မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အကျွန်ုပ်တို့၏ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏’

‘အကျွန်ုပ်တို့၏ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏’

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

‘အကျွန်ုပ်​တို့၏ ဘုရားသခင်​သည် အကျွန်ုပ်​တို့ကို ကယ်လွှတ်​နိုင်​တော်​မူ​၏’

အံ့သြ​မိန်းမော​ဖွယ်​ဖြစ်စေ​ရန် ရည်ရွယ်​သော ဖြစ်ရပ်​ပင်။ ဗာဗုလုန်​မြို့အနီး ဒုရ​လွင်ပြင်​တွင် ဧရာမ​ရွှေရုပ်​တု​တစ်ခု တည်လုပ်​ထား​၏။ ရုပ်တုကြီး​ကို အထူး​အခမ်းအနား​တွင် ဖွင့်လှစ်​မည်​ဖြစ်​ကာ တက်ရောက်​လာ​မည့် မှူး​တော်​မတ်​တော်​များသည် တူရိယာ​သံစုံ တီးမှုတ်​သံ​ကြား​သောအခါ ရုပ်တုကြီး​ကို ပျပ်ဝပ်​ရမည်​ဖြစ်သည်။ မကိုးကွယ်​သူ မည်သူ​မဆို​ကို အလွန်​ပူပြင်း​သည့် မီးဖို​ကြီး​ထဲ​ချပစ်​မည်​ဟု ဗာဗုလုန်​ရှင်ဘုရင် နေဗုခဒ်နေဇာ အမိန့်​ထုတ်ဆင့်​ခဲ့​၏။ ဤ​အမိန့်​ကို မည်သူ​လွန်ဆန်​ဝံ့​မည်​နည်း။

ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်သော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့သည် ရုပ်တုကြီး​ကို ဦး​မချ​ခဲ့​ကြ​ရာ တွေ့ မြင်​သူများ အလွန်​အံ့အားသင့်​သွား​သည်။ ယင်းသည် ယေဟောဝါ​ဘုရားသခင်​ထံ သူတို့၏ အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုခြင်း​ကို ဖောက်ဖျက်ရာ​ကျ​ကြောင်း သူတို့​သိ​ကြ​၏။ (တရားဟောရာ ၅:၈-၁၀) သူတို့၏ ခိုင်မာ​သော​ရပ်တည်ချက်ကို ရှင်းပြ​ရန်​တောင်းဆို​ခံရ​သည့်​အခါ နေဗုခဒ်နေဇာ​အား ဤသို့ မကြောက်​မ​ရွံ့​လျှောက်တင်​ခဲ့​ကြသည်– ‘အကျွန်ုပ်​တို့​ကိုးကွယ်​သော​ဘုရားသခင်​သည် မီးလောင်​လျက်​ရှိသော​မီးဖို​ထဲ​က အကျွန်ုပ်​တို့ကို ကယ်လွှတ်​နိုင်​တော်​မူ​၏။ ကိုယ်တော်​၏​လက်​မှ​လည်း ကယ်လွှတ်​တော်​မူ​လိမ့်​မည်။ ထိုသို့​ကယ်လွှတ်​တော်​မ​မူ​သော်လည်း အရှင်မင်းကြီး ကိုယ်တော်​၏​နတ်​ဘုရား​တို့ကို အကျွန်ုပ်​တို့သည် ဝတ်မပြု​ပါ။ တည်ထား​တော်​မူ​သော ရွှေ​ရုပ်တုကို​လည်း မကိုးကွယ်​ပါ။’—ဒံယေလ ၃:၁၇၊ ၁၈

ဟေဗြဲ​လူ​သုံးဦး​ကို မီး​ဟုန်းဟုန်းတောက်​နေသော မီးဖို​ထဲ​ပစ်ချ​ခဲ့​သော်လည်း အံ့ဖွယ်​နည်းဖြင့် ကယ်တင်​ခံ​ခဲ့​ရ​ကြသည်။ ဘုရားသခင်​သည် ကောင်းကင်တမန်​တစ်ပါး​ကို​စေလွှတ်​ပြီး မိမိ၏​သစ္စာရှိ​ကျေးကျွန်​တို့ကို ကာကွယ်​ပေး​ခဲ့​သည်။ သို့သော် သူတို့သည် ယေဟောဝါ​အား မနာခံဖို့​ရွေး​မည့်​အစား သေ​ဘေး​ကို​ရင်ဆိုင်ဖို့ ရွေးချယ်​ခဲ့​ပြီး​ဖြစ်သည်။ * သူတို့​အခြေအနေ​သည် နောင်​အနှစ်​ခြောက်​ရာ​ကျော်​ကြာပြီးနောက် ဂျူး​တရားရုံး​ချုပ်​တွင် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဟု​ပြောဆို​ခဲ့​ကြသော ယေရှု​ခရစ်​၏​တမန်​တော်​များ​၏ အခြေအနေ​နှင့် ဆင်တူ​ပါ​သည်။—တမန်​တော် ၅:၂၉

ကျွန်ုပ်​တို့အတွက် အရေးပါသော​သင်ခန်းစာ

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ​တို့သည် ယုံကြည်ခြင်း၊  နာခံခြင်း​နှင့် သစ္စာ​စောင့်သိ​ခြင်း​တို့​တွင် ပုံသက်သေ​ကောင်း​ပြ​ခဲ့​ကြ​၏။ ဟေဗြဲ​လူ​သုံးဦး​တို့သည် ယေဟောဝါ​အား ယုံကြည်ခြင်း​တင်ပြ​ခဲ့​ကြသည်။ သူတို့၏ ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထား​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​က မှားယွင်းသော​ဝတ်ပြုရေး​နှင့် အမျိုးသားရေး​အလေးထား​မှု​တို့​တွင် ပါဝင်ခွင့်​မပြု​ခဲ့​ချေ။ အလားတူ မျက်မှောက်ခေတ်​ခရစ်ယာန်​များလည်း စစ်မှန်သော​ဘုရားသခင်​အား လုံးလုံးလျားလျား ယုံကြည်​ကိုးစား​ကြသည်။ သူတို့သည် ကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ လမ်းညွှန်မှုကို ခံယူ​ကာ မှားယွင်းသော​ဝတ်ပြုရေးတွင် ပါဝင်​ရန်၊ ဘုရားသခင့်​ပညတ်​များနှင့်​မူများ​ကို ချိုးဖောက်​သော​အခမ်းအနား​များ​တွင် ပါဝင်​ရန် ငြင်းဆို​ကြသည်။

သစ္စာရှိ​ဟေဗြဲ​လူငယ်​သုံးဦးသည် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​ကြ​၏။ ကိုယ်တော်​အား​နာခံခြင်း​ကို ဗာဗုလုန်​အင်ပါယာ​တွင် သူတို့​ရရှိ​မည့် အသိအမှတ်ပြု​ခံရ​ခြင်း၊ အဆင့်အတန်း၊ ဂုဏ်​အသရေ​တို့​နှင့် မ​လဲလှယ်​ခဲ့​ကြ​ချေ။ ဤ​လူငယ်များသည် ဘုရားသခင်​နှင့်​သူတို့၏​ဆက်ဆံ​ရေး​ကို ပျက်စီး​ခံ​မည့်​အစား အသက်ဘေး​ကို ရင်ဆိုင်​ရန် အသင့်​ရှိခဲ့​ကြ​၏။ မောရှေ​ကဲ့သို့​ပင် “မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ” ခဲ့​ကြသည်။ (ဟေဗြဲ ၁၁:၂၇) မိမိတို့​အသက်ဘေး​မှ​လွှတ်​မြောက်​ရန် အလျှော့ပေး​လိုက်လျော​ခြင်း မပြု​ခဲ့​ကြ​ချေ။ ယင်းအစား သူတို့ကို ယေဟောဝါ ကယ်တင်​သည်​ဖြစ်စေ၊ မ​ကယ်တင်​သည်​ဖြစ်စေ ကိုယ်တော်​အပေါ် သမာဓိ​စောင့်ထိန်း​ရန် သန္နိ​ဋ္ဌာန်​ချထား​ခဲ့​ကြသည်။ တမန်​တော်​ပေါလု​က “မီး​အရှိန်ကို​ငြိမ်း​စေ”  သော သစ္စာရှိ​သူများ​အကြောင်း ပြော​သောအခါ သူတို့ကို​ရည်ညွှန်း​နေကြောင်း ထင်ရှား​ပါ​သည်။ (ဟေဗြဲ ၁၁:၃၄) ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​၏​ကျေးကျွန်​များသည် သမာဓိ​စောင့်သိမှု​ဆိုင်ရာ စမ်းသပ်မှု​များ​ရင်ဆိုင်​ရချိန်တွင် ထိုသို့​သော ယုံကြည်ခြင်း​နှင့် နာခံခြင်း​တို့ကို တင်ပြ​ကြသည်။

ဘုရားသခင်​သည် မိမိ​အပေါ် သစ္စာစောင့်သိ​သူများ​အား ဆုချ​တော်​မူ​ကြောင်းကို​လည်း ရှာဒရက်၊ မေရှက်​နှင့် အဗေဒနေဂေါ​တို့၏ အဖြစ်အပျက်​မှ​သိရှိ​ရ၏။ ထို့​ကြောင့် ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​သည် . . . မိမိ​သန့်ရှင်းသူ​တို့ [“သစ္စာစောင့်​သည့်​လူစု၊” ခ​မ] ကို စွန့်​တော်​မ​မူ။’ (ဆာလံ ၃၇:၂၈) ယနေ့၊ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ဟေဗြဲ​လူငယ်​သုံးဦး​ကဲ့သို့ အံ့ဖွယ်​နည်းဖြင့်​ကယ်တင်​မည်​ဟု မမျှော်လင့်​နိုင်​ကြ​ပေ။ သို့သော် မည်သည့်​ဆင်းရဲ​ခက်ခဲ​မှု​ပင် ကြုံ​ရ​ပါစေ ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့ကို အကူအညီ​ပေး​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ဘုရားသခင်​သည် ပြဿနာ​များ​ကို ဖယ်ရှား​ပေး​နိုင်​သည်။ ယင်း​တို့ကို ခံရပ်​နိုင်​ရန် ခွန်​အားပေးနိုင်​သည်။ သေ​သည့်​တိုင် သမာဓိ​စောင့်ထိန်း​ပါ​က ရှင်ပြန်ထမြောက်​စေနိုင်​သည်။ (ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ယောဟန် ၅:၂၈၊ ၂၉) ကျွန်ုပ်​တို့၏​သမာဓိ စမ်းသပ်ခံ​ရ​တိုင်း ယုံကြည်ခြင်း၊ နာခံခြင်း​နှင့် သစ္စာ​စောင့်သိ​ခြင်း​တို့ အောင်ပွဲခံ​ကာ လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​ကြ​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ၂၀၀၆ ယေဟောဝါသက်သေ​များ​၏ ပြက္ခဒိန်၊ ဇူလိုင်/သြဂုတ် ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သင်​သိပါသလော

• ဟေဗြဲ​လူငယ်​သုံးဦးသည် သမာဓိ​စောင့်သိမှု စမ်းသပ်ခံ​ရချိန်တွင် အသက် ၃၀ နီးပါး ရှိကြသည်။

• မီး​အရှိန်ပြင်း​သည်ထက်​ပြင်း​အောင် ပြုလုပ်​ခဲ့​ကြသည်။—ဒံယေလ ၃:၁၉