို တုပသူများသည် မိမိတို့နှင့်နောက်ခံမတူသူများနှင့် စည်းလုံးငြိမ်သက်စွာ အတူတကွလုပ်ဆောင်ကြသည်။ ဥပမာ၊ ချစ်ခြင်းမေတ္တာရှိခြင်းဖြင့် မဿဲ ၇:၁၂ တွင် ယေရှုခရစ်မိန့်ဆိုခဲ့သော ရွှေပညတ်နှင့်အညီ ကျင့်ကြံနိုင်ပါသည်။ ထိုတွင် ဤသို့ဆို၏– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” လူများစွာသည် ထိုရွှေပညတ်ကို လိုက်နာခြင်းကြောင့် ဘက်လိုက်သောသဘောထားကို နှိမ်နှင်းနိုင်ခဲ့ပြီ။

‘အချင်းချင်းချစ်ကြလော့’

“သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုယေရှုခရစ်မိန့်ဆိုခဲ့၏။ ယေဟောဝါသက်သေများသည် ထိုစကားများကို လိုက်နာခြင်းဖြင့် မိမိတို့ကိုယ်ကို ခရစ်တော်၏တပည့်များဖြစ်ကြောင်း သက်သေထူရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (ယောဟန် ၁၃:၃၅) လူမျိုးစုစစ်ပွဲများ၊ နိုင်ငံရေးဆူပူအုံကြွမှုများ ဖြစ်ပွားချိန်တွင် ထိုသို့သောမေတ္တာကို ထူးထူးခြားခြားတင်ပြခဲ့ကြပြီ။ ဥပမာ၊ ၁၉၉၄ ခုနှစ်အတွင်း ရဝမ်ဒါနိုင်ငံ၌ မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့စဉ် ယေဟောဝါသက်သေများသည် အချင်းချင်းချစ်သောမေတ္တာကို တင်ပြခဲ့ကြ၏။ ဟူတူလူမျိုးသက်သေခံများသည် မိမိတို့၏ခရစ်ယာန်ညီအစ်ကိုများဖြစ်သော တွတ်စီလူမျိုးများကို အသက်စွန့်၍ ကာကွယ်ပေးခဲ့ကြသည်။

မှန်ပါသည်၊ ယနေ့ ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံများသည် ကမ္ဘာချီစည်းလုံးမှုရှိလာသည်အထိ လူသားချင်းချစ်သောမေတ္တာတင်ပြမည်ဟု မျှော်လင့်ခြင်းက လက်တွေ့မကျပေ။ သမ္မာကျမ်းစာအရ ဘုရားသခင်သတ်မှတ်ထားချိန်တွင် ကမ္ဘာချီစည်းလုံးမှုရှိလာရန် ကိုယ်တော် လုပ်ဆောင်ပေးပါလိမ့်မည်။ သို့သော် ယခုအချိန်တွင်ပင် ကျွန်ုပ်တို့တစ်ဦးစီသည် ချစ်ခြင်းမေတ္တာကို ယူတင်ဝတ်ဆောင်နိုင်ပြီး စည်းလုံးမှုရှိနိုင်ပါသည်။

လွန်ခဲ့သောနှစ်အတွင်း ယေဟောဝါသက်သေများသည် လူတို့အား သမ္မာကျမ်းစာအကြောင်း၊ မျက်မှောက်ခေတ်အသက်တာတွင် ယင်း၏တန်ဖိုးအကြောင်း ဟောပြောရာတွင် နာရီပေါင်းသန်းတစ်ထောင်ကျော်အသုံးပြုခဲ့ကြသည်။ သမ္မာကျမ်းစာ၏တိကျမှန်ကန်သောအသိပညာသည် သန်းနှင့်ချီသောလူများ၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးနေသူများကိုပင် စည်းလုံးစေခဲ့ပြီ။ ၎င်းတို့ထဲမှ အချို့မှာ အာရပ်နှင့်ဂျူးလူမျိုးများ၊ အာမေးနီးယန်းနှင့်တူရကီလူမျိုးများ၊ ဂျာမန်နှင့်ရုရှားလူမျိုးများ ဖြစ်ကြသည်။

ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာ၏ စည်းလုံးစေနိုင်စွမ်းနှင့်ပတ်သက်၍ သင် ပိုမိုသိလိုသလော။ ကျေးဇူးပြု၍ သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် စာမျက်နှာ ၂ တွင်ဖော်ပြထားသော သင့်လျော်ရာလိပ်စာသို့ စာရေးပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် [အင်္ဂလိပ်]၊ အခန်း ၃ တွင်ရှု။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ထောင်နှင့်ချီသော ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ယင်းတို့ကို ဖောက်ဖျက်ခဲ့ကြသည်

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

လူ့အစိုးရများ မတတ်နိုင်သောအရာကို သမ္မာကျမ်းစာမူများ ကျင့်သုံးခြင်းဖြင့် အောင်မြင်ပြီးမြောက်နေ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စစ်မှန်သောစည်းလုံးမှု၏ပင်ရင်းကို သမ္မာကျမ်းစာကဖော်ပြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဟူတူနှင့်တွတ်စီလူမျိုး ယေဟောဝါသက်သေများသည် ဝတ်ပြုရာနေရာ အတူတကွဆောက်လုပ်နေကြ