ဟေရှာယ ၃၂:၁-၂၀

  • ဘုရင်နဲ့ မင်းညီမင်းသားတွေ တရားမျှတစွာ အုပ်စိုး (၁-၈)

  • ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ အမျိုးသမီးတွေကို သတိပေး (၉-၁၄)

  • စွမ်းအားတော်သွန်းလောင်းချိန် ကောင်းချီးများ (၁၅-၂၀)

၃၂  ကြည့်ပါ။ ဘုရင်တစ်ပါးက+ ဖြောင့်မတ်ခြင်းလွှမ်းမိုးစေဖို့ နန်းထိုင်လိမ့်မယ်။+ မင်းညီမင်းသားတွေကလည်း တရားမျှတမှု စိုးမိုးစေဖို့ အုပ်ချုပ်လိမ့်မယ်။  ၂  သူတို့ဟာ လေကွယ်ရာအရပ်လို၊မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာအရပ်လို၊ရေမရှိတဲ့မြေမှာ စီးဆင်းနေတဲ့ စမ်းချောင်းတွေလို၊+ပူပြင်းခြောက်သွေ့တဲ့မြေမှာ ကျောက်ဆောင်ကြီးအရိပ်လို ဖြစ်မယ်။  ၃  အဲဒီအခါ မြင်တဲ့မျက်စိဟာ အပိတ်မခံရတော့ဘူး။ ကြားတဲ့နားကလည်း အာရုံစိုက်မယ်။  ၄  စိတ်လိုက်မာန်ပါ လုပ်တတ်သူတွေက အသိပညာအကြောင်း တွေးတောဆင်ခြင်လိမ့်မယ်။ စကားထစ်တဲ့သူတွေလည်း သွက်လက်ပီသစွာ ပြောဆိုလိမ့်မယ်။+  ၅  အသိတရားကင်းမဲ့သူကို ရက်ရောသူလို့ မခေါ်ကြတော့ဘူး။ ကိုယ်ကျင့်တရား မကောင်းသူကို ဂုဏ်အသရေရှိသူလို့ မခေါ်ကြတော့ဘူး။  ၆  အသိတရားကင်းမဲ့သူက ပေါက် ကရတွေပဲ ပြောလိမ့်မယ်။ ထိခိုက်စေတဲ့အရာတွေကို စိတ်ထဲမှာ ကြံစည်ပြီး+ အယူဖောက်ပြန်မှုကို အားပေးအားမြှောက် လုပ်လိမ့်မယ်။ ယေဟောဝါဆီကနေ လမ်းလွဲစေမယ့် စကားတွေကို ပြောလိမ့်မယ်။ ဆာလောင်နေသူကို စားစရာမကျွေးသလို ရေငတ်နေသူကိုလည်း သောက်စရာမပေးဘူး။  ၇  ကိုယ်ကျင့်တရား မကောင်းသူက ဆိုးညစ်တာတွေ ကြံစည်တတ်တယ်။+ အရှက်မရှိတဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် လုပ်တတ်တယ်။ ဆင်းရဲသားတွေ မှန်တာကို ပြောနေရင်တောင် သူက ဒုက္ခရောက်နေတဲ့သူတွေ ပျက်စီးသွားအောင် မုသာစကားတွေ ပြောတတ်တယ်။+  ၈  ရက်ရောတဲ့သူက ရက်ရောကြဖို့ အကြံပေးတတ်တယ်။ ကိုယ်တိုင်လည်း ရက်ရက်ရောရော ပေးကမ်းတတ်တယ်။  ၉  “ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ မိန်းမတို့၊ ထကြ။ ငါပြောတာကို နားထောင်ကြ။ အပူအပင်ကင်းနေတဲ့ အမျိုးသမီးတို့၊+ ငါပြောတာကို အာရုံစိုက်ကြ။ ၁၀  အပူအပင်ကင်းတဲ့ မင်းတို့ဟာ တစ်နှစ်ကျော်သွားတာနဲ့ ဖိမ့်ဖိမ့်တုန်ရလိမ့်မယ်။ စပျစ်သီးဆွတ်ခူးချိန် ကုန်သွားပေမဲ့ တစ်လုံးမှ စုသိမ်းလိုက်ရမှာ မဟုတ်ဘူး။+ ၁၁  ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ မိန်းမတို့၊ တုန်လှုပ်ကြပါ။ အပူအပင်ကင်းနေသူတို့၊ ဖိမ့်ဖိမ့်တုန်ကြပါ။ အဝတ်တွေ ချွတ်ပြီး အထည်ကြမ်း ဝတ်ထားပါ။+ ၁၂  သီးနှံဖြစ်ထွန်းခဲ့ဖူးတဲ့ လယ်မြေနဲ့ စပျစ်ခြံတွေအတွက် ရင်ဘတ်ထုပြီး မြည်တမ်းကြပါ။ ၁၃  ငါ့လူတွေရဲ့ မြေပေါ်မှာ ဆူးပင်တွေ၊ နှင်းဆီရိုင်းတွေပဲ တောထနေလိမ့်မယ်။ ရွှင်လန်းခဲ့တဲ့မြို့နဲ့ ဝမ်းမြောက်ခဲ့တဲ့ အိမ်တွေအားလုံးကို အဲဒီအပင်တွေ ဖုံးလွှမ်းပစ်လိမ့်မယ်။+ ၁၄  ခံတပ်မျှော်စင်ဟာ ထီးတည်းကျန်ရစ်ခဲ့လိမ့်မယ်။ ဆူညံနေတဲ့မြို့ဟာ လူသူကင်းမဲ့သွားမယ်။+ သြဖေလအရပ်နဲ့+ ကင်းမျှော်စင်ဟာ ထာဝစဉ် လွင်တီးခေါင် ဖြစ်သွားမယ်။ မြည်းရိုင်းတို့ စံပျော်ရာ၊သိုးအုပ်တို့ ကျက်စားရာ ဖြစ်သွားမယ်။+ ၁၅  ငါတို့အပေါ် အထက်အရပ်ကနေ စွမ်းအားတော် သွန်းလောင်းချိန် မရောက်ခင်အထိ အဲဒီလိုဖြစ်မယ်။+ သွန်းလောင်းတဲ့အခါ မှာတော့ တောကန္တာရဟာ သစ်သီးခြံဖြစ်လာပြီးသစ်သီးခြံလည်း သစ်တောလို ဖြစ်လာမယ်။+ ၁၆  တောကန္တာရမှာတောင် တရားမျှတမှု တည်နေမယ်။ သစ်သီးခြံမှာလည်း ဖြောင့်မတ်မှု တည်ရှိမယ်။+ ၁၇  စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်။+ စစ်မှန်တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေက တည်မြဲတဲ့ အေးချမ်းမှုနဲ့ လုံခြုံမှုပဲ။+ ၁၈  ငါ့လူတွေဟာ ငြိမ်းချမ်းလုံခြုံတဲ့နေရာ၊ငြိမ်သက်အေးချမ်းတဲ့ နားခိုစရာနေရာတွေမှာ နေထိုင်ရလိမ့်မယ်။+ ၁၉  သစ်တောကတော့ မိုးသီးတွေကြောင့် ပြားပြားဝပ်သွားမယ်။ မြို့ကလည်း မြေနဲ့တစ်ညီတည်း ဖြစ်သွားမယ်။ ၂၀  ရေနားမှာ မျိုးစေ့ကြဲပြီး နွားထီးနဲ့ မြည်းကို လွှတ်ထားပေးတဲ့ မင်းတို့ဟာ ပျော်ရွှင်ချမ်းမြေ့တယ်။”+

အောက်ခြေမှတ်ချက်များ