မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်

ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်

ဘုရားသခင့်​နိုင်ငံတော်​အဘ​က်​ဘက်တွင် သာလွန်​ကောင်းမွန်

ယေရှု​ခရစ်​က မိမိ​နောက်လိုက်​များ​ကို ဤသို့​သင်ပေးခဲ့​၏– “သင်တို့​ဆုတောင်း​ရမည်​မှာ ‘ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ​သော။’” (မဿဲ ၆:၉၊ ၁၀) ထို​ဆုတောင်းချက်​သည်  ဘုရားသခင့်​နိုင်ငံတော်​၏ ရည်ရွယ်ချက်​အကြောင်း ရှင်း​ပြပေး​သည်။

ယင်း​နိုင်ငံတော်​သည် ဘုရားသခင်​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေမည်။ ထို့​ပြင် စာတန်​နှင့်​လူတို့၏​ပုန်ကန်မှု​ကြောင့် ကိုယ်တော့်​နာမတော် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်​ခဲ့​သမျှ​ကို ပယ်ရှင်း​ပစ်​မည်။ ယင်းသည် အရေးကြီး​လှ​၏။ အသိဉာဏ်​ရှိသော သတ္တဝါ​အားလုံး​၏​ပျော်ရွှင်မှု​သည် ဘုရားသခင့်​နာမတော် သန့်ရှင်း​မြင့်မြတ်​သည်​ဟု​ရှုမြင်ခြင်း၊ ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးခွင့်​ကို လိုလိုလားလား​လက်အောက်ခံခြင်း​အပေါ် မူတည်​နေသည်။—ဗျာ. ၄:၁၁

ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​က “အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ” စေမည်။ ထို​အလိုတော်​ကား အဘယ်နည်း။ အာဒံ​ဆုံးရှုံး​ခဲ့​သည့် ဘုရားသခင်​နှင့်​လူ​တို့​စပ်ကြား ဆက်ဆံ​ရေး​ကို ပြန်လည်​ရရှိရန်​ဖြစ်သည်။ ဘုရားသခင့်​နိုင်ငံတော်​သည် လူကောင်း​များ ထာဝစဉ်​ပျော်မွေ့​စွာ​နေထိုင်​နိုင်​ရန် မြေကြီးကို ပရဒိသု​ဖြစ်စေ​မည်​ဟူသော စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​၏​ရည်ရွယ်ချက်ကို ပြီးမြောက်​စေမည်။ မူလ​အပြစ်​ကြောင့် ထိခိုက်​နစ်နာ​ခဲ့​ရ​သမျှ​ကို ထို​နိုင်ငံတော်​က ဖယ်ရှား​ပေး​ပြီး လူသားများ​အတွက် ဘုရားသခင်​၏ မေတ္တာပါ​သော​ရည်ရွယ်ချက်ကို အမှန်​အကောင်အထည်ဖော်​မည်​ဖြစ်သည်။ (၁ ယောဟန် ၃:၈) သမ္မာကျမ်းစာ​၏​အဓိက​သတင်းတရား​မှာ ဘုရားသခင့်​နိုင်ငံတော်​နှင့် ယင်းက​ပြီးမြောက်​စေ​မည့်​အရာများ​ဖြစ်သည်။

အဘယ်​နည်းများဖြင့် သာလွန်​ကောင်းမွန်

ဘုရားသခင့်​နိုင်ငံတော်​သည် တန်ခိုး​အာဏာ​ကြီးမားသော အမှန်တကယ်​တည်ရှိ​သည့်​အစိုးရ​ဖြစ်သည်။ ယင်းသည် မည်မျှ​တန်ခိုး​ကြီး​ကြောင်း ပရောဖက်​ဒံယေလ​က ဤသို့​အရိပ်အမြွက် ဖော်ပြ​၏– ‘ကောင်းကင်ဘုံ​ရှင်​ဘုရားသခင် တည်ထောင်​စေတော်မူ’ သော “ထို​နိုင်ငံ​သည် . . . [လူသား​တို့၏] နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး” မည်။ ထို့​ပြင် သမိုင်း​တစ်လျှောက် မတည်မြဲ​သော​လူ့​အုပ်ချုပ်မှု​နှင့်​ခြားနား​လျက် ဘုရားသခင့်​နိုင်ငံတော်​သည် “အစဉ်အမြဲ​တည်​လိမ့်​မည်။” (ဒံယေလ ၂:၄၄၊ ၄၅) ထို​မျှ​မ​က​ရှိသေး​သည်။ ယင်း​နိုင်ငံတော်​သည် လူ့​အုပ်ချုပ်မှု​မှန်သမျှ​ထက် အဘ​က်​ဘက်တွင် သာလွန်​ကောင်းမွန်​သည်။

ဘုရားသခင့်​နိုင်ငံတော်​တွင် သာလွန်​ကောင်းမွန်သော​ဘုရင်​တစ်ပါး​ရှိသည်။ ထို​ဘုရင် မည်သူ​ဖြစ်​ကြောင်း စဉ်းစား​ကြည့်​ပါ။ ပရောဖက်​ဒံယေလ​၏ ‘အိပ်မက်​အာရုံ’ တွင် ဘုရားသခင့်​နိုင်ငံတော်​၏​အုပ်စိုးရှင်​ကို “လူသား​နှင့်​တူသော​သူ​တစ်ဦး” အဖြစ်​မြင်တွေ့ခဲ့​ရပြီး ထို​လူသားကို အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​၏​အထံတော်ပါး​သို့​သွင်း​ကြ​ကာ “နိုင်ငံ​နှင့်​တကွ အာဏာစက်​တန်ခိုး​ကို” ပေးအပ်​ခဲ့​သည်။ (ဒံယေလ ၇:၁၊ ၁၃၊ ၁၄) ထို​လူသား​သည် ယေရှု​ခရစ်​တည်း​ဟူသော မေရှိယ​ဖြစ်​တော်​မူ​၏။ (မဿဲ ၁၆:၁၃-၁၇) ယေဟောဝါ​သည် သားတော်​ယေရှု​အား ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် ခန့်အပ်​ခဲ့​သည်။ ယေရှုသည် မြေကြီးပေါ်​ရှိခဲ့​စဉ်​က ဆိုးညစ်သော​ဖာရိရှဲ​များ​အား “ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့၏​အထဲ​၌​ရှိသည်” ဟု​ဆို​ခဲ့​ရာ ထို​နိုင်ငံတော်​မင်းလောင်း ကိုယ်တော်​သည် သူတို့​အလယ်တွင် ရောက်ရှိ​နေခြင်း​ကို ဆိုလို​သည်။—လုကာ ၁၇:၂၁

ဘုရင်​တစ်ဦး​အဖြစ် ယေရှု၏​အရည်အချင်းကို အဘယ်​လူသား ယှဉ်​နိုင်​မည်​နည်း။ ယေရှုသည် လုံးလုံးလျားလျား ဖြောင့်မတ်​သော၊ ယုံကြည်​အားထား​နိုင်သော၊ သနား​ကြင်နာ​တတ်သော ခေါင်းဆောင်​ဖြစ်​ကြောင်း သက်သေ​ထူခဲ့​ပြီး​ဖြစ်၏။ ခရစ်ဝင်​ကျမ်း​များ​က ကိုယ်တော်​အား လက်တွေ့​သ​မား​အဖြစ် ပုံဖော်​ရုံ​မ​က သနား​ကြင်နာ​တတ်​ပြီး ခံစားချက်​အပြည့်​ရှိသော​ပုဂ္ဂိုလ်​အဖြစ်​လည်း သရုပ်ဖော်​ထား​သည်။ (မဿဲ ၄:၂၃; မာကု ၁:၄၀၊ ၄၁; ၆:၃၁-၃၄; လုကာ ၇:၁၁-၁၇) ထို့​ပြင် ရှင်ပြန်ထမြောက်​ပြီး​ဖြစ်သော ယေရှုသည် သေခြင်း​တရား​၏​လက်အောက်​တွင် မရှိ၊ လူ့​ကန့်သတ်ချက်​များလည်း မရှိပေ။—ဟေရှာယ ၉:၆၊ ၇

ယေရှု​နှင့် ကိုယ်တော့်​အပေါင်းပါများ​သည် သာလွန်​ကောင်းမွန်သော​နေရာ​မှ အုပ်ချုပ်​မည်။ ဒံယေလ​သည် အိပ်မက်​အာရုံ​တွင် ‘နိုင်ငံ​နှင့်​တကွ အာဏာစက်​ကို သန့်ရှင်းသော​အမျိုးသား​တို့သည် ရ​ကြ’ ကြောင်း တွေ့မြင်​ခဲ့​သည်။ (ဒံယေလ ၇:၂၇) ယေရှု​တစ်ပါး​တည်း​သာ အုပ်စိုး​မည်​မဟုတ်ပါ။ ကိုယ်တော်​နှင့်အတူ တွဲဖက်​ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုဆောင်​မည့်​သူများ ရှိသည်။ (ဗျာ. ၅:၉၊ ၁၀; ၂၀:၆) ယင်း​နှင့်​စပ်လျဉ်း၍ တမန်​တော်​ယောဟန်​က ဤသို့​ရေးခဲ့​သည်– ‘ထို​နောက်​မှ ငါ​ကြည့်​လျှင် သိုးသငယ်​သည် ဇိအုန်​တောင်ပေါ်​မှာ​ရပ်နေ​၏။ မြေကြီး​မှ​ရွေးနုတ်သော​သူ တစ်​သိန်း​လေးသောင်း​လေး​ထောင်​လည်း သူနှင့်​အတူ​ရှိကြ​၏။’—ဗျာ. ၁၄:၁-၃

သိုးသငယ်​မှာ ဘုရားသခင့်​နိုင်ငံတော်​ဘုရင် ယေရှု​ခရစ်​ဖြစ်၏။ (ယောဟန် ၁:၂၉; ဗျာ. ၂၂:၃) ဇိအုန်​တောင်​မှာ ကောင်းကင်​ကို ရည်ညွှန်း​သည်။ * (ဟေဗြဲ ၁၂:၂၂) ယေရှု​နှင့်အတူ ကိုယ်တော်​၏​အပေါင်းပါ ၁၄၄,၀၀၀ သည် ကောင်းကင်​မှ အုပ်စိုး​တော်​မူ​မည်။ အလွန်​ပင်​မြင့်မြတ်​လှ​သော အနေအထား​ပါ​တကား! ကောင်းကင်​မှ​အုပ်စိုး​သောကြောင့် အလုံးစုံ​ကို သိမြင်​နိုင်​သည်။ ကောင်းကင်​သည် နန်း​စိုက်​ရာ​ပလ္လင်​ဖြစ်သော​ကြောင့် “ဘုရားသခင့်​နိုင်ငံတော်” ကို “ကောင်းကင်​နိုင်ငံတော်” ဟု​လည်း ခေါ်​သည်။ (လုကာ ၈:၁၀; မဿဲ ၁၃:၁၁) မည်သည့်​လက်နက်​မဆို နျူကလီးယား​လက်နက်များ​ပင် ထို​ကောင်းကင်​နိုင်ငံတော်​ကို မတိုက်ခိုက်၊ မဖျက်ဆီး​နိုင်​ပေ။ မလုယူ​မဖျက်ဆီး​နိုင်သော​နိုင်ငံ​ဖြစ်​ပြီး ယင်း​အားဖြင့် ဘုရားသခင့်​ရည်ရွယ်ချက် ပြီးပြည့်စုံ​လာ​မည်။—ဟေဗြဲ ၁၂:၂၈

ဘုရားသခင့်​နိုင်ငံတော်​၏ ယုံကြည်​အားထား​ရသော​ကိုယ်စားလှယ်​များ မြေကြီးပေါ်​တွင် ရှိသည်။ မည်သို့​သိရ​သနည်း။ ဆာလံ ၄၅:၁၆ တွင် “ကိုယ်တော်​၏​အဘ​များ​ကိုယ်စား သားများ​ကို​ရ​၍ မြေကြီး​တစ်ပြင်လုံး​တွင် မင်း​အရာ​၌​ခန့်​ထား​တော်​မူ​လိမ့်​မည်” ဟု​ဖော်ပြ​၏။ ဤ​ပရောဖက်ပြုချက်​မှ “ကိုယ်တော်” သည် ဘုရားသခင်​၏​သားတော်​ဖြစ်၏။ (ဆာလံ ၄၅:၆၊ ၇; ဟေဗြဲ ၁:၇၊ ၈) ထို့​ကြောင့် ယေရှု​ခရစ်​ကိုယ်တိုင် မင်း​ညီ​မင်းသား​ကိုယ်စားလှယ်​များ​ကို ခန့်အပ်​တော်​မူ​မည်။ ထို​သူတို့သည် ကိုယ်တော်​၏​ညွှန်ကြားချက်​အတိုင်း သစ္စာရှိ​ရှိ​လုပ်ဆောင်​မည်​ကို ကျွန်ုပ်​တို့ စိတ်ချ​နိုင်​သည်။ ယနေ့​ပင် ခရစ်ယာန်​အသင်းတော်တွင် အကြီးအကဲ​များ​အဖြစ် အမှုဆောင်​နေသည့် အရည်အချင်း​ပြည့်မီ​သော အမျိုးသားများသည် မိမိတို့၏​ယုံကြည်သူချင်း​များ​ကို “အစိုးတရ​ပြု” ရန်​မဟုတ်ဘဲ ကာကွယ်​ပေး​ရန်၊ လန်းဆန်း​စေရန်၊ အားပေး​နှစ်သိမ့်​ရန် သွန်သင်ခံ​ရ​ကြသည်။—မဿဲ ၂၀:၂၅-၂၈; ဟေရှာယ ၃၂:၂

ဘုရားသခင်​၏​နိုင်ငံတော်​တွင် ဖြောင့်မတ်​သော​လက်အောက်ခံ​များ​ရှိသည်။ သူတို့သည် ဘုရားသခင့်​အမြင်​တွင် စုံလင်​ဖြောင့်မတ်​ကြသည်။ (သု. ၂:၂၁၊ ၂၂) “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။ (ဆာလံ ၃၇:၁၁) ဘုရားသခင့်​နိုင်ငံတော်​လက်အောက်ခံ​များသည် သွန်သင်​ရလွယ်​သော​သူ၊ နှိမ့်ချ​သူ၊ နူးညံ့​သိမ်မွေ့​သူများ​ဖြစ်​ပြီး ဝိညာဉ်​ရေးရာ​ကို​သာ အဓိက​ထား​ကြသည်။ (မဿဲ ၅:၃) သူတို့သည် မှန်ရာကို​လုပ်ဆောင်​လို​ကြ​ပြီး ဘုရားသခင့်​လမ်းညွှန်ချက်များ​ကို လိုက်နာ​ကြသည်။

ဘုရားသခင့်​နိုင်ငံတော်​သည် သာလွန်​ကောင်းမွန်သော ဥပဒေ​များ​ဖြင့်​အုပ်ချုပ်​မည်။ ထို​နိုင်ငံ​ကို​အုပ်ချုပ်​မည့် စည်းမျဉ်း​ဥပဒေ​နှင့်​မူများ​သည် ယေဟောဝါ​ဘုရားသခင်​ထံ​တော်​မှ​ဖြစ်သည်။ ယင်း​တို့သည် ကျွန်ုပ်​တို့အတွက် မမျှမတ,ချုပ်ချယ်​မှု​ဖြစ်​မည့်​အစား အကျိုးကျေးဇူး​ပင် ရရှိစေ​သည်။ (ဆာလံ ၁၉:၇-၁၁) လူများစွာ​သည် ယေဟောဝါ​၏ ဖြောင့်မတ်​သော​တောင်းဆိုချက်​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် အကျိုး​ခံစား​ခဲ့ပြီ​ဖြစ်သည်။ ဥပမာ​အနေ​နှင့် ခင်ပွန်း၊ ဇနီး၊ သားသမီးတို့​နှင့်​သက်ဆိုင်​သည့် ကျမ်းစာ​အကြံပေး​ချက်​များ​ကို လိုက်နာခြင်း​ကြောင့် ကျွန်ုပ်​တို့၏​မိသားစု​ဘဝ သာယာ​ချမ်းမြေ့​ကြသည်။ (ဧဖက် ၅:၃၃-၆:၃) ‘ချစ်ခြင်း​မေတ္တာကို ယူတင်​ဝတ်ဆောင်’ ပါ​ဟူသော မိန့်ဆိုချက်​ကို​လိုက်နာ​သည့်​အခါ အခြားသူ​တို့​နှင့် ဆက်ဆံ​ရေး​ကောင်းမွန်​လာ​ကြသည်။ (ကောလောသဲ ၃:၁၃၊ ၁၄) ကျမ်းစာ​မူများ​ကို​လိုက်နာခြင်း​ဖြင့် အလုပ်​တွင် အကျင့်ကောင်း​များ​ရှိစေပြီး ငွေ​အပေါ် မျှတသော​အမြင်​ရှိလာ​စေ​သည်။ (သု. ၁၃:၄; ၁ တိမောသေ ၆:၉၊ ၁၀) သောက်ကြူး​ခြင်း၊ လိင်​အကျင့်​ယိုယွင်းခြင်း၊ ဆေး​ရွက်​ကြီး​နှင့် မူးယစ်​ဆေး​များ​ကို ရှောင်ခြင်း​ဖြင့် ကျန်းမာ​ရေး​ကောင်းမွန်​စေ​သည်။—သု. ၇:၂၁-၂၃; ၂၃:၂၉၊ ၃၀; ၂ ကောရိန္သု ၇:၁

ဘုရားသခင့်​နိုင်ငံတော်​သည် ဘုရားသခင်​ခန့်အပ်​သည့်​အုပ်ချုပ်မှု​ဖြစ်သည်။ မေရှိယ​ဖြစ်သော ဘုရင်​ယေရှု​ခရစ်​အပြင် ကိုယ်တော်​နှင့်​တွဲဖက်​အုပ်စိုးသူ​အားလုံး​သည် ဘုရားသခင်​၏​ပညတ်​ဥပဒေ​များနှင့် မေတ္တာပါ​သော​မူများ​ကို စောင့်ထိန်း​ရန် တာဝန်​ရှိသည်။ မြေကြီးဆိုင်ရာ​ကိုယ်စားလှယ်​များ​အပါအဝင် ဘုရားသခင့်​နိုင်ငံတော်​လက်အောက်ခံ​များသည် ကိုယ်တော့်​ပညတ်​ဥပဒေ​များနှင့်​အညီ နေထိုင်​ရခြင်း​ကို အားရ​နှစ်သက်​ကြသည်။ ထို​နိုင်ငံတော်​တွင် အုပ်စိုး​မည့်​သူများ​ရော လက်အောက်ခံ​မည့်​သူများ​ပါ အသက်တာတွင် ဘုရားသခင်​ကို အဓိက​ထား​ကြသည်။ ထို့​ကြောင့် ယင်း​နိုင်ငံတော်​သည် စစ်မှန်သော​သီ​အို​က​ရေ​စီ၊ ဘုရားသခင့်​အုပ်ချုပ်မှု​ဖြစ်၏။ ယင်းသည် ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ရခြင်း​၏ ရည်ရွယ်ချက်ကို အောင်မြင်စွာ​အကောင်အထည်ဖော်​မည်​ဖြစ်သည်။ မေရှိယနိုင်ငံ​ဟု​လည်း​ခေါ်​သော ဘုရားသခင့်​နိုင်ငံတော်​သည် အဘယ်​အချိန်တွင် စတင်​အုပ်စိုး​နေပြီ​နည်း။

နိုင်ငံတော်​အုပ်ချုပ်မှု စတင်

ဘုရားသခင့်​နိုင်ငံတော် စတင်​အုပ်စိုးချိန်​ကို​သိနိုင်​မည့် သော့ချက်​ကို ယေရှု၏​စကား​များ​တွင် တွေ့ရှိ​ရသည်။ ကိုယ်တော် ဤသို့​ဆို​၏– “တစ်ပါး​အမျိုးသား​တို့သည် မိမိတို့​အချိန်ကာလ [“လူမျိုးခြား​များ​အတွက် သတ်မှတ်​ထားသော​ကာလ၊” က​ဘ] မပြည့်စုံ​မီ​တိုင်အောင် ယေရုရှလင်​မြို့ကို ခြေ​နှင့်​နင်း​ကြလိမ့်မည်။” (လုကာ ၂၁:၂၄) ကမ္ဘာ​တစ်ခွင်​တွင် ယေရုရှလင်​တစ်မြို့တည်း​သာ ဘုရားသခင့်​နာမတော်​နှင့် တိုက်ရိုက်​ဆက်စပ်​နေသည်။ (၃ ဓမ္မ​ရာဇဝင် ၁၁:၃၆; မဿဲ ၅:၃၅) ယင်းသည် ဘုရားသခင့်​မျက်နှာသာ​ရသော မြေကြီးဆိုင်ရာ​နိုင်ငံ​၏ မြို့တော်​ဖြစ်သည်။ ယင်း​မြို့ကို တစ်ပါး​အမျိုးသား​တို့ ခြေ​ဖြင့်​နင်း​ခြင်း​က မိမိ​လူမျိုးအပေါ် ဘုရားသခင့်​အုပ်ချုပ်မှု​ကို လူ့​အစိုးရ​များ​က ကြားဝင်​စွက်ဖက်​မည်​ကို​ဆိုလို​သည်။ ယင်းသည် အဘယ်​အချိန်တွင် စတင်​ခဲ့​သနည်း။

ယေရုရှလင်​မြို့ရှိ ဘုရားသခင့်​ပလ္လင်​တွင်​စိုးစံ​ခဲ့​သော နောက်ဆုံး​ဘုရင်​အား ဤသို့​ဆို​သည်– ‘ဦးရစ်​တော်​ကို​ပယ်​၍ ရာဇ​သရဖူ​ကို​ချွတ်​လော့။ နိုင်ငံ​ကို အစိုး​ပိုင်​သော​သူ မရောက်မီ​တိုင်အောင် ငါ​မှောက်လှန်​မည်။ အစိုး​ပိုင်​သော​သူ၌ ငါ​အပ်​မည်။’ (ယေဇကျေလ ၂၁:၂၅-၂၇) ထို​ဘုရင်​၏​ရာဇ​သရဖူ ဖယ်ရှားခံ​ရပြီး ဘုရားသခင့်​လူမျိုးအပေါ် ကိုယ်တော်​၏​အုပ်စိုးမှု ပြတ်တောက်​သွား​မည်။ ယင်းသည် ယေရုရှလင်​မြို့ကို ဗာဗုလုန်​တို့​လာရောက်​သိမ်းပိုက်​သည့် ဘီစီ ၆၀၇ တွင် စတင်​ခဲ့​သည်။ ယင်း​မှ​စတင်​သည့် “သတ်မှတ်​ထားသော​ကာလ” အတွင်း မြေကြီးပေါ်​တွင် ဘုရားသခင်​၏​အုပ်ချုပ်မှု​ကို ကိုယ်စား​ပြုသော​အစိုးရ ရှိ​မည်​မဟုတ်​ချေ။ ယေဟောဝါ​သည် “အစိုး​ပိုင်​သော​သူ၊” ယေရှု​ခရစ်​အား အုပ်ချုပ်မှု​အာဏာ​အပ်နှင်း​ချိန်​တွင် ထို​ကာလ ဆုံးခန်းတိုင်​မည်​ဖြစ်သည်။ ယင်း​ကာလ မည်မျှ​ကြာရှည်​မည်​နည်း။

ဒံယေလကျမ်း​၏ ပရောဖက်ပြုချက်​တစ်ခု​တွင် ‘သစ်ပင်ကို ခုတ်လှဲ​ဖျက်ဆီး​လော့။ သို့သော်လည်း မြေ​၌​စွဲ​သော​အမြစ်​နှင့်​တကွ သစ်ငုတ်​ကို​ခြွင်း​ထား​၍ သံကြိုး၊ ကြေးဝါ​ကြိုး​နှင့်​ချည်နှောင်​၍ ခု​နစ်​နှစ် [“ခု​နစ်​ကာလ၊” က​ဘ] ပတ်လုံး မိုး​စွတ်​ခြင်း​ကို​ခံစေ’ ဟု​ဆို​ထား​သည်။ (ဒံယေလ ၄:၂၃) ကျွန်ုပ်​တို့​သိရှိ​ရမည်​ဖြစ်သည့်​အတိုင်း ထို​တွင်​ဖော်ပြ​ထား​သည့် “ခု​နစ်​ကာလပတ်လုံး” ဟူသည် “လူမျိုးခြား​တို့အတွက် သတ်မှတ်​ထားသော​ကာလ” နှင့်​ညီ​သည်။

ကျမ်းစာ​တွင် သစ်ပင်​သည် လူ​ပုဂ္ဂိုလ်၊ အုပ်စိုးရှင်၊ နိုင်ငံ​များ​ကို တစ်ခါတစ်ရံ အမှတ်​သင်္ကေတ​ပြု​သည်။ (ဆာလံ ၁:၃; ယေရမိ ၁၇:၇၊ ၈; ယေဇကျေလ အခန်းကြီး ၃၁) ထို​ပုံဆောင်​သစ်ပင်​သည် “မြေကြီးစွန်း​တိုင်အောင် ထင်ရှား​၏။” (ဒံယေလ ၄:၁၁) သစ်ပင်​ကြီး​ဖြင့်​ကိုယ်စား​ပြု​သည့် လူ့​နိုင်ငံ​တစ်ရပ်လုံး အကျုံးဝင်​သော ‘မြေကြီးစွန်း​တိုင်အောင်​ရောက်​သည့် အာဏာစက်​တော်’ သည် ခုတ်လှဲ​ခြင်း၊ ချည်နှောင်ခြင်း​ခံရ​မည်။ (ဒံယေလ ၄:၁၇၊ ၂၀၊ ၂၂) ထို့​ကြောင့် သစ်ပင်​ကြီး​သည် အထူးသဖြင့် မြေကြီး​နှင့်​စပ်​လျ​ဉ်း​သည့် ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု​ကို အမှတ်​သင်္ကေတ​ပြု​သည်။ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို​အုပ်ချုပ်​ရန် ဖွဲ့စည်းထား​သော နိုင်ငံတော်​အားဖြင့် ထို​ပိုင်သ​အုပ်စိုးမှု​ကို ဖော်ပြ​ခဲ့​သည်။ ပုံဆောင်​သစ်ပင်​သည် ခုတ်လှဲ​ခံရ​ပြီး မကြီးထွား​ရန် သံကြိုး၊ ကြေးဝါ​ကြိုး​ဖြင့် ချည်နှောင်​ခံရ​သည်။ ယင်းက မြေကြီးပေါ်​တွင် ဘုရားသခင်​အား ကိုယ်စား​ပြုသော​အုပ်စိုးမှု ပြတ်တောက်​သွား​မည်​ကို ဖော်ပြ​သည်၊ ဘီစီ ၆၀၇ ခုနှစ်​၌ ယင်း​သို့​ဖြစ်​ခဲ့​သော်လည်း လုံးဝ​ပြတ်တောက်​သွားခြင်း​မဟုတ်​ချေ။ သစ်ပင်​သည် “ခု​နစ်​ကာလ” တိုင် ချည်နှောင်​ခံရ​လိမ့်​မည်။ ထို​ကာလ​ကုန်ဆုံး​ချိန်​တွင် ယေဟောဝါ​သည် တရားဝင်​ထီးနန်း​ဆက်ခံသူ​ဖြစ်သော ယေရှု​ခရစ်​အား အာဏာ​အပ်နှင်း​တော်​မူ​မည်။ ရှင်း​နေသည်​မှာ “ခု​နစ်​ကာလ” နှင့် “လူမျိုးခြား​များ​အတွက် သတ်မှတ်​ထားသော​ကာလ” သည် တူညီသော​အချိန်ကာလ​ကို ရည်ညွှန်း​သည်။

“ခု​နစ်​ကာလ” သည် မည်မျှ​ကြာမြင့်​ကြောင်း​သတ်မှတ်​ရန် သမ္မာကျမ်းစာ​က ကူညီ​ပေး​ပါ​သည်။ ယင်း​တွင် ရက်ပေါင်း ၁,၂၆၀ သည် “တစ်​ကာလ၊ နှစ်ကာလ၊ ကာလ​တစ်ဝက်၊” စုစုပေါင်း သုံး​ကာလ​ခွဲ​နှင့်​ညီ​သည်​ဟု ဖော်ပြ​သည်။ (ဗျာ. ၁၂:၆၊ ၁၄) သို့​ဖြစ်​လျှင် ထို​အရေအတွက်​၏​နှစ်ဆ သို့​မဟုတ် ခု​နစ်​ကာလ​သည် ရက်ပေါင်း ၂,၅၂၀ နှင့်​ညီ​သည်။

ဘီစီ ၆၀၇ မှ ပကတိ​ရက်ပေါင်း ၂,၅၂၀ ကို​ရေတွက်​ကြည့်​ပါ​က ဘီစီ ၆၀၀ အထိ​သာ​ကြာ​သည်။ သို့သော် ခု​နစ်​ကာလ​သည် ထို​ထက်မက​ကြာမြင့်​ရ​ပေမည်။ “လူမျိုးခြား​များ​အတွက် သတ်မှတ်​ထားသော​ကာလ” အကြောင်း ယေရှု​မိန့်ဆိုခဲ့​ချိန်​တွင် ထို​ကာလ ရှိနေဆဲ​ဖြစ်သည်။ ထို့​ကြောင့် ခု​နစ်​ကာလ​သည် ပရောဖက်ပြုချက်​ဆိုင်ရာ​ကာလ​ဖြစ်သည်။ သို့​ဖြစ်၍ “တစ်ရက်​ကိုတစ်​နှစ်” ဟူ​သည့်​ကျမ်းစာ​စည်းမျဉ်း​ကို သုံး​ရမည်။ (တောလည်ရာ ၁၄:၃၄; ယေဇကျေလ ၄:၆) ထို့​ကြောင့် ဘုရားသခင့်​ကြားဝင်​စွက်ဖက်​မှုမရှိ​ဘဲ လူ့​အာဏာစက်​များ ကမ္ဘာ​ကို​စိုးမိုး​သည့် ခု​နစ်​ကာလ​မှာ နှစ်ပေါင်း ၂,၅၂၀ ရှည်ကြာ​သည်။ ဘီစီ ၆၀၇ မှ နှစ်ပေါင်း ၂,၅၂၀ ကို​ရေတွက်​လျှင် အေဒီ ၁၉၁၄ ခုနှစ်​သို့ ရောက်ရှိ​သည်။ ထို​နှစ်​သည် “လူမျိုးခြား​များ​အတွက် သတ်မှတ်​ထားသော​ကာလ” သို့​မဟုတ် ခု​နစ်​ကာလ ကုန်ဆုံး​ချိန်​ဖြစ်၏။ ဆိုလိုသည်မှာ ယေရှု​ခရစ်​သည် ၁၉၁၄ ခုနှစ်​မှ​စ၍ ဘုရားသခင့်​နိုင်ငံတော်​၏​ဘုရင်​အဖြစ် စိုးစံ​နေပြီ​ဖြစ်၏။

“နိုင်ငံတော်​တည်ထောင်​ပါစေ”

မေရှိယနိုင်ငံတော်​သည် ကောင်းကင်​တွင် တည်ထောင်​ခဲ့​ပြီး​ဖြစ်သော​ကြောင့် စံပြ​ဆုတောင်းချက်​တွင် ယေရှု​သင်ပေး​သည့်​အတိုင်း ယင်း​နိုင်ငံတော်​တည်ထောင်​ပါစေ​ဟူ၍ ဆက်​ဆုတောင်း​သင့်​သလော။ (မဿဲ ၆:၉၊ ၁၀) ဆုတောင်း​သင့်​သည်။ ယင်း​သို့​ဆုတောင်း​ရန် သင့်လျော်​ဆဲ၊ အကြောင်းရင်း​ခိုင်လုံ​ဆဲ​ဖြစ်၏။ ဘုရားသခင့်​နိုင်ငံတော်​သည် ဤ​ကမ္ဘာ​မြေ​ဝယ် တန်ခိုး​အာဏာ​အပြည့်အဝ ဖြန့်ကျက်​ပါ​လိမ့်​မည်။

ယင်း​သို့​ဖြစ်လာ​သည့်​အခါ တည်ကြည်သူ​လူသားများ ခံစားရ​မည့်​ကောင်းချီး​များသည် ကြီးမား​လိုက်​လေ​ခြင်း! “ဘုရားသခင်​သည် ကိုယ်တော်တိုင် သူတို့နှင့်​အတူ​ရှိ​နေ၍ . . . သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ” ဟု​သမ္မာကျမ်း​က ဆို​သည်။ (ဗျာ. ၂၁:၃၊ ၄) ထို​အချိန်တွင် “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​ပေ။ (ဟေရှာယ ၃၃:၂၄) ဘုရားသခင့်​မျက်နှာသာ​ရရှိ​သူများ​သည် ထာဝရ​အသက်​ခံစားရ​ပေမည်။ (ယောဟန် ၁၇:၃) ယင်းက​တိ​တော်​များ​အပြင် သမ္မာ​ကျမ်းစာ​ပါ အထူး​ကောင်းမွန်သော အခြား​ပရောဖက်ပြုချက်​များ ပြည့်စုံ​လာ​မည်​ကို စောင့်မျှော်​ကြ​စဉ် “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ဦးစွာရှာ​ကြ” စို့​လေ။—မဿဲ ၆:၃၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ရှေး​ဣသရေလ​ဘုရင် ဒါဝိဒ်​သည် ယေဗုသိ​လူ​တို့​လက်​မှ မြေကြီးဆိုင်ရာ ဇိအုန်​ရဲတိုက်​ကို တိုက်ယူ​ပြီး မြို့တော်​တည်​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၅:၆၊ ၇၊) ဘုရားသခင့်​သေတ္တာတော်​ကိုလည်း ထို​မြို့​သို့ ပြောင်းရွှေ့​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၆:၁၇) ထို​သေတ္တာတော်​သည် ဘုရားသခင့်​ရောက်ရှိ​နေခြင်း​ကို အထိမ်းအမှတ်​ပြုသော​ကြောင့် ဇိအုန်​ကို ဘုရားသခင့်​စံတော်မူရာ​ကောင်းကင်​နှင့် တင်စား​ခြင်း​သည် သင့်လျော်​လှ​သည်။—ထွက်မြောက်ရာ ၂၅:၂၂; ဝတ်ပြုရာ ၁၆:၂; ဆာလံ ၉:၁၁; ဗျာ. ၁၁:၁၉

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

ယေဟောဝါ​သည် ယေရှု​အား မိမိ​နိုင်ငံတော်​၏ ဘုရင်​အဖြစ် ခန့်အပ်ခဲ့

[စာမျက်နှာ ၆ ပါ ပုံကြမ်း/ ရုပ်ပုံ]

၂,၅၂၀ နှစ်

အောက်တိုဘာ ၆၀၇ ◀ ဘီစီ အေဒီ ▸ အောက်တိုဘာ ၁၉၁၄

၆၀၆ ၁/၄ နှစ် ၁,၉၁၃ ၃/၄ နှစ်

“လူမျိုးခြား​များ​အတွက် သတ်မှတ်​ထားသော​ကာလ” သည် ဘီစီ ၆၀၇ တွင်​စ​တင်၍ အေဒီ ၁၉၁၄ တွင်​ကုန်ဆုံး

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​၏ မြေကြီးဆိုင်ရာ​လက်အောက်ခံ​များသည် ကောင်းချီး​များစွာ ခံစားရ​မည်