ယေရမိ ၁၀:၁-၂၅

  • “လူမျိုးခြားတွေရဲ့ဘုရားနဲ့ အသက်ရှင်တဲ့ဘုရား (၁-၁၆)

  • ဖျက်ဆီးခံရ၊ ပြည်နှင်ဒဏ်ခံရတော့မယ် (၁၇၊ ၁၈)

  • ယေရမိ ဝမ်းနည်းပူဆွေး (၁၉-၂၂)

  • ပရောဖက်ရဲ့ ဆုတောင်းချက် (၂၃-၂၅)

    • လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်းမရှိ (၂၃)

၁၀  အိုအစ္စရေးအမျိုး၊ ယေဟောဝါပြောတဲ့ စကားကို နားထောင်ပါ။ ၂  ယေဟောဝါ ပြောတာက– “လူမျိုးခြားတွေရဲ့ လမ်းစဉ်ကို မသင်ယူပါနဲ့။+ ကောင်းကင်ပေါ်က လက္ခဏာတွေကို ကြည့်ပြီး လူမျိုးခြားတွေ ထိတ်လန့်သလို မင်းတို့လည်း လိုက်ပြီး မထိတ်လန့်ကြနဲ့။+  ၃  သူတို့ရဲ့ဓလေ့ထုံးစံတွေဟာ လှည့်စားမှုပဲ။ ခုတ်လှဲခံလိုက်ရတဲ့ တောထဲက သစ်ပင်လိုပဲ။ လက်မှုပညာသည်က အဲဒီသစ်ကိုထွင်းပြီး ရုပ်တုလုပ်တယ်။+  ၄  အဲဒီရုပ်တုကို ရွှေငွေတွေနဲ့ အလှဆင်ပြီး+ မပြိုလဲအောင် သံနဲ့ရိုက်တယ်။+  ၅  ရုပ်တုတွေက သခွားခင်းထဲက စာခြောက်ရုပ်လိုပဲ စကားမပြောတတ်ဘူး။+ လမ်းမလျှောက်တတ်တော့ ထမ်းသွားရတယ်။+ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်တဲ့အတွက် မကြောက်ပါနဲ့။”+  ၆  ယေဟောဝါဘုရား၊ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။+ ကိုယ်တော်ဟာ ကြီးမြတ်ပြီး တန်ခိုးကြီးလှတယ်။ နာမတော်ကလည်း ကြီးမြတ်လှပါတယ်။  ၇  လူမျိုးတို့ရဲ့ဘုရင်၊+ ကိုယ်တော့်ကို ဘယ်သူ မကြောက်ရွံ့ဘဲ နေမှာလဲ။ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေထိုက်ပါတယ်။ လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့တူတဲ့သူ မရှိပါဘူး။+  ၈  သူတို့တွေဟာ စဉ်းစားဉာဏ်မဲ့ပြီး မိုက်မဲကြတယ်။+ သစ်သားရုပ်တုကပေးတဲ့ သွန်သင်ချက်ဟာ လှည့်စားမှုသက်သက်ပဲ။+  ၉  လက်မှုပညာသည်တွေ၊ပန်းထိမ်သမားတွေက တာရှိပြည်ကနေ+ တင်သွင်းလာတဲ့ ငွေပြားတွေ၊ ဥဖတ်မြို့ကနေ တင်သွင်းလာတဲ့ ရွှေတွေကို သုံးပြီး ရုပ်တုတွေကို မွမ်းမံကြတယ်။ အပြာရောင်ချည်နဲ့ ခရမ်းရောင်သိုးမွေးတွေ ဝတ်ဆင်ပေးကြတယ်။ အဲဒီရုပ်တုအားလုံးဟာ ပညာသည်တွေ ထုလုပ်တဲ့ လက်ရာတွေပဲ။ ၁၀  ယေဟောဝါကတော့ စစ်မှန်တဲ့ဘုရားသခင်၊အသက်ရှင်တဲ့ ဘုရားသခင်၊+ ထာဝရဘုရင် ဖြစ်တယ်။+ အမျက်တော်ကြောင့် ကမ္ဘာမြေ တုန်လှုပ်လိမ့်မယ်။+ ပြစ်ဒဏ်စီရင်ချက်ကို ဘယ်လူမျိုးမှ ခံရပ်နိုင်မှာ မဟုတ်ဘူး။ ၁၁  * “ကောင်းကင်နဲ့ မြေကြီးကို မဖန်ဆင်းတဲ့ဘုရားတွေဟာ ကောင်းကင်အောက်ကနေ၊ မြေကြီးပေါ်ကနေ ပျက်စီးသွားလိမ့်မယ်”+ လို့ သူတို့ကို ပြောလိုက်ပါ။ ၁၂  ဘုရားသခင်ဟာ ကမ္ဘာမြေကို တန်ခိုးနဲ့ဖန်ဆင်းတဲ့အရှင်၊ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အခိုင်အမာတည်စေတဲ့အရှင်၊+မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ ဖြန့်မိုးတဲ့အရှင်ပဲ။+ ၁၃  ဘုရား အသံလွှင့်လိုက်တဲ့အခါ ကောင်းကင်ပေါ်က ရေတွေ ဆူပွက်ကုန်တယ်။+ ကမ္ဘာမြေအစွန်အဖျားကနေ မိုးတိမ်တွေ တက်လာစေတယ်။+ မိုးနဲ့အတူ လျှပ်စီးတွေ လက်စေတယ်။* ဘဏ္ဍာတိုက်တွေထဲကနေ လေကို ခေါ်ထုတ်လာတယ်။+ ၁၄  လူတွေက စဉ်းစားဉာဏ်မရှိဘဲ၊ ဘာမှမသိဘဲ လုပ်နေကြတယ်။ ပန်းထိမ်သမားက ရုပ်တုကြောင့် အရှက်ကွဲရလိမ့်မယ်။+ သူလုပ်တဲ့ရုပ်တုဟာ မဟုတ်မမှန်တဲ့အရာ ဖြစ်နေတာကိုး။ အဲဒီရုပ်တုတွေမှာ အသက်စွမ်းအားမှ မရှိတာ။+ ၁၅  ရုပ်တုတွေဟာ လှည့်စားမှုပဲ။ လှောင်ပြောင်စရာပဲ။+ စစ်ဆေးမယ့်နေ့ ရောက်တဲ့အခါ ပျက်စီးသွားလိမ့်မယ်။ ၁၆  ယာကုပ်ရဲ့ဝေစုဖြစ်တဲ့ ဘုရားသခင်ကတော့ အဲဒီရုပ်တုတွေနဲ့ မတူဘူး။ ဘုရားသခင်ဟာ အရာအားလုံးကို ပုံသွင်းတဲ့အရှင်ပဲ။ အစ္စရေးဟာ ဘုရားပိုင်တဲ့ တောင်ဝှေးပဲ။+ နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ ခေါ်တယ်။+ ၁၇  ဝိုင်းရံခံနေရတဲ့ အမျိုးသမီး၊မြေကြီးပေါ်က မင်းရဲ့အထုပ်အပိုးကို စုသိမ်းလိုက်ပါ။ ၁၈  ယေဟောဝါက “အခု ပြည်သူပြည်သားတွေကို တိုင်းပြည်ထဲကနေ ငါပစ်ထုတ်တော့မယ်။+ သူတို့ကို ဒုက္ခကြုံစေမယ်” လို့ပြောတယ်။ ၁၉  ဒဏ်ရာတွေကြောင့် ကျွန်တော့်မှာ အဖြစ်ဆိုးလိုက်တာ။+ အနာတွေကလည်း ကုလို့မရဖြစ်နေတယ်။ “ဒါဟာ ငါ့ရဲ့ရောဂါပဲ။ ခါးစည်းခံရတော့မှာပေါ့။ ၂၀  ငါ့တဲ ပျက်စီးသွားပြီ။ တဲကြိုးတွေ ပြတ်ထွက်ကုန်ပြီ။+ ငါ့သားတွေ ငါ့ကို ထားရစ်ခဲ့ပြီ။ တစ်ယောက်မှ မရှိတော့ ဘူး။+ ငါ့တဲကို ဖြန့်မိုးပေးမယ့်သူ၊ ရွက်ထည်တွေကို ပင့်တင်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။ ၂၁  သိုးထိန်းတွေ အသိတရားမရှိဘဲ လုပ်နေကြတယ်။+ ယေဟောဝါကို မမေးမြန်းတော့+ ထိုးထွင်းဉာဏ်ရှိရှိ မလုပ်ဆောင်နိုင်ကြဘူး။ သိုးတွေအားလုံး ကွဲလွင့်ကုန်ပြီ”+ လို့ပဲ ပြောနေရတော့တယ်။ ၂၂  နားထောင်ကြ။ သတင်းတစ်ခု ရောက်လာပြီ။ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ+ အသံဗလံကြီး ထွက်ပေါ်လာနေပြီ။ ယုဒရဲ့မြေတွေကို လူသူကင်းမဲ့ပြီး ခွေးအတွေအောင်းတဲ့ တွင်းဖြစ်အောင် လုပ်ကြတော့မယ်။+ ၂၃  ယေဟောဝါဘုရား၊ လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်းမရှိမှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။+ ၂၄  ယေဟောဝါဘုရား၊ ကျွန်တော့်ကို သင့်တော်သလိုသာ တည့်မတ်ပေးလှည့်ပါ။ အမျက်တော်နဲ့ မတည့်မတ် လိုက်ပါနဲ့။+ အဲဒီလိုသာဆိုရင် ကျွန်တော် အစအနမကျန် ပျက်စီးသွားမှာ။+ ၂၅  ကိုယ်တော့်ကို လျစ်လျူရှုတဲ့ လူမျိုးတွေအပေါ်၊+နာမတော်ကိုခေါ်ပြီး ဆုမတောင်းကြတဲ့ မျိုးနွယ်စုတွေအပေါ် အမျက်တော် သွန်းလောင်းလိုက်ပါ။ သူတို့က ယာကုပ်ကို ဝါးမျိုပစ်လို့ပါ။+ ယာကုပ်ကို ဝါးမျိုပြီး သုတ်သင်ဖျက်ဆီးပစ်ပါပြီ။+ သူ့ရဲ့ မွေးရပ်မြေကိုလည်း လူသူကင်းမဲ့စေပါပြီ။+

အောက်ခြေမှတ်ချက်များ

^ အခန်းငယ် ၁၁ ကို မူရင်းမှာ အာရမိတ်လို ရေးထား။
^ “မိုးရေအတွက် ရေတံခါးကို ဖန်ဆင်းတယ်” လည်းဖြစ်နိုင်။