မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း

ဘုရားသခင့်​နိုင်ငံတော်​ဟူသည် အဘယ်နည်း

လူ့​သမိုင်းအစ​တွင် လူသားများ​ကို ဂယက်ရိုက်​ခဲ့​သည့် ထိတ်လန့်​ကြောက်ရွံ့​ဖွယ် အဖြစ်အပျက်​ပင်! ကောင်းကင်တမန်​တစ်ပါး​သည် မိမိ​အား​ဖန်ဆင်း​သော​ပုဂ္ဂိုလ်​၏ အခွင့်အာဏာကို ဆန့်ကျင်​ပုန်ကန်​ခဲ့​သည်။ ထို​ပုန်ကန်​သူသည် တားမြစ်​ထားသော​အသီး​စား​ရန် ကနဦး​မိန်းမ​ဧဝ​ကို သွေးဆောင်​ခဲ့​သည်။ ထို​ကောင်းကင်တမန်​က ဧဝ​နှင့် ခင်ပွန်း​ဖြစ်သူ​အာဒံ​ကို ဤသို့​ဆို​၏– “သင်တို့သည် ဧကန်​အမှန်​သေရ​မည်​မဟုတ်။ အကြောင်း​မူ​ကား ထို​အသီးကို​စား​သော​နေ့၌ သင်တို့သည် မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​ကြ​လတ္တံ့​သည်ကို ဘုရားသခင်​သိတော်မူ​သည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၅) ပုန်ကန်​သူ​ကောင်းကင်တမန်​သည် စာတန်​ဟူ၍ အမည်တွင်​လာ​ခဲ့​သည်။—ဗျာ. ၁၂:၉

ဧဝ​သည် စာတန်​၏​စကား​ကို နားထောင်​ခဲ့​သလော။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ထို​အပင်​သည် စား​ဖွယ်​ကောင်းခြင်း၊ အဆင်း​လည်း​လှ​ခြင်း၊ ပညာ​တိုးပွား​စေ​လို​သော​ငှာ နှစ်သက်ဖွယ်သော​အပင်​ဖြစ်​ခြင်း​ကို မိန်းမသည်​မြင်လျှင် အသီးကို​ယူ၍​စား​၏။ မိမိ​ခင်ပွန်း​အား​လည်း​ပေး၍ သူသည်​လည်း​စား​၏။” (ကမ္ဘာဦး ၃:၆) သို့​နှင့် ကနဦး​မောင်နှံ အာဒံ​နှင့်​ဧဝ​လည်း စာတန်​၏​ပုန်ကန်မှု​တွင် အမှန်ပင်​ပူးပေါင်း​ပါဝင်​ခဲ့​သည်။ ရလဒ်​အနေ​နှင့် သူတို့​ကိုယ်တိုင်​နှင့် သူတို့၏​သားစဉ်မြေးဆက်​များ ပရဒိသု​တွင်​နေထိုင်ခွင့် ဆုံးရှုံး​ခဲ့​ရသည်။ မွေးဖွား​လာ​မည့်​သားသမီး​များသည် စုံလင်​၍ ထာဝစဉ်​အသက်ရှင်​မည့်​အစား အပြစ်​နှင့်​သေခြင်းကို အမွေခံ​ရလေ​သည်။—ရောမ ၅:၁၂

ယင်းကို စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ဘုရားသခင် မည်သို့​တုံ့ပြန်​သနည်း။ အပြစ်​များ​ကို​ဖြေလွှတ်​ရန် ပြင်ဆင်​ပေး​ဖို့ ကိုယ်တော်​ရည်ရွယ်​ခဲ့​သည်။ (ရောမ ၅:၈) ယေဟောဝါ​ဘုရားသခင်​သည် ယင်း​ပြဿနာ​ကို ဖြေရှင်းရန် အုပ်ချုပ်မှု​အစီအစဉ်​တစ်ရပ် တည်ထောင်​ခဲ့​သည်။ ယင်းကို “ဘုရားသခင်​၏​နိုင်ငံတော်” ဟု​ခေါ်​သည်။ (လုကာ ၂၁:၃၁) ဘုရားသခင့်​စကြဝဠာ​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ပံ့​ပေး​ရန် ဖွဲ့စည်းထား​သည့် ယင်း​နိုင်ငံတော်​တွင် အထူး​ရည်ရွယ်ချက်​ရှိသည်။

ဘုရားသခင့်​နိုင်ငံတော်​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်း​၏​အသွင်အပြင်​အချို့​ကား အဘယ်အရာ​များ​ဖြစ်​ပြီး လူ့​အုပ်စိုးမှု​နှင့် မည်သို့​နှိုင်းယှဉ်​နိုင်​သနည်း။ အဘယ်​အချိန်တွင် ဘုရားသခင့်​နိုင်ငံတော် စတင်​အုပ်စိုး​နေပြီ​နည်း။ ယင်း​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​လိမ့်​မည်။